Pages

July 31, 2007

ငယ်ငယ်တုန်းက တို့ ဘ၀အရွယ်

အသက်ကြီးလာလေ စိတ်တူကိုယ်တူ သူငယ်ချင်းအသစ်ဆိုတာ ရှာရ ခက်လေပဲဆိုတာ သတိထားမိရာကနေ ငယ်ငယ်တုန်းက ကစားဖော် သူငယ်ချင်းတွေ အကြောင်းတွေးနေမိ ရင်း သီချင်းတစ်ပုဒ်ကို ပြန်ပြီး နားထောင်ဖြစ်တယ်။ အရင်တုန်း ကဆို ဒီသီချင်းကို ဘယ်အခုလို နားထောင်နေပါ့ မလဲ။ ခုတော့ အသေအချာ နားထောင်ဖြစ်သွားပါတယ်။ ငယ်ငယ်တုန်းက ယောင်ပေးစူးတွေ မထားခဲ့ရ၊ ကောင်ရိုးပုံတွေကြား မဆော့ခဲ့ရ၊ ဘုန်းတော်ကြီးကျောင်းမှာ ခိုသွာမဖမ်းခဲ့ဘူး ပေမယ့် ဒီသီချင်းထဲက ကလေးတွေလိုပဲ အဆော့သန် ကစားသန်ပြီး အမေ့ ဆူတာခံလို့  သူငယ်ချင်းတွေနဲ့  အသည်းအသန် ကစားခဲ့ဖူး ပါတယ်။ အဲ့ဒီ သီချင်းထဲက ဒီစာသားတွေကို ကြိုက်တယ်။

ငယ်ငယ်တုန်းက တို့ ဘ၀အရွယ်၊ ပျော်စရာကောင်းလို့  အားမေ့ဖွယ်
ပေါင်းဖော်သဟာဆွေ မာစေကြောင်းလို့  ဆုတောင်းပါတယ်
တနယ်တကျေး အဝေးကကွယ်၊ အခုများဖြင့် ဆွေးကြဖွယ်
ဘ၀သံသရာဝယ် ကိုယ်တာကိုယ့်အရေး မအေးကြတယ်..

တခါတလေ ဒီက Playground တွေမှာ ကစားနေတဲ့ ကလေးတွေကိုတွေ့ ရင် ကျွန်မတို့ ငယ်ငယ်က ခြံကျယ်ကြီးထဲမှာ အရွယ်စုံ ကလေးပေါင်းများစွာစုပြီး ကစားနည်းပေါင်းများစွာကို ကစားခဲ့ကြတာ သတိရမိတယ်။ ကျွန်မတို့ မိဘတွေက နေပူထဲမထွက်၊ ခြံပြင်မထွက်ရင်ပြီးရော၊ ခြံထဲမှာ ကြိုက်တာ ကစားခွင့်ပြုခဲ့တယ်။ အရိပ်ရှိရာမှာ တနေကုန်တနေခန်း ထုတ်စီးတိုးတန်း၊ လိုက်တန်းပြေးတန်း၊ ရွှေစွန်ညို၊ တူတူပုန်းတန်း၊ ဒုံထုတန်း(ကျွန်မတို့ က အဲ့လို ခေါ်ကြတယ်) ၊ စစ်တိုက်တန်း၊ ဘောလုံးကန်တန်း၊ အဖွဲ့ လိုက် ကြက်တောင်ရိုက်တန်း၊ နောက် ကျေးရွာတည်တန်း ကစားကြတာမှတ်မိတယ် ( ဈေးသည်၊ ဈေးဝယ်၊ စာသင်ကျောင်းတွေ က ဆရာမတွေ၊ ကျောင်းသားတွေ၊ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေလုပ်ပြီး ကစားကြသေးတယ်) အင်း...သိသမျှ အုပ်စုဖွဲ့ ကစားကြရတဲ့ ဗမာရိုးရာ ကစားနည်းပေါင်းများစွာကို ကစားခဲ့တယ် ဆိုရမယ်။ နောက်ပြီး အဲ့ဒီအချိန်က မြန်မာ့အသံမှာလာတဲ့ (စနေ့ နေ့ နေ့ လည်မှာ ထင်တယ်ပါတယ်) အဖွဲနှစ်ဖွဲ့ ခွဲပြီး ပြိုင်ကြတဲ့ ထူးထူးဆန်းဆန်း ကစားနည်းပေါင်းများစွာကိုလည်း အတုယူပြီး တပျော်တပါး ကစားခဲ့ကြဘူးတယ်။ မိုးမရွာတဲ့ ညတွေဆိုရင် မိုးအတော်ချုပ်တဲ့အထိ ကစားကြတယ်။ တခါများ မိုးတွင်းကြီးမှာ ရေပြည့်နေတဲ့ မြောင်းတွေထဲဆင်းပြီး တလားဘီးယားတို့ ၊ ငါးရန့် တွေ အဖမ်းကောင်းလို့  အမေရိုက်တာ ခံလိုက်ရသေးတယ်။ ကျောင်းမှာဆို ငြိမ်သလောက် အိမ်မှာ အသေကစားတဲ့ ကလေးတွေလို့  ပြောလို့ ရမယ် ထင်တယ်။ တဦးတည်းသောသားဖြစ်လို့  ငယ်ငယ်က ကစားဖော်မရှိလို့  စိတ်ကြိုက် မကစားခဲ့တဲ့ အဖေက ကစားချင်သလောက်ကစား တော်ရုံဆို တားလေ့မရှိတာကြောင့် လည်းပါမယ်။ ကျွန်မတို့ က အရုပ်တွေနဲ့ ကစားရတာထက် ကလေးတွေ အများကြီးနဲ့  ကစားရတာကို ကြိုက်တယ်။ ဟိုးငယ်ငယ်တုန်းကပေါ့။ သူငယ်ချင်း တစ်ယောက်နဲ့  ဖုန်းပြောတုန်းကတောင် ခုအသက်အရွယ်မှာ ဟိုး... အရင်ကလို ခင်မင်ဖို့ ကောင်းတဲ့၊ ရိုးရိုးသားသားခင်မင်ကြတဲ့ သူငယ်ချင်း အသစ်တွေ တွေ့ ဖို့ ဆိုတာ အရမ်းခက်တယ် ဆိုတဲ့အကြောင်းနဲ့  ငယ်ငယ်ကတည်းက ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေရဲ့ တန်းဖိုးကို ကြာလေ ပိုပြီး သိလာရတယ်ဆိုတဲ့ အကြောင်းတွေ ပြောဖြစ်ခဲ့သေးတယ်။ နောက်ပြီး ငယ်ငယ်တုန်းက သံယောဇဉ်ဆိုတာ မေ့ရခက်တယ် မဟုတ်လား။ အထက်တန်း နဲ့  တက္ကသိုလ် တက်တုန်းက သူငယ်ချင်းတွေနဲ့  အဆက်အသွယ် ရှိသေးပေမယ့်၊ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ တော့ အဆက်အသွယ်ပြတ်နေတာ များတယ်။ ဖြစ်နိုင်မယ်ဆို ဟိုး... ငယ်ငယ်တုန်းက ကစားဖော် သူငယ်ချင်းတွေကို တခါလောက်တော့ ပြန်ဆုံချင်ပါသေးတယ်။

တို့ ငယ်ငယ်တုန်းအရွယ် ရောင်ပေးစူးကလေးတွေနဲ့ ကွယ်
ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လယ်
ပြေးလွှားပျော်ပါးတယ် သူငယ်ချင်းအပေါင်းအဖော်များနဲ့ 
ကောင်ရိုးပုံတွေကြား တူပုန်းကစားကြတယ်။

ခင်ခင်မင်မင်ကြင်နာရှာတယ် တို့ များငယ်ငယ်
တစ်ယောက်နဲ့ တစ်ယောက် အပျောက်မခံကြပဲ တတွဲတွဲနဲ့ ကွယ်
အလည်လွန်ကာ အိမ်ကိုပြန်ရင် အမေကဆူတယ်
ကြိမ်းမောင်းလို့  အရိုက်ခံထိလည်း အတွဲမပျက်ကြတယ်။

ရွာဦးက ဆရာတော်ကျောင်းဝယ်
တို့ အပေါင်းအဖော်ယောင်းရင်းတွေ တချီတမောင်းသွားလို့ ကွယ်
ကျောင်းပုံပေါ်ဝယ် ခိုတွေဖမ်းလို့  ခါးပိုက်ဆောင်မှာလွယ်
ဆရာတော်မိရင် အဆော်ခံထိမှာ စိုးတယ်.. စိုးတယ်.
ဖ၀ါးနဲ့ တင်ပါး တသားထဲ ပြေးကြတယ်.

ငယ်ငယ်တုန်းက တို့ ဘ၀အရွယ်၊ ပျော်စရာကောင်းလို့  အားမေ့ဖွယ်
ပေါင်းဖော်သဟာဆွေ မာစေကြောင်းလို့  ဆုတောင်းပါတယ်
တနယ်တကျေး အဝေးကကွယ်၊ အခုများဖြင့် ဆွေးကြဖွယ်
ဘ၀သံသရာဝယ် ကိုယ်တာကိုယ့်အရေး မအေးကြတယ်..

အရင်ကဆို ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် တို့ တတွေမယ်
ပြေးလွှာကစားလို့ ကွယ် အပူပင် ဝေးခဲ့လေတယ်.
ဘ၀ဆိုတာလည်း နားမလည် အသိတရားတွေက မကြွယ်
အခုများဖြင့်ကိုယ်စီကိုယ်စီ ကြင်ဖော်အသွယ်သွယ်
သားရယ် သမီးရယ် သောကမီးနွယ် လောကကြီးအလယ်
ဘ၀တိုက်ပွဲ အနိုင်နွှဲကြတယ်။

Song Credit to Ko AwLanMg and SoeMoe

July 30, 2007

ကျွန်မတို့  အလုပ်မှာ

ကျွန်မတို့  အလုပ်မှာ 1st August 2007 ကနေစပြီး IT Departmet တစ်ခုလုံး အ၀တ်အစား ဘယ်လို ၀တ်ရမယ် ဆိုတာတွေ ပါတဲ့ Dress Code Policy လို့  Title တတ်ထားတဲ့ အီးမေး တစ်စောင် ရောက်လာတယ်။ ပို့ သူက ဒီကုမ္ပဏီရဲ့ IT Department ရဲ့ Excecutive VP။

ကျွန်မ အခုလုပ်နေတဲ့ Company မှာ အလုပ် သဘာဝအရ တခြား Department တွေမှာ အ၀တ်အစားကို Smart ကျနေအောင် ၀တ်ရမယ် ဆိုတာမျိုးနဲ့  တခြားကန့် သတ်ချက်တွေ အရင်ထဲက ရှိပါတယ်။ ဒါပေမယ့် IT Department က လူတွေကိုတော့ နည်းနည်း လွတ်လပ်ခွင့်ပေးထားတယ်။ အမြဲ Computer တွေရှေ့ မှာပဲ ရှိနေတဲ့သူတွေ၊ Customer တွေနဲ့  တိုက်ရိုက် မထိတွေ့ ရသူတွေ အဖို့  တော်ရုံ Formal ၀တ်ရင် လုံလောက်တယ်လို့  ယူဆကြတဲ့ အတွက် ကျွန်မတို့  IT Department က Director တွေ၊ Manager တွေက အရမ်း ဆိုးဆိုးဝါးဝါး မဟုတ်ရင် ဘာမှမပြောဘူး။ သောကြာနေ့ လို "Dress-down Friday"ဆို Jeans တို့  Short pan တွေ ၀တ်တာကို လက်မခံပေမယ့် Polo Shirts တွေ ၀တ်လာလို့ ရပါတယ်။ ခုတော့ မရတော့ပါဘူး။

အမျိုးသားတွေ Tie အမြဲ တပ်ရမယ်ဆိုလို့  Project Manager တွေကအစ အားလုံး စိတ်ညစ်နေကြတယ်။ သူတို့ တွေလည်း Customer တွေနဲ့  Meeting ရှိမှ Tie တတ်လေ့ရှိကြတယ်။ အလုပ်ထဲမှာ Tie အမြဲတတ်ရတယ် ဆိုတာ Bank ကလူတွေပဲ ရှိတယ်ဆိုပြီး ပြောနေသံတွေကြားရတယ်။ အမျိုးသမီးတွေ အတွက် ကန့် သတ်ချက်တွေထဲမှာ တချို့ ဟာတွေ ဘာလိုဟာတွေကို ပြောနေမှန်းတောင် မသိဘူး။ တခြားအချက်တွေက ကိစ္စမရှိပါဘူး။ ဒါပေမယ့် Slipper လုံးဝ မစီးရဘူးဆိုတဲ့ အချက်ကိုပဲ စိတ်ညစ်တယ်။ ဒီက ရာသီဥတုကပူ၊ တခြားဖိနပ်တွေ စီးရင် ခြေထောက်နာတတ်တာနဲ့  လွယ်လွယ်ကူကူ Slipper စီးနေတာ။ ကျွန်မ နောက်ပိတ်နဲ့  ခြေအိတ်ခံစီးရတဲ့ Shoes တွေ မကြိုက်ဘူး။ ဒီနိုင်ငံမှာ ဆိုပိုပြီး မစီးချင်ဘူး။ အချိန်မရွေး မိုးရွာတဲ့ တိုင်းပြည်ဆိုတော့ ခြေအိတ်တွေ ရေစိုသွားရင် နေလို့ မကောင်းချင်တော့ဘူး။ အရင်ကဆို နောက်ဖွင့် ရှေ့ပိတ် ဒေါက်ပါတာတွေ စီးတတ်ပါသေးတယ်။ ဒါပေမယ့် ဟိုတခါ အဲ့ဒီလို ဖိနပ်တွေ အစီးကောင်းတာ ခြေထောက်တွေ ယောင်လို့  တစ်ပတ်လောက်ခံလိုက်ရပြီး ထဲက Slipper တွေပဲ စီးနေတာကြာပြီ။ ခုတော့ တခြား ဖိနပ်တွေ ပြောင်းစီးရတော့မှာပေါ့။
Technology Sector မှာလုပ်နေရပြီး ဟိုကန့် သတ် ဒီကန့် သတ်လုပ်တာတွေကို လုံးဝ မကြိုက်ဘူး။ ဘယ်လောက် နောက်ကျပြီး အလုပ်က ပြန်ရပြန်ရ နောက်နေ့  မနက်ဆို ၉း၀၀ ကျော်မှာ အလုပ်ရောက်ရမယ် ဆိုတာမျိုးတွေ ကို IT Department မှာ စည်းကမ်း ထုတ်ထားတာတွေက ရှိသေးတယ်။ ဒီတော့ ဘာဖြစ်လည်း အလုပ်လုပ်ဖို့  ဘယ်လောက် စိတ်ပါနေပါစေဦး ညနေ ၆ နာရီထိုးတာနဲ့  အားလုံး ကွန်ပြူတာတွေ ပိတ်ပြီး ပြန်ကုန်ကြတော့ တာပေါ့။ တစ်ခုတော့ ကောင်းတယ် ညနေ ၅း၀၀ ကျော်မှ လာခိုင်းတဲ့ အလုပ်ဆို Sorry ပဲ နောက်နေ့ မှ လုပ်မယ် ပြောလို့ ရတယ်။ ၅း၃၀ ဆို ဖုန်းတွေ ပိတ်လိုက်ကြပြီ။

ဒီလို အတင်းခိုင်းလို့ မရမှန်းသိတဲ့ Project Manager တချို့ ကတော့ အလုပ်မလုပ်မှာဆိုးလို့  ထင်ပါတယ်၊ တခါတလေမှာ နားလည်မှုနဲ့  နောက်ကျခွင့် ပြုတတ်ပါတယ်။ အဲ့ဒီ နေ့ ဆို Clock In မလုပ်နဲ့ တဲ့။ အားလပ်ရက်မှာ အချိန်ပိုလာလုပ်ကြရရင် နောက်ကြိုက်တဲ့ တစ်ရက်မှာ Official Leave Form မတင်ပဲ အလုပ်မလာနဲ့ ဆိုပြီး ခွင့်ပြုတတ်တယ်။ အင်း နောက်တစ်ပတ်ထဲ ခွင့်ယူရဦးမယ်။ ဒီနေ့ တော့ PM ကပြောတယ်၊ Tie မ၀တ်ချင်ရင် အမြဲ မ၀တ်ပါနဲ့  အလုပ်မှာ Tie တစ်ခုတော့ ထားပါ၊ Slipper တွေ၊ Shoes အပိုတွေကို အလုပ်မှာထားပြီး စီးကျပါလို့ တော့ ပြောတာပဲ။ ဘယ်လို လာဦးမလဲ တော့မသိဘူး။ သေချာတာ ကတော့ နောက်ပိုင်း အလုပ် အားလပ်ရက်တွေမှာ အ၀တ်တွေကို မီးပူ သေသေချာချာတိုက်ရတဲ့ အလုပ်တွေ ပိုလာတော့မယ်၊ ခုရက်ပိုင်းမှာလည်း ဖိနပ်သွားဝယ်ရလို့  ပိုက်ဆံအပို ကုန်ပါတော့မယ်။

ရေမျောသီး - ဂျူး


Credit to PlanetForum

July 29, 2007

ဂျူး - ရေမျောသီး + မြရဲ့လ

ဂျူး ရဲ့ ၀တ္ထုတိုနှစ်ပုဒ် (ရေမျောသီး နဲ့  မြရဲ့လ ) ကို ဟေမာနေ၀င်း နဲ့  ထူးအိမ်သင်က ပြန်ဖတ်ပေးထားတာပါ။

လွန်ခဲ့တဲ့ ၃ နှစ်လာက်က အွန်လိုင်းမှာ ( မိုးမခ - စာဖတ်ခန်းမှာ ဖြစ်မယ်ထင်တယ်) နားထောင်ဖူးခဲ့တယ်။ တစ်နှစ်ကျော်လောက်က အဲ့ဒီ အော်ဒီယိုဖိုင်တွေ ပြန်နားထောင်ချင်လို့ လိုက်ရှာတာ ဘယ်နေရာမှ ရှာမရဘူး ဖြစ်နေခဲ့ဖူးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က နေးတစ်မြန်မာဖိုရမ်မှာ နေးတစ်ဒီဂျေတစ်ဦးဖြစ်တဲ့ ရှင်းမင်းက အဲ့ဒီအော်ဒီယို ဖိုင်တွေကို တင်ပေးထားတာတွေ့ လိုက်ရတယ်။ အရမ်း ၀မ်းသာသွားပြီး File နှစ်ခုလုံးကို Download အမြန်လုပ်ပြီး သိမ်းထားလိုက်တယ်။ ခုအားလပ်ရက်မှာ အသေအချာပြန်ပြီး နားထောင်ဖြစ်တယ်။ အရင်တုန်းကလို ကြိုက်နှစ်သက်မိတုန်းပါပဲ။

ရေမျောသီး - ဟေမာနေ၀င်း
မြရဲ့လ - ထူးအိမ်သင်

ဂျူးကို ကြိုက်နှစ်သက်သူ အတော်များများ ဒီ ဂျူးရဲ့ ၀တ္တုတို နှစ်ပုဒ် ရေမျောသီးနဲ့  မြရဲ့လ ကို ဖတ်ဖူးကြမှာပါ။ အဲ့ဒီ ၀တ္ထုတွေကို ပြန်ဖတ်ချင်တယ်ဆို အပြင်မှာ ရှာရလွယ်နိုင်ပေမယ့် ဒီလို Audio File တွေကတော့ အတော်ရှာရ ခက်ပါတယ်။ ကျွန်မတောင်မှ ဒီဖိုင်တွေကို ရှင်းမင်း ပြန်တင်ပေးလို့ သာ ပြန်ပြီးနားထောင်ခွင့်ရတာပါ။ ကျွန်မလိုပဲ ပြန်နားထောင်ချင်တဲ့သူတွေ၊ သိမ်းထားချင်တဲ့ သူတွေရှိမှာပဲ တွေးမိလို့  ထပ်ဆင့်မျှဝေ လိုက်ပါတယ်။ တခါမှ နားမထောင်ဖူးသူတွေလည်း ဂျူးကိုကြိုက်တယ်၊ ဟေမာနေ၀င်းကိုကြိုက်တယ်၊ ထူးအိမ်သင်ကို ကြိုက်တယ်ဆို နားထောင်ကြည့်နိုင်ကြတာပေါ့။

Credit to ShinMin (NativeMyanmar)

July 27, 2007

Visual Studio 2008 , .NET 3.5 reach Beta 2


Beta 2 of Visual Studio 2008 နဲ့  Beta 2 of .NET Framework 3.5 ကို ဒီနေ့ ( Friday - 27-July-2007) စပြီး ဒေါင်းလုတ်လုပ် အသုံးပြုနိုင်ပြီဆိုတဲ့ သတင်း ဖတ်လိုက်ရတော့ အံ့သြသွားတယ်။ ကျွန်မက Microsoft Platform က မဟုတ်တော့ Microsoft ရဲ့ သတင်းတွေကို Up To Date မသိလို့ လဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ သိသလောက်တော့ တချို့ နေရာတွေမှာဆို Visual Studio 2005 ကိုတောင် ပြောင်းမသုံးကြသေးဘူး။ Microsoft Platform မှာ အလုပ်လုပ်နေတဲ့ ကျွန်မ သူငယ်ချင်းတချို့ တောင် Visual Studio 2005 ကို မကျွမ်းကျင်သေးတဲ့ သူတွေရှိနေသေးတယ်။ မကျွမ်းဆို သူတို့ အလုပ်တွေမှာ သုံးမှမသုံးတာ။ နည်းပညာတွေ အသစ်ထွက်တာ အရမ်းမြန်တယ်။ ကိုယ့်ကိုကိုယ် နည်းပညာအသစ်တွေကို ကျွမ်းကျင်ဖို့  မပြောနဲ့  Technology သတင်းတွေနဲ့  Up-To-Date ဖြစ်ဖို့ ဆိုတာတောင် အတော်ကြိုးစားနေရတယ်။

ဖတ်ရတဲ့ သတင်းအရတော့ Visual Studio 2008 ကို ဒီနှစ် (2007) အကုန်မှာ ထွက်မယ်လို့ သိရတယ်။ ဒီနေ့  ထွက်မယ့် Beta VS 2008 - Beta 2 မှာ Silverlight Add-in ပါလာပြီတဲ့။ နောက်ပြီး "Go Live" License Option ကိုလည်း VS 2008 Beta 2နဲ့  .NET 3.5 Beta 2 မှာ ဆက်ပြီး ထားမယ်လို့ ပြောထားသေးတယ်။ Go Live License ဆိုတာ ဘာမှန်မသိဘူးဖြစ်သွားတယ် ကျွန်မလို လူတွေသိဖို့ ထင်တယ် ဆက်ပြီးရှင်းပေးထားတယ်။

Microsoft has decided to extend its "Go Live" license option to users of VS 2008 Beta 2 and .NET 3.5 Beta 2. "That means customers can start deploying applications they build in VS on .NET Framework in a production environment, if they accept the Go Live license"

အသေးစိတ်သိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်ကြပါ။

July 26, 2007

Congratulations

26 July 2007

Your hard work blossomed today!
As you move ahead in life!!
Congratulations to Soe Moe Aung !!!!
Wherever you go, go with all your heart.
Wish you all the best!

