Pages

July 19, 2007

အာဇာနည်နေ့  (ဟံသာဝတီသတင်း)

နေးတစ်မှာ NMA0707 တင်ပေးထားတဲ့ ပိုစ့်လေးပါ။ တိုတိုရှင်းရှင်းနဲ့  အာဇာနည်နေ့ အကြောင်းကိုသိစေတဲ့ ပိုစ့်လေးမို့  မှတ်ထားလိုက်တယ်။ ကျေးဇူးတင်ပါတယ်။

တိုင်းပြည်အတွက် အသက်စွန့်သွားကြလေပြီ တမြို့လုံး ကြိမ်မီးအုံးပမာ ယူကြုံးမရဖြစ်ရသောနေ့ စစ်သားယောင်ဆောင်၍ ၀န်ကြီးများအား စတင်းဂန်းနှင့်လုပ်ကြံလိုက်ပုံ


အသက်စွန့်သွားကြသူများမှာ ...
ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ မစ္စတာ ရာဇတ်၊ မန်းဘခိုင် တို့ဖြစ်ကြောင်း။

ရန်ကုန်တမြို့လုံးရှိ မြို့သူမြို့သားတို့ ကြိမ်မီးအုံးပမာ ယူကြုံး မရ ဖြစ်ရသည့်နေ့ကား ဇူလိုင်လ (၁၉) ရက်နေ့ပင် ဖြစ်ကြောင်း။ မျက်ရည်စိုရွှဲ၊ ငိုပွဲဆင်ကြသည့်လူထုလည်း အထူးပင် များပြားကြောင်း။ လုပ်ရက်လေခြင်း လူတသင်း ရယ်လို့ မြည်သူများလည်း မရှား။ ဗမာ့နိုင်ငံရေးတော့ဖြင့် ရေယာဉ်တွင် မျောလေပြီဟုဆိုသူကဆို၊ နေရာတိုင်းမှာပင် ပင့်သက် ရှု၍ ငိုပွဲဆင်ကြရတော့ကြောင်း။


ထိုနေ့၌ကား
မိုးကောင်းကင်တခုလုံး၊ ထိုင်းမှိုင်းလျက်ရှိသော်လည်း နေပျောက်ကလေးများကား ထိုး၍နေသေးကြောင်း။ ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးသည့် ၀န်ကြီးများအစည်းအဝေးသည် ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းတွင် ကျင်းပလျက်ရှိကြောင်း၊ လမ်းပန်းသယ်ယူပို့ဆောင်ရေးကိစ္စမှာ မြန်မာပြည်၏ အသက်သွေးကြောကြီး ဖြစ်သည့်အားလျော်စွာ ထိုနေ့က ဆွေးနွေးလျက်ရှိကြကြောင်း။ စားပွဲကြီး၏ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရွှင်ပြလျက်ရှိနေကြောင်း။

ဝန်ကြီးများ စုံညီရာ
ထိုနေ့မှာပင် ယာယီအစိုးရ ဖွဲ့စည်းရေးကို စဉ်းစားရန်လည်းရှိသဖြင့် ၀န်ကြီးသခင်မြ၊ ပျော်ဘွယ်ဦးမြ၊ မန်းဘခိုင်၊ ဦးဘ၀င်း၊ မစ္စတာရာဇတ်၊ ဦးဘချို၊ ဦးဗဂျမ်း၊ ဦးအောင်ဇံဝေ၊ မိုင်းပွန်စော်ဘွားကြီး၊ အမှုဆောင်အဖွဲ့ စက္ကရီတေရီ ဦးရွှေဘော်၊ အတွင်းဝန် ဦးအုန်းမောင်နှင့် ၎င်းဌာနမှ မျက်နှာဖြူ အရာရှိတဦးလည်း တက်ရောက်ကြကြောင်း။

