Pages

April 10, 2015

Singapore’s Favourite Dessert: Ice Kachang

ဒီနေ့ ညနေစာ ထမင်းစားပြီး စားဖြစ်ခဲ့တဲ့ အချိုပွဲ။ ညနေစာ ဘာစားရင်ကောင်းမလဲ လိုက်ကြည့်ရင်း သူများတွေ ၀ယ်နေတာတွေ့ ပြီး စားချင်စိတ်ပေါက်သွားတာနဲ့  ၀ယ်စားဖြစ်ခဲ့တာ။

From Singapore Food
Ice Kachang ကို စင်္ကာပူမှာ hawker ဆိုင်းတိုင်းမှာ ရောင်းတာ များတယ်။ တချို့ ဆိုင်တွေက စားမကောင်းဘူး။ ဒီနေ့ ၀ယ်စားတာတော့ စားလို့ ကောင်းတယ်။ ကြိုက်တယ်။ ခုရက်ပိုင်းတော့ ရာသီဥတုက ပူလို့ လားမသိဘူး ထမင်းစားပြီးရင် အေးအေးစိမ့်စိမ့် ရှိတာမျိုးလေး ထပ်စားရတာကို အရသာတွေ့ နေတယ်။

စားလို့ ကောင်းသလို အရောင်စုံလေးဆိုတော့ ကြည့်လို့ လည်းလှတယ်။ အစာပလာတွေ ဘာတွေပါလဲ သေချာမြင်ရအောင် မစားခင်မှာ ဟိုဘက်ဒီဘက် နှစ်ပုံရိုက်ဖြစ်တယ်။  ရေခဲခြစ်ပေါ်မှာ အချိုရည်ဆမ်းပြီး၊ ကျောက်ကျော နဲ့ ပဲ ပါတယ်။ ဒူရင်းသီး ဒါမှမဟုတ် သရက်သီး နှစ်မျိုးမှာ တစ်မျိုးရွေးပါဆိုတာနဲ့  သရက်သီးထည့် စားခဲ့တယ်။ SGD 3.30 ပေးရပါတယ်။
From Singapore Food

March 31, 2015

Shan Noodles

ပုံမှန်ဆို ရှမ်းခေါက်ဆွဲ စားလေ့မရှိဘူး။ မကြိုက်ဘူး။ မဖြစ်မနေ စားရတောင် တစ်ဇွန်း၊ နှစ်ဇွန်းထက်ပို မစားဖြစ်ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေ့ နေ့ က စားခဲ့ရတဲ့ ဒီရှမ်းခေါက်ဆွဲကိုတော့ ကြိုက်တယ်။ စားလို့ ကောင်းလို့  တစ်ပန်းကန်လုံး ကုန်အောင်စားဖြစ်ခဲ့တယ်။ ချက်ပြုတ် ပြင်ဆင်ကျွေးတဲ့သူ စေတနာကောင်းလို့  စားလို့  ပိုကောင်းတာလည်း ဖြစ်မယ်။

From Burmese Food


ပထမဆုံးအကြိမ် ရှမ်းခေါက်ဆွဲကို နှစ်သက်စွာနဲ့ တစ်ပန်းကန်လုံးကုန်အောင် စားဖြစ်ခဲ့ခြင်း အမှတ်တရ ဒီမှာလာမှတ်ထား လိုက်တယ်။

သေချာနှံ့အောင်နယ်ပြီးမှ စားရတယ်ဆိုလို့  အားပါးတရ (တူ သုံးပြီး) နယ်လိုက်တာ ဒီပုံထွက်သွားတယ်။ အစုံပါအောင်ထည့်ထားပေးတာလို့ ပြောတယ်။ ဆီတို့ ဖူးတော့ လုံးဝ မစားတတ်လို့ ထည့်မပေးဘူး။ ဂျူးမြစ်ချဉ်လည်း ပါတယ်။ ဓာတ်ပုံထဲမှာ မမြင်ရဘူး ဖြစ်နေတယ်။

From Burmese Food

March 29, 2015

Pay last respect to Singapore's founding father Lee Kuan Yew

Lee Kuan Yew (1923-2015)
ဒီနေ့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ( the founding father of modern Singapore ) လီကွမ်ယု ကိုနောက်ဆုံး အနေနဲ့  နှုတ်ဆက် ဂါရ၀ပြုဖို့  Singapore Poly နားမှာ သွားစောင့်ဖြစ်တယ်။ Dover MRT ကို ရောက်သွားချိန်က နေ့ လည် ၁၂ ကျော်ကျော်လေး။ လူတွေအတော် များနေပြီ။ ဒါပေမယ့် ကံကောင်းတယ်ဆိုရမယ် ကားလမ်းဘေး ဖြတ်သွားရင် သေချာမြင်ရနိုင်တယ့် နေရာမှာ နေရာရတယ်။ ခဏစောင့်ပြီး သိပ်မကြာဘူး မိုးတွေက ရွာလာရော။ ရပ်နေသူအားလုံးပဲ မိုးရွာထဲ ထီးတွေ ဖွင့်ဆောင်းပြီး ဆက်စောင့်ကြတယ်။ စောင့်နေရင်းနဲ့  "Farewell to Lee Kuan Yew" တိုက်ရိုက်ထုတ်လွှင့်နေတာကို ဖုန်းတွေကနေ ကြည့်ကြတယ်။ လူတိုင်း ကိုယ်စီကိုယ့်ဖုန်းကို ထုတ်ကြည့်နေ စရာမလိုဘူး။ ဘေးနားမှာ ကြည့်နေသူတစ်ယောက်က လက်ကို ခပ်မြင့်မြင့်ထားပြီး အနားတစ်ဝိုက်မှာ ရှိတဲ့ လူတွေ မြင်နိုင်အောင် ပြပေးတယ်။ အဲ့လို ပြပေးနေတဲ့သူ လက်ညောင်းသွားတာ၊ ဆက်ပြဖို့  အဆင်မပြေတော့တာကို မြင်ရင် နောက်တစ်ယောက်က သူ့ ဖုန်းကို ထုတ်ပြီး ပြပေးတယ်။ အဲလို့ နဲ့  စောင့်နေတဲ့ ၁ နာရီခွဲကျော်ကျော်အတွင်း YouTube ကနေ တိုက်ရိုက်လွင့်နေတာကို တစ်ချက်မှ လွတ်မသွားပဲ ကြည့်ခွင့်ရခဲ့တယ်။ မိုးကလည်း အဆက်မပြတ် ရွာနေတော့ ထီးတွေ ဘယ်လိုထီးဆောင်း  ထီးတွေက ထပ်နေတော့ ထီးတွေအကြားက ရေတွေကျ မိုးတွေစိုကြတာပဲ။ တစ်ယောက်ယောက်ပေါ် ထီးအစွန်းက ကျတဲ့ရေတွေ တိုက်ရိုက်ကျတာတွေ့ တယ်ဆို အဆင်ပြေအောင် ထီးတွေရွှေ့ပြီး ညှိပေးကြတယ်။ ဒီနေရာမှာ စောင့်နေသူ အားလုံးဟာ ဒီနိုင်ငံရဲ့ ခေါင်းဆောင် လီကွမ်ယူကို နောက်ဆုံး နှုတ်ဆက် ဂါရ၀ပြုကြမယ်ဆိုတဲ့ တစ်ခုတည်းသော တူညီတဲ့ စိတ်နဲ့  ရောက်နေကြသူတွေကြီးပဲဆိုတော့ တစ်ယောက်နဲ့  တစ်ယောက် အငြင်းမပွါး၊ တွန်းတိုက်မှု့  မရှိတာတွေ့ ရတာ စိတ်ချမ်းသာမိတယ်။ တစ်ခြားနေရာတွေမှာတော့ မသိဘူး၊ ကိုယ်တွေ စောင့်တဲ့ နေရာကလူတွေကတော့ လီကွမ်ယုကို သယ်ဆောင်လာတဲ့ ကား ဖြတ်သွားဖို့  နီးကပ်လာချိန်မှာ လေးစားစွာ ဂါရ၀ပြုကြမယ်ဆိုပြီး တညီတညွတ်ထဲ ထီးတွေ အားလုံးပိတ် စောင့်နေခဲ့ကြတယ်။ ခေါင်းကနေ ခြေအဆုံး စိုရွှဲခဲ့ကြတယ်။ ဒါပေမယ့် ဘယ်သူမှ မိုးစိုလို့ ဆို မငြီးငြူခဲ့ကြဘူး။ လီကွမ်ယုကို သည်ဆောင်လာတဲ့ ကားဖြတ်သွားချိန်မှာ သူ့ နာမည်ကို ထပ်ခါထပ်ခါ ကြွေးကျော်ရင်း နောက်ဆုံး နှုတ်ဆက်ကြတယ်။ ကျေးဇူးတင်တယ်ပြောရင်း နှုတ်ဆက်ကြတယ်။ နောက်က ကားတွေဖြတ်သွားချိန်မှာ လက်ခုပ်တီးပြီး အားပေးနှုတ်ဆက်ကြတယ်။

ဒီနေ့  ပြည်သူချစ်တဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့ နောက်ဆုံး ခရီးဟာ ဘယ်လိုလဲဆိုတာကို ပထမဆုံး ကိုယ်တိုင် ကြုံတွေ့ ခံစား သိရှိခဲ့ပါတယ်။

ပုံမှန်ဆို ဓာတ်ပုံတွေ ဟိုရိုက်ဒီရိုက်လုပ်တတ်ပေမယ့် ဒီနေ့ တော့ဘာပုံမှ မရိုက်ဖြစ်ပါဘူး။ ဒီနေ့  သွားတဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်က လီကွမ်ယုကို ဂါရ၀ပြုဖို့ ဆိုတဲ့ စိတ်တစ်ခုပဲရှိတယ်။ ဒီတော့ မြင်သမျှကို စိတ်နဲ့ ပဲ ခံစား မှတ်သားရင်း၊ လီကွမ်ယုကို လေးစားစွာဖြင့် နှုတ်ဆက် ဂါဝရပြုဖြစ်ခဲ့ပါတယ်။

February 08, 2015

Art of Salad

အသုပ်သုပ်စားဖို့  အဆင်သင့် ပြင်ဆင်ထည့်ထားတဲ့ ဗန်းလေးက အရောင်စုံလေးနဲ့ လှနေလို့  ဓာတ်ပုံရိုက်ထားလိုက်မိတယ်။

From Everything

ကျောက်ပွင့်၊ ပဲကြာဇံ၊ မုန်လာဥနီ၊ ဗိုလ်စားပဲ၊
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပရာသီး၊
ပုဇွန် နဲ့  ကင်မွန် ပါတယ်။

ပြင်ဆင်ထားတုန်းကပုံနဲ့ အကုန်ရောနယ်သုပ်လိုက်တဲ့အခါ ဘာကွာသွားလည်း မှတ်တမ်းတင်တဲ့အနေနဲ့ အားလုံးရောနယ်ပြီးပုံလေးကိုလည်း ဆက်ရိုက်မိပြန်တယ်။

From Everything

ပထမပုံထဲက အစာပလာ အကုန်လုံးဆို စားလို့ မကုန်မှာ စိုးရိမ်ကြတာနဲ့ ကြာဇံနဲ့  ကျောက်ပွင့်နည်းနည်း ဖယ်ထားပြီး ကျန်တာတွေတော့ အကုန်ရောနယ်သုပ်လိုက်တာ ဒီလို တစ်ပန်းကန် ရတယ်။
From Everything

မနေ့ က နေ့လည်စာပါ။
ချဉ်ချဉ်စပ်စပ်လေးနဲ့  စားလို့ ကောင်းတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင်ဆိုတော့ ဆီဆားမပါ သုပ်တယ်လို့  ထင်တာပဲ။
ကိုယ်တင်သုပ်စားတာ မဟုတ်ပါဘူး။ သူများကျွေးတာကို သွားစားတာ။ ပြင်ဆင်ရာမှာတော့ နည်းနည်းပါးပါး တောက်တိုမယ်ရ ကူညီပေးပါတယ်။ ဒီတိုင်းဘာမှ မလုပ်ပဲ သူများချက်ကျွေးတာ စားလို့ မကောင်းဘူးလေ။ :D

ကျွေးတဲ့သူက စေတနာ အလွန်ကောင်းတယ်။ ဒီတစ်မျိုးထဲ ချက်လေ့မရှိဘူး။ ကျောက်ပွင့်သုပ်အပြင် အောက်ပုံထဲက ဟင်းလည်းချက်တယ်။
From Everything