From,
Thiha and Nay Nay

The Day and The Night

တခြားသူတွေအတွက်တော့ သာမန်နေ့ လေးပေါ့။ ကျွန်မအတွက်တော့ အဲ့လို မဟုတ်ခဲ့ဘူး။ တကယ်ဆို သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူးဆိုတဲ့ ထူးခြားတဲ့ ဖြစ်ရပ်တွေနဲ့  နေ့ တွေကို ကျွန်မ မလိုချင်ပါဘူး။ မကြုံချင်ပါဘူး။ သာမန်နေ့ လေးတွေကိုပဲ ကျွန်မ လိုချင်မိတယ်။ ဒီလို ထူးခြားမှုတွေကြုံရတဲ့ နေ့ တွေရဲ့ ညတွေမှာ နှစ်ချိုက်စွာ အိပ်ပျော်ခြင်းဆိုတဲ့ အရာဟာ ကျွန်မစီကို ရောက်မလာတတ်ဘူး။

July 25, 2007

ကြေးအိုး

ရွှေတောင်တန်းက ကြေးအိုး။


ပုံကြီး ကြည့်ချင်တယ်ဆို ဓာတ်ပုံတွေပေါ် Click လုပ်ပြီး ကြည့်ပါ။
ကျွန်မ အကြိုက်ဆုံးအစားအစာတွေထဲမှာ ကြေးအိုးလည်းပါတယ်။ ကြေးအိုး၊ ရခိုင်မုန့် တီ (အာပူရှာပူ)၊ ကြာဇံဟင်းခါးလို (အစာပလာ အရမ်းများတဲ့ ကြာဇံချက်ကိုတော့ သိပ်မကြိုက်ဘူး) ပူပူလောက်လောင်နဲ့  စားတဲ့အခါ ပါးစပ်ထဲမှာ ရှုပ်မနေတ်တဲ့ ဟင်းရည်ပူတွေကို ကြိုက်ပါတယ်။ ကျွန်မ ကြိုက်တဲ့ အစားအစာကလည်း အတော်ရှားတယ် ဆိုတော့ ကြိုက်တတ်တာတွေကိုဆို အိမ်က အမြဲချက်ပေး၊ ၀ယ်ကျွေးလေ့ရှိတယ်။ ခုလည်း ဗိုက်ဆာလာတာနဲ့  ကြေးအိုး သောက်ချင်စိတ်ပေါက်လို့  အရင်တစ်ခေါက် ရန်ကုန်ပြန်တုန်းက ရိုက်ထားတဲ့ အစားအသောက်ပုံတွေ ရှာပြီး တင်လိုက်တာပါ။

ပြီးခဲ့တဲ့ တစ်ခေါက် ရန်ကုန် ပြန်တုန်းက တစ်ရက်ခြား တစ်ခါလောက် ညနေပိုင်းတွေမှာ ကြေးအိုး စားဖြစ်ခဲ့တယ်။ ဆေးခန်းသွားတဲ့ နေ့ တိုင်း စားဖြစ်တာလို့  ပြောလို့ ရမယ်။ သွားရတဲ့ ဆေးခန်းက ရွှေတောင်တန်းမှာမို့  အဲ့ဒီအနီးတ၀ိုက်က ကြေးအိုးဆိုင်တွေမှာ ၀ယ်စားဖြစ်တယ်။ ကြက်ငှက်တုတ်ကွေးကြောင့် ကြက်သားစားမရလို့  ၀က်သားနဲ့ ကြီးပဲ စားဖြစ်ခဲ့တယ်။ ခုတင်ထားတဲ့  ဓာတ်ပုံက ရွှေတောင်တန်း ကြေးအိုးဆိုင်မှာ ရိုက်ထားတာ။ မှတ်မိသေးတယ်။ ပုံမှန် ဆေးခန်းသွားရင် မေမေနဲ့  ဖေဖေပဲ လိုက်လေ့ရှိပေမယ့် အဲ့ဒီ ဓာတ်ပုံရိုက်ဖြစ်တဲ့ အခေါက်က ညီမလေးလဲ ပါတယ်။ ဆေးခန်းမသွားခင်မှာ ကျွန်မကို မေမေက ညနေစာ ထမင်းကြိုပြီး ကျွေးတားတာဆိုတော့ ကျွန်မက ဗိုက်သိပ်မဆာတတ်ဘူး။ ညီမလေးကတော့ ဆေးရုံက အပြန်ဆိုတော့ အရမ်းဗိုက်ဆာနေတဲ့  အချိန်ပေါ့။ သူအတွက်မှာထားတဲ့ ကြေးအိုးပန်ကန် လာချချိန်မှာ သူစားမယ် ပြင်နေတုန်း၊ ခန နေဦး ဓာတ်ပုံရိုက်ဦးမယ်ဆိုပြီး အတင်းယူရိုက်ထားတာ။ သူ့ ကို နောက်ချင်တာလဲ ပါတယ်၊ တခါတလေမှ ပြန်လာတဲ့သူဆိုပြီး မေမေနဲ့  ဖေဖေက အလိုလိုက်ထားချိန်မို့  ညီမကို အနိုင်ကျင့်ချင်တာလဲပါ ပါတယ်။ အဲ့ဒီ ကြေးအိုးပန်းကန်ကို ရိုက်ထားတဲ့ပုံတွေ အများကြီး ရှိသေးတယ်။ ပုံတွေကို ကြည့်ရင်း ဓာတ်ပုံရိုက်နေတဲ့ အချိန်တုန်းက ကျွန်မရဲ့ ရှေ့ မှာ ဆူပုတ်ပုတ်နဲ့  ထိုင်နေတဲ့  ညီမလေးကို သတိရမိတယ်။

ကြေးအိုးကို ဒီနိုင်ငံမှာလည်း ၀ယ်စားလို့ ရပါတယ်။ ဒါပေမယ့် ရန်ကုန်က အရသာနဲ့  မတူဘူး။ ကိုယ်တိုင်လုပ်စားလို့ လည်း ရတယ်။ ကျွန်မကတော့ မလုပ်တတ်ပါဘူး။ ကျွန်မသူငယ်ချင်းတချို့ တော့ တတ်တယ်ပြောတာပါ။ သင်ပေးမယ် ပြောပေမယ့် တခါမှတော့ သင်ယူတဲ့ အဆင့်ထိ မရောက်သေးဘူး။ ကျွန်မ ဒီမှာ ကြေးအိုး အရမ်းစားချင်လာရင်၊ အရသာမတူလည်း ရှိတာစားရမှာပဲ ဆိုပြီး ကိုယ်တိုင်ချက်စားဖို့  စိတ်မကူးပဲ ရှိတဲ့ မြန်မာဆိုင်မှာပဲ ၀ယ်စားဖြစ်ပါတယ်။

July 24, 2007

Yesterday - 23 July 2007

မနေ့ က... တနင်္လာနေ့ ...

သောကြာ၊ စနေ နှစ်ညလုံး ကောင်းကောင်း မအိပ်ခဲ့ရတော့ မနေ့ က မနက်မှာ အလုပ်မသွားချင်ခဲ့ဘူး။ ဒါပေမယ့် မသွားမဖြစ် သွားရမယ့် အလုပ်လို့ တွေးပြီး သွားလိုက်တော့လည်း အလုပ်ရောက်သွားတာပါပဲ။

အလုပ်ရောက်တော့ အိပ်ရေးမ၀တာနဲ့  ပင်ပန်းနေတယ် ခံစားနေရပြီး အလုပ်မလုပ်ချင်ဘူး။ ဒါပေမယ့် ညနေအတွက် မပြီးမဖြစ် လုပ်ရမယ့် အလုပ်တွေကို အာရုံစိုက်လုပ်လိုက်တော့လည်း ပြီးသွားတာပါပဲ။

နေ့ လယ် ထမင်းစားချိန်ကြတော့ အိပ်ရေးမ၀တာရယ်၊ ပင်ပန်းတာတွေရယ်ကြောင့်ထင်တယ် နေ့ လယ်စာစားချင် စိတ်မရှိဘူး။ မစားမနေရ စားရမှာပဲ တွေးပြီး စားလိုက်တော့လည်း စားလို့ ဝင်သွားတာပါပဲ။

ကိုယ့်စိတ်နဲ့ အခန့် မသင့်တာတွေ တွေ့ ရ၊ မြင်ရ၊ ကြားရတော့ တစ်ခုခု ပြောလိုက်ချင်ပေမယ့် ကိုယ်ဝင်မပါသင့်၊ မပြောသင့်တဲ့ အရာတွေပဲမို့ ကိုယ့်စိတ်ကိုချုပ်တည်း နေတတ်အောင်ကြိုးစားနေလိုက်တော့လည်း နေလို့ ရသွားတာပါပဲ။

ညနေ ၆ နာရီထိုးတော့ အိမ်ပြန်လို့ မရ။ အလုပ်ပြန် မစခင်စပ်ကြား ခန နားမယ် စိတ်ကူးပေမယ့် အားလုံး Team Dinner သွားကြမယ် ဆိုလာတော့ စိတ်ပျက်သွားမိတယ်။ ၂ နာရီလောက် စကားတွေ အပိုပြောရတဲ့ အလုပ်ကို မလုပ်ချင်ပေမယ့်လည်း မလုပ်လို့ မရ လုပ်ရမယ့် ကိစ္စလို့ တွေး၊ စိတ်ကိုလျှော့ အများနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေရင်း အစားအသောက်ကို အာရုံစိုက်လိုက်တော့လည်း ၂ နာရီဆိုတာ ခနလေးပါပဲ။

ည ၈ နာရီ အလုပ်ပြန်ရောက်ချိန်ကြတော့လည်း အလုပ်လုပ်ဖို့  စိတ်မပါပေမယ့်လည်း အမှားမခံတဲ့ အလုပ်တွေမို့  အတင်း အာရုံစိုက်လုပ်နေလိုက်တော့လည်း ည ၁၂ ကျော်အထိ အလုပ်လုပ်ရမယ့် ရက် တစ်ရက်ဟာ အလွယ်တကူ ကုန်ဆုံးသွားတာပါပဲ။

Hidden Message from Myanmar Times

Monday ထုတ် MyanmarTime မှာပါတဲ့ Hidden Message ကိုတွေ့ ကြလားလို့  မေးသူရှိလာတယ်။ Google လုပ်ကြည့်ပါ သိရမယ်ဆိုလို့  Google လုပ်လိုက်တာ ဘာလဲဆိုတာ တွေ့ လိုက်ရတယ်။ ရေးထားတဲ့ Hidden Message က စာမျက်နှာ တစ်ဝက်ရှိတဲ့ Travel Agency "The Board of Islandic Travel Agencies Ewhsnahtrellik and the Danish Industry BesoegDanmark" ရဲ့ ကြော်ငြာမှာပါတာပါ။ အဲ့ဒီကြော်ငြာ မှာပါတဲ့ Agency နာမည်က "Ewhsnahtrellik" ဖြစ်ပြီး ပြောင်းပြန် ပြန်ဖတ်ကြည့်ရင် "killer than shwE" ဆိုပြီး တွေ့ ရပါလိမ့်မယ်။ နောက် ကြော်ငြာ မှာပါတဲ့ ကဗျာ "Free relaxed, enjoy everything, dance on minutes!" ရဲ့ ထိပ်ဆုံးစာလုံးတွေကို ယူလိုက်ရင်တော့ "Freedom" လို့ ရမယ်ဆိုတာ ဖတ်လိုက်ရတယ်။

Danish artists said they ran an ad in yesterday’s edition of the Myanmar Times newspaper that contained a hidden message calling for freedom in the military-ruled country and branding its ruler a killer.

The half-page ad with a sun and a palm tree was purportedly promoting tourism in Myanmar for Scandinavian holidaymakers, and contained a poem extolling the pleasures of travel.

But the first letter in each line of the poem spelled the word “freedom,” while the name of the supposed travel agency, Ewhsnahtrellik, is “Killer Than Shwe” spelled backwards.

ကျွန်မ Google မှာ Links အတော်များများ တွေ့ ပါတယ်။ စိတ်ဝင်စားရင် Google ကြည့်လို့ ရပါတယ်။

Newspaper advertisement's hidden message calls Myanmar's leader a killer
Danish artists place hidden message for Myanmar junta in newspaper

Update : MyanmarTimes Website မှာ 23-July-2007(Monday) ထုတ် သတင်းစာကို ရှာကြည့်တာ မတွေ့ မိဘူး။ ဒါလေးကိုပဲ ရှာတွေ့ တယ်။Photo Credit to meemeenge

July 23, 2007

Happy Birthday to All, LEO!!

အလုပ်အားနေတာနဲ့  သတင်းတွေလိုက်ဖတ်နေရင်း Yahoo Home Page ကို ရောက်မှ ဒီနေ့ ဟာ Cancer ကနေ Leo zodiac ကို စပြောင်းတဲ့ နေ့ ဖြစ်ကြောင်း ရေးထားတာ ဖတ်လိုက်ရတယ်။ ပုံမှန်ဆို ကျွန်မ့ အဲ့ဒီ zodiac တွေကို စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် သူငယ်ချင်းချို့ ဟာ သူတို့ က Leo zodiac မှာ မွေးသူတွေဖြစ်ကြောင်း ပြောကြလို့  အဲ့ဒီ ရာသီခွင်ကို သိခဲ့ရတယ်။ နောက်ပိုင်းကြတော့ ကျွန်မ ဘ၀မှာ အရေးပါဆုံးသူတစ်ယောက် ဟာလည်း Leo ရာသီခွင်မှာ မွေးဖွါးခဲ့သူ တစ်ယောက်ဖြစ်ကြောင်း သိလိုက်လို့  (အဲ့ဒီတစ်ယောက်ကတော့ သူ့ ကိုသူ LEO (The Lion) လား၊ ဘာလားဆိုတာ သိပ်စိတ်ဝင်စားမှ မဟုတ်ပါဘူး) LEO ဆိုတာကို မှတ်မှတ်သားသား ရှိနေတာပါ။
တကယ်တော့ Leo zodiac ဆိုတာ ခြင်္သေ့ရုပ်နဲ့  Pluto ဂြိုလ်ကို ကိုယ်စားပြုတယ်ဆိုတာရယ်၊ "Rules by Sun" လို့  ပြောကြတာကို ဖတ်ဖူးလို့  ကျွန်မ မှတ်မိနေတယ်။ တခြား Leo မှာ မွေးဖွားသူတွေဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာတွေကိုတော့ သိပ်ပြီး သတိမထားမိသလို၊ ဂရုလည်း မစိုက်မိဘူး။ ဒီနေ့  Yahoo မှာ ကြည့်လိုက်မိတော့မှ Leo zodiac ဆိုတာ "July 23 to August 22" အတွင်းမှာကို ခေါ်မှန်းသိလိုက်ရတယ်။
ကျွန်မ သိတဲ့ July 23 to August 22 အတွင်းမှာ မွေးဖွား သူတွေပါ...
- တချိန်မှာ ကျွန်မ၏ အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ဖြစ်မယ့် THKZ
- အစ်ကိုတစ်ယောက်လို ချစ်ခင်ရသော အမြဲရန်ဖြစ်ဖက် MPT (Py Py)
- အမြဲ အလုပ်ရှုပ်နေတတ်သော သူငယ်ချင်း AWM
- အစ်မတစ်ယောက်လို ခင်မင်ရသော ZCKK
- Nick Name "Leo" ကို သုံးလေ့ရှိသော MyanmarMp3 ရဲ့ Founder တစ်ယောက်ဖြစ်သူ KKLMT.
- အစ်မတစ်ယောက်လို ချစ်ခင်ရသော Innocent Soul
ကျွန်မ မွေးနေ့ မသိတဲ့ တခြား Leo ရာသီခွင်ဖွား သူငယ်ချင်းတွေလည်း ရှိနိုင်ပါတယ်။ အားလုံးကို ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ တွေကို ပိုင်ဆိုင်ကြပါစေလို့  ဆုတောင်းပေးချင်ပါတယ်။
တစ်ကောင်တည်း၊ ဒါပေမယ့် ခြင်္သေ့ လို့  အမြဲပြောနိုင်ကြပါစေ....
Happy Birthday To You All , LEO!!

Next version of Windows

ပြီးခဲ့တဲ့ သောကြာနေက Microsoft ကနေပြီး Window OS အသစ်ကို နောက် ၃ နှစ်အကြာ ၂၀၁၀ အတွင်းမှာ ထွက်ရှိမယ် ဆိုတဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။ အသစ်ထွက်မယ့် Window OS ရဲ့ Internal Code Name ကို Window 7 လို့  အမည်ပေးထားကြောင်း သိရတယ်။ အရင်တုန်းကတော့ နောက်ထွက်မယ့် Microsoft Window Version ရဲ့ code name ကို "Vienna" ဆိုပြီး သိခဲ့ကြတာပါ။ Window 7 ဟာ "A full OS release" ဖြစ်မယ့်အကြောင်း ပြောထားတယ်။ Window 7 ကို အရင် Vista လိုပဲ Consumer နဲ့  Business Version အနေနဲ့  32-bit နဲ့  64-bit မှာပါ Run လို့ ရအောင် ထုတ်မှာဖြစ်ကြောင်း သိရတယ်။ အရင် Window Vista တုန်းက ၅ နှစ်ကြာအောင် Develope လုပ်ခဲ့ကြပေမယ့် ဒီနောက်ပိုင်းထွက်ရှိမယ့် Window OS တွေမှာတော့ အဲ့ဒီလောက် အချိန်ကြာတော့မှာ မဟုတ်ကြောင်းကိုလည်း ဖတ်လိုက်ရတယ်။
Window 7 နဲ့  ပတ်သက်တဲ့ Screen Shoots တွေများရှိမလားလို့  လိုက်ရှာကြည့်တာ တစ်ခုပဲတွေ့ တယ်။ ဒါကလည်း လွန်ခဲ့တဲ့ June လ က တင်ထားထာဖြစ်ပြီး အဲ့ဒီပုံတွေက အစစ်မဟုတ်ဘူးလို့  တချို့ နေရာတွေမှာ ရေးထားတာကိုလည်း ဖတ်ရပါတယ်။ အဲ့ဒီပုံတွေ မှန်မမှန်တော့ ကျွန်မလည်း မပြောတတ်ဘူး။ ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်လို့ ရ ပါတယ်။ ကျွန်မ ဟိုတလောက Window Vista ကို သွင်းပြီး စမ်းသုံးကြည့်ပါတယ်။ ကျွန်မမှာရှိတဲ့ Scanner နဲ့ လည်း အဆင်မပြေ၊ တခြား Software တချို့ လည်း သုံးမရတာနဲ့  ခေါင်းရှုပ်မခံချင်လို့  Window XP ကိုပဲ ပြန်ပြောင်းသုံးလိုက်တယ်။ နောက် ၂ နှစ် ၃ နှစ်လောက်အကြာ Window Vista Stable ဖြစ်လောက်မယ့် အချိန်ကြမှပဲ Vista ကို သုံးတော့မယ် စိတ်ကူးထားတာ၊ အခု အနေအထားအရတော့ Vista ပြောင်း မသုံးတော့ပဲ နောက်ထွက်မယ့် Window 7 ကို စောင့်ပြီး သုံးတာပဲ ပိုများ ကောင်းလေမလားလို့  တွေးနေရပါပြီ။ OpenSource တွေကို ဘယ်လောက်ကြိုက်ကြိုက်၊ Window OS တွေကို ပြစ်ပယ်ဖို့ က မဖြစ်နိုင်သေးဘူး မဟုတ်လား။ အနည်းဆုံး အိမ်က Computer တစ်လုံး လုံးမှာတော့ Window OS သွင်းထားမှ အဆင်ပြေမယ် ထင်မိတယ်။

July 21, 2007

သက်တံမြစ်

သက်တံမြစ်

ညနေခင်းတစ်ခု
မိုးစဲလင်းပွင့် ကောင်းကင်မှာ
ဟာ...
လှလိုက်တဲ့
သက်တံကြီးတစ်စင်း
စီးဆင်းနေတာ တွေ့ တယ်။

ရုတ်တရက်ပဲ
ငါ ကြေကွဲခဲ့ရပေါ့။

ဘ၀ဆိုတာ
သက်တံလိုပါလား..
ရှိတော့ရှိရဲ့
ဒါပေမဲ့
အရှိမဲ့။

ထူးအိမ်သင်

ထူးအိမ်သင်ရေးသားသော ဤကဗျာကို ၂၀၀၆ နိုဝင်ဘာလထုတ် သရဖူ မဂ္ဂဇင်းတွင် ပါသော နိုင်ဇော်ရေးသားသည့် ထူးအိမ်သင်အကြောင်း "အဆုံးအစမဲ့ မိုးသားထဲ သွားရဦးမယ်" ဂီတရုပ်ပုံလွှာ ဆောင်းပါးမှ ကူးယူဖေါ်ပြခြင်း ဖြစ်သည်။

July 20, 2007

We all need Someone!

ဒီနေ့  TGIF လို့ ပြောရမယ့် သောကြာနေ့ ။ ခုရက်ပိုင်းက အလုပ်ရှုပ်နေတာများတယ်။ ဒါပေမယ့် ဒီနေ့ တော့ ထူးထူးခြားခြား သိပ်ပြီး အလုပ်မရှုပ်တာနဲ့  မဖတ်ဖြစ်တာကြာပြီဖြစ်တဲ့ Technical News တွေလိုက်ဖတ်ရင်း သီချင်းတွေ နားထောင်နေမိတယ်။ ခုနောက်ပိုင်း သီချင်း အသစ်တွေထက်စာရင် သီချင်းဟောင်းတွေကို ပြန်နားထောင်ဖြစ်နေတယ်။ နားထောင်ဖြစ်တဲ့ သီချင်းတွေအများကြီးထဲက ဒီနေ့  ထပ်ခါထပ်ခါ နားထောင်ဖြစ်တဲ့ သီချင်းက ကိုယ်နဲ့  အသက်တူတူပဲလို့  ပြောလို့ ရမယ့် Jd Souther ရဲ့ You're Only Lonely. ဒီသီချင်းနားထောင်ရင်း ဖတ်ဖြစ်တဲ့ စာသားက.....ကျွန်မ အဆင်မပြေတဲ့အခါတိုင်း အမြဲတမ်းအားပေးတတ် သူတစ်ဦးနှင့် ချစ်ခင်ရသော သူငယ်ချင်းများ အားလုံး အတွက်
You can call out my name.. when you're only lonely....

When the world is ready to fall on your little shoulders,
And when you're feeling lonely and small,
You need somebody there to hold you.
So don't you ever be ashamed, you're only lonely.
Ah, You can call out my name.. when you're only lonely....

20072007

ဒီနေ့  Date က Double Match ဖြစ်တယ်၊ နံပါတ်လေး လှတယ်ဆိုပြီး Gtalk Status မှာတင်ကြ၊ တချို့ များဆို SMS တွေတောင် ပို့ ပြီး ပြောကြလုပ်နေကြတာ တွေ့ ရတယ်။ တချို့  SMS တွေမှာဆို Once in a life time တဲ့။ ဘယ်လိုရက်မျိုး ကိုများ ကျွန်မတို့ ဘ၀မှာ နှစ်ခါပြန်ရတယ်ဆိုတာ ရှိဘူးလို့ လဲနော်။ ထားပါ။ ကျွန်မမှာ သူတို့ လိုပဲ နေ့ စွဲလှလှလေးတွေဆိုရင် သတိထားမိတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ အဲ့ဒီသူငယ်ချင်း အွန်လိုင်းအမြဲတတ်တဲ့ အချိန်ကဆို နေ့ စွဲ လှလှလေးတွေရောက်ပြီဆို သူ့  Yahoo မှာ Status တင်ရုံမက၊ တခါတလေဆို အီးမေးနဲ့ တောင် ပို့ ပြီး ပြောတတ် သေးတယ်။

တတီတီဝင်နေနဲ့  SMS တွေကြည့်ရင်း ၊ အလုပ်လေး နည်းနည်း အားနေတာနဲ့  Double Match နေ့ စွဲ လှလှ ဖြစ်မယ့် ရက်တွေကို ချရေးကြည့်မိတယ်.. နေ့ စွဲလှလှကြိုက်သူတွေ အတွက်ပေါ့

20072007 - 20th July 2007
20082008 - 20th August 2008
20092009 - 20th September 2009
20102010 - 20th October 2010
20112011 - 20th Novermber 2011
20122012 - 20th December 2012

ဒီလိုပဲ တခြားရက်စွဲလှတာလေးတွေ အများကြီးရှိဦးမှာပါ။ တကယ်ဆို ကျွန်မရေးထားတဲ့ ရက်တွေဟာ DD-MM-YYYY Format နဲ့ ရေးလို့  ဖြစ်တာတွေပါ။ MM-DD-YYYY ၊ YYYY-MM-DD တွေ နဲ့ သာ ရေးမယ်ဆိုရင် အဲ့ဒီလို လှမှာ မဟုတ်ဘူး။ အမျိုးမျိုးပြောင်းရေးလို့ ရနေတဲ့ Date တွေကို အစွဲအလန်းထားမျိုးကို ကျွန်မလုပ်လေ့မှရှိဘူး။ ဂဏန်းလေးတွေ လှတာလေးတစ်ခုနဲ့ တော့ အဲ့ဒီ နေရက်တွေ ကျွန်မကို သာမန်ထက်ထူးခြားတဲ့ ခံစားမှုမျိုး မဖြစ်စေဘူးလေ။

July 19, 2007

နှစ်(၆၀)ပြည့် အာဇာနည်နေ့

ဘယ်လိုပဲ ပြည်သူတွေ မေ့ပျောက်အောင် အစဖျောက်ထားပေမယ့် ပြည်သူအများ မမေ့နိုင်တဲ့နေ့ ၊ နိုင်ငံခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတာနေ့ ဟာ ဒီနေ့ ဆို အနှစ် (၆၀) ပြည့်ခဲ့ပါပြီ။

လွန်ခဲ့သော နှစ် (၆၀) ဒီလိုနေ့ မျိုးမှာ ကျဆုံးခဲ့ကြသော ဗိုလ်ချုပ်နဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးများအားလုံး၊ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းရင် ကျဆုံးခဲ့ကြသော အာဇာနည်များအားလုံး၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေး တိုင်းရင်းသားအရေး အတွက် ကြိုးစားဆောင်ရွက်ရင် ကျဆုံးခဲ့ကြသော အာဇာနည်များအားလုံးနဲ့ တကွ၊ အမိမြန်မာနိုင်ငံ အကျိုးအတွက် အသက်စွန့့် လွှတ်ခဲ့ကြသော အာဇာနည်အားလုံးကို လေးစားစွာဖြင့် ဦးညွှတ်အလေးပြု လိုက်ပါသည်။

အာဇာနည်နေ့  (ဟံသာဝတီသတင်း)

နေးတစ်မှာ NMA0707 တင်ပေးထားတဲ့ ပိုစ့်လေးပါ။ တိုတိုရှင်းရှင်းနဲ့  အာဇာနည်နေ့ အကြောင်းကိုသိစေတဲ့ ပိုစ့်လေးမို့  မှတ်ထားလိုက်တယ်။ ကျေးဇူးတင်ပါတယ်။

တိုင်းပြည်အတွက် အသက်စွန့်သွားကြလေပြီ တမြို့လုံး ကြိမ်မီးအုံးပမာ ယူကြုံးမရဖြစ်ရသောနေ့ စစ်သားယောင်ဆောင်၍ ၀န်ကြီးများအား စတင်းဂန်းနှင့်လုပ်ကြံလိုက်ပုံ


အသက်စွန့်သွားကြသူများမှာ ...
ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ မစ္စတာ ရာဇတ်၊ မန်းဘခိုင် တို့ဖြစ်ကြောင်း။

ရန်ကုန်တမြို့လုံးရှိ မြို့သူမြို့သားတို့ ကြိမ်မီးအုံးပမာ ယူကြုံး မရ ဖြစ်ရသည့်နေ့ကား ဇူလိုင်လ (၁၉) ရက်နေ့ပင် ဖြစ်ကြောင်း။ မျက်ရည်စိုရွှဲ၊ ငိုပွဲဆင်ကြသည့်လူထုလည်း အထူးပင် များပြားကြောင်း။ လုပ်ရက်လေခြင်း လူတသင်း ရယ်လို့ မြည်သူများလည်း မရှား။ ဗမာ့နိုင်ငံရေးတော့ဖြင့် ရေယာဉ်တွင် မျောလေပြီဟုဆိုသူကဆို၊ နေရာတိုင်းမှာပင် ပင့်သက် ရှု၍ ငိုပွဲဆင်ကြရတော့ကြောင်း။


ထိုနေ့၌ကား
မိုးကောင်းကင်တခုလုံး၊ ထိုင်းမှိုင်းလျက်ရှိသော်လည်း နေပျောက်ကလေးများကား ထိုး၍နေသေးကြောင်း။ ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးသည့် ၀န်ကြီးများအစည်းအဝေးသည် ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းတွင် ကျင်းပလျက်ရှိကြောင်း၊ လမ်းပန်းသယ်ယူပို့ဆောင်ရေးကိစ္စမှာ မြန်မာပြည်၏ အသက်သွေးကြောကြီး ဖြစ်သည့်အားလျော်စွာ ထိုနေ့က ဆွေးနွေးလျက်ရှိကြကြောင်း။ စားပွဲကြီး၏ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရွှင်ပြလျက်ရှိနေကြောင်း။

ဝန်ကြီးများ စုံညီရာ
ထိုနေ့မှာပင် ယာယီအစိုးရ ဖွဲ့စည်းရေးကို စဉ်းစားရန်လည်းရှိသဖြင့် ၀န်ကြီးသခင်မြ၊ ပျော်ဘွယ်ဦးမြ၊ မန်းဘခိုင်၊ ဦးဘ၀င်း၊ မစ္စတာရာဇတ်၊ ဦးဘချို၊ ဦးဗဂျမ်း၊ ဦးအောင်ဇံဝေ၊ မိုင်းပွန်စော်ဘွားကြီး၊ အမှုဆောင်အဖွဲ့ စက္ကရီတေရီ ဦးရွှေဘော်၊ အတွင်းဝန် ဦးအုန်းမောင်နှင့် ၎င်းဌာနမှ မျက်နှာဖြူ အရာရှိတဦးလည်း တက်ရောက်ကြကြောင်း။

ထိုအချိန်တွင်
နံပါတ်မပါသော ဂျစ်ကားအစိမ်းကလေးသည် အတွင်းဝန်ရုံးကြီး၏ အနီးတ၀ိုက်တွင် လူးလာ မောင်းနှင်လျက်ရှိသည်ကို အများပင် တွေ့မြင်ကြသော်လည်း ကားထဲတွင် ပါလာသော လူ ၄ ယောက်မှာ နံပါတ် ၁၂ တပ်မတော်မှ ယူနီဖောင်းများ ၀တ်ဆင်ထားသဖြင့် စစ်တပ်ကဘဲဟု ယူဆကာ အမှုမဲ့အမှတ်မဲ့ နေကြသည်ဆိုကြောင်း။ ထိုကားကလေးသည် အတွင်းဝန်ရုံးကြီးကို ဂျူဒါအီစကယ်လမ်းဘက်မှ ၀င်လာပြီးလျှင် ဘဏ္ဍာရေးဌာနဘက်၌ ရပ်ထားသည်ဆိုကြောင်း။

အပေါ်တက်ကြပြီ
စတင်းဂန်းကိုယ်စီ ကိုင်ဆောင်လာသည့် လူမသမာ ၃ ယောက်သည် ဘဏ္ဍာရေးဝန်ကြီး သခင်မြ၏ ရုံးဆီသို့ ရှေ့ရှုတက်ကြသည်ဆိုကြောင်း။ သခင်မြ၏အခန်းကိုပင် လူဆိုးတယောက်က တံခါးဖွင့်ပြီးကြည့်ရာ တံခါးစောင့်မင်းစေက စစ်သားများဖြစ်တန်ရာသည်ဟု ထင်မှတ်ကာ ၀န်ကြီးမရှိပါ၊ အစည်းအဝေးသို့ တက်နေပါသည်ဟု ပြောလိုက်သေးသည် ဆိုကြောင်း။ စတင်းဂန်းနှင့်လူဆိုး ၃ ယောက်သည် ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းဆီသို့ ရှေ့ရှုချီတက်ကြကြောင်း။ ၎င်းတို့၏ လက်တွင်းကား စတင်းဂန်းများသည် အရေးရှိက အသင့်ဖြစ်စေရန် ချိန်ရွယ်လျက်ရှိကြောင်း။ ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းရှေ့သို့ ရောက်သောအခါ လူဆိုးများက အခန်းစောင့်အား တံခါးဖွင့်ပေးရန် ပြောသည်ဆိုကြောင်း။ တံခါးစောင့်က မဖွင့်နိုင်ဟုပြောသည့်အခါ လူဆိုးများက တွန်းလှဲလိုက်ပြီးလျှင် ဗိုလ်ချုပ်အခန်းထဲသို့ လူဆိုးတယောက် ၀င်တော့သည်ဆိုကြောင်း။

ပစ်ခတ်ပြီ
နံနက် ၁၀ နာရီခွဲအချိန်တွင် လူဆိုး ၂ ယောက်သည် စတင်းဂန်း ကိုယ်စီကိုင်ဆောင်ကာ ဗိုလ်ချုပ် အောင်ဆန်း၏ တံခါးဝတွင် လူသွားလူလာကို စောင့်ကြည့်ကြသည်ဆိုကြောင်း။ ကျန်လူဆိုး တယောက်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းတွင်းသို့ ၀င်ပြီးသည်နှင့်တပြိုင်နက် စတင်းဂန်းကို အဆက်မပြတ် ၄ ကြိမ်မျှ ဆွဲတော့သည်ဆိုကြောင်း။

အံအားသင့်နေစဉ်
အစည်းအဝေးရှိ ၀န်ကြီးများမှာ အံ့အားသင့်ကာ ဘာမျှမတတ်နိုင်တော့ဘဲ လူဆိုးများ၏ လက်
ချက်ဖြင့် အသက်ဆုံးရရှာတော့ကြောင်း။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ သခင်မြ၊ မစ္စတာရာဇတ်၊ မန်းဘခိုင်၊ လမ်းပန်းဆက်သွယ်ရေးအတွင်းဝန် ဦးအုန်းမောင်နှင့် မျက်နှာဖြူအရာရှိမှာ မရှုမလှ သေဆုံးရရှာကြောင်း။

ဒဏ်ရာရသူများ
ဝန်ကြီးဦးဗဂျမ်းမှာ လက်ညှိုး၌ အနည်းငယ် ဒဏ်ရာရသွားပြီး မိုင်းပွန်စော်ဘွားကြီးမှာ ပါး၌ ဒဏ်ရာရသွား၏။

ကုသိုလ်ထူးသူများ
ဝန်ကြီးပျော်ဘွယ်ဦးမြ၊ ဦးအောင်ဇံဝေ၊ အတွင်းဝန် ဦးရွှေဘော်တို့မှာ ကံကောင်းထောက်မသဖြင့် ဒဏ်ရာရရှိခြင်း မရှိကြောင်း။ စုံစမ်းသိရှိရသည်မှာ အသက်ဆုံးရှုံးသွားရရှာသော ၀န်ကြီးများမှာ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ သေပွဲဝင်ကြသည်ဆိုကြောင်း။

အဆစ်ပါသွားသူ
လူဆိုးများသည် စတင်းဂန်းနှင့် ပစ်ချင်သလိုပစ်ပြီး ထွက်လာပြီး ဣနြေ္ဒမပျက်ဘဲ လှေခါးမှ ဆင်းကြသည် ဆိုကြောင်း။ လှေခါးအနီးတွင် ၀န်ကြီးမစ္စတာရာဇတ်၏ သက်တော်စောင့် မောင်ထွေးအား ပစ်သတ်ခဲ့သေးကြောင်း။ မောင်ထွေးသည် ဒဏ်ရာကို လက်နှင့်အုပ်ကာ ရက်စက်တဲ့ လူတွေဘဲဗျာ ဟု ပြောပြောဆိုဆိုနှင့်ပင် လဲကျသွားသည်ဆိုကြောင်း။

သွေးချောင်းစီးခဲ့ပြီ
ဗိုလ်ချုပ်၏အခန်းတွင် မရှုမလှအသက်စွန့်သွားကြသူများ၏ သွေးသည် ချောင်းစီး၍ နေတော့ကြောင်း။ အခန်းထည်းမှ အပြင်သို့ ထွက်လာသော သွေးသည် တသွင်သွင်စီးလျက်ရှိနေကြောင်း။

တရုံးလုံးကြွက်ကြွက်စီ
လူဆိုးတို့ပစ်ခတ်သော သေနတ်သံများမှာ တရုံးလုံးဆူညံလျက်ရှိစဉ် ရုံးသူရုံးသားများသည် ဟိုမှဒီမှ ပြေးလွှားလျက် ရှိကြကြောင်း။ စပတ်လမ်းမှ လူထုသည်လည်း သေနတ်သံများ ကြားရာသို့ ရှုမျှော်နေကြကြောင်း။

လူဆိုးများထွက်ခွာပုံ
လူဆိုးများသည် ၁၀ မိနစ် ၁၅ မိနစ်မျှ ဗိုလ်ချုပ်အခန်း၌ ပစ်ခတ်ကြပြီး အပေါ်ထပ်မှ ဆင်းကြကြောင်း။ ၎င်းင်းတို့စီးလာသော ဂျစ်ကားသည် အသင့်ရောက်လာပြီး တင်ဆောင်သွားကြောင်း။ အတွင်းဝန်ရုံးကြီး အထွက်ပေါက်တွင် ဘောင်းဘီဖြူ ၀တ်ဆင်ထားသူကိုပင် တင်ခေါ်သွားသေးသည်ဆိုကြောင်း။

လူဆိုးခေါင်းဆောင်
လူဆိုးများသည် နံပါတ် ၁၂ တပ်မှ တံဆိပ်များ၊ ယူနီဖောင်းများကို ကျနစွာ ၀တ်ဆင်ထားသည်ဟု ဆိုကြောင်း။ လူဆိုးခေါင်းဆောင်လုပ်သူမှာ အသားညိုညို ဗလကောင်းကောင်း ထောင်ထောင် မောင်းမောင်း ဖြစ်သည်ဟု တွေ့မြင်ရသူတိုင်းက ပြောပြကြကြောင်း။ လူဆိုးများသည် ဂျစ်ကား စိမ်းစီးကာ ဒါလဟိုဇီလမ်းဘက်မှ ဗိုလ်တထောင်ဘက်သို့ ထွက်ခွာသွားသည်ဆိုကြောင်း။

ပုလိပ်များ ရောက်လာပြီ
လူဆိုးများ ထွက်သွား၍ များမကြာမီပင် ရန်ကုန်ပုလိပ်အဖွဲ့လည်း ဖြစ်ပွားရာသို့ လာတော့ကြောင်း။ မီးသတ်စက်မှ လူနာတင်ကားများလည်း အထူးပင်အလုပ်ရှုတ်လျက်ရှိကြောင်း။ ဗိုလ်ချုပ်အောင်ဆန်းအား ပထမဦးစွာ ဆေးရုံကြီးသို့ ပို့သော်လည်း သေမင်းကား သမားကျော်တို့ထက် လက်ဦး သွားတော့ကြောင်း။

မိုင်းပွန်စော်ဘွားကြီး
မိုင်းပွန်စော်ဘွား ရရှိသော ဒဏ်ရာမှာ အသက်အန္တရာယ် ဖြစ်နိုင်စရာမရှိ ဆိုကြောင်း။ ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုမှာ ဆေးရုံသို့ရောက်ပြီး ၃ နာရီခန့်အကြာတွင် သေဆုံးသွားသည်ဆိုကြောင်း။

ဗိုလ်ချုပ်ကျန်းမာပါစေ
ဗိုလ်ချုပ်အား လုပ်ကြံသည်ဟူသောသတင်း ကြားလိုက်ရသော မြို့သူမြို့သားများသည် ဗိုလ်ချုပ် ကျန်းမာပါစေဟု ဆုမွန်များ တောင်းကြကြောင်း။ ဗိုလ်ချုပ်အသက်စွန့်သွားပြီဟု ကြားသိကြသောအခါ ဗမာ့သားကောင်းကြီး ဆုံးရှုံးရလေခြင်းဟု ပြင်းပြစွာ ငိုကျွေးကြတော့ကြောင်း။

ဆိုင်များပိတ်ကြခြင်း
ထိုနေ့က ရန်ကုန်မြို့တွင်းရှိ ဆိုင်များနှင့် မြို့ပြင်ရှိ ဆိုင်များမှာ ထိုသတင်း ကြားသည်နှင့် တပြိုင်နက် အရောင်းအ၀ယ်အားလုံး ပိတ်ထားကြကြောင်း။

စစ်သားများ မြို့ထဲမ၀င်ရ
ထိုအပြင် စစ်သားများ မြို့ထဲမ၀င်ရန် ဆိုင်ရာက အမိန့်တရပ်ကို ချက်ချင်းထုတ်သည်ဟု သိရသည့်ပြင် ရုပ်ရှင်ရုံများကိုပါ စစ်သားများကို လက်မှတ်မရောင်းရန် အမိန့်ထုတ်သေးကြောင်း။

ပျော်ရွှင်ပွဲများပိတ်ထားရခြင်း
ရုပ်ရှင်ရုံများမှာ ယနေ့ (၂၀-၇-၄၇) မပြသဘဲ အားလုံးပိတ်ထားကြလိမ့်မည်ဟု သိရကြောင်း။
၎င်းင်းပြင် မြို့မကျောင်း၌ အင်္ဂလိပ်လက်ဝှေ့ထိုးရန် စီစဉ်ထားချက်ကိုလည်း ထိုနေ့ကပင် ဖျက်သိမ်း လိုက်ကြောင်း။

အလံထက်ဝက်လွှင့်ကြပြီ
ရဲဘော်များနှင့် ဖဆပလအဖွဲ့ အစည်းအရုံးတို့၏ အလံများကို ၀မ်းနည်းသော အထိမ်းအမှတ်
အဖြစ်ဖြင့် အလံထက်ဝက် လွှင့်ထူထားကြကြောင်း။

-------------------------------------
(ဟံသာဝတီ။ ။ ၂၀၊ ၇၊ ၄၇)

ဟံသာဝတီသတင်းကို မူရင်းအတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

Photo Credit to phoenix06 from (MyanmarTeaShop Forum)

အာဇာနည်နေ့ သီချင်းများ

ဒီနေ့  အလုပ်မှာ အာဇာနည်နေ့ သီချင်းတွေကို မိုးမခကနေ့  နားထောင်ဖြစ်နေတယ်။ သီချင်းတွေကို သူများတွေပါ အလွယ်တကူ နားထောင်နိုင်အောင် တစုတစည်းထဲ ပြန်တင်ချင်ပေမယ့် ဖိုင်နာမည်မပါတာ၊ ပြန်စုပြီးတင်ဖို့  မအားတာနဲ့  ဘာမှမလုပ်ဖြစ်ဘူး။ ခုညနေ နည်းနည်းအားမှ နေးတစ်ကို ၀င်ကြည့်မှပဲ မမေက သီချင်းတွေကို ဒေါင်းလုတ်လုပ်ရလွယ်အောင် ပြန်လည်စုစည်းပြီး ပြန်တင်ပေးထားသလို၊ File တစ်ခုခြင်းစီကိုလည်း FileDen မှာတင်ပေးထားတာတွေ့ လိုက်ရတယ်။ သီချင်းတွေမှာ နာမည်တွေပါ အတိအကျ ရေးပေးထားတာမို့  ဒီမှာ ထပ်ဆင့်ဖေါ်ပြလိုက်ပါတယ်။

အရင်က အာဇာနည်နေ့ဆို ရေဒီယိုက လာနေကျ မေလှမြိုင် သီချင်းလေးအပါအ၀င် အာဇာနည်နေ့ အမှတ်တရ ဂုဏ်ပြုတေးများကို အလွမ်းပြေ နားထောင်နိုင်ပါတယ်။

အာဇာနည်နေ့ ဂုဏ်ပြုတေးများ

၁။ အလေးပြုပါတယ် - မေလှမြိုင်
၂။ ပြည်သူ့မျက်ရည် - စိန်ပါတီ
၃။ အာဇာနည်နေ့ မမေ့အပ်ပေ - မေလှမြိုင်
၎။ အာဇာနည်နေ့ တို့မမေ့ - မေလှမြိုင်
၅။ သတိရသည်နှင့်အမျှ - ၀င်းဦး
၆။ ညီညွတ်ခြင်းသည်အဓိက - ၀င်းဦး + မာမာအေး
၇။ မမေ့အပ်သော ၁၉ဇူလိုင် - မာမာအေး
၈။ အာဇာနည် မှာခြွေသည့်စကား - ၀င်းဦး
၉။ ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ် - မာမာအေး
၁၀။ ဗိုလ်အောင်ဆန်း - ကိုမြကြီး
၁၁။ သခင်အောင်ဆန်း - ကိုမြကြီး
၁၂။ စည်းကမ်း - မေလှမြိုင်

ကျွန်မက မမေမျှဝေထားတဲ့ Zip File ကိုသာ ပြန်တင်ပေးခြင်းဖြစ်လို့ ၊ Internet Connection နှေးတယ်၊ သီချင်း တစ်ပုဒ်ခြင်းကို သာ ဒေါင်းလုတ်လုပ်ပြီး နားထောင်ချင်တယ်ဆိုရင် မမေ ဘလော့မှာ သွားပြီး ဒေါင်းလုတ်လုပ်လို့ ရပါတယ်။

အာဇာနည်နေ့ ဂုဏ်ပြုသီချင်းများ - EmotionalCorner

Credit to Ma May (EmotionalCorner) and MoeMaKha Radio

ဗိုလ်ချုပ်လုပ်ကြံခံရခြင်း


Crecit to MoeMaKha (Radio) and PhantomMask

ရွက်လှေများ

ဒီရက်ပိုင်း ၀တ္တုတို တော်တော်များများ ဖတ်ဖြစ်တယ်။ ဥတ္တရလမင်းစိတ်ကူး(၉) - ခံစားသူအကြိုက် မဂ္ဂဇင်း ၀တ္တုတိုများ [၁၉၉၉] ထဲမှာ ပါဝင်တဲ့ စာရေးဆရာမ ဂျူးရဲ့ ၀တ္တုတိုလေး တစ်ပုဒ်ကို ထပ်ခါထပ်ခါ ဖတ်မိခဲ့တယ်။ ဘ၀ခရီးကို ကိုယ်ပိုင်လှေလေးတွေနဲ့ ခရီးနှင်နေကြတဲ့ ပုံစံမျိုးလေး ရေးထားတာပါ။ ဒီဝတ္တုကို အရင်က ဖတ်ဖူးပေမယ့် ဒီတခါဖတ်ကြည့်မှ အဲ့ဒီထဲက စာသားတချို့ ကို အရမ်းသဘောကျသွားတယ်။ ခံစားချက်တွေ တိုက်ဆိုင်နေလို့ လည်း ဖြစ်နိုင်ပါတယ်။ ပထမတော့ ကျွန်မကြိုက်တဲ့ စာကြောင်းတွေကိုပဲ မှတ်ထားမယ် စိတ်ကူးခဲ့ပေမယ့် ဂျူးရဲ့ အတွေးတွေကို သဘောကျလို့  အဲ့ဒီ ၀တ္တုလေးထဲက ပထမပိုင်း စာပိုဒ်တချို့ ကလွဲရင် နောက်ပိုင်း စာပိုဒ်တွေအားလုံးကို မှတ်ထားလိုက်ပါတယ်။ နောင်တစ်ချိန် ပြန်ဖတ်လို့ ရတာပေါ့။
ရွက်လှေများ - ဂျူး

တကယ်တော့လည်း ကျွန်မတို့  လူ့ ဘ၀ဆိုတာ ကမ်းမမြင် လမ်းမမြင်သည့် ပင်လယ်သမုဒ္ဒရာပြင်ကျယ်ကြီးမှာ ကိုယ်တိုင် ထိန်းချုပ်ပဲ့ကိုင်သော ရွက်လှေတစ်စင်းစီဖြင့် ခရီးနှင်နေကြရခြင်းပဲ မဟုတ်လား။
*****************
.....
.....
.....
မြစ်ပြင်ကျယ်မှာ လှေဖြင့် စုန်ဆင်းသွားလာနေကြသူများကို အားကျပါရဲ့။ သူတို့ နေရာမှာ စိတ်ကူးဖြင့် ၀င်နေရသည်က တော်တော် ကျေနပ်ဖို့ ကောင်းသည်။တကယ် ကိုယ်တိုင်လှေပေါ်မှာ လိုက်ပါစီးနင်းဖို့  ထို့ ထက်ပို၍ လှေကို ပဲကိုင်ဖို့ ၊ ရွက်လွှင့်ဖို့ ဆိုတာ ဘယ်လိုမှ သတ္တိ မွေးယူလို့  မရသည့် အဖြစ်တွေ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်လို့ ပါ။ ကိုယ့်အစွမ်း သတ္တိကိုလည်း ကိုယ်မယုံ။ ကျွန်မက ရေလည်းမကူးတတ်ဘူးလေ။ ကံကြမ္မာဆိုတာကိုလည်း မယုံ။ ကိုယ့်ရွက်လှေကို လေထန်သည့် မုန်တိုင်က ဆွဲနှစ်ပစ်မှာလည်း ပူပင်ရသေးသည်။ ဒါကြောင့် လှေမှန်အမျှ၊ ရေမှန်သမျှ ဘေးက ကြည့်ပြီး အားကျရုံပဲ သာယာမိ၏။ ကိုယ်တိုင် ပါဝင်ဖို့  ဘယ်တုန်းကမှ စိတ်ကူးခဲ့သည် မဟုတ်။

သို့ သော်... ကျွန်မ မတွေးမိသည့် အချက်မှာ ကျွန်မသည် ဘ၀၏ ကိုယ်ပိုင်ရွက်လှေဖြင့် ခရီးနှင်နေခဲ့ပြီးပြီ... ဆိုတာပဲ။

ကျွန်မ၏ ရွက်လှေက ဘယ်လောက်ခိုင်ခံသလဲ၊ ဘယ်လောက် လုံခြုံသလဲ ကျွန်မသိ။ ဘယ်သူမှလည်း မသိ။ ကိုယ့်လှေကို လှပအောင် ဆွဲဆောင်မှုရှိအောင် ကျွန်မတို့ ဆေးခြယ်ရင်း အောင်မြင်ခဲ့သူတွေရှိမည်။ မအောင်မြင်သူတွေလည်း ရှိမည်။ လှပနိုင်သူ၊ သစ်လွင်နိုင်သူတို့ က ဂုဏ်ယူစွာ ရွက်လွင့်နေချိန်တွင် မအောင်မြင်သူတွေက အစုတ်အပြဲ အဖာအထေးရွက်တို့  ဖြင့်၊ မွဲနွမ်းသော လှေကိုယ်ထည်ဖြင့် နာနာကြည်းကြည်း ရွက်လွှင့်နေကြလိမ့်မည်။ ကိုယ့်လှေကို ခိုင်ခံသည်ထက် ခိုင်ခန့်  အောင်၊ တာရှည်ခံသည်ထက် ခံအောင် ကြိုးစားပြင်ဆင်လိုသူတွေလည်း ရှိမည်။ ကံစီမံရာပဲဟု ကံကြမ္မာအပေါ် ယုံပြီး ပုံအပ်ထားသူတွေလည်း ရှိမည်။ မုန်တိုင်းဗဟိုနှင့် နီးသူတွေ ရှိမည်။ အဖျားအနားပဲ ထိသူတွေ ရှိမည်။ အချိန်မတိုင်မီ နစ်နာသူတွေရှိမည်။ ( အချိန် တိုင်ခြင်း၊ မတိုင်ခြင်းကိုရော ဘယ်သူက ဆုံးဖြတ်ပေးမလဲ။)

ကျွန်မတို့  ခရီးနှင်ရာ၏ အဆုံးပန်တိုင်က ဘာလဲ။ အမှန်အတိုင်း ပြောရာလျှင် ကျွန်မ မသိပါ။ နစ်မြုပ်ခြင်းသည် ခရီးအဆုံးလား၊ မနစ်မြုပ်ဘဲ ခရီးဆက်ခွင့်သာ ရခဲ့လျှင် ဟိုဘက်မှာ ဘာရှိမလဲ၊ ဘာကို မျှော်လင့်ပြီး ကျွန်မတို့  ရွက်လွင့်နေကြတာလဲ။ မေတ္တာတရားအတွက်လား၊ ဗြဟ္မစိုရ် တရား အတွက်လား၊ ဒါမှမဟုတ် နိဗ္ဗာန်ဟု စကားအရသာ သိပြီး တကယ်လက်တွေ့  ကျွန်မ မသိမြင်နိုင်သော စိတ်အခြေအနေ တစ်ခုဆီသို့ လား၊ သီးသန့် နေရာတစ်ခုဆီသို့ လား။

ရော့စတူးဝပ်၏ ရွက်လွှင့်ခြင်းကို နားထောင်ရစဉ်ကတော့ ဦးတည်ရာ ရှိသူ၏ ရွက်လွှင့်ခြင်း တစ်ခုအပေါ် အားကျပြီး မုဒိတာ ပွါးခဲ့ရဘူးသည်။ ဘုရားသခင်နှင့် နီးရာ၊ အရှင်သခင်ရှိရာ အရပ်ဆီသို့  သူဦးတည်၍ ရွက်လွှင့်နေခြင်း ဖြစ်နိုင်သည်။ ဘယ်လောက်အဓိပ္ပာယ် ရှိလိုက်တဲ့ဘ၀ ဖြစ်မလဲ။ကျွန်မကရော ဘယ်ကို ဦးတည်ပြီး ရွက်လွှင့်နေခဲ့ပါသလဲဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ကြည့်သောအခါ ကျွန်မ တော်တော်လန့် သွားသည်။ ဘာကို ဦးတည်မှန်းသာ မသိပေမဲ့ ခရီးကတော့ အတော်ပေါက် ခဲ့ပြီးလေပြီ။ ကျွန်မ၏ ရွက်လှေပေါ်မှာလည်း လိုချင်၍ သယ်ယူခဲ့သော ပျော်ရွှင်မှုများ၊ မလိုချင်ပါဘဲနှင့် လက်ခံယူခဲ့ရသည့် အမှားများ၊ လွှင့်ပစ်လို့  ရလျှင် ချက်ချင်း လွှတ်ပစ်လိုက်ချင်သော နောင်တများ စသည်ဖြင့် ကုန်စည်ပစ္စည်းများလည်း အသင့်အတင့် စုံလင်ခဲ့ပြီ။

ကျွန်မ ဘယ်ကိုရောက်မှာလဲ ဆိုတာကိုလည်း သိချင်လာပြီ။ မုန်တိုင်းကြောင့် သို့ မဟုတ် ကျွန်မ၏ ပဲ့ကိုင်ထိန်းချုပ်ခြင်းအတတ် ညံ့ဖျင်းမှုကြောင့် လှေကလေး နစ်သွားလေမလားဟုလည်း စိုးရိမ်ပူပန်လှပြီ။ ဘယ်သူကမှ အာမခံပေးလို့  မရသည့် ဟောသည် သမုဒ္ဒရာပြင်ကျယ်ကြီးထဲမှာ " မင်းရဲ့လှေ ဘာမှဖြစ်မှာ မဟုတ်ပါဘူး " ဟူသော ဖျောင်းဖျနှစ်သိမ့်အားမေးမှုကိုလည်း တစ်ဖက်က ကြားချင်နေပြန်သည်။

ကိုယ်တောင် ဘယ်မချိန်နစ်မလဲဟု မသိသည့် ခရီးမှာ သူများလှေတွေ နစ်လုမတတ် ဖြစ်တာ၊ နစ်သွားတာတွေကို သူရဲကောင်း ဆန်ဆန် ကယ်တင်နိုင်လေမလားဟုလည်း ကိုယ့်ကိုယ်ကိုယ် ဘ၀င်မြင့်ခဲ့ မိပြီးပြီ။ ကိုယ့်လှေ ခိုင်ခံအောင်၊ လုံခြုံအောင် ပြုပြင်တည်ဆောက်မည့်အစား အပေါ်ရံ ဆေးခြယ်မှုကို ပို၍ ဦးစားပေးခဲ့မိတဲ့ ကာလလည်း တော်တ်ာရှည်ကြာခဲ့ပြီ။

ရှေ့ ဆက်ပြီး ကျွန်မရဲ့ လှေ ခိုင်ခံဖို့ သာ ကြိုးစားရတော့မည်။ အချိန်တော့ နောက်မကျသေးဘူးဟု မျှော်လင့်ရပါသည်။

ကျွန်မ၏ လှေထဲမှာ သယ်ယူခဲ့သည့် ပျော်ရွှင်ခြင်း ဆိုတာတွေက အခုအချိန်မှာ ပြန်လည်သုံးလို့  မရတော့သည့် တစ်ခါသုံး ပစ္စည်းတွေ၊ စွန့် ပစ်အမှိုက်တွေသာ ဖြစ်တော့သည်။ လူ့ ဘ၀မှာ တကယ်လို အပ်သည်က ပျော်ရွှင်ခြင်း မဟုတ်၊ သတိသာ ဖြစ်သည်ဟု ကျွန်မ တွေးတောစ ပြုလာပြီ။

ကျွန်မက ကျွန်မလိုအပ်သည့် အရာမှာ ပျော်ရွှင်မှုဟု ထင်ခဲ့မိဖူး၏။ ငွေကြေးဥစ္စာဟု ထင်ခဲ့ဖူး၏။ အောင်မြင် ကျော်ကြားမှုဟု ထင်ခဲ့ဖူး၏။ အဲ့ဒါတွေကို ရမှ ဖြစ်မည်ဟု ထင်ကာ မနိုင်မနင်း သယ်ယူခဲ့ပြီးပြီ။ ကျွန်မ လိုအပ်တာ ဒါမဟုတ်ဘူးဟု သိသလိုလို ရှိလာချိန်မှာ ဒါတွေကို လွှင့်ပစ်ဖို့ လည်း မဖြစ်နိုင်။ အဲသည် အရာတွေနှင့် ကျွန်မက တော်တော်ကြီး ပေါင်းစပ်ငြိတွယ်နေခဲ့ပြီးပြီ မဟုတ်လား။ လှေကလေး ပေါ့အောင်၊ ကိုယ်ထိန်းသိမ်းတိုင်း လိုရာရောက်အောင်က အဲ့ဒါတွေကို ပစ်ချခဲ့မှ ရမည် ထင်ပါရဲ့။

အခုတော့ ကျွန်မ ရွက်လည်း လွှင့်နေဆဲ။ လေးလံနေသော အပိုပစ္စည်းများကိုလည်း လွှင့်ပစ်ဖို့  ကြံရွယ်ရင်း တွယ်ဖက်နေဆဲ။ လှေကလေး ခိုင်ခံဖို့  ပြုပြင်တည်ဆောက်မှ ဖြစ်မည်ဟူသော အသိတရားလေးက ရေးရေး ပေါ်လာပြန်တော့ အလုပ်စတင်ဖို့  တွန့် ဆုတ်နေဆဲ။

အဲသည်လိုနှင့် သည်လှေ၏ သက်တမ်းက လှေတစ်စင်း၏ ယေဘုယျ သက်တမ်းထက်ဝက်ပင် ကျော်ခဲ့ပြီ။ ရှေ့ မှာ ခရီးက မိုင်ပေါင်းများစွာ ရေပြင်ကြီး.... ဘာကမ်း ဘာသောင်မှ မမြင်ရသေးသည့် ရေပြင်ကြီး။ သည်လှေနှင့် သည်ခရီး မျှတပါရဲ့လား ကျွန်မ မသိ။

ကျွန်မ ဘာမျှ မသိပါ။

[ ဂျူး - ရန်ကုန်ရွက်လှေအသင်း စိန်ရတုမဂ္ဂဇင်း၊ ဧပြီ ၁၉၉၉ ]

Citrus Fruits

ဟိုနေ့ က Orange ဆိုတဲ့ Title နဲ့  အသီးပုံလေးတချို့ ကို သဘောကျမိတာနဲ့  ဘလောမှာ တင်လိုက်မိပါတယ်။ ကျွန်မကတော့ အဲ့ဒီအသီး အကြိုက်ကြီးမဟုတ်ဘူး။ ဒါပေမယ့် ကျွန်မ အမေနဲ့ ညီမလေး ကတော့ အတော်ကြိုက်ကြ၊ စားကြတယ်ဆိုတော့ သူတို့ ကို သတိရမိလို့  ပုံလေးတွေကိုလည်း နှစ်သက်တာနဲ့  သိမ်းထားလိုက်တဲ့သဘော တင်လိုက်မိတာပါ။ အဲ့ဒီပိုစ့်မှာ သူငယ်ချင်းတွေ ချန်ထားခဲ့တဲ့ Comment တွေကိုကြည့်ပြီးတော့မှ ကိုယ့်သိတဲ့ လိမ္မော်သီးလို့ လွယ်လွယ်ခေါ်ဆိုနေတဲ့ အသီးတွေမှာ အမျိုးအစား ကွဲတွေ အများကြီးရှိနေပါလားဆိုတာကို သတိထားမိလိုက်တယ်။

အင်တာနက်မှာ ရှာဖတ်ကြည့်လို့  ကျွန်မသိလိုက်ရတာ တချို့ ပါ။ Citrus Fruit တော်တော်များများကို Orange လို့ ခေါ်တယ်လို သိရတယ်။ အစေ့ပါတယ်၊ မပါတာ၊ အရွယ်အစား။ အရောင် ၊ ချိုတဲ့ အရသာ၊ ချဉ်တဲ့ အရသာ စတာတွေပေါ်မူတည်ပြီး Orange အမျိုးအစားကွဲတွေ အများကြီးရှိတယ် ဖတ်ရတာနဲ့  ဘယ်လိုတွေလည်းလို့  လိုက်ကြည့်မိပါတယ်။

Clementines: the clementine is a seedless mandarin. [Wiki]

Kumquats: the kumquat is like a citrus fruit and has an edible skin. It is the most well known of the sort fortunella which is closely related to Citrus. [Wiki]

Mandarins: type of small orange with loose skin. The mandarin got its name because it was exploited by high-ranking government officials in China (mandarins). [Wiki]

Minneolas: are a crossing between a tangerine and a grapefruit and can be recognized by "the little nose". Can be peeled manually. Is a type of Tangelo, a minneola is a specifically marketed tangelo.
Oranges: There are different types of oranges: navel oranges, Valencia oranges and blood oranges are the most cultivated races. [Wiki]

ဒီပုံက Cara Cara orange နဲ့  Pink grapefruit ကိုနှိုင်းယှဉ်ပြထားတာပါ။

Orange မှာ Blood Orange ဆိုပြီး ရှိသေးကြောင်းသိလိုက်ရတယ်။ California က Blood Orange ထွက်တယ်သိရတယ်။ Blood Orange မှာလည်း the Tarocco (native to Italy), the Sanguinello (native to Spain), and the Moro ဆိုပြီး အမျိုးအစားကွဲတွေရှိ ကြောင်းသိရပါတယ်။ [Wiki]
Tangelos: a tangelo is a crossing between a tangerine, a grapefruit and an orange. A specific kind of tangelo is the Ugli which is described further on this page. [Wiki]
Satsuma:is a very special seedling from Japan. Its skin is a bit tighter than the clementine and it doesn't have seeds as well. [Wiki]

ဒီအသီကို UK မှာဆို satsuma, Japan မှာဆို mikan, Africa မှာဆို naartjie နဲ့  Canada မှာဆို mandarin or tangerine လို ပြောကြတယ်သိရတယ်။ United States မှာတော့ satsumas ကို tangerines လိုသာ ခေါ်ဆို ရောင်းချတယ်လို့ လည်းသိရပါတယ်။

Tangerines: a tangerine is an orange-red mandarin with a particular citrus taste. Can be peeled manually. [Wiki]

Uglis: a specific kind of tangelo, easier to peel. A crossing between a tangerine, a grapefruit and an orange. Looks really ugli and sometimes has brown spots. Can be peeled manually. [Wiki]


တခြား မျိုးကွဲတွေလည်း ထပ်ရှိနိုင်ပါသေးတယ်။ ဒီထဲက အသီးတော်တော်များများကို တခါမှ မစားဖူးသေးဘူး။ လိမ္မော်သီးလို့ သာ ကျွန်မ သိခဲ့တဲ့ ဒီအသီးအမျိုးကွဲတွေကို အခွင့်အရေးကြုံရင်တော့ ဘယ်လို အရသာတွေရှိလည်းသိရအောင် စားကြည့်ဦးမယ် စိတ်ကူးတယ်။

Other Related Link:
The Fruit Pages
MSN - Encyclopedia (Orange)

July 17, 2007

16 July 2007

You keep moving on
And the years go by so fast..
Wish you a Happy, Healthy and Safe journey...
Keep on Movin'
Keep on Movin'
toward your Goals...

July 14, 2007

Orange

Friday the 13th

ဒီနေ့  ၁၃ ရက် သောကြာတဲ့။ Gtalk က သူငယ်ချင်း တချို Status မှာ တင်ထားတာတွေ့ မှ သတိထားမိ လိုက်တယ်။ ၂၀၀၇ ရဲ့ ၁၃ ရက် သောကြာ ဟာ ကံဆိုးခြင်းတွေကို သယ်ဆောင်လာတဲ့ နေ့ ဆိုပြီး အယူကြီးသူ တချို့ က ဒီနေ့ ကို ကြောက်ကြတယ်။ သူငယ်ချင်းတစ်ယောက် ကလည်း သူများနဲ့ မတူအောင် ထူးထူးခြားခြား "Triskaidekaphobia" ဆိုပြီး Gtalk Status တင်သေးတယ်။ ဒီစကားလုံးဟာ ၁၃ ဂဏာန်းကို ကြောက်ရွံ့ မှုကို ပြောချင်တာပါ။ ၁၃ ရက် သောကြာကို ကြောက်ရွံ့  တာကိုကြတော့ paraskavedekatriaphobia ဒါမှမဟုတ် friggatriskaidekaphobia လို့ ခေါ်တယ်လို့  ဖတ်လိုက်ရတယ်။ နောင်ပိုင်း အဲ့ဒီစာလုံးမြင်ရင် ဘာပြောတာလည်း သိအောင်၊ ဗဟုသုတ အနေနဲ့  မှတ်ထားလိုက် ပါတယ်။

Triskaidekaphobia (from greek tris=three, kai=and, deka=ten) is a fear of the number 13
A specific fear of Friday the 13th is called paraskavedekatriaphobia or friggatriskaidekaphobia.

တချို့ လူတွေ ဘာလို့  ဒီလို နေ့ မျိုးကို ကြောက်ကြတာလည်း ဆိုတာ Wikipedia မှာ ဖတ်ကြည့်နိုင်ပါတယ်။ ဒီနှစ်မှာ Firday the 13th ဖြစ်တာ ဘယ်နှစ်ရက်ရှိနေလည်း သိချင်လို့  ရှာကြည့်မိတယ်။ ဒီနှစ်မှာ (April 13, July 13) ၂ ရက် ရှိတယ်ဆိုတော့ ဒီနှစ်အတွင်းမှာ ကြောက်တတ်သူတွေ နောက်ထပ်ကြောက်စရာရက် မရှိတော့ဘူးပေါ့။ တချို့ နှစ်(2008) တွေမှာ ၁ ခါပဲ ကြပေမယ့် တချို့ နှစ်တွေ (2009) မှာဆို ၃ ရက်တောင် ရှိတယ်။ Friday the 13th တစ်ရက်မှ မရှိတဲ့ နှစ်တော့ မတွေ့ မိဘူး။
ကျွန်မက နံပါတ် ၁၃ နဲ့  ပတ်သက်ပြီး ဘာမှ အစွဲအလန်း မရှိဘူး။ ၁၃ ရက် သောကြာနေ့  ဆိုတာကြီးကိုလည်း ထူးထူးခြားခြား ကြောက်လန့် တာမျိုး မရှိပါဘူး။ ကျွန်မအတွက် ဒီနေ့ ဟာ ထူးထူးခြားခြား ကံဆိုးတာ၊ ကံကောင်းတာတွေ ဘာမှ မဖြစ်တဲ့ သာမန် သောကြာနေ့ တစ်နေ့ ပါပဲ။

July 13, 2007

ငါ

ငါ

ငါ့ မှာလည်း ငါ ၊ သူ့ မှာ ငါနှင့်
ငါ့ ငါ သူ့ ငါ ၊ တွေ့ ကြခါဝယ်
ငါ နှင့် ငါ ချင်း ၊ ငါ စစ်ခင်းလျက်
ပူပြင်းလျှံရဲ ငါ ပေါက်ကွဲ၏ ။

ငါ ဒုက္ခပေး ၊ ငါ မအေး၍
ငါ အေးရကြောင်း ၊ ခွင့်ခါ ချောင်းလျက်
ငါကောင်းကို ရှာ ၊ ငါဆိုး ခွာသော်
ကွာလေသည် သို့ ၊ ဖြစ်သမြို့ လည်း
ခေါင်းလျှို့ ကိုယ့်ခွေ ၊ ပခြုပ်ဗွေ၌
ငန်းမြွေ မခြား ၊ နှဲသံ ကြားလျှင်
ပါးပျဉ်း ထောင်လျက် ငါသည်ထွက်၏ ။

အို - ဖွားဖက် ငါ ၊ အသင် ငါနှင့်
ငါ မလျှော့တမ်း ၊ အားအင် စမ်းအံ့ ။
အစွမ်း သာသူ ၊ ပန်းဆွတ်ယူလိမ့် ။
ငါမူ ငါ့ကို အောင်မည်လော။ ။
ငါ့ကို ငါက အောင်မည်လော။ ။

မင်းသုဝဏ်
မတ်လ၊ ၁၉၈၂။
ရှုမ၀ မဂ္ဂဇင်းမှ

July 12, 2007

နားထောင်မိသော သီချင်းများ

မနေ့ က ညနေပိုင်း သူ့ ရဲ့ နောက်ဆုံးသတင်းကို ပြောနေသံကြားလိုက်ရတော့ အံ့သြ စိတ်မကောင်းဖြစ်မိတယ်။ ကြားကြားချင်းမှာ လုံးဝ မှန်မယ် မထင်မိတဲ့ သတင်းတစ်ခု ပါပဲ။ တနေနေ့ မှာ ခွဲခွါကြရမယ်မှန်း လူတိုင်းသိနေကြပေမယ့် ဒီလို ရုတ်တရက်ကြီးဆိုတော့ သက်ဆိုင်သူ မိသားစုတွေ အတော်ခံစားရမှာပဲ။ စိတ်မကောင်းပါဘူး။

ကျွန်မရဲ့ အမြဲမဟုတ်တောင် စိတ်ကူးပေါက်တိုင်း နားထောင်လေ့ဖြစ်တဲ့ သီချင်းတွေထဲမှာ ပါဝင်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒွေး သီဆိုထားတဲ့ သီချင်း ၃ ပုဒ်ကို ပြန်နားထောင်ကြည့်မိတယ်။ သူသီဆိုထားတဲ့ သီချင်းခွေ နှစ်ခု ကျွန်မမှာ ရှိပေနေမယ့် ဒီသီချင်း ၃ ပုဒ်ကိုပဲ နားထောင်လေ့ရှိခဲ့တယ်။ ဒီနေ့ နားထောင်ဖြစ်တဲ့ အခါမှာ အရင်နားထောင်ခဲ့တုန်းက နဲ့ မတူဘူး၊ အဲ့ဒီ သီချင်းတွေနားထောင်ရင်း စိတ်ထဲမှာ တွေးမိတာ၊ စဉ်းစားနေမိတာတွေ ကတော့ အများကြီးပေါ့။

မင်းလေးကို ချစ်လို့ 
ခဏလောက်ဝေးဝေးနေမယ်
ဖြေစရာမလိုတဲ့ အမေး

ဘ၀တစ်ခု ပြီးဆုံးသွားပြီဆိုတော့ နောင်သံသရာက မလွတ်ခင် ကြုံတွေ့ ရမယ့် ဘ၀တွေတိုင်းမှာ ငြိမ်းချမ်းပါစေလို့ ပဲ ဆုတောင်းပေးမိတယ်။

Update :
မူပိုင်ရှင်မကြီး မမခိုင် ( ဘ၀သခင်)
မူပိုင်ရှင်မကြီး မမခိုင်-v1 (မောင့်မူပိုင်ရှင်)

မောင့်မူပိုင်ရှင်အခွေကို အပင်ပန်းခံပြန်တင်ပေးတဲ့ ရည်မွန် နဲ့  ပထမဆုံး မျှဝေသူ နေးတစ်ဖိုရမ်မှာ ကိုဟိုးမာကို ကျေးဇူးတင်ပါတယ်။

Men and Women

လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်တုန်းက ကျွန်မရဲ့သူငယ်ချင်း တစ်ယောက်က နားထောင်ကြည့်ဆိုပြီး Audio File (Mp3) တစ်ခုပေးဖူးတယ်။ ဖတ်သင့်တယ်ပေါ့လေ။ ကျွန်မက Audio File နားထောင်ရတာထက် စာရင် စာအုပ်ဖတ်တာကို ပိုပြီး အားသန်တာကြောင့် အချိန်ရရင်၊ ဖတ်ချင်စိတ်ပေါက်တဲ့ အချိန်ကြရင် ဖတ်လို့ ရနိုင်အောင် PDF ဖိုင်ကို ရှာထားဖြစ်ခဲ့တယ်။ အဲ့ဒီကစပြီး နောက်ပိုင်းမှာလည်း တချို့  ဖတ်ချင်တဲ့ စာအုပ်တွေကိုဆို PDF file တင်မကဘူး၊ Audio File တွေကို လိုက်ရှာတတ်တဲ့ အကျင့်ရသွားတယ် ဆိုရမယ်။
ပြီးခဲ့အပတ် အိမ်မှာ နေရတုန်းက HD ထဲက File တွေကို စနစ်တကျဖြစ်အောင် ပြန်စီဖြစ်ရင်နဲ့ မှ သူငယ်ချင်းပို့ ပေးတဲ့ Audio File နဲ့  PDF File ကို ပြန်တွေ့ တော့တယ်။ ဒီစာအုပ်အကြောင်းတော့ အတော်များများ သိပြီးကြပြီး ဖြစ်မယ် ထင်တယ်။ (Wikipedia) ယောက်ျားတွေ နဲ့ မိန်းမတွေအကြောင်း ရေးထားတာလို့  အကြမ်းဖျင်းပြောရမယ်။ နာမည်ကြီးတဲ့ စာအုပ်တစ်အုပ်မို့  အသေးစိတ် ဘာတွေရေးထားလည်း သိချင်ရင်တော့ ဖတ်ကြည့်ကြပါ။ စာဖတ်ရမှာ ပျင်းရင် Audio File လေးဖွင့်  နားထောင်ကြည့်လို့ ရပါတယ်။

ဒီမှာတော့ the Simpsons ကာတွန်း ထဲက ပြောပုံလေး..
Homer remarks,
"We're so different! It's like you're from Venus!"
Marge replies,
"And you're from Mars. ."
Homer & Marge