ထိုအချိန်တွင်
နံပါတ်မပါသော ဂျစ်ကားအစိမ်းကလေးသည် အတွင်းဝန်ရုံးကြီး၏ အနီးတ၀ိုက်တွင် လူးလာ မောင်းနှင်လျက်ရှိသည်ကို အများပင် တွေ့မြင်ကြသော်လည်း ကားထဲတွင် ပါလာသော လူ ၄ ယောက်မှာ နံပါတ် ၁၂ တပ်မတော်မှ ယူနီဖောင်းများ ၀တ်ဆင်ထားသဖြင့် စစ်တပ်ကဘဲဟု ယူဆကာ အမှုမဲ့အမှတ်မဲ့ နေကြသည်ဆိုကြောင်း။ ထိုကားကလေးသည် အတွင်းဝန်ရုံးကြီးကို ဂျူဒါအီစကယ်လမ်းဘက်မှ ၀င်လာပြီးလျှင် ဘဏ္ဍာရေးဌာနဘက်၌ ရပ်ထားသည်ဆိုကြောင်း။

အပေါ်တက်ကြပြီ
စတင်းဂန်းကိုယ်စီ ကိုင်ဆောင်လာသည့် လူမသမာ ၃ ယောက်သည် ဘဏ္ဍာရေးဝန်ကြီး သခင်မြ၏ ရုံးဆီသို့ ရှေ့ရှုတက်ကြသည်ဆိုကြောင်း။ သခင်မြ၏အခန်းကိုပင် လူဆိုးတယောက်က တံခါးဖွင့်ပြီးကြည့်ရာ တံခါးစောင့်မင်းစေက စစ်သားများဖြစ်တန်ရာသည်ဟု ထင်မှတ်ကာ ၀န်ကြီးမရှိပါ၊ အစည်းအဝေးသို့ တက်နေပါသည်ဟု ပြောလိုက်သေးသည် ဆိုကြောင်း။ စတင်းဂန်းနှင့်လူဆိုး ၃ ယောက်သည် ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းဆီသို့ ရှေ့ရှုချီတက်ကြကြောင်း။ ၎င်းတို့၏ လက်တွင်းကား စတင်းဂန်းများသည် အရေးရှိက အသင့်ဖြစ်စေရန် ချိန်ရွယ်လျက်ရှိကြောင်း။ ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းရှေ့သို့ ရောက်သောအခါ လူဆိုးများက အခန်းစောင့်အား တံခါးဖွင့်ပေးရန် ပြောသည်ဆိုကြောင်း။ တံခါးစောင့်က မဖွင့်နိုင်ဟုပြောသည့်အခါ လူဆိုးများက တွန်းလှဲလိုက်ပြီးလျှင် ဗိုလ်ချုပ်အခန်းထဲသို့ လူဆိုးတယောက် ၀င်တော့သည်ဆိုကြောင်း။

ပစ်ခတ်ပြီ
နံနက် ၁၀ နာရီခွဲအချိန်တွင် လူဆိုး ၂ ယောက်သည် စတင်းဂန်း ကိုယ်စီကိုင်ဆောင်ကာ ဗိုလ်ချုပ် အောင်ဆန်း၏ တံခါးဝတွင် လူသွားလူလာကို စောင့်ကြည့်ကြသည်ဆိုကြောင်း။ ကျန်လူဆိုး တယောက်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းတွင်းသို့ ၀င်ပြီးသည်နှင့်တပြိုင်နက် စတင်းဂန်းကို အဆက်မပြတ် ၄ ကြိမ်မျှ ဆွဲတော့သည်ဆိုကြောင်း။

အံအားသင့်နေစဉ်
အစည်းအဝေးရှိ ၀န်ကြီးများမှာ အံ့အားသင့်ကာ ဘာမျှမတတ်နိုင်တော့ဘဲ လူဆိုးများ၏ လက်
ချက်ဖြင့် အသက်ဆုံးရရှာတော့ကြောင်း။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ သခင်မြ၊ မစ္စတာရာဇတ်၊ မန်းဘခိုင်၊ လမ်းပန်းဆက်သွယ်ရေးအတွင်းဝန် ဦးအုန်းမောင်နှင့် မျက်နှာဖြူအရာရှိမှာ မရှုမလှ သေဆုံးရရှာကြောင်း။