February 02, 2015

The Fruit I Eat

ကြိုက်လို့  ထပ်ဝယ်စား ဖြစ်နေတဲ့ အသီး။

Clementi Mall အနောက်က အသီးရောင်းတဲ့ဆိုင်က ၀ယ်လာတာ။
တစ်လုံး SG$ 2။ သုံးလုံးယူရင် SG$ 5။
မနေ့ က ၀ယ်တဲ့ ၃ လုံးကုန်လို့  ဒီနေ့  ၃ လုံးထပ်ဝယ်လာခဲ့တယ်။
From Everything
သစ်သီးမြင်မိရင် စားတာမစားတာ အသာထား ၀ယ်ချင်တဲ့ စိတ် အရင်ပေါ်တာ ဘာအကျင့်မှန်းတော့မသိဘူး။ မနေ့ မနက်စောစောကပေါ့..

ခုအသီးတွေက လမ်းဘေးဆိုင်မှာရောင်းနေတာကို အဝေးကမြင်လိုက်တဲ့အခါ အစိမ်းရောင်ဖျော့ဖျော့၊ ၀ါတာတာ ဆိုတော့ ရှောင်သီးလား၊ ကျွဲကောသီးတွေလားဆို အနားကပ် သွားကြည့်ဖြစ်တယ်။ ရှောက်သီးလဲ မဟုတ်ဘူး။ အရွယ်က ကျွဲကောသီးလောက်လဲ မကြီးဘူး။ grapefruit သီးအရွယ်လောက်ပဲ ရှိတယ်။ ကိုင်ကြည့်တော့ ကျွဲကောသီး မဟုတ်တာ သေချာတယ်။ ဒီအသီးကို ဘယ်လိုခေါ်လဲ မေးတော့ တရုတ်လိုဖြေတယ်။ ကိုယ်လည်း နားမလည်။ ဘေးမှ ၀ယ်နေတဲ့ အန်တီကြီးတွေကို မေးကြည့်တော့ ချိုတယ်၊ စားကောင်းတယ်လို့ ပြောတယ်။ သူတို့ တွေလည်း အများကြီးဝယ်ကြတာတွေ့ တယ်။ ဈေးလည်းကြီးတာ မဟုတ်ဘူး၊ စမ်းစားကြည့်မယ်၊ grapefruit လိုခါးမယ်ဆိုရင်သာ မစားနိုင်တာ၊ မချိုပဲ ချဉ်ရင်ကတော့ နွယ်ချိုမှုန့်နဲ့ တို့ စားလည်းရတယ်၊ ဒါမှမဟုတ် ရှောက်သီးသုပ်သလို သုပ်စားလိုက်လည်း ဖြစ်တာပဲလို့  စဉ်းစားပြီး ၀ယ်ဖြစ်သွားခဲ့တယ်။

From Everything
စားကြည့်တော့ စားလို့ ကောင်းတယ်။ အရသာက ကျွဲကောသီးနဲ့  စားရသလိုပဲ။ ချိုတယ်လို့ တောင်ပြောလို့ ရမယ်။ ချဉ်ရင် နွယ်ချိုမှုန့် နဲ့ တို့ စားမယ်ဆိုပြီး အမှုန့်တွေပြင်ထားတာတောင် အပိုဖြစ်သွားတယ်။ ဒီတိုင်းပဲ ကုန်အောင်စားပစ်လိုက်တယ်။

From Everything
မြန်မာလို့  ဘယ်လိုခေါ်လဲ မသိဘူး။ ခုအသီးစားရင်  ဒီအသီးကို English လိုဘယ်လိုခေါ်သလဲ လိုက်ရှာဖတ်ကြည့်တော့ Gold Sweetie ( Sweetie grapefruits from Israel ) ဆိုတာ ဒီအသီး ဖြစ်နိုင်တယ်။ ဒါမှမဟုတ် 'Oro Blanco' pummelo-grapefruit hybrid ဆိုတဲ့အသီးလည်း ဖြစ်နိုင်တယ်။ 

'Oro Blanco' or 'Sweetie' တစ်ခုခု ဖြစ်မှာတော့ သေချာပါတယ်။ :D