Pages

February 24, 2007

Blogger is on vacation for 2 weeks....

Linux breakthrough for Visual Basic developers

www.regdeveloper.co.uk က ပိုစ့်တစ်ခုရဲ့ Title ကိုကြည့်ပြီး စိတ်ဝင်စားသွားလို့  သွားဖတ်ကြည့် လိုက်တော့....

Novell ရဲ့ ထောက်ပံ့မှု့  နဲ့  ရပ်တည်နေတဲ့ Open Source Project တစ်ခုကို သုံးပြီး Windows developers တွေဟာ VB applications တွေကို ဘာပြောင်းလည်းမှု့ မှ ထပ်မလုပ်ပဲ Linux မှာ အသုံးပြုနိုင်ပြီလို့  ရေးထားတာ တွေ့ ရတယ်။ Mono Visual Basic Compiler ကို သုံးပြီးတော့ပါ။ အဲ့ဒီ Mono VB Complier Version 1.2.3 ကို Visual Basic 8.0 နဲ့  ရေးထားတာလို့ လည်း အဲ့ဒီ ပိုစ့်မှာ ဖေါ်ပြထားပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ်ကို ဒီမှာ Linux breakthrough for Visual Basic developers ဖတ်ကြည့်ကြပါ။

ကျွန်မတော့ အဲ့ဒီ ပိုစ့်ကိုဖတ်ရင်း တွေ့ ရတဲ့ Mono Porject ဆိုတာလေးကို သိချင်သွားလို့  Google လိုက်တော့ Mono Project ရဲ့ www.mono-project.com ကို ရှာတွေ့ ပါတယ်။ အဲ့ဒီမှာ Mono Project အကြောင်းကို ဒီလို ရှင်းထားတယ်လေ....

What is Mono?
Mono provides the necessary software to develop and run .NET client and server applications on Linux, Solaris, Mac OS X, Windows, and Unix. Sponsored by Novell (http://www.novell.com), the Mono open source project has an active and enthusiastic contributing community and is positioned to become the leading choice for development of Linux applications.

ကျွန်မ ဒီနေ့ တစ်နေ့ လုံး အလုပ်ရှုပ်နေတာနဲ့  အဲ့ဒီ Mono Project Website ကို အသေးစိတ် မဖတ်နိုင်သေး ပါဘူး။ ဒါပေမယ့် ကျွန်မ သူငယ်ချင်းအများစုက .Net သမားတွေ များတာမို့  သူတို့ အတွက် အသုံးဝင်မယ် ထင်တာနဲ့  သူတို့  အားလုံးကို သိစေချင်လို့  ကျွန်မဘလောခ့်မှာ ပိုစ့်တင်လိုက်တာပါ။ တစ်ယောက်ချင်းကိုလည်း ဒီအကြောင်း လိုက်ပြော မနေအားလို့ ပါ။

February 23, 2007

ကျန်းမာခြင်းသည် လာဘ်တပါး

ကျွန်မ တွေ့ မိတဲ့ ကျန်းမာရေးနဲ့  ပတ်သက်တဲ့ WebSite တစ်ခု အကြောင်းပြောချင်ပါတယ်။ တခြား သူတွေ အတွက်တော့ မသိပါဘူး၊ ကျွန်မ ရဲ့ ချစ်သူငယ်ချင်းတွေ အတွက်တော့ ဒီ WebSite က အလွန် အသုံးဝင်မှာ သေချာ ပါတယ်။ ဘာလို့ လည်းဆိုတော့ သူတို့ တွေဟာ ကျန်းမာရေးကို ဂရုစိုက်လေ့ ရှိကြလို့ ပါ။ ... "Gym သွားလိုက်ဦးမယ်၊ အရမ်း '၀' နေပြီလား မသိဘူး၊ Weight ချ ရဦးမယ်၊ အားကစားလေး တစ်ခုခုလုပ်ရင် ကောင်းမယ် ထင်တယ်... " အင်း.. ပြောရင် ကုန်တော့မှာ မဟုတ်ဘူး။ ဒါတွေဟာ အရှေ့ ၊ အနောက်၊ တောင်၊ မြောက်၊ ကမ္ဘာ အနှံ့ မှာ ရှိနေတယ် ကျွန်မရဲ့ သူငယ်ချင်းတွေ စီက အမြဲ ကြားနေရတဲ့ စကားလေး တွေပါ။ ကျွန်မသိပါတယ်။ တကယ်တော့ သူတို့ တွေဟာ အလှအပကို ဂရုစိုက်ပြီး အဲ့ဒီ စကားတွေကို ပြောနေကြတာ မဟုတ်ပါဘူး။ ကျန်းမာရေးကို ဂရုစိုက်လို့ သာ ဒီလို စကားတွေ ပြောနေကြတာပါ။ အားလုံး သိကြတဲ့ အတိုင်းပဲ ကျွန်မတို့  ဘ၀မှာ တခြား အရာတွေထက်စာရင် ကျန်းမာရေးကသာ အရေးကြီးဆုံး အရာ မဟုတ်လား။ ကျွန်မတို့  ကျန်းမာနေမှသာ ကိုယ်လုပ်ချင်တဲ့ အရာတွေကို အောင်မြင်အောင် လုပ်ကိုင်နိုင်ကြမှာပါ။ အထူးသဖြင့် မိသားစုနဲ့  ဝေးကွာပြီး တပြည်တရွာမှာ တစ်ယောက်တည်း နေကြ ရတဲ့ ကျွန်မတို့ တွေဟာ မကျန်းမာ၊ ဖျားနာလို့ မှ ပြုစု၊ ယုယမယ့် သူတွေက အနားမှာ မရှိလေတော့ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်သင့်တယ် မဟုတ်လား။

ကျွန်မတွေ့ တဲ့ Revolution Health ဆိုတဲ့ WebSite လေး အကြောင်း နည်းနည်း ပြောပြဦးမယ်။ အဲ့ဒီ Site မှာ ကျန်းမာရေးကို ဂရုစိုက်သူများ အတွက် အလွန် အသုံးဝင်မယ့် Calculator တွေ၊ Assessments တွေနဲ့  Trackers အများအပြားရှိပါတယ်။
Calculator Session မှာ ဆိုရင် ကိုယ်အလေးချိန်၊ Calories၊ အမျိုးသမီး ကျန်းမာရေးနဲ့ ပတ်သက်တာတွေ၊ အရက်၊ ဆေးလိပ် နဲ့  ပတ်သက်တာတွေ၊ နောက်ပြီး ခုခေတ်မှာ အဖြစ်များနေတဲ့ Heart Attack အတွက် Risk တွက်တာတွေ ရှိပါတယ်။

Assessments Session ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Screening, Evaluation, Management နဲ့  Pediatric ဆိုပြီး လေးပိုင်းခွဲထားတာ တွေ့ ရတယ်။ မေးထားတဲ့ မေးခွန်းလေတွေ ဖြေပြီး ကိုယ့်ကျန်းမာရေးနဲ့  ပတ်သက်တဲ့ အကြံပေးချက်တွေ ရယူလို့ ရပါတယ်။

Tracker Session ကလည်း ကိုယ့်ကျန်းမာရေးနဲ့  ပတ်သက်ပြီး အမြဲမပြတ် စောင့်ကြည့်နေနိုင်ဖို့  အတွက် အရမ်း အသုံးဝင် ပါတယ်။ နေ့ စဉ် ကိုယ့်ရဲ့ ကျန်းမာရေးနဲ့  ပတ်သက်တဲ့ Information တွေကို မှတ်ထားပြီး အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်ဆိုပြီး ရွေးချယ်ပြီး အသေးစိတ် နှိုင်းယှဉ် ကြည့်နိုင်အောင် ဇယားတွေနဲ့  လုပ်ပေးထားတာ တွေ့ ရတယ်။ Blood Pressure, Blood Glucose, Body Weight, BMI , Basal Body Temperature, Pregnancy Weight Gain, Exercise Routine, General Mood တွေ ကို မှတ်ထားလို့ ရပါတယ်။ သွားကြည့်လိုက်ရင် ဒါတွေ အကုန်တွေ့ မှာ ဖြစ်ပေမယ့် တချို့ သော သူတွေက သွားကြည့်ဖို့  ပျင်းနေမှာ သိနေလို့  ဘာတွေ ရှိနေတယ် ဆိုတာ အသေးစိတ် ရေးပြနေရတာပါ။ ခုလို ရေးပြမှ သူတို့ တွေအတွက် အသုံးဝင်တယ် ဆိုပြီး သွားကြည့် ဖြစ်ကြမယ် ဆိုတာကို ကျွန်မ ကြိုသိနေတယ်လေ။

ဒီလောက်ဆိုရင် အဲ့ဒီ WebSite ကို ကျွန်မ ဘာလို့  ညွှန်းနေရလဲဆိုတာ သိလောက်ပါပြီ။ တခြား ကိုယ့်အတွက် အသုံးဝင်မယ် ထင်တာတွေကိုတော့ ကိုယ့်ဟာကိုပဲ ရှာဖွေကြည့်ကြပါ။ စာတွေ ဖတ်ရလို့  ပျင်းနေရင် ဒီမှာ သီချင်းလေး သွားနားထောင်ကြည့်ကြပါဦး။ ကျွန်မရဲ့ သူငယ်ချင်းတွေ၊ ဘလောခ့်လာ အစ်မတွေ၊ ညီမတွေ အတွက် ရည်ရွယ် ပါတယ်။ :) ( ကျွန်မ အတွက်တော့ မရည်ရွယ်ပါဘူး :D)


အဲ့ဒီသီချင်းရဲ့ Mp3 Format ကို လိုက်ရှာတာ မတွေ့ ရလို့  ရှာတွေ့ တဲ့ Real Player Steaming File လေးကိုပဲ လင့်ပေးထား ပါတယ်။ ဒီ Version ကို အရင်က တခါမှ နားမထောင်ဖူးပါဘူး။ ဒီနေ့ မှ လိုချင်လို့  လိုက်ရှာရင်း တွေ့ လိုက်တာပါ။ ကြိုက်ကြသူလည်း ရှိမယ်၊ သီချင်းကောင်းကို ဖျက်ဆီးတယ် ထင်သူတွေလည်း ရှိကြမှာပါ။ ကျွန်မ အတွက်တော့ ကြားနေကြပုံစံ မဟုတ်ပဲ မြူးမြုးလေးဆိုတော့ တမျိုး နားထောင်လို့ ကောင်းနေပါတယ်။

ဘလောခ့်အလည်လာ မိတ်သဟာ အားလုံး ကျန်းမာပျော်ရွှင်၊ စိတ်ကြည်လင်ချမ်းမြေ့ကြ ပါစေ...

Credit to http://www.seasite.niu.edu/Burmese/ for the Song...

February 22, 2007

လူရှိန်အောင် ဘယ်လို လုပ်မလဲ

ယောက်ျားမရှိတဲ့ မိန်းမဟာ၊ မိဘ မောင်ဘွား တစ်ကျိတ်ပင် ရှိသော်ငြားလည်း မတင့်တယ်ဘူးလို့  ရှေးရှေးတုန်းက ပြောကြတာ ကြားဖူးတယ်။ ဒီခေတ်မှာရော ဒီလိုပဲလား။ ဟုတ်တယ်လို့ လည်း မထောက်ခံရဲ ပါဘူး။ အဲ့လိုသာ ထောက်ခံမိရင် အပျိုကြီးတွေလာ တိုက်ခိုက်ကြမှာကို ကြောက်ပါတယ်လေ :D ... သိတဲ့အတိုင်း ခုခေတ်က အပျိုကြီးတွေ များတယ် မဟုတ်လား (ကျွန်မကိုတောင် အဲ့ဒီ စာရင်းထဲ သွင်းလို့  ရနေပါပြီ)။

ဒါပေမယ့် အဲ့ဒီစကားကို ခုခေတ်နဲ့ ကိုက်ညီအောင် နည်းနည်း ပြောင်းပြီးပြောပြမယ်.. "ကိုယ်ပိုင် Domain name မရှိတဲ့ သူဟာ၊ အီးမေးတွေ ဘလောခ့်တွေ တစ်ကျိတ်ပင် ရှိသော်ငြား မတင့်တယ်ဘူး" ...

အင်း.. ဒီတော့ အားလုံးပဲ တင့်တင့်တယ်တယ် ဖြစ်သွားကြရအောင် ခုချိန်မှာ ဈေးလျှော့ပေးနေတဲ့ Yahoo ကနေ Domain Name တွေ ၀ယ်လိုက်ကြပါလား။ ဟင်း.. ခုမှပဲ လိုရင်းရောက်တော့တယ်။ ဘာမှ မဟုတ်ပါဘူး Yahoo က Domain Name ကို တစ်နှစ်ကို $9.95 နဲ့  ရောင်းနေရာကနေ ခုဆို ပထမဆုံးတစ်နှစ်စာကို $1.95 နဲ့  ဈေးလျှော့ပြီး ရောင်းနေပါတယ်လို့  ပြောမလို့ ပါ။


တစ်ခါတည်း ဈေးသက်သက်သာသာ နဲ့  Domain Name ၀ယ်လို့ ရတဲ့ နောက် Website တစ်ခုကိုပါ ပြောပြချင် ပါတယ်။ 1and1.com ဆိုတဲ့ Site ပါ။ Domain ရော Hosting ပါ ၀ယ်ချင်တယ်ဆိုရင် ဈေး အတော် သက်သာ ပါတယ်။

ကိုယ်ပိုင် Domain Name ၀ယ်ဖို့ စိတ်ဝင်စားသူများ သွားရောက် ကြည့်ရှု့  ၀ယ်ယူနိုင်အောင် ကြော်ငြာခ တပြားမှ မရပဲ သတင်းပေးခြင်းဖြစ် ပါတယ်။ ( ဒါပေမယ့် ဒီပိုစ့်လေးကို ဖတ်မိတဲ့ လုပ်ငန်းရှင်များ ဒီဘလောခ့်မှာ ကြော်ငြာထည့်ချင်စိတ်တွေ ပေါ်လာရင်တော့ ကျွန်မကို တိုက်ရိုက်ဆက်သွယ်နိုင် ပါတယ်။ :P )

Domain Name ရှိတယ်ဆို WebSite တွေ၊ တခြားဟာတွေ မလုပ်တတ်တောင် ရှိနေတဲ့ ရှိနေတဲ့ ဘလောခ့်လေးတွေကို Redirect လုပ်ပေးပြီး သူငယ်ချင်းတွေကို Blog Address ပေးမယ့် အစား၊ http://www.YourName.com ဆိုတဲ့ ကိုယ်ပိုင် လင့်လေးတွေ ပေးနိုင်ကြတာပေါ့။ ဘာပဲပြောပြော ကိုယ့်ပိုင် WebAddress လေးနဲ့ ဆို လူရှိန်တာပေါ့နော်။

ကိုယ်ပိုင် Domain Name မရွေးခင် ဒါလေးကို ဖတ်ကြည့်သင့်တယ်။

How do I choose a domain name?
Keep these tips in mind as you select your domain name.
* Your domain name should reflect your business name or the topic your site will cover.
* It should be a unique and concise name that is easy to say, remember, and spell.
* You can use only letters, numbers, and hyphens in your domain name. Spaces or other symbols are not allowed.
* If your first choice isn't available, try rearranging the word order, adding hyphens, or using abbreviations or locations to come up with a unique alternative.

Other Related Post - How To Choose Your Site Name. (November 2006)

February 21, 2007

Singapore Public Holidays 2007

ရှားရှားပါးပါး ၄ ရက် ဆက်ရတဲ့ အားလပ်ရက်လေးတော့ ဘယ်လို မှန်းမသိပဲ ကုန်ဆုံးသွားပြန်ပြီ။ နောက်လတွေမှာ အလုပ်ပိတ်ရက်တွေ မရှိသလောက်ဖြစ်သွားပြီ။ CNY Holiday ရဲ့ နောက်ဆုံး မှာ နောက်ထပ် ဘယ်နေ့ တွေမှာများ Holiday ရအုံးမလဲ ဆိုတာကို အသေအချာ လိုက်ကြည့်မိပြီး သကာလ March, June, July, September လတွေမှာ စင်္ကာပူမှာ အလုပ်မလုပ်ချင်ဘူး ဖြစ်သွားတယ်။ အဲ့ဒီ လတွေမှာ ရုံးပိတ်ရက်တစ်ရက်မှ မရှိဘူးလေ။


ဒီနိုင်ငံရဲ့ Public Holiday က အတော်နည်းတယ်။ တစ်နှစ်လုံးမှာမှ ၁၁ ရက်ပဲရှိတယ်။ ဒီနိုင်ငံမှာ တခြားနိုင်ငံတွေဆို ဟိုလူအတွက် ဟိုနေ့ ၊ ဒီလူ့ အတွက် ဒီနေ့ ဆိုပြီး ပိတ်တာတွေလဲ မရှိဘူး။ တော်တော် ကျေးဇူး မသိတတ်တဲ့ နိုင်ငံလို့  ဆိုရမယ်။ သူတပါး ကျေးဇူးကို အောက်မေ့၊ သတိရ၊ သိတတ်ခြင်းဟာ မင်္ဂလာတရားတပါး ဆိုတာ သူတို့ မသိဘူးနဲ့  တူပါတယ်။ အဲ့လိုသာ ပြောကျစတမ်းဆို ကျွန်မတို့  နိုင်ငံလည်း သူ့ ကျေးဇူး မသိတတ်တဲ့ နေရာမှာ ဒီနိုင်ငံနဲ့  ဘာများထူးပြီး ကွာခြားပါတော့ မလဲ။

အင်း... ဒီနိုင်ငံမှာ ကောင်းတာဆိုလို့  Holiday က Sunday နဲ့  ထပ်သွားတယ် ဆိုရင်၊ နောက်တစ်ရက် အစားပြန်ပြီး ရုံးပိတ်ပေးတာပဲ ရှိတယ်။ ပြီးတော့ ပုံမှန်အလုပ်တွေမှာဆို Annual Leave ကလည်း တစ်နှစ်လုံးမှာမှ ၁၂ ရက်ပဲ ရတယ်။ တော်တော် အလုပ်လုပ်လို့  မကောင်းတဲ့ နိုင်ငံပဲ။ ဒါဆိုဘာလို့ လုပ်နေသေးလဲလို့  အရွဲ့ တိုက် မမေးကြပါတယ်။ ရွေးစရာ မရှိလို့ ပါ။ ပျော်ရမှာ မနေရ၊ တော်ရာမှာ နေရ ဆိုတဲ့ စကားကလည်း ရှိတယ် မဟုတ်လား။ ဖြစ်နိုင်ရင်တော့ အလုပ်လုပ်မှ ပိုက်ဆံရမယ်ဆိုရင် Public Holiday များ၊ Annual Leave များ၊ တနေ့  ၈ နာရီနဲ့  ၅ ရက် လုပ်ရပြီး၊ လခများများရတဲ့ ကိုယ့်မိသာစု အသိုင်းအ၀ိုင်းနဲ့ လည်းနီး၊ ကိုယ်လည်း စိတ်ချမ်းသာ ပျော်ရွှင်မယ့်နေရာမှာပဲ အလုပ်လုပ်ချင်တာပေါ့။

ဒါနဲ့  ကျွန်မတို့  အမိမြန်မာပြည်မှာဆို များလိုက်တဲ့ Holiday တွေ၊ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် သတင်းတွေမှာ သင်္ကြန် အားလပ်ရက်ကို ၁ ရက်တိုးပြီး၊ ၁၀ ရက် ပြောင်းသတ်မှတ်လိုက်ပြီ ဆိုတာ ရေးထားတာ ဖတ်လိုက်ရတယ်။ အဲ့လို ပိတ်သင့်တဲ့ ရက်မပိတ်ပဲ အဲ့ဒီ ရက်မှာမှ ၁ ရက် တိုးပိတ်တဲ့ ကိစ္စကို ကျွန်မကတော့ ဘာမှ မပြောလိုပါ။ ပြောလည်း ထူးမှာမှ မဟုတ်တာ။ စဉ်းစားမိတာ တစ်ခုတော့ရှိတယ်၊ ဒီ အစိုးရသာ ဆက်မြဲ နေမယ်ဆို နောက်ပိုင်းကြာလာရင် အကြိုရဲ့ အကြိုတွေကို ဆက်ပိတ်ရင်းကနေ April (သင်္ကြန်) မှာ ရုံးပိတ်ရက်ဆိုတာ 1st April က စတာဆိုပြီးတော့ ဖြစ်လာမလားလို့ ပါ။ အင်း... အဲ့ဒီကိစ္စနဲ့  ပတ်သက်ပြီး သူများတွေ ဘာတွေပြောပြီး၊ ဘယ်လို မြင်ကြလည်း သိချင်ရင် မြန်မာ ဘလောခ့်တွေမှာ လိုက်ဖတ်ကြည့်ကြပါ။ ဘလောခ့်တွေမှာ သူများရေးထားတဲ့ အမြင်လေးတွေ လိုက်ဖတ်ရတာ စိတ်ဝင်စားဖို့  တော့ အတော်လေး ကောင်းတယ်။ အချိန်အားလေးတွေများ အလုပ်မှာရရင် သွားဖတ်ကြည့် ကြပါ။

မြန်မာ နှစ်သစ်ကူး ရုံးပိတ်ရက် - Soe Moe
ရုံးပိတ်ရက်များထပ်မံတိုးလိုက်ပြီ - Mr Programmer
ပိတ်ရက်များနှင့် မြန်မာပြည် - May Dar Wii
Holidays - Thu Hnin See

နေရာသစ်သို့

ကျွန်မ အရင်က မောင်စိန်ဝင်း( ပုတီးကုန်း) ရဲ့ ၀တ္ထုတွေကို အနည်းအကျဉ်း ဖတ်ဖူးပေမယ့် ကဗျာတွေကိုတော့ အလေးထား မဖတ်ခဲ့ဖူးပါဘူး။ ဘာလို့ လည်း ဆိုတော့ မောင်စိန်ဝင်း (ပုတီးကုန်း) ဟာ ကဗျာတွေ ရေးရင် အချစ်ကဗျာတွေပဲ ရေးတယ်လို့  ထင်ခဲ့မိလို့ ပါ။ ကျွန်မအနေနဲ့ က အချစ်ကဗျာတွေကို အများအားဖြင့် သိပ်ပြီး ခံစားလို့  မရပါဘူး။ ဒီလအတွင်းမှာတော့ မမွန်က ဖိုရမ်ထဲမှာ ကဗျာတွေ တင်ပေးမှပဲ ဖတ်ကြည့်ရင်းက မောင်စိန်ဝင်း (ပုတီးကုန်း)ဟာ အချစ်ကဗျာတွေကြီးပဲ ရေးတာ မဟုတ်မှန်း သိခဲ့ရတယ်။ နောက်ပြီး သူရေးတဲ့ ဒီကဗျာလေးကို နှစ်သက်သွား မိတယ်။

ဘ၀ တိုးတက်မှု့ ကို ရှားရင်း၊ တစ်နေရာမှာ တစ်နေရာ ခရီးဆက်ရင်း လိုရာ ပန်းတိုင်ကို ရောက်အောင် ကြိုးစားနေကြတဲ့ ကျွန်မတို့  အတွက် ဒီကဗျာလေးက အားအင်ဖြစ်စေပါတယ်။ ဒါပေမယ့် ခရီး မထွက်ခင်မှာ လမ်းခရီးမှာ မောပန်းမှု့ တွေ သက်သာစေဖို့  လိုအပ်တဲ့ ပြင်ဆင်မှု့ လေးတွေတော့ အတက်နိုင်ဆုံး လုပ်သွားကြရအောင်လား။

နေရာသစ်သို့

ခရီး..
နီးမည် ဝေးမည်၊ငါသည်မသိ။

လမ်း...
ကြမ်းမည် ကောင်းမည်၊ ငါသည်မတွေ့။

ရာသီ..
သာမည်၊ဆိုးမည် ၊ ငါသည် မတွက်။

သည်နေရာက၊ ခွာမှဖြစ်မည်၊
ငါယုံကြည်၏၊ မိနစ်ထက်ဝက်
ဆက်နေမရ၊ စိတ်ဆန္ဒက
ုပြင်းပြ၍သာ ငါထွက်လာခဲ့၊
ဘာပြင်ဆင်မှု၊ တစ်ခုမရှိ။

အဆီးအတား၊များလည်းရှေ့ဆက်
တစ်ရက်မရောက်၊ တစ်လလျှောက်မည်..
ပေါက်တဲ့ခရီး၊ တစ်ဆစ်နီးပြီ
ငါ့ယုံကြည်ချက်၊ ငါ့အသက်လေ..
ငါ့ယုံကြည်ချက်၊ ငါ့လက်နက်လေ..
နေရာဟောင်းမှာ၊ ငါသည်မသေ...
သွားရင်းသေအံ့..။ ။

ဒီကဗျာလေးနဲ့  အတူ မမွန်က ဒီလို ရေးထားပါတယ်
" ဒီကဗျာကို ကိုယ့်ကိုကိုယ်အတွက် ရည်စူးပြီးတင်ပါတယ်..... နေရာသစ်ဆီသွားမည့်သူများ.. သွားနေဆဲသူများ.. အတွက်လည်း.. ရည်ရွယ်ပါသည်.... အင်အားတစ်ရပ်ဖြစ်ပါစေ "

နေရာသစ်သို့ သွားမယ့် မမွန် အစစအရာရာ အဆင်ပြေပါစေလို့  ဆုတောင်းပေးပါတယ်။ :)

February 20, 2007

U.S. Daylight Saving Time Changes in 2007

Daylight Saving Time (DST) စတော့မယ်ဆိုတာ သတိရလို့  ဘယ်ရက်က စပြီးပြောင်းမှာလဲဆိုတာ သိချင်လို့  လိုက်ရှာကြည့်လိုက်တော့ ဒီနှစ် 2007 က စပြီး US DST အချိန်တွေ ပြောင်းသွားတယ်ဆိုတာ သိလိုက်ရတယ်။ England မှာရော ဘယ်လိုလဲဆိုတာ ထပ်ပြီး စပ်စုလိုက်တော့ Europe DST တွေတော့ မပြောင်းဘူး လို့  သိလိုက်ရပါတယ်။

အရင်ကတုန်းကဆို US DST က 1st Sunday in April to last Sunday in October ပါ။ ခုတော့ DST ပိုကြာသွားပါပြီ။ Energy Policy Act of 2005 အရ US DST ဟာ 2007 ကနေစပြီး.... 2:00 AM on 2nd Sunday in March to 2:00 AM on 1st Sunday in November ဖြစ်သွားပါပြီ။ Europe DST ကတော့ မပြောင်းမလဲ အရင်အတိုင် 1:00 Am on last Sunday in March to last Sunday in October အထိပါပဲ။


သူတို့  အဲ့လို ပြောင်းတာ အကြောင်းမဟုတ်ပေမယ့်၊ ကျွန်မတို့  IT လောကမှာ ဘာတွေ affect ဖြစ်ပြီး၊ ဘာတွေုပြဿနာ တတ်အုံး မလဲ မသိဘူး။ အားလုံးသိတဲ့ အတိုင်းပဲ IT လောက ဆိုတာ ဘာမှ မပြောင်းရင်သာ ဘာမှ မဖြစ်သလိုရှိတာ၊ မလှုပ်လိုက်နဲ့  တစ်ခုခု ဖြစ်ဖို့ က သေချာနေသလောက်ပါပဲ။ ကျွန်မစိတ်ထင် အဓိက Update လုပ်ဖို့ တွေ လိုမှာက Microsoft Servers တွေနဲ့  Database တွေ ဖြစ်မယ် ထင်တယ်။ ကျွန်မ အခုရှိနေတဲ့ တိုင်ပြည်မှ DST မှ မရှိ ပါဘူး။ ဒါပေမယ့် DST ရှိတဲ့ တိုင်းပြည်တွေ IT Field က လူတွေ ဘာတွေ ပြောင်းဖို့ လိုလဲ ၊ ဘာတွေ ပြင်ဆင်ဖို့ လိုသလဲဆိုတာ သိချင်ရင် ဒီအောက်က Link တွေမှာ ကြည့်လို့ ရပါတယ်။

U.S. DST Changes for Microsoft Environment
U.S. DST Changes for Sun Java Environment

တကယ်တော့ Daylight Saving Time (DST) ဆိုတဲ့ စကားလုံးကို ကျွန်မ စပြီး ကြားဖူးခဲ့တာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကပါ။ ကျောင်းတွေ စဖွင့်တာ September ဆိုတော့ နိုင်ငံခြားရောက်ပြီး နောက်တစ်လ အကြာ October လ မှာ Daylight Saving Time End အချိန်ရောက်ပြီဖြစ်လို့  1 Hour ရှေ့ တိုး ရမယ် ဆိုပြီး ကျောင်းကနေ email ပို့ တာကို ဖတ်လိုက်ရတော့ တော်တော် ထူးဆန်းသွားတယ်။ သိပ်ရှုပ်တာပဲလို့ လဲ ထင်သွားတယ်။ ဒီလို အချိန်တွေ ဟိုရွှေ့  ဒီရွှေ့ လုပ်တယ် ဆိုတာမျိုးကို အရင်က တစ်ခါမှ မကြားခဲ့ဖူးတာ။ နောက်တော့ နောင်တော်ကြီးတွေ ရှင်းပြတာရယ်၊ Internet မှာ လိုက်ရှာ ဖတ်ကြည့်မိတာတွေရယ်၊ ကိုယ်တိုင် ကြုံတွေ့  ရတာတွေရယ်ကြောင့် သူတို့ နိုင်ငံတွေမှာ ဘာလို့  ဒီလို အချိန်တွေ ရွှေ့ ဖို့ လိုတာလဲ ဆိုတာကို သိလာခဲ့ပါတယ်။

သူတို့  တိုင်းပြည်တွေ မှာက Spring မှာဆို နေစောစောထွက်ပြီး၊ Fall ရောက်ပြီဆို နေထွက်ချိန် နောက်ကျ ပါတယ်။ ဒီတော့ သူတို့ နိုင်ငံမှာ Spring ရာသီ ရောက်ပြီဆို နာရီကို 1 Hour နောက်ဆုတ်ပြီး 1 နာရီစော ထကြပါတယ်။ အဲ့ Fall ရောက်ပြီ ဆိုရင်တော့ 1 Hour ရှေ့  ပြန်တိုးလိုက်ပြီး ပုံမှန်အချိန် ဖြစ်အောင် ပြန်ရွှေ့ လိုက်ပါတယ်။ အဲ့ဒီတုန်းကတော့ လွယ်လွယ်ကူကူ မှတ်မိအောင် "Spring Forward , Fall Back" လို့ မှတ်သားခဲ့ဖူးတယ်။

DST ဘယ်ခေတ်က စပြီး၊ ဘယ်လို ၊ ဘာကြောင့် ဖြစ်လာတယ်။ ကမ္ဘာတ၀ှမ်း ဘယ်နေရာတွေမှာ DST ရှိပြီး၊ ဘယ်နေရာတွေမှာတော့ DST မရှိဘူး ဆိုတာတွေ အသေးစိတ်ကို သိချင်တယ်၊ ဗဟုသုတ ရအောင် ဖတ်ချင် တယ်ဆို Webexhibits - Day Light Saving မှာ အသေးစိတ် ရှင်းပြထားတာကို သွားကြည့်နိုင် ပါတယ်။

ရပ်ကွက်ထဲမှာ

တချို့ တချို့ သော ကိစ္စများကြောင့် ကျွန်မ ဒီလို အော်ဟစ်ချင်နေတယ်...

....
ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်..
ကျွန်တော်တို့  ရပ်ကွက်ထဲမှာ ဒီလိုပဲ....
....

သြော် ... လောကကြီမှာ .. ဒီလိုပဲ ဖြစ်တတ်ကြပါတယ်။

February 18, 2007

Happy Chinese New Year

For Chinese SPRING New Year!!!
Gong Xi Fa Cai...
Gong Hei Fatt Choy...
Wan Ser Ru Yi...

ပထမဆုံးပြောချင်တာက ကျွန်မ တရုတ်မဟုတ်ပါဘူး။ ဒါပေမယ့် အလုပ်ပိတ်ရက် တရုတ်နှစ်ကူး ၄ ရက်ရတော့ သူ့ ကျေးဇူးကို သိရမယ်လို့  တွေးမိပြီ့း  ကြားဖူးနားဝ ရှိတာလေးတွေ လျှောက်ရေး လိုက်တာပါ။ :D.. တရုတ်နှစ်ကူးက အလုပ်ပိတ်တာပဲ ရှိတယ်၊ ရှိသမျှဆိုင်တွေ အကုန်နီးပါးပိတ်လို့ ကျွန်မကတော့ တခြား အလုပ်ပိတ်ရက်တွေလောက် နှစ်သက်မိခြင်း မရှိပါဘူး။

ဒီပိုစ့်က ပုံလေးတင်ဖို့  အတော်လေး ရွေးလိုက်ရသေးတယ်။ တရုတ်တွေက အနီရောင်ကြိုက်ကြပေမယ့်၊ ကျွန်မကတော့ ကိုယ်ကြိုက်တဲ့ အစိမ်းရောင်နောက်ခံပုံပဲ ရွေးမိတယ်။ တရုတ်နှစ်သစ်က ၀က်နှစ်ဆိုတော့ ၀က်ပုံလေးပါတာပေါ့။ တခြားလူမျိုးတွေ ရဲ့ နှစ်ကူးတွေမှာ ရွှေငွေပုံတွေက အဲ့လောက် အရေးမပါပေမယ့်... တရုတ်လူမျိုးတွေ အတွက်တော့ အရမ်းအရေးပါလို့  ရွှေတွေ ပါတာလေးကို ရွေးလိုက်တယ်။ ကျွန်မ သိသလောက်တော့ တခြားလူမျိုးတွေ ထက်စာရင် တရုတ်လူမျိုးအများစု စိတ်အ၀င်စားဆုံး ၊ ဘ၀မှာ အရေးအကြီးဆုံးလို့ ထင်တာက ပိုက်ဆံရှာဖို့  မဟုတ်လား။ သူတို့ ထင်တာ မှားတော့လည်း မမှားပါဘူးလေ။ ကဲ... လာလည်သူ တရုတ် လူမျိုးတွေအတွက် ဆုတောင်းပေး လိုက်ဦးမယ်။

Hopefully this year will be a lucky, prosperous and peaceful one for everyone.
Let's earn more this year!!!

February 14, 2007

ချစ်သူအတွက်

အကြင်နာ စကားတွေ အများအပြား မဆိုတတ်ပေမယ့်...
ဘ၀နှစ်ခုထပ်တူဖြစ်အောင် အမြဲတမ်းစဉ်းစား လုပ်ဆောင်တတ်တဲ့...
ကျွန်မရဲ့ ချစ်သူ...

ယုံကြည်ပါလို့  ကတိသစ္စာစကားတွေ ဆိုလေ့မရှိပေမယ့်...
သ၀န်တိုဒေါသတွေနဲ့ပူလောင်မှုသောကတွေ မပွါးရအောင် နေထိုင်ပေးတဲ့ ...
ကျွန်မရဲ့ ချစ်သူ...

တားဆီးပိတ်ပင်မှုတွေ အလွန်အကျွံ မဆိုတတ်ပေမယ့်
အကြင်နာ အပြုံးများနဲ့  နားလည် ခွင့်လွှတ်ရင်း လိုရာပုံသွင်းစကားဆိုတတ်တဲ့
ကျွန်မရဲ့ ချစ်သူ

ပျော်ရွှင်မှုတွေကိုသာ အမြဲ ဆောင်ကျဉ်းပေးမယ် မဆိုတတ်ပေမယ့်..
နားထောင်တတ်တဲ့နားတစ်စုံ၊ ချိုသာစကားတချို့ နဲ့  နှလုံးသားကို အေးချမ်းစွာညှို့ယူတတ်တဲ့
ကျွန်မရဲ့ ချစ်သူ...

ဘ၀ပြဿနာတွေ အကုန်ဖယ်ရှားပေးမယ်လို့  အပိုစကားတွေ ဆိုလေ့မရှိပေမယ့်
ဒုက္ခတွေကို မျှဝေခံစားရင်းနဲ့  အနာဂတ်သစ်အတွက် တဖန်အားတင်းစေတတ်တဲ့...
ကျွန်မရဲ့ ချစ်သူ...

( မှတ်ချက်။ ။ ကျွန်မ ကဗျာရေးခြင်းမဟုတ်ပါ။ ကျွန်မသိသော ကျွန်မ၏ချစ်သူအကြောင်းကို ရေးသားထားခြင်းသာ ဖြစ်ပါသည်။ )

ချစ်တတ်သူတိုင်းအတွက်

ဒီနေ့  "Valentine's day " ချစ်သူများနေ့ ... ချစ်တတ်သူများ ရဲ့ အမှတ်တရနေ့ .

ကျွန်မ ဒီနေ့  အလုပ်ကို အသွား လမ်းမှာထဲက လက်ဆောင် ပန်းစည်းတွေ၊ ပန်းခြင်းလေးတွေ သယ်ယူ သွားသူ အများအပြားကို တွေ့ ခဲ့ရတယ်။ အလုပ်ရောက်ပြန်တော့လည်း Happy Valentine's day ဆိုပြီး IT Management ကနေ Chocolate လေးတွေ လာပေးလို့  စားလိုက် ရသေးတယ်။ အဲ.. နေ့ လယ် ထမင်းစား ဆင်းချိန်ကြတော့လည်း ပန်းတွေ၊ လက်ဆောင်တွေ နဲ့ ကြည်နူးနေသူတွေကို တွေ့ ရပြန်တယ်။ နောက်.. နေ့ လယ်ခင်း နည်းနည်း အားတာနဲ့  Websites တွေလျှောက်ကြည့်၊ ဘလောခ့်တွေ လိုက်ပြီး ဖတ်ဖြစ်တော့လည်း Valentine's Day နဲ့  ပတ်သက်တဲ့ သတင်းတွေ၊ ချစ်သူတွေအတွက် တင်ထားတဲ့ ပိုစ့်လေးတွေကို တွေ့ ခဲ့ ရပြန်တယ်။ ဒီလိုနဲ့  ညနေ အိမ်အပြန် လမ်းမှာ ကြတော့လည်း ရထားပေါ်မှာ ကြည်နူး ပြုံးရွှင်နေတဲ့ သူတွေ၊ စုံတွဲတွေကို တွေ့ ခဲ့ရ ပြန်တယ်။ ကျွန်မလည်း သူတို့ တွေကို ကြည့်ရတာ သဘောကျလို့  နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိ သေးတယ်။ ကောင်းပါတယ်။ တစ်ယောက်နဲ့  တစ်ယောက် ချစ်ခင်မှု ကို ပြတဲ့ အရာတိုင်းဟာ မင်္ဂလာတရားနဲ့  ပြည့်စုံလို့  မြင်ရတာ၊ ဖတ်ရတာ၊ ကြားရတာ ကြည်နူးစရာ ကောင်းလှပါတယ်။
ချစ်တတ်သူတွေ အားလုံး အတွက်...

တစ်ဦးနဲ့  တစ်ဦး..
သေတပန် သက်တဆုံး..
အေးအတူ ပူအမျှ..
ခွင့်လွှတ် နားလည်မှု့  အပြည့်နဲ့ ..
အမြဲ ထာဝရ .. ချစ်ခင်နိုင်ကြပါစေလို့ ..
ဆုမွန်ကောင်းတောင်း လိုက်ပါတယ်..

တခဏတာ မချစ်ကြဘဲ.. တစ်ဘ၀စာ ချစ်ခင်နိုင်ကြပါစေ။
All The Way - Celine Dion
When somebody loves you
It's no good unless he loves you - all the way
Happy to be near you
When you need someone to cheer you - all the way

Taller than the tallest tree is
That's how it's got to feel
Deeper than the deep blue sea is
That's how deep it goes - if its real

When somebody needs you
It's no good unless he needs you - all the way
Through the good or lean years
And for all the in between years - come what way

Who know where the road will lead us
Only a fool would say
But if you'll let me love you
It's for sure I'm gonna love you - all the way, all the way

February 13, 2007

အာရှသူရဲကောင်း

ငယ်ငယ်တုန်းက သင်ခဲ့ရပြီး မှတ်မိနေတဲ့ ကဗျာတစ်ပုဒ် နဲ့  ဆိုခဲ့ရတဲ့ သီချင်းလေး ..

အာရှသူရဲကောင်း
ရေး-သဟာယဆရာတင်

(ဗမာ့ လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ ဘို့  ဂျပန်ပြည်မှာကွယ်၊
တကယ်ပဲ အသက်နဲ့ လဲလို့  ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်၊
သူရဲကောင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်)၂

ငါတို့ ဗမာပြည် မိဖတိုင်း ကရယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်း မွေးရမယ်၊
ငါတို့ ဗမာပြည်ဝယ် မိဖအပေါင်းတို့ ကကွယ်၊ အာဇာနည်အစစ်ကို ရှိဖို့ မွေးရမယ်၊
သြော်........ ဘုရင့်နောင်နဲ့  ရာဇာဓိရာဇ်တို့ လို..
မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့ လိုကွယ်...
ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေတဲ့ ...
မကြောက်တမ်း မရွံ့ တမ်း .. ဗမာတွေ အောင်ပန်းဆွတ်ကြ ရှာလေတယ်။

(ရာဇဝင် အတ္ထုပ္ပတ္တိလဲ ရှိရမယ်၊ မော်ကွန်းလဲ ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂

တိုင်းပြည်ကျိုး စွန့် ခဲ့တဲ့ များ ဇာနည်နွယ်၊ လွတ်လပ်ဖို့ တို့ များကို ကျွန်တွင်းမှကယ်၊
တို့ ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

ဗမာနိုင်ငံ .... ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်၊
နေမျိုးသာကီ ဗမာပြည် လက်ရုံး....ဗမာနိုင်ငံလုံး ထင်ပေါ်စေတယ်၊
စိတ်အားထက်သန် မာန်ကိုမလျှော့ တဲ့ ..
ငါတို့ လူမျိုးတန်ခိုးရှိဘို့ သူရဲကောင်းတွေ စုံညီတယ်၊
တကယ်ပင် ... သတိုး မဟာဗန္ဓုလနှယ် ..စွမ်းသတ္တိ ရာဇဝင် ပြောင်တယ်၊
သားကောင်းများလို့  ခေါ်ရလောက်ပေတယ်..
ဥဒါန်းတွင်ရစ်စေဖွယ်.. ဗမာသူရဲကောင်း အပေါင်းတွေရယ်

(ရာဇဝင် အတ္ထုပ္ပတ္တိလဲ ရှိရမယ်၊ မော်ကွန်းလဲ ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂

အောင်ဆန်းဇာနည်
ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ။

တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား။

တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ၊
ဗိုလ်ချုပ်ချမှတ်သွား။

February 12, 2007

အားလပ်ရက်မှာ အနားယူခြင်း

ဒီနေ့  တနင်္ဂနွေနေ့  နေလယ်ခင်းမှာ အိပ်လို့ ကောင်းနေတုန်း မိုးရွာသံလိုလို အသံတစ်ခု ကြားခဲ့ရတယ်။ အရမ်း အိပ်ချင်နေတော့ အိပ်မက်ထဲမှာပဲ မိုးရွာနေတာလား၊ အပြင်မှာပဲ မိုးတွေရွာနေတာလား မကွဲပြားဘူး ဖြစ်နေ ခဲ့တယ်။ ဒါပေမယ့် ကျွန်မ မအိပ်ခင်က အရမ်းပူနေတာကို သတိရသွားလို့ ၊ ကြားနေရတဲ့အသံတွေ ဘယ်ကလာတာလဲ သိချင်စိတ်နဲ့  စူးစမ်းလိုက်တော့.. ကျွန်မရဲ့ အခန်းထောင့် အဲယားကွန်းကနေ ရေတွေကျလို့  ထွက်လာတဲ့ အသံတွေမှန်း သိလိုက်ရတယ်။

အရမ်းအိပ်ချင်နေတာနဲ့  အဲယားကွန်ကို သွားမကြည့်တော့ပဲ ဆက်အိပ်နေဖို့  ကြိုးစားမိသေးတယ်။ ဒါပေမယ့် အဲ့ဒီနေရာ၊ အဲယာကွန်း အောက်မှာ အမြဲ ဖွင့်ထားလေ့ရှိတယ့် ကျွန်မရဲ့ ကွန်ပြူတာကို သတိရသွားလို့  ဆက်မအိပ်နိုင်တော့ပဲ ထလိုက်ရတယ်။ သွားကြည့်လိုက်တော မော်နီတာကို ရေတွေ အတော်လေး စိုနေပါပြီ။ CPU ကိုတောင်မှ ရေတွေ စင်နေပြီ ဆိုတာ တွေ့ လိုက်ရတယ်။ ဒီတစ်ပတ် တနင်္ဂနွေနေ့ လေးတော့ အိမ်မှာ ကောင်းကောင်းအိပ်၊ အနားယူလိုက်မယ်ဆိုတဲ့ အစီအစဉ်ကို ဖျက်လိုက်ရပြီး.... တနေကုန် အခန်းထဲက ပစ္စည်းတွေ ဟိုပြောင်း ဒီရွှေ့ ၊ ဟိုရှင်း ဒီရှုပ် နဲ့  ကျွန်မ အလုပ်များသွားခဲ့ ရပါတယ်။

အင်း... ဒီတစ်ပတ် အားလပ်ရက်မှာ ကျွန်မ မနားမယူလိုက်ရပေမယ့် ကျွန်မရဲ့ ကွန်ပြူတာလေးကတော့ ရေချိုးပြီး အေးအေးချမ်းချမ်းလေးနဲ့  အလုပ်မလုပ်တော့ပဲ ခဏတာမျှ အနားယူသွားပါကြောင်း သတင်းစကား ပါးချင်ပါတယ်။

Best Wishes For Both Of You

အသဲနှလုံးတစ်စုံ
တစ်နေရာတည်းစုဝေးနေရင်
ဆုံဆည်းဖို့ဆိုတာ မဝေးပါ အကိုနဲ့မမ။

မိုင်တွေထောင်ချီဝေး
မမြင်မတွေ့ရပေမယ့်
နှလုံးသားထောင့်တစ်နေရာ
ချစ်သူသာရှိနေခဲ့ရင်
ကြိုးစားမှုတိုင်းနောက်ကွယ်
ရှင်တော်ဘုရားရှိနေမှာပါ အကိုနဲ့မမ။

ယုံကြည်မှုတွေထပ်လောင်း
နားလည်မှုတွေဝိုင်းကာရံ
မြတ်နိုးခြင်းမေတ္တာအပြည့်နဲ့
ရှေ့ဆက်ဘ၀ခရီးလမ်းတစ်လျှောက်
အောင်မြင်မှုပေါင်းနောက်ကွယ်
ပျော်ရွှင်မှုအပြည့်နဲ့
အကိုနဲ့မမ အမြဲလက်တွဲနိုင်ပါစေ... ။

ခင်မင်လျက်
ညီမလေး

ကျွန်မတို့ ရဲ့ အွန်လိုင်း ညီမလေးတစ်ယောက်က ကျွန်မတို့  အတွက် ပေးတဲ့ လက်ဆောင် တစ်ခုပါ။ ဒီကဗျာလေးအတွက် အထူး ကျေးဇူးတင်ပါတယ် ညီမလေးရေ။ ကြိုးစားပါ၊ ညီမရဲ့ အိပ်မက်တွေ တနေ့ မှာ ပြည့်စုံလာမယ်လို့  ယုံကြည်ပါတယ်။ အစစ အရာရာ အားလုံး အဆင်ပြေ ကံကောင်းပါစေ။

February 11, 2007

ချမ်းမြေ့စွာ ပေါင်းဖက်နိုင်စေကြောင်း..

ကိုကျော်ဇင်ဝင်း နှင့် မစုစုမာ
မင်္ဂလာဦး ဆွမ်းကျွေးအလှူ
၁၀-ဖေဖေါ်ဝါရီ-၂၀၀ရ
ချစ်ခြင်း မေတ္တာအပြည့်နဲ့  ဘ၀တစ်ခုကို အတူတည်ဆောက်ကြမယ့်
သူငယ်ချင်း ကိုကျော်ဇင်ဝင်း နဲ့  ချစ်ဇနီးချော မစုစုမာတို့  နှစ်ယောက်
ရာသက်ပန်ရိုးမြေကျ အပူပင်ကြောင့်ကြခြင်းကင်းစွာနဲ့  ပျော်ရွှင်စွာပေါင်းဖက်နိုင်ပါစေ။

ဒီနေ့  ဘုန်းကြီးကျောင်းမှာ သူငယ်ချင်း ရဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူ ရှိလို့  သွားဖြစ်ခဲ့တယ်။ ကျွန်မ ရဲ့ သူငယ်ချင်း တော်တော်များများ အိမ်ထောင်ပြုသွားကြပါပြီ။ ဒါပေမယ့် ဘယ်သူ မင်္ဂလာဆောင်မှ ကျွန်မ သွားခွင့် မကြုံခဲ့ပါတယ်။ ဒီနေ့ သွားခဲ့တဲ့ ပွဲဟာ ကျွန်မ ဘ၀မှာ ပထမဆုံးသွားဖြစ်တဲ့ သူငယ်ချင်းရဲ့ မင်္ဂလာပွဲပါ။

ဒီနေ့ ပွဲမှာ ကျွေးတဲ့ ဒန်ပေါက်က တော်တော်လေး စားကောင်းပါတယ်။ ဒီနှစ်ထဲမှာ ကျွန်မ ရဲ့ သူငယ်ချင်း တချို့ ဟာ သူတို့ ရဲ့ လူပျိုကြီးဘ၀တွေကို စွန့် လွှတ်တော့မယ်လို့  ကြွေးကြော်နေကြ ပါတယ်။ ဘယ်သူငယ်ချင်းရဲ့ ပွဲကိုများ နောက်ထပ်သွားစားခွင့် ကြုံရဦးမလဲ သိပါဘူး။ ဒီနေ့ မှာ တခြား သူငယ်ချင်း တစ်ယောက်က သူရဲ့ မွေးနေ့ ပွဲ ဖိတ်ထားပေမယ့် သွားခွင့် မရလိုက်ပါဘူး။ ဒါပေမယ့် အဲ့ဒီ သူငယ်ချင်းရဲ့ မင်္ဂလာပွဲကိုတော့ တက်ချင်ပါသေးတယ်။ :D သူငယ်ချင်းတွေ ရန်ကုန်မှာလည်း မင်္ဂလာပြန်ဆောင်ချင် ဆောင်ကြပါ၊ ဒါပေမယ့် ဒီမှာလည်း နောက်တစ်ခေါက်တော့ ထပ်ကျွေးကြပါဦလို့  တိုက်တွန်းချင်ပါတယ်။

February 10, 2007

အားလုံးရဲ့ ပုဂံ

Irrawaddy - ဘဝရုပ်ပုံလွှာကဏ္ဍ
ပုဂံချစ်တဲ့ ဆရာကြီးလု(စ်) - တင်မိုး
မှ...

သူချစ်တဲ့ ပုဂံမြေကို ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်တွေက ဗုံးကြဲ မီးလောင်တိုက် သွင်းဖို့ ကြံစည် နေခိုက် ဆရာလု(စ်)က ဒေလီမဟာမိတ်စစ်ဌာနချုပ်သို့ စာရေး မေတ္တာရပ်ခံခဲ့တဲ့ အတွက် ပုဂံစေတီ ယဉ်ကျေးမှု အမွေအနှစ်တွေ ကမ္ဘာစစ်မီးလျှံမှ လွတ်မြောက်ခွင့်ရခဲ့ ပါတယ်။ ဒီအကြောင်းကို ဆရာမင်းသုဝဏ်က "ပုဂံနှင့်ဝေဠု" ဆိုတဲ့ ကဗျာဖွဲ့ပြီး ဂုဏ်ပြုခဲ့ဖူး ပါတယ်။

ပုဂံနှင့် ဝေဠု (မင်းသုဝဏ်)
ငါတို့ခေတ်တွင် စစ်ကြီးကမ္ဘာ
လောင်ကျွမ်းလာ၍ ရေမှာကုန်းမှာ
ကောင်းကင်မှာ၌ လွတ်ရာမရှိ
မီးလျှံညိက အမိကိုတ
အဖကိုတမ်း ကိုယ်စိတ်နွမ်း၍
မချမ်းကြည်နိုင် လက်ချမှိုင်စဉ်
မဏ္ဍိုင်မေရု ခံမြို့ပြုသို့
ဝေဠုဆရာ တားမြစ်ပါသော်
ပေါက္ကာရာမ ဘေးမခဘဲ
မြန်မာ့ဂုဏ်ရောင် ထွင်းလင်းပြောင်သည်
ငါးထောင်တည်မည့် နိမိတ်တည်း။

ဒီအထက်က ကဗျာလေးပါတဲ့ ဆောင်းပါး (ပုဂံချစ်တဲ့ ဆရာကြီးလု(စ်) - တင်မိုး)ကို ဖတ်ရတဲ့ အချိန်မှာ ...
ကျွန်မတို့ အားလုံး ရဲ့ ဂုဏ်ယူဖွယ် ကောင်းတဲ့ ပုဂံက ရှေးဟောင်း အမွေအနှစ် တွေဟာ နိုင်ငံခြားသား တစ်ယောက်ရဲ့ တန်းဖိုးထားတတ်မှု့ ကြောင့် ဒုတိယကမ္ဘာစစ် အတွင်းမှာတောင် ပျက်ဆီး ဆုံးရှုံးမှု့ မရှိခဲ့ပေမယ့်... ခုချိန်ရောက်မှသာ ရှေးဟောင်း အမွေးအနှစ်ရဲ့ တန်ဖိုးကို နားမလည်သူတွေရဲ့ လက်ထဲမှာ ဖျက်ဆီးခံနေရ ပါလားလို့  စိတ်မကောင်းဖြစ်မိတယ်။

ကျွန်မစိတ်ထဲမှာ ငယ်ငယ်ကသာ တခါတခေါက် ရောက်ခဲ့ဖူးတဲ့ ရှေးရှေးတုန်းက ပုဂံကို အခွင့်ရရင် နောက် တစ်ခေါက်လောက်တော့ သွားကြည့်ချင်စိတ် ရှိပေမယ့် ခုခေတ်မှာ လုပ်ထားတဲ့ ပြုပြင်ပြောင်းလဲမှု့ တွေကို လက်သင့်မခံနိုင်လို့  ကြည့်ချင်စိတ်လည်း မရှိ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံး တစ်ခေါက် လောက်တော့ ထပ်ရောက်အောင် သွားပါဦးမယ်။ ပုဂံကို ရောက်တဲ့ အချိန်မှာ
"မကြည့်ချင်တာတွေကို မမြင်နိုင်၊ ကြည့်ချင်တာတွေကိုသာ ကွက်ပြီး မြင်နိုင်တဲ့ မျက်စိလေးတွေများ ရှိရင်" သိပ်ကောင်းမှာပဲ လို့  တွေးနေမိပါတယ်။

February 08, 2007

Observation Wheel In Singapore

ကျွန်မ နေမကောင်းတာ နဲ့  ဒီရက်ပိုင်း ရေးမယ်ဆိုပြီး စဉ်းစားထားတာလေးတွေတောင် မရေးဖြစ်ဘဲ သူများရေးတာတွေလောက်သာ လိုက်ဖတ်ဖြစ်နေ ခဲ့တယ်။ ခုလည်း နေလို့ ကောင်းပြီးလားဆိုတော့ သိပ်တော့ မကောင်းသေးပါဘူ။ ဒါပေမယ့် ဘလောခ့်ရေးဖို့ လောက်တော့ အားပြန်ရှိလာပြီး ပြောရမယ်။ ဒီနေ့ တော့ ဒီရက်ပိုင်းမှာ ဖတ်မိတာလေး တစ်ခု ပြန်ရေးလိုက်ဦးမယ်။ ဖိုရမ်မှာ osprey ဆိုတဲ့ အစ်ကိုကြီး ရေးပေးလို့  သိလိုက် ရတာလေးပါ။

ဒီ စင်္ကာပူနိုင်ငံမှာ မှာ Observation Wheel တစ်ခု တည်ဆောက်နေတယ် ဆိုတဲ့ သတင်းပါ။ Singapore Flyer လို့ နာမည်ပေးထားပြီး လန်ဒန်က London Eye ထက် မြင့်တယ်ဆိုပါတယ်။ ဒီနိုင်ငံမှာ နေသူတွေ သိပြီးသား ဖြစ်မယ် ထင်ပါတယ်။ ကျွန်မကတော့ ဒီနိုင်ငံရဲ့ သတင်းဆို သူငယ်ချင်းတွေ ပြောမှ၊ ဒါမှမဟုတ် ဖိုရမ်မှာ တစ်ယောက်ယောက် ရေးထားမှပဲ သိတာများတော့ ဒီအကြောင်းကို ခုရက်ပိုင်းမှပဲ သိပါတယ်။

Singapore Flyer ကို စတင် လုပ်ဆောင်နေတာ ၂၀၀၀ လောက်ထဲကလို့ သိရပါတယ်။ အတော်ကြာပါပြီ။ ပထမဆုံး Plan ချထားတာက ၂၀၀၅ နှစ်ကုန်လောက်မှ ပြီးဖို့  ပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် သူတို့ လည်း ကျွန်မတို့ တွေ အလုပ်လုပ်သလိုပဲ Delay ဖြစ်ပြီး ၂၀၀၈ နှစ်ဦးပိုင်းမှ ပြီးနိုင်မယ်လို့  ရေးထား ပါတယ်။ သတင်းတွေ အရတော့ 7 February 2008 မှ ပထမဆုံး visitor တွေအတွက် ဖွင့်လှစ်မယ် သိရတယ်။ တကယ် ဟုတ်မဟုတ်ကိုတော့ အဲ့ဒီ အချိန် အထိ စောင့်ကြည့်ရမှာ ပါပဲ။ ပုံလေးတွေ ကြည့်တာ ၊ Video လေး ကြည့်မိ သလောက်တော့ အတော်လေး လှပါတယ်။
တိုးရစ်တွေကို စွဲဆောင်ဖို့  တည်ဆောက်တာဖြစ်ပြီး အဲ့ဒီ အပေါ်ကနေ ကြည့်ရင် စင်္ကာပူတစ်နိုင်ငံလုံး၊ မလေးရှားနဲ့  အင်ဒိုနီးရှား နိုင်ငံတွေကို မြင်ရမယ်လို့  ရေးထားတယ်။ ဘယ်နေရာမှာ ဆောက်နေတာလဲ ဆိုတော့ နောက်တချိန်မှာ စင်္ကာပူရဲ့ DownTown ဖြစ်လာမယ့် Marina Bay မှာလို့  သိရပါတယ်။ ခု လက်ရှိ DownTown ကတော့ Orchard ဖြစ်မယ်နဲ့ တူတယ်။ တကယ်တော့ Orchard ဆိုတာလည်း ဈေးဆိုင်တွေက လွဲရင် ဘာမှ ရှိတဲ့ နေရာမှ မဟုတ်တာ။ ဒီမှာက ဧည့်သည်လာရင် ပို့ စရာ ထူးခြားထင်ရှားတာဆိုလို့  Sentosa ကလွဲရင် တခြားဘာမှ မရှိတာဘူးဆိုတော့၊ Singapore Flyer ဖွင့်ပြီဆို ဧည့်သည်လာရင် လိုက်ပို့ စရာ တနေရာ တိုးတာပေါ့လေ။

Singapore Flyer တပတ်ပြည့်အောင် လည်ဖို့  အတွက်ဆို 37 Minutes ကြာမယ် ပြောတယ်။ ပထမ တစ်ခေါက် တက်ကြည့်တဲ့အခါ အထူးအဆန်း ဖြစ်နေမှာပါ၊ နောက်တော့ ထုံးစံအတိုင်းပဲ တခြားနိုင်ငံက ဧည့်သည်တွေ လာတိုင်း လိုက်ပို့ ရလို့ ၊ အဲ့ဒီဟာကြီး ခဏ ခဏ တက်ကြည့်ဖြစ်လာတဲ့ခါ 37 Minutes ဆိုတဲ့ အချိန်ဟာ တော်တော်ကြာပြီး၊ တော်တော့်ကို ပျင်းဖို့ ကောင်းမယ် ထင်မိ ပါတယ်။ အားလုံးသိတဲ့ အတိုင်း တချို့  ဧည့်သည်တွေကို သူတို့ ဟာသူတို့  တက်ကြည့်ပါ ဆိုပြီး တင်လွှတ်လိုက်လို့ ရနိုင်ပေမယ့်၊ တချို့ လူတွေနဲ့  ကြတော့ ကိုယ်ပါ သူတို့ နဲ့  အတူ လိုက်တက်ကြည့် ပေးဖို့ လိုတယ် မဟုတ်လား။

Singapore Flyer အကြောင်း အသေးစိတ် အချက်အလက်တွေ ကြည့်ချင်ရင် Singapore Flyer Official Site မှာ သွားကြည့်လို့ ရပါတယ်။

February 06, 2007

Blogger

ဘလောခ့်ဂါ ကျန်းမာရေးမကောင်းပါ။

February 04, 2007

ကဗျာတစ်ပုဒ်

ဒီကဗျာလေးကို ကူညီရှာဖွေပေးခဲ့တဲ့ ကိုသူရိန်ကို ကျေးဇူးတင်ပါတယ်။

လူတယောက် ကွယ်လွန်ခြင်း

လူတယောက်. ဘ၀နိဂုံး
အဆုံးသို့ ရောက်ပြီ
ဂူထဲမှာလဲလျောင်း
မူလရပ်ဌာန်သို့
ပြန်မလာတော့ပြီ
ချိုမြိန်သော သတိရခြင်းနှင့်
တသသ မြင်ယောင်နေရုံမှ အပ
သူ့ဘ၀ ရှင်သန်လာခြင်းမရှိ
ဇာတိ ဒီမှာ ဇာတ်ဆုံးပြီ
ငယ်စဉ်က သူငယ်ချင်းများ
ယုံကြည်ချက်တူ ရဲဘော်များ
ဆွေမျိုးသားချင်းများ
လုပ်ဖော်ကိုင်ဘက်များ
သူ့ဇနီးနှင့်သားသမီးများ
စည်ကားစွာ လိုက်ပို့
သူ့ဘ၀. နောက်ဆုံးဆုံးခရီးသို့
ယပ်တောင်ကလေးကမ်း
နှုတ်မဆက်တမ်း ထွက်ခွာသွား
အနားယူ အိပ်စက်ခြင်းပဲလား
ဘ၀သစ်တခု ကူးပြောင်းခြင်းပဲလား
ကျန်ရစ်သူများမှာတော့ ရင်ဟာပြီး
ဘ၀င် နာသလိုလို
ငိုချင်ရက်နဲ့ အငိုဖုံး
အပြုံးကလေး လျော့တိလျော့ရဲနဲ့
ခွဲခွာခြင်းကို ခံစားနေရပြီ
သူ ဆိုးခဲ့ တေခဲ့သမျှ
သတိရစရာအဖြစ် ပြောင်းလဲ
သူ ရဲရင့်ခဲ့သမျှ
အမှတ်တရ ကျောက်တိုင်သဖွယ်
သူ ကွယ်လွန်ခါမှ
သူရုပ်ပုံက ပီသလာ
ဘယ်မှာ ပျောက်ဆုံးလို့လဲကွယ်
လူတယောက် သေပြီးနောက်
ပျောက်ကွယ်သွားတာက ရုပ်ခန္ဓာပဲ
ူသူ့ခြေရာ လက်ရာ
အလုပ်နဲ့ ဂုဏ်သိက္ခာကတော့
ထာဝစဉ် ရှင်သန်လျက်ပါပဲကွယ်

၉။ ၆။ ၉၉ နေ့က ကွယ်လွန်သွားတဲ့ ကိုဖိုးထင်ရဲ့ ၁၁။၆။ ၉၉ အသုဘကအပြန်
တင်မိုး
၁၂ ဇွန် ၁၉၉၉ စနေနေ့ နံနက်ခင်း

February 03, 2007

My Dream Is To Be Free

Martin Luther King, Jr.'s "I Have a Dream"
Address at March on Washington
August 28, 1963, the Lincoln Memorial, Washington D.C.
Text, Audio and Vedio


I Have A Dream - Common [Full Lyrics]
[Chorus - Will.I.Am and Martin Luther King]
From the Freedom Writers Flim

(I am happy...I Have a Dream) I got a Dream
(That One Day ) We gonna work it out out out
(That One Day ) We gonna work it out out out
(That One Day ) We gonna work it out
(I Have a Dream) I got a Dream
(That One Day ) We gonna work it out out out
(That One Day ) We gonna work it out out out
(That One Day ) We gonna work it out
(I Have a Dream) I got a Dream
(That One Day) That one day
(That One Day) I'ma look deep within myself
(I Have a Dream) I gotta find a way...
My Dream Is To Be Free
My Dream Is To Be
My Dream Is To Be
My Dream Is To Be Free

.....
.....
.....

စည်း - ၀ိုင်ဝိုင်း

IC Show အခွေ စထွက်လာတော့ ကျွန်မကို ကိုဇာနည်က နားထောင်ကြည့် ဆိုပြီး ဒီသီချင်းလေး ပို့ ပေး ခဲ့ဖူး ပါတယ်။ နောက်ပိုင်း သိပ်နားမထောင်ဖြစ်ပေမယ့် ဟိုရက်ပိုင်းကတော့ ဒီသီချင်းလေးကို အစ်ကိုကြီး ကိုအော်လံမောင်ရဲ့ ဇန်န၀ါရီလအတွင်း ခံစားနားထောင်ဖြစ်သော မြန်မာသီချင်းများ ပိုစ့်မှာ တွေ့ ပြီး ပြန်နားထောင်ဖြစ် သွားတယ်။ ဒီနေ့မနက်ကြတော့ တစ်ယောက်သောသူရဲ့ ဒီသီချင်း ငြီးလိုက်တဲ့ အသံကို ကြားလိုက်ရပြီးနောက်မှာတော့ ကျွန်မရဲ့ ဘလောခ့်မှာ တင်ချင်စိတ်ပေါက်သွား မိတယ်။ ကျွန်မရဲ့ သူငယ်ချင်း တော်တော်များများ ကတော့ ဒီသီချင်းကို အတော်လေး ကြိုက်နှစ်သက် ကြပါတယ်။ သိကြမှာပါ။ တရုတ် သီချင်းကို ကေအေတီက မြန်မာမှု့ ပြုထားတဲ့ ၀ိုင်းဝိုင်းရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ပါ။

စည်း
ဆို - ၀ိုင်ဝိုင်း
ရေး - ကေအေတီ

ဝမ်းနည်းတတ်သူကို မင်းထပ် မနှိပ်စက်နဲ့ တော့..
အချစ်က ကိုယ့်အတွက်ဆို ... အမြဲတမ်းရှုံးမဲ့ တိုက်ပွဲတစ်ခု
နောက် တစ်ခေါက်မရှုံးချင်ပါ.. မင်း ငါ့အတွက် မတွေးနဲ့ တော့
ဟိုအဝေးဆုံး တစ်ဖက်မှာ... နင်ဘ၀ကို ပြန် အသစ်စ ...

မင်းကြောင့်သာ မပြောရက်ပါ... ဒီလိုအဆုံးသတ်ဖို့ အကြောင်း ရှိခဲ့လိုပဲ..
ဒီလို ဇာတ်သိမ်းဖို့ ပညတ်ထား...

နောက်လူ ရင်မှာ .. ပျော်နိုင်မှာပါ... ငါ့အနားမလာနဲ့တော့
ခုလို ပြောတာ မချစ်လို့ မဟုတ်ဘူးနော်..
သိပ်မကြာခင် မှာ အဆင်ပြေမှာပါ .. ငါ နားလည်ပြီးသား
မင်းနဲ့  ကိုယ်နဲ့  စည်း ခြားနေပြီကွာ...

ခြောက်သွေ့ သစ်ပင်တောင် ... အမြဲထာဝစဉ် မခြောက်ခန်းဘူး
တစ်နေ့တော့ မိုးထဲမှာ ... အမွှေးဆုံး ပန်းများ ပွင့်လန်းလို့
ငြိမ်းချမ်းတဲ့ ရင်ခွင် ... မင်းမှေးစက် အိပ်လိုက်တော့
မဝေးသော တို့အတိတ်ဟာ ... အိမ်မက်လိုသာ ကျန်ရစ်ခဲ့

မင်းကြောင့်သာ မပြောရက်ခဲ့ပါ... ဒီလိုအဆုံးသတ်ဖို့ အကြောင်း ရှိခဲ့လိုပဲ..
မလွန်ဆန်နိုင်ခဲ့တဲ့ တို့ ကံတရား...

နောက်လူ ရင်မှာ .. ပျော်နိုင်မှာပါ... ငါ့အနားမလာနဲ့တော့...
အခုလို ပြောတာ မချစ်လို့ မဟုတ်ဘူးနော်..
သိပ်မကြာခင် မှာ အဆင်ပြေမှာပါ .. ငါနားလည်ပြီးသား..
မင်းနဲ့  ကိုယ်နဲ့  စည်း ခြားနေပြီကွာ...

ဒီလို မင်းတစ်ယောက်တည်းကိုပဲ အပြစ်ငါ မပြောရက်ခဲ့ပါ
မလွန်ဆန်ရဲတဲ့ ကံတရား.. လှည့်စား...

နောက်လူ ရင်မှာ ... ပျော်နိုင်မှာပါ... ငါ့အနားမလာနဲ့တော့...
အခုလို ပြောတာ မချစ်လို့ မဟုတ်ဘူးနော်..
သိပ်မကြာခင် မှာ အဆင်ပြေမှာပါ ... ငါနားလည်ပြီးသား..
မင်းနဲ့  ကိုယ်နဲ့  စည်း ခြားနေပြီကွာ...

February 02, 2007

Leisure

အထက်တန်းကျောင်းတက်တုန်းက သင်ရတဲ့ ဆိုတဲ့ ကဗျာလေးပါ။ အဲ့ဒီတုန်းက အဓိပ္ပါယ်ကို နားမလည်ဘဲ သင်လို့ သာ ကျက်မှတ် ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က သူငယ်ချင်းတစ်ယောက်ရဲ့ အွန်လိုင်း Status မှာတင်ထားတဲ့ စာသားတွေကြောင့် ဒီကဗျာနဲ့  ပြန်ပြီး ရင်းနှီးခဲ့ရတယ်။ တုံးတယ်ပဲ ပြောရမလား၊ ပထမဆုံး ဒီကဗျာကို ပြန်ဖတ်ဖြစ်တဲ့ အချိန်က ဘာကို ဆိုလိုမှန်း သိပ်သဘောမပေါက်ခဲ့ ပါဘူး။

နောက်ပိုင်း ကဗျာလေးကို သေချာဖတ် ကြည့်ပြီး ဘာကိုဆိုလိုလည်း သဘောပေါက်သလိုလို ရှိလာတဲ့ အခါ ဒီကဗျာလေးကို ကျွန်မ နှစ်သက်လာပါတယ်။ ဟိုတလောကတော့ ဒီကဗျာကို မြန်မာဘာသာပြန် ထားတာလေးကို စာအုပ်တစ်အုပ်မှာ တွေ့ လိုက်ရလို့  မှတ်သားထားခဲ့ပါတယ်။

ဒီကဗျာနဲ့  ဆိုင်မဆိုင်တော့ မသိဘူး၊ ကျွန်မ တွေးမိတာ တစ်ခုက.... ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ အားလပ်ချိန်ကို ရအောင်ယူပြီး စိတ်ကို ကြည်လင်အောင်နေတယ် ဆိုတာ တကယ်တော့ ကာယကံရှင် အပေါ်မှာပဲ မူတည်ပါတယ်။ အားလပ်ရက်တွေ ယူပြီး ခရီးတွေသွားနေမှ၊ တစ်နေ့ မှာ အားလပ်ချိန်ဆိုပြီး ၂ နာရီ ၃ နာရီလောက် အနည်းဆုံးယူနိုင်မှ ကိုယ်လုပ်ချင်တာတွေ လုပ်နေရမှ ဘ၀တွေက နေပျော်တာ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ တစ်နေ့ တာ လုပ်စရာတွေကို လုပ်နေရင်းနဲ့ ပဲ ရနိုင်တဲ့ အချိန်လေးမှာ ပတ်ဝန်းကျင် အလှအပကို ခံစားပါ၊ အတ္တတွေ၊ ငါမှငါဆိုတဲ့ မာနတွေ၊ လိုချင်တက်မက်မှု့ တွေကို လျှော့ပြီး ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ သူတွေကို တန်ဖိုးထား၊ စိတ်ကြည်နူး ပျော်ရွှင်အောင်၊ ကိုယ့်ဘ၀ကိုယ် ကျေနပ်မှု့ ရှိအောင် နေမယ်ဆို လူ့ ဘ၀ကြီးက နေပျော်မှာပါ။

ကိုယ်လိုချင်တာ တစ်ခုအတွက် တစ်ပတ် ၇ ရက် အလုပ်လုပ်ပြီး နားချိန်မရှိဘူး ငြီးနေသူများကို တော့ ဘာမှ မပြောချင်တော့ပါဘူး။ :D

Leisure
by William Henry Davies

What is this life if, full of care,
We have no time to stand and stare.

No time to stand beneath the boughs
And stare as long as sheep or cows.

No time to see, when woods we pass,
Where squirrels hide their nuts in grass.

No time to see, in broad daylight,
Streams full of stars like skies at night.

No time to turn at Beauty's glance,
And watch her feet, how they can dance.

No time to wait till her mouth can
Enrich that smile her eyes began.

A poor life this if, full of care,
We have no time to stand and stare.

နားချိန်
ဘာသာပြန်သူ - ဒေါက်တာမောင်ဖြူး

ဘာ ဘ၀လဲ ကြောင့်ကြဌေးအင်၊
ရပ်ငေးချိန်သာ မရှိပါလျှင်။

နေပူကြဲကြဲ ခရီးသွားနေ၊
တွေ့ သားစမ်းအိုင် မထိုင်သာချေ။

စိမ့်ကြီးမြိုင်ကြီး ဖြတ်သွားသောခါ
ဝင်းထိန်တောက်ပ၊ ပန်းများမမျှော်သာ။

စိမ်ပြေနပြေ ရပ်နားကာလျှင်၊
ကျွဲနွားပမာ မနေသာအင်။

အပျိုမျက်စိ သမင်ကြည့်ကို၊
ရပ်နားကြည့်ရန် အချိန်မပို။

ပြုံးပြီးစကား ဆိုငြားအောင်မှ၊
စောင့်ဆိုင်းဖို့ ရာ ချိန်ပိုမရ။

ညံ့သေးဤဘ၀ ကြောင့်ကြဌေအင်၊
ရပ်ငေးချိန်သာ မရှိပါလျှင်။

February 01, 2007

Blog's Birthday

(1st Feb 2006 - 1st Feb 2007)
ဒီနေ့ မှာ .....
ဘလောခ့် မှန်မှန်ရေးဖြစ်အောင် အမြဲတမ်း အားပေးသူတစ်ယောက် ...
ဒီဘလော့ခ့် စရေးတဲ့အချိန်ကနေ ဒီနေ့ အထိ
ကျွန်မဘာတွေပဲ ရေးရေး၊ ဘာတွေမှ မရေးပဲနေနေ
အမြဲတမ်းလာ ဖတ်လေ့ရှိတဲ့ ကျွန်မရဲ့ ချစ်သူငယ်ချင်းများ ... နဲ့ 
ဘလောခ့် အလည်လာ မိတ်သဟာ အပေါင်း ကို
ကျေးဇူးတင်ရှိပါကြောင်း ....

31 January 2007

အလုပ်မှာ Production Deployment တစ်ခုရှိလို့  တစ်ဖွဲ့ လုံး Stand By နေလိုက်ရတာ၊ Testing အားလုံးပြီးလို့  ပြန်နိုင်ပြီလို့  သိရတဲ့ အချိန်က ည ၁၁း၃၀ကျော်၊ အိမ်ပြန်ရောက်တဲ့ အချိန်ကြတော့ ည ၁၂ ကျော်ပြီး နောက်တစ်နေ့ ကို ကူးသွားပါပြီ။

ဒီ အလုပ်မှာ ပထမဆုံးကြုံရတဲ့ Production Deployment ပါ။ ကျွန်မရဲ့ Item တွေက Minor Changes တွေဆိုတာ Testing က တစ်နာရီ မကြာဖူး ပြီးသွားပေမယ့် System တစ်ခုလုံး Testing လုပ်ပြီးမှသာ အားလုံးပြန်ကြရမှာမို့  တခြားသူတွေ ပြီးတဲ့ အထိ စောင့်နေခဲ့ရတာပါ။ Senior တွေက ပြောပါတယ်၊ ဒီနေ့  Deployment မှာ Minor Releases တွေပဲပါပြီး၊ တခြား ဘာပြဿနာမှမတတ်လို့  ၁၁း၃၀ မှာပြန်လို့ ရတာပါတဲ့။ ဒါအတော် စောတယ် ပြောပါသေးတယ်။ ပြီးခဲ့တဲ့လက Deployemnt နေ့ ကတော့ သူတို့ တွေ ည ၁၂း၃၀ မှ ပြန်လို့ ရတယ် ပြောပြပါတယ်။ နောက်လ Production Deployement မှာ Major Releases အများအပြား ပါတယ်လို့  သိရပါတယ်။ ကျွန်မ လုပ်ရမယ် Major Changes 2 ခု Release လည်းပါ တယ်ဆိုတော့ အဲ့ဒီနေ့ မှာ ည၁၂ ကျော်လောက် အိမ်ပြန်ရောက်ရင် ကံကောင်းတယ်လို့ ပြောလို့ ရနိုင်လောက်တယ်။

မနေ့ က အလုပ်မှာ သူများတွေ ဒီလို အလုပ်များနေခဲ့ကြတယ်။

ဘာပဲဖြစ်ဖြစ် ဒီ Company မှာ Production Deployment ကို တစ်လမှာ တစ်ခါ ထက်ပိုပြီး မလုပ်ရဘူး၊ တစ်ခါနဲ့ တစ်ခါ အနည်းဆုံး ရက် ၃၀ လောက်ခြားမယ်ဆိုတဲ့ စည်းမျဉ်းလေးရှိနေလို့  တော်သေးတယ် ဆိုရမယ်။

Free Color-Extraction Tool

ဒီနေ့ တွေ့ တဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ Website လေးကတော့ ပုံတွေ၊ အရောင်တွေနဲ့ ဆိုင်ပါတယ်။ ကျွန်မလို့  အရောင်တွေနဲ့  အလှအပဆင်လုပ်ရာမှ ပါရမီမပါသူတွေ အတွက်တော့ အသုံးဝင် လောက်ပါတယ်။ ဘလောခ့် မှာ အရောင်လေး ပြောင်းမယ် စိတ်ကူးနေတာ ကြာလှပြီ၊ ဒါပေမယ့် ဘယ်အရောင်နဲ့  ဘာနဲ့ စပ်ရင် လှမှန်း မသိတာနဲ့  ခုချိန်ထိ မပြောင်းနိုင်သေးပဲ ကျွန်မရဲ့ ဘလောခ့်က အရင် အတိုင်းရှိနေတာ အချိန်အတော်ကြာပါပြီ။

ဒီနေ့ တွေ့ တဲ့ WebSite က ပုံလေတစ်ပုံရဲ့ လင့်ကိုပေးလိုက်ရင် အဲ့ဒီပုံထဲမှာပါတဲ့ အရောင်တွေကို ပြပေးပါတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်မရဲ့ အခုလက်ရှိ profile မှာ တင်ထားတဲ့ပုံလေးကို ထည့်ပြီး စမ်းကြည့်လိုက်တော့ ဒီလိုလေးပြပေးတာတွေ့ ရတယ်။ ဒီတစ်ခုနဲ့ တင် ကျွန်မ အတွက် တော်တော် အသုံးဝင်နေပါပြီ။ ကိုယ်ကြိုက်တဲ့ အရောင်တွေနဲ့  လှနေတဲ့ ပုံလေးတွေ သုံးပြီး အရောင်လှလှလေးတွေ ကိုရှာကြည့်လို့ ရသွားပြီ။

Pic2Color က ပေးမယ့် Feature တွေကတော့
* pic2color Wordpress themes. (Coming really soon!)
* pic2color your blogs. (Working)
* pic2color your webpages. (Working)

Visit pic2color.com for Details.


သူတို့  Blog မှာ သွားကြည့်ရင် Wordpress မှာဆို ရွေးလိုက်တဲ့ ပုံပေါ်မူတည်ပြီး WebPage ရဲ့ အရောင်တွေ ပြောင်းသွားတာတွေ့ ရတယ်။ ကျွန်မကတော့ ဒါမျိုးတွေ လုပ်ဖို့  သိပ်စိတ်မရှည်လှဘူး။ အရောင်တွေနဲ့  ပျော်မွေ့ သူများ၊ အလှအပ နှစ်သက်သူများ၊ စိတ်ဝင်စားသူများ၊ စပ်စုတတ်သူများ ဒီ Pic2Color - Blog မှာ စမ်းသပ်ကြည့်လို့ ရပါတယ်။

Source : Pic2Color , Pic2Color Slim, Pic2Color's Blog