ဒဏ်ရာရသူများ
ဝန်ကြီးဦးဗဂျမ်းမှာ လက်ညှိုး၌ အနည်းငယ် ဒဏ်ရာရသွားပြီး မိုင်းပွန်စော်ဘွားကြီးမှာ ပါး၌ ဒဏ်ရာရသွား၏။

ကုသိုလ်ထူးသူများ
ဝန်ကြီးပျော်ဘွယ်ဦးမြ၊ ဦးအောင်ဇံဝေ၊ အတွင်းဝန် ဦးရွှေဘော်တို့မှာ ကံကောင်းထောက်မသဖြင့် ဒဏ်ရာရရှိခြင်း မရှိကြောင်း။ စုံစမ်းသိရှိရသည်မှာ အသက်ဆုံးရှုံးသွားရရှာသော ၀န်ကြီးများမှာ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ သေပွဲဝင်ကြသည်ဆိုကြောင်း။

အဆစ်ပါသွားသူ
လူဆိုးများသည် စတင်းဂန်းနှင့် ပစ်ချင်သလိုပစ်ပြီး ထွက်လာပြီး ဣနြေ္ဒမပျက်ဘဲ လှေခါးမှ ဆင်းကြသည် ဆိုကြောင်း။ လှေခါးအနီးတွင် ၀န်ကြီးမစ္စတာရာဇတ်၏ သက်တော်စောင့် မောင်ထွေးအား ပစ်သတ်ခဲ့သေးကြောင်း။ မောင်ထွေးသည် ဒဏ်ရာကို လက်နှင့်အုပ်ကာ ရက်စက်တဲ့ လူတွေဘဲဗျာ ဟု ပြောပြောဆိုဆိုနှင့်ပင် လဲကျသွားသည်ဆိုကြောင်း။

သွေးချောင်းစီးခဲ့ပြီ
ဗိုလ်ချုပ်၏အခန်းတွင် မရှုမလှအသက်စွန့်သွားကြသူများ၏ သွေးသည် ချောင်းစီး၍ နေတော့ကြောင်း။ အခန်းထည်းမှ အပြင်သို့ ထွက်လာသော သွေးသည် တသွင်သွင်စီးလျက်ရှိနေကြောင်း။

တရုံးလုံးကြွက်ကြွက်စီ
လူဆိုးတို့ပစ်ခတ်သော သေနတ်သံများမှာ တရုံးလုံးဆူညံလျက်ရှိစဉ် ရုံးသူရုံးသားများသည် ဟိုမှဒီမှ ပြေးလွှားလျက် ရှိကြကြောင်း။ စပတ်လမ်းမှ လူထုသည်လည်း သေနတ်သံများ ကြားရာသို့ ရှုမျှော်နေကြကြောင်း။

လူဆိုးများထွက်ခွာပုံ
လူဆိုးများသည် ၁၀ မိနစ် ၁၅ မိနစ်မျှ ဗိုလ်ချုပ်အခန်း၌ ပစ်ခတ်ကြပြီး အပေါ်ထပ်မှ ဆင်းကြကြောင်း။ ၎င်းင်းတို့စီးလာသော ဂျစ်ကားသည် အသင့်ရောက်လာပြီး တင်ဆောင်သွားကြောင်း။ အတွင်းဝန်ရုံးကြီး အထွက်ပေါက်တွင် ဘောင်းဘီဖြူ ၀တ်ဆင်ထားသူကိုပင် တင်ခေါ်သွားသေးသည်ဆိုကြောင်း။

လူဆိုးခေါင်းဆောင်
လူဆိုးများသည် နံပါတ် ၁၂ တပ်မှ တံဆိပ်များ၊ ယူနီဖောင်းများကို ကျနစွာ ၀တ်ဆင်ထားသည်ဟု ဆိုကြောင်း။ လူဆိုးခေါင်းဆောင်လုပ်သူမှာ အသားညိုညို ဗလကောင်းကောင်း ထောင်ထောင် မောင်းမောင်း ဖြစ်သည်ဟု တွေ့မြင်ရသူတိုင်းက ပြောပြကြကြောင်း။ လူဆိုးများသည် ဂျစ်ကား စိမ်းစီးကာ ဒါလဟိုဇီလမ်းဘက်မှ ဗိုလ်တထောင်ဘက်သို့ ထွက်ခွာသွားသည်ဆိုကြောင်း။

ပုလိပ်များ ရောက်လာပြီ
လူဆိုးများ ထွက်သွား၍ များမကြာမီပင် ရန်ကုန်ပုလိပ်အဖွဲ့လည်း ဖြစ်ပွားရာသို့ လာတော့ကြောင်း။ မီးသတ်စက်မှ လူနာတင်ကားများလည်း အထူးပင်အလုပ်ရှုတ်လျက်ရှိကြောင်း။ ဗိုလ်ချုပ်အောင်ဆန်းအား ပထမဦးစွာ ဆေးရုံကြီးသို့ ပို့သော်လည်း သေမင်းကား သမားကျော်တို့ထက် လက်ဦး သွားတော့ကြောင်း။

မိုင်းပွန်စော်ဘွားကြီး
မိုင်းပွန်စော်ဘွား ရရှိသော ဒဏ်ရာမှာ အသက်အန္တရာယ် ဖြစ်နိုင်စရာမရှိ ဆိုကြောင်း။ ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုမှာ ဆေးရုံသို့ရောက်ပြီး ၃ နာရီခန့်အကြာတွင် သေဆုံးသွားသည်ဆိုကြောင်း။

ဗိုလ်ချုပ်ကျန်းမာပါစေ
ဗိုလ်ချုပ်အား လုပ်ကြံသည်ဟူသောသတင်း ကြားလိုက်ရသော မြို့သူမြို့သားများသည် ဗိုလ်ချုပ် ကျန်းမာပါစေဟု ဆုမွန်များ တောင်းကြကြောင်း။ ဗိုလ်ချုပ်အသက်စွန့်သွားပြီဟု ကြားသိကြသောအခါ ဗမာ့သားကောင်းကြီး ဆုံးရှုံးရလေခြင်းဟု ပြင်းပြစွာ ငိုကျွေးကြတော့ကြောင်း။

ဆိုင်များပိတ်ကြခြင်း
ထိုနေ့က ရန်ကုန်မြို့တွင်းရှိ ဆိုင်များနှင့် မြို့ပြင်ရှိ ဆိုင်များမှာ ထိုသတင်း ကြားသည်နှင့် တပြိုင်နက် အရောင်းအ၀ယ်အားလုံး ပိတ်ထားကြကြောင်း။

စစ်သားများ မြို့ထဲမ၀င်ရ
ထိုအပြင် စစ်သားများ မြို့ထဲမ၀င်ရန် ဆိုင်ရာက အမိန့်တရပ်ကို ချက်ချင်းထုတ်သည်ဟု သိရသည့်ပြင် ရုပ်ရှင်ရုံများကိုပါ စစ်သားများကို လက်မှတ်မရောင်းရန် အမိန့်ထုတ်သေးကြောင်း။

ပျော်ရွှင်ပွဲများပိတ်ထားရခြင်း
ရုပ်ရှင်ရုံများမှာ ယနေ့ (၂၀-၇-၄၇) မပြသဘဲ အားလုံးပိတ်ထားကြလိမ့်မည်ဟု သိရကြောင်း။
၎င်းင်းပြင် မြို့မကျောင်း၌ အင်္ဂလိပ်လက်ဝှေ့ထိုးရန် စီစဉ်ထားချက်ကိုလည်း ထိုနေ့ကပင် ဖျက်သိမ်း လိုက်ကြောင်း။

အလံထက်ဝက်လွှင့်ကြပြီ
ရဲဘော်များနှင့် ဖဆပလအဖွဲ့ အစည်းအရုံးတို့၏ အလံများကို ၀မ်းနည်းသော အထိမ်းအမှတ်
အဖြစ်ဖြင့် အလံထက်ဝက် လွှင့်ထူထားကြကြောင်း။

-------------------------------------
(ဟံသာဝတီ။ ။ ၂၀၊ ၇၊ ၄၇)

ဟံသာဝတီသတင်းကို မူရင်းအတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

Photo Credit to phoenix06 from (MyanmarTeaShop Forum)

No comments: