Pages

May 31, 2010

TipMeet ( Free US$ 3 to call Home)

TipMeet.com မှာ အကောင့်တစ်ခု ဖွင့်လိုက်မယ် ဆိုရင် Free US$ 3.00 ရနေပါတယ်။ အဲဒီ ၃ ဒေါ်လာ သုံးပြီး ရန်ကုန်ကို ခေါ်ကြည့်တာ ရတယ်လို့သိရပါတယ်။

ဟုတ်ပါတယ်။ တကောင့်ဖွင့်ကြည့်တာ ယူအက်စ် ၃.၀၀ ရတာပါ။ အကောင့်ထဲ စ၀င်ဝင်ချင်းမှာ USD 0.00 လို့ ပဲပေါ်တာတွေ့ ရတယ်။ ဒါပေမယ့် တခြား Page တွေကို သွားလိုက်ပါ။ ပြီးရင် Home ကိုပြန်လာကြည့်တဲ့ အခါ USD 3.00 ဆိုပြီး ပေါ်လာတာ တွေ့ ရပါတယ်။ အလုပ်မှာဆိုတော့ အကောင့်ပဲ ဖွင့်ကြည့်လိုက်တယ်။ ဟိုပိတ်ဒီပိတ် ဆိုတော့ စမ်းခေါ်ကြည့်လို့  မရဘူး။ ရတဲ့သူများ ခေါ်နိုင်အောင်လို့  ထပ်ဆင့် သတင်းပေးတာပါ။

ဘယ်လို ခေါ်ရမလဲဆို "TipMeet2Go" ဆိုတဲ့ Tag မှာ ပြီး ကိုယ်ခေါ်ချင်တဲ့ ဖုန်းနံပါတ်ထည့် (00 + country code + city code + phone number) ခေါ်ရတယ်လို့  ထင်တယ်။ ကိုယ်လည်း မခေါ်ကြည့်ရသေးလို့  သေချာ မပြောနိုင်ဘူး ဖြစ်နေတယ်။ ဒီမှာတော့ ဖတ်လို့ ရတယ်။ How to make a call ။ ကိုယ့်တိုင် ခေါ်လို့ သာ မရတယ်။ စမ်းလိုက်တာ အကောင့် ၃ ခု ဖွင့်ပြီးသား ဖြစ်သွားတယ်။ :D

အကြံဥာဏ်ပေးချင်တာက ဒီလို ဆိုဒ်တွေ သုံးမယ်ဆို ကိုယ့်ရဲ့ Primary Email မသုံးပါနဲ့ ။ ဖြစ်နိုင်ရင် အလကားရတဲ့ Gmail/Yahoo/Hotmail မှာ အီးမေး အကောင့်တွေ စိတ်ကြိုက် ထပ်ဖွင့်ပြီး သုံးပါ။

Credit to Ko Boyz

May 30, 2010

Self-pity

Self-pity

I never saw a wild thing
sorry for itself.
A small bird will drop frozen dead from a bough
without ever having felt sorry for itself.

D.H. Lawrence

May 28, 2010

ရှားရှားပါးပါး... ငါးပုဏ္ဏား

မယုံဘူးလား။ တကယ် စားခဲ့တာပါ။ ဓာတ်ပုံတွေ သက်သေ ရှိပါတယ်။ ရှားရှားပါးပါး ငါးပုဏ္ဏား။ မြန်မာပြည်က လာကြတာပါ။ ဥတွေနဲ့ ။ ငါးပုဏ္ဏားကို ကြော်ပြီး ကြက်သွန်နီ၊ ငရုတ်သီးကြော်တွေနဲ့ ပြန်ရောထားတာ။
စားလို့ အရမ်း ကောင်းတယ်။
From Burmese Food
ကိုယ်တိုင်ချက်တာ ဘယ်ဟုတ်မလဲ။ သဘောကောင်းတဲ့ အစ်မတစ်ယောက် ချက်ကျွေးတာပါ။ (ဟိုအစ်မကြီး မဟုတ်ဘူး။ သူက ကိုယ့်လိုပဲ ဆိုင်မှာပဲ ခပ်လွယ်လွယ်ဝယ်စားတာ။ ) ငါးပုဏ္ဏား စားချင်တယ် ပြောလိုက်မိလို့  မှတ်မှတ်ရရ ထည့်ချက်ကျွေးတာ အထူးကျေးဇူးပါ။ အရမ်းစားလို့ ကောင်းပါတယ်။ ငါးကြော်ကလည်း အများကြီးမှ တကယ့်ကို အများကြီး။ အပေါ် ပုံက ငါးကြော် အားလုံးရဲ့ တစ်ဝက်လောက်ပဲ ရှိတယ်။ တခြားဟင်းတွေလည်း အများကြီး ချက်တယ်။ တခြားဟင်းပုံတွေတော့ နောက်မှ။
အခုတခါက ငါးပုဏ္ဏား သီးသန့် ...
From Burmese Food
ရှားရှားပါးပါး ကြိုက်တဲ့ ငါးဟင်း။ အိမ်မှာ ဆိုရင် ငါးပုဏ္ဏားပေါ်ချိန် ရောက်ပြီဆိုတဲ့ အခါတိုင်း အမေက ဥတွေနဲ့  ငါးပုဏ္ဏားတွေကို လိုက်ရှာဝယ်၊ ကြော်ပြီး ခရမ်းချဉ်သီး အနှစ်နဲ့  ဆီပြန် ပြန်ချက်ပေးလေ့ ရှိတယ်။

စားရဖို့ မလွယ်လို့  အသေအချာ မှတ်တမ်းတင်ထားတာပါ။ စင်္ကာပူက လူတွေ စားချင်တယ်ဆို စစ်တီးဟောမှာ ငါးပုဏ္ဏား ၀ယ်လို့ ရတယ်လို့ သိရပါတယ်။ တခြားနိုင်ငံတွေတော့ မသိပါ။ စားချင်ရင် ဒီကိုလာ။

May 26, 2010

26 May 2010

အိပ်ချင်နေတယ်။ အခုအချိန်အထိ Testing မစသေးဘူးဆိုတော့ ဘာမှလုပ်စရာမရှိ ဖြစ်နေလို့  ဖြစ်မယ်။ တခြားအလုပ်တွေလည်း မလုပ်ချင်တော့ဘူး။

ဒီနေ့  နေ့ လည် လေယာဉ်နဲ့  အစ်ကို ရန်ကုန် ပြန်သွားတယ်။ ခုလိုပြန်သွားတော့လည်း အစ်ကိုကြီးကို သတိရမိသား။ နောက်ဘယ်တော့ ပြန်တွေ့ မလဲ မသိဘူး။ အစ်ကို ဒီမှာ စာမေးပွဲလာဖြေတုန်းကလို့  ကြာကြာတွေ့ ရဖို့ က ခက်သွားတယ်။ ကိုယ်ရန်ကုန်ပြန်တဲ့ ခနတစ်ဖြုတ် အချိန်မှာလည်း အစ်ကိုက ရန်ကုန်မှာ မရှိတာများတယ်။ အစ်ကိုတွေ မောင်တွေ နဲ့ က သူတို့  ဒီလာမှသာ တွေ့ ရလေ့ရှိတာ။

ပြီးခဲ့တဲ့ရက်တွေက ဟိုသွားဒီသွား၊ ဟိုဝယ်ဒီဝယ် လုပ်နေတာကြောင့် အိမ်ပြန်ချိန် အမြဲနောက်ကျတယ်။ တခြား ပစ္စည်းတွေ ၀ယ်ရတာတွေ မပင်ပန်းပါဘူး။ ဒါပေမယ့် တချို့ ပစ္စည်းတွေ လိုက်ရှာ ၀ယ်ရတာ အတော်ကြီး ပင်ပန်းတယ်။ တကယ်တော့ ဘာဝယ်ရမှန်း မသိတာပါ။ ကိုယ်မှ မ၀ယ်တတ်တာ။ စိတ်လည်း မ၀င်စားဘူးလေ၊ ကိုယ့်အတွက်ကိုယ်လည်း တခါမှ မ၀ယ်ဖူးဘူး။ ဒီတခါလည်း ဟိုအစ်မကြီးကို အရမ်း သတိရပါတယ်။ သူသာဆို ဒါမျိုးတွေကို အခက်အခဲမရှိ လွယ်လွယ်ကူကူ ၀ယ်တတ်မှာ။

အမေက ဒါလေးတွေ ၀ယ်ပေးလိုက်နော်ဆိုပြီး အစ်ကိုစာမေးပွဲအောင်လို့  ပြန်လာတော့မယ်ဆိုကတည်းက အသေအချာမှာတာ။ ဘာဝယ်ရမှန်းမသိလို မ၀ယ်ဖြစ်ဘူး။ မနေ့ ကတော့ နေ့ တစ်ဝက်ခွင့် ယူတယ်။ မှာတာတွေ မထည့်ပေးလိုက်ရင် ဆူခံရတော့မှာ။ ၁ နာရီအလုပ် ကထွက်၊ ထမင်းစား၊ ၂ နာရီက ဆိုင်တွေလိုက်ကြည့်တာ ညနေ ၆ နာရီမှ တော့ မ၀ယ်လို့ မဖြစ်တော့ဘူးဆို စိတ်ကူးတည့်တာတွေ ၀ယ်ထည့်လိုက်တယ်။ အေးရော။ စိတ်ပင်ပန်း လိုက်တာ။ အလုပ်လုပ်ရတာ ဒီလောက် ပင်ပန်းတယ် မခံစားရဘူး။

အရင်က တခြားသူတွေအတွက် ၀ယ်မပေးဖူးဘူး။ ညီမ အတွက်နဲ့  အမေ့အတွက်ပဲ ၀ယ်ပေးလေ့ ရှိတာ။ ညီမလေး အတွက်က ရှင်းတယ်။ လျှောက်သွားရင် စိတ်ကူးတည့်တာတွေ့ ရင်၊ ပို့ ဖို့ လည်း အဆင်ပြေတယ်ဆို ၀ယ်ပေးလိုက်တယ်။ သုံးချင်သုံး မသုံးချင်နေ၊ ဘာမှ ဆင်ခြေမတတ်နဲ့ ။ အမေ့အတွက်က ၀ယ်ရလွယ်တယ်၊ လူကြီးအတွက်လည်း ဖြစ်ပြန်၊ ကျွန်မတို့ မောင်နှမတွေ၊ ၀မ်းကွဲအစ်ကိုတွေမောင်တွေ ၀ယ်ပေးနေကြလေ့ရှိတဲ့ အမျိုးအစားတွေ၊ ပုံစံတွေက သိပ်ရွေးစရာ လည်းမရှိဆိုတော့၊ ပုံစံ ထပ်မနေအောင်သာ နည်းနည်း သတိထားဝယ် လိုက်ရုံပဲ။ ကိုယ့်အမေ ဘာလိုပုံစံ ကြိုက်တယ်ဆိုတာ သိနေလို့  လွယ်တာလည်း ဖြစ်နိုင်ပါတယ်။

အခုဟာက တစ်ဝမ်းကွဲအစ်မ အတွက်နဲ့  ယောင်းမ၀မ်းကွဲလို့  ခေါ်မလား တစ်ဝမ်းကွဲ အစ်ကိုရဲ့ မိန်းမရယ်အတွက် ၀ယ်ရတာ။ မ၀ယ်ပေးချင်တာ မဟုတ်ပါဘူး။ သူတို့  ဘာသာ ကြိုက်တာရွေး၊ ကိုယ်ပိုက်ဆံရှင်းဆို ကိစ္စမရှိဘူး။ ဘာမှန်းမသိ ကိုယ်ကရွေးဝယ်ပေးရတာကို မကြိုက်တာ။ ဘာပဲဖြစ်ဖြစ် အခုဆို ၀ယ်ပေးလိုက်တာတွေ အမေ တွေ့ နေလောက်ပြီ။ ဘာပြောမလဲ မသိဘူး။ မကြိုက်လည်း ဘာမှပြောမှာ မဟုတ်ပါဘူး၊ ဒီသမီးက ဒါမျိုးဝယ်ထည့် ပေးလိုက်တာက အတော်လေး ကြိုးစားပေးလိုက်တာဖြစ်ကြောင်း အမေ သိလောက်ပါတယ်။

တကယ်ဆို ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ ကိုယ် ၀ယ်လေ့လည်း မရှိ၊ စိတ်လည်း မ၀င်စား၊ သူများတွေ ဘယ်လိုဟာတွေ သုံးတယ်ဆိုတာမျိုးလည်း သတိထားမကြည့်မိဆိုတဲ့အတွက် ပင်ပန်းနေတာပါ။ ဟိုအစ်မကြီးဆို အပြင်သွားလို့  ပြန်လာရင် မှတ်သားစရာသာ မပါမယ်၊ ဒါမျိုး တစ်ခုတော့ ပါလာလိမ့်မယ် ပြောထားတယ်။ ဒါကြောင့်လည်း အစ်မကြီးကို သတိရနေရတာ....... တကယ်ပါ။ အမြဲ တမ်းလို့  မပြောနိုင်ပေမယ့် တိုက်ဆိုင်မှု့ တွေကြုံလာတဲ့ အခါတိုင်းမှာတော့ အစ်မကြီးကို သတိရနေပါတယ်...

* * * * * * * *
9:25 PM ..
ခေါင်းစားမယ့် အလုပ်လေးတွေပေါ်လာလို့  လုပ်လိုက်ပါအုံးမယ်။
ဒီနေ့  သန်းခေါင်းမကျော်ခင်တော့ ပြန်ရမယ် မျှော်လင့်ပါတယ်။

သန်းခေါင်ကျော်သွားပြီ။ အိမ်ပြန်ချိန် မနက် ၁း၀၀။

သေချာတယ် မင်းကိုသိပ်ချစ်တယ်.

FB ထဲက သူငယ်ချင်းတစ်ယောက်က ဒီသီချင်းစာသားတချို့ တင်ပြီး သီချင်းခေါင်းစဉ်ဘာလဲ၊ ဘယ်သူဆိုတာလဲ မေးထားလို့  ပြန်နားထောင် ဖြစ်သွားတယ်။ စာသား မြင်တာနဲ့ ဘယ်သူဆိုတယ် ဆိုတာ မှတ်မိတယ်။ မဆိုးဘူး။ တော်တယ် (ကိုယ့်ဘာသာချီးကျူးလိုက်တယ်) အဲဒီသီချင်းအခွေကို လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်က သူငယ်ချင်း တစ်ယောက်ပြလို့  နားထောင်ဖြစ်သွားခဲ့တာ။ ဒီသီချင်း မဆိုးဘူးဆိုပြီး သဘောကျတာနဲ့  ဒီမှာ တင်ခဲ့သေးတယ်။ ခုတခါ စာသားတွေ တင်လိုက်တယ်။ အဲဒီ အဖွဲ့ နဲ့  သက်ဆိုင်သူ.... သီချင်းတွေကို အားပေးနေပါတယ်လို့  ကြုံရင်ပြောပြလိုက်ပါ ;)

သိတ်ချစ်တယ် - Two Plus
ရင်တွေခုန်တာ ထိန်းမရခဲ့.. ငါမင်းကိုချစ်တဲ့အကြောင်းဖွင့်ပြောမိတော့
ငါ့ကိုချာချာလည်အောင်ဟားတိုက်ခဲ့ . ဒီစကားကို မင်းရင်ထဲ ခံစားချက်မဲ့
အိပ်မက်ရှည်ကြီးထဲ ငါ့ကိုအချိန်တွေကုန်အောင်နှိပ်စက်နေခဲ့

ဘယ်လိုပြောပြရမယ် မင်းကိုချစ်တဲ့အကြောင်း
ယုံအောင်ပြောဖို့ ခက်တယ် မင်းရဲ့သံသယစိတ်တွေကြောင့်
မင်းတစ်ယောက်တည်း ချစ်တာ.. မပြောင်းလဲမယ့် ကိုယ့်အချစ်များ
တကယ်ပါ ရင်ခွင်မှာ စိုးမိုးလွန်း.. အချိန်မှန် မင်းရဲ့အပြုံးနဲ့ စကားသံများရယ်....
အမြဲတမ်းပဲ စွဲလမ်းနေခဲ့တယ်... သေချာတယ် မင်းကိုသိပ်ချစ်တယ်.

ရင်မှာတကယ်ကိုစိုးရွံ့ ခဲ့ မင်းစိတ်ဆိုးကာ ငါ့ကို မုန်းမယ်နေ့ 
ငါလေသိလိုက်တယ် တနေ့ ကပဲ .. မျှော်လင့်ချက်မဲ့တဲ့ မင်းရဲ့စကားများနဲ့ 
စိတ်ညစ်နေလည်းပဲ မင်းအသံကြားရင် ပြုံးမိတယ်
ယုံအောင်ပြောဖို့ ခက်တယ် မင်းကိုချစ်တဲ့အကြောင်း
ဘယ်လိုပြောပြရမယ် မင်းရဲ့ သံသယစိတ်တွေကြောင့်
မင်းတစ်ယောက်တည်း ချစ်တာ.. မပြောင်းလဲမယ့် ကိုယ့်အချစ်များ
တကယ်ပါ ရင်ခွင်မှာ စိုးမိုးလွန်း.. အချိန်မှန် မင်းရဲ့အပြုံးနဲ့ စကားသံများရယ်....
အမြဲတမ်းပဲ စွဲလမ်းနေခဲ့တယ်... သေချာတယ် မင်းကိုသိပ်ချစ်တယ်.


အားနေတယ်။ ဒီညနေ အလုပ်လုပ်ရမယ်၊ မပြန်ရသေးဘူး။ အခု ညနေစာ ထမင်းသွားစားမယ်။ ပြန်လာရင် တခြားစိတ်ကူး တည့်တာတွေ ဆက်ရေးချင် ရေအုံးမယ်။

May 20, 2010

အတွေး.. အရေး..

ဒီနေ့ထိုင်းရဲ့ နိုင်ငံရေးအခြေအနေတွေဟာ Military Coup ရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေပဲလို့ မြင်တယ်။ ထပ်ဆင်ဟာ ဆိုးပါတယ်။ ဒါပေမယ့် Military Coup ဟာ ထပ်ဆင် ဆိုးတာတွေ ၊ ခြစားတာတွေ ထက်အဆပေါင်းများစွာ ဆိုးရွားပါတယ်။ Military Coup ကြောင့် rules of the game ပျက် ပြယ်သွားပါပြီ။ Rules of the game မရှိတော့တဲ့အခါ၊ အစိုးရတရပ်ကို ဥပဒေဘောင်ထဲက ဖြုတ်ချဖို့ မလွယ်တော့တဲ့အခါ ဘယ်နိုင်ငံမှာမဆို violent movements ဖြစ်လာတတ်ကြပါတယ်။

ပိုပြီး မြင်သာအောင်ဥပမာပေးရမယ်ဆိုရင် ရှပ်နီတွေနဲ့ ရှပ်ဝါတွေ အုပ်စုနှစ်စုဟာ အုပ်စုဖွဲ့ပြီး ဖဲရိုက်ကြပါပါတယ်။ ဖဲဝိုင်းလုံခြုံရေးတွေကို တာဝန်ယူတဲ့ security တွေလဲ အများကြီးချထားတာပေါ့။ ရှပ်နီတွေကဖဲဝိုင်းမှာ နဲနဲအသာရနေတာပေါ့။ ဒါပေမယ့် ရှပ်နီတွေထဲက တယောက်ဖြစ်တဲ့ ထပ်ဆင်ဟာ လူညစ်ပါ၊ ဖဲခိုးရိုက်ပါတယ်။ ဖဲခိုးရိုက်တာ ဖဲဝိုင်းတွေရဲ့ သဘာဝပါ။ သာမန်အားဖြင့် ဆိုရင်ဖဲခိုးရိုက်တဲ့ ထပ်ဆင်ကိုဖဲ ခိုးရိုက်တာကို မမိမိအောင် ဖမ်းပြီး action ယူသင့်ပါတယ်။ ဖဲကစားသူတွေ အချင်းချင်း ရှင်းရမယ့် ကိစ္စပါ။ ဒါကို ဖဲဝိုင်းစောင့်တဲ့ security တွေက သူတော်ကောင်းလုပ်ပြီး တယောက်နဲ့တယောက် ယုံကြည်မှု့တွေနဲ့ ဆော့နေတဲ့ ဖဲဝိုင်းတခုလုံးကို အင်အားသုံး ဖျက်ကာ ရှပ်နီအားလုံး ပိုက်ဆံတွေ သိမ်းပြီး ရှပ်ဝါတွေပေးကာ ရှပ်ဝါတွေကို အနိုင်ပေးလိုက်ပါတယ်။ သာမန်အားဖြင့် ကြည့်ရင်တော့ ကောင်းကောင်း မွန်မွန်ဆော့နေတဲ့ ရှပ်ဝါတွေရှုံးတဲ့ ပိုက်ဆံတွေ ပြန်ရသွားလို့ ကောင်းတာပေါ့။ နောက် ရှပ်ဝါတွေက ဦးဆောင်ပြီး rules တွေ သတ်မှတ်ကာ ဖဲဝိုင်းပြန်စဖို့ ကြိုးစားကြပါတယ်။ (အရင်တုန်းက ဖဲဝိုင်းဟာ ရှပ်နီတွေရော ရှပ်ဝါတွေအားလုံး သဘောတူ သတ်မှတ်ထားတဲ့ rules တွေနဲ့ ဆော့တာပါ။ ) ရှပ်နီတွေက လက်မခံတော့ပါဘူး။ နဂိုထဲက ခပ်ဆိုးဆိုးဖြစ်တဲ့ ရှပ်နီတွေဟာ ရပ်ကွက်ထဲမှာ ဓါးတွေတဝင့်ဝင့်နဲ့ အော်ဟစ်ဆဲဆို သောင်းကျန်းကြပါတော့တယ်။ ရှပ်ဝါတွေက ကုပ်ကုပ် ကုပ်ကုပ်နဲ့ သိပ်ကြမ်းရဲတဲ့ လူမိုက်ဆန်ဆန်လူတွေ မဟုတ်တော့ အိမ်ရှေ့တွေ၊ ရပ်ကွက်ထဲတွေမှာ ရှပ်နီတွေက အော်ဟစ်ဆဲဆို သောင်းကြမ်းနေတာတွေကို တုန့်ပြန်တဲ့ အနေနဲ့ လမ်းပေါ်ထွက်ပြီး ရန်မဖြစ် ရဲကြဘူးပေါ့။ ရှပ်နီတွေကတော့ မိုးမွန်အောင် သောင်းကြမ်းကြတော့ ဘေးပတ်ဝန်းကျင် ရပ်ကွက်တွေရော၊ တမြို့လုံးကပါ သတိထားမိလာကြ ပါတယ်။ တော်တော် ဆိုးကြတယ်ပေါ့။ ဒါနဲ့ပဲ ရှပ်နီတွေဆိုးကြတယ် ဆိုပြီး လုံခြုံရေးတွေက လမ်းမပေါ်မှာ အော်ဟစ်ဆဲဆို သောင်းကြမ်းနေတဲ့ ရှပ်နီတွေကို အင်အားသုံးပြီး ဝင်ရိုက် နှိမ်နှင်းကြပါတယ်။ အဲ့ဒီတော့ တရပ်ကွက်လုံးသွေးတွေ သံတွေတရွဲရွဲနဲ့ ရိုက်ပွဲတွေကို အခုအားလုံး မြင်တွေနေရတာပေါ့။ ဒါပေမယ့် သူတို့အားလုံးဟာ ဖဲရိုက်ရင်း အသက်မွေးကြရတဲ့သူတွေပါ။ ရှပ်နီတွေရော ရှပ်ဝါတွေရောပါဝင်တဲ့ ဖဲဝိုင်းတွေ ပြန်စနိုင်မှ အားလုံး ချောင်ချောင်လည်လည်နဲ့ အဆင်ပြန်ပြေကြမှာ ဖြစ်ပါတယ်။

ကဲ..... ဖဲဝိုင်းတွေ ဘယ်လိုပြန်စကြမတုန်း။

May 19, 2010

.....

19th May 2010
...

ကြွားမလို့  နေရာကြိုဦးထားတယ်။
ဒီနေ့  အချိန်သိပ်မရလို့ .

May 18, 2010

To Protect Your Privacy

Website တွေ၊ အထူးသဖြင့် မြန်မာ blogs တွေသွားရင် tools ပေါင်းစုံ သုံးပြီး ဘယ်နိုင်ငံ၊ ဘယ်မြို့၊ ဘယ် IP စသည်ဖြင့် လာကြည့်တဲ့သူတွေကို track လုပ်တတ်ကြတယ်။ ဒါမျိုးလုပ်တာတွေက ကိုယ်ရဲ့ privacy ကိုထိခိုက်တယ်၊ စိတ်အနှောက်အယှက် ဖြစ်တယ် ခံစားရရင် ဒါလေး သုံးကြည့်ပါ။ Web bugs တော်တော်များများကို block လုပ်ပေးပါတယ်။ Blogs တွေ သွားကြည့်ရင် ကိုယ့်ရဲ့ခြေရာလက်ရာ မကျန်ခဲ့တော့ဘူးပေါ့။ သုံးဖြစ်နေတာတော့ ကြာပါပြီ၊ တနှစ်နီးပါးလောက်ရှိပြီ ထင်တယ်။ အခုမှ စိတ်ကူးပေါက်လို့ share လိုက်တာပါ။


သုံးရတာ လွယ်ပါတယ်။ Ghostery Add-on ကို Install လုပ်ပြီး Firefox ကို restart လုပ်လိုက်ရင် Firefox ရဲ့ အောက်ဆုံးက Status bar မှာ ဒီလို icon လေး နဲ့  ကိုယ်ဖွင့်ထားတဲ့ ဆိုဒ်မှာ Track လုပ်နေတဲ့ အရေအတွက် ပေါ်နေကို တွေ့ ရပါလိမ့်မယ်။ Icon လေးပေါ် Click လုပ်ပြီး ပိတ်ချင်တာကို တစ်ခုချင်း ရွေးပိတ်လို့ ရသလို Detect လုပ်နိုင်သမျှ အကုန်ပိတ်မယ်ဆိုတဲ့ သဘောနဲ့  Blocking (On) ဆိုတာကို ရွေးထားလိုက်လည်း ရပါတယ်။



Ghostery Addon for Firefox ကို ဒီနေရာမှာ ယူလို့ ရပါတယ်။ တခြား IE နဲ့  Chrome အတွက်ကိုလည်း ရှိပါတယ်။ ဒါပေမယ့် Chrome မှာတော့ Blocking features မရသေးပါဘူး။


တခြား သုံးလေ့ရှိတဲ့၊ အသုံးဝင်တဲ့ Firefox add-on တချို့ ပါ။

Tamper Data နဲ့ Live Http headers က ကိုယ်သွားကြည့်တဲ့ website ကကိုယ့်ကွန်ပြူတာထဲကို malicious code တွေ inject လုပ်ထည့်နေတယ်လို့  သံသယဖြစ်တဲ့အခါ http request နဲ့ response information တွေကို အသေးစိတ်ကြည့်ပြီး review လုပ်နိုင်ပါတယ်။ web developer တွေ
 debugging လုပ်ရာမှာလဲ အသုံးတည့်ပါတယ်။
ဒါကတော့ Autonomous System (AS Number) lookup လုပ်တဲ့ addon ပါ။ Network Engineer တွေအသုံးတည့် ပါတယ်။
ဒါကတော့ ကိုယ်သွားကြည့်တဲ့ website ကို host လုပ်ထားတဲ့ server IP address ကို အလွယ်တကူသိနိုင်ပါတယ်။
ကိုယ်သွားကြည့် တဲ့ website တွေဟာဘယ် web server အမျိုးအစားသုံးထားလဲဆိုတာ သိချင်ရင် ဒါလေး သုံးကြည့်နိုင်ပါတယ်။ 
တခြား header information တွေလည်း ကြည့်လို့ရပါတယ်။

နှေးလွန်းလှပါသည်။

ခုရက်ပိုင်း အလုပ်မှာ အင်တာနက်သုံးရတာ အရမ်းနှေးနေတယ်။ မြန်မာပြည်ပြန်တဲ့အချိန်က Internet Cafe သွားပြီး သုံုးခဲ့ရတဲ့ အင်တာနက်ရဲ့ အမြန်နှုန်းကတောင်မှ အခု အလုပ်မှာ သုံးနေရတာထက် ပိုမြန်တယ်။

အလုပ်က အင်တာနက်သုံးရတာ အရင်ကလည်း အရမ်း မမြန်ပါဘူး။ ဒါပေမယ့် လက်ခံနိုင်တဲ့ အဆင့်ရှိသေးတယ်။ အခုတော့ ခပ်ရှင်းရှင်း Googel Home Page သွားတာတောင် ၂ မိနစ်လောက်ကြာတယ်။ ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေက အလုပ်က Proxy Server ကို နေရာပြောင်းတယ်။ အဲလိုနောက်ပိုင်း အခုလို အရမ်းနှေးသွားတာပါပဲ။ ဒါပေမယ့် ခုလို နေရာပြောင်းရွှေ့ ရာမှာ ဘာပြဿနာမှမရှိ အစစအရာရာ အဆင်ပြေအောင်မြင်စွာ ပြောင်းရွှေ့ ပြီးစီးကြောင်း.. အီးမေးကိုတော့ မနေ့ ကရတယ်။ ဘာတွေပြောပြော တစ်ခုခု မှားနေတာ သေချာပါတယ်။

့အလုပ်မှာ အင်တာနက်က မြန်မာပြည်မှာ သုံးရတာနဲ့  သိပ်မကွာပါဘူး။ ငြီးဖူး ပါတယ်။ အလုပ်မှာ Fire Sharing ဆိုဒ်တွေ အကုန်ပိတ်ထားတယ်၊ Free Email ဆိုဒ်တွေ သုံးမရဘူး။ URL မှာ Chat ၊ Proxy စာလုံးတွေပါတဲ့ ဘယ် URL မှ သွားမရ။ ပိတ်ထားတာတွေမှ အများကြီး။ အများကြီးဆိုတဲ့ အကြောင်း။ ဟိုနေ့ က သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံတွေ vote လုပ်ပါအုံးဆိုပြီး ပေးလာတဲ့ southeastasia.org ဆိုတဲ့ ဆိုဒ်လည်း သွားမရတဲ့ ကန့် သတ်နယ်မြေထဲမှာ ပါနေတယ်။ မြန်မာပြည်က အင်တာနက်ထက် သာတာဆိုလို့  မြန်မာနိုင်ငံရေးအကြောင်းတွေ ရေးတဲ့ ဆိုဒ်တွေ ပိတ်မထားတာပဲ ရှိမယ်။ ဒါလည်း အခုရက်ပိုင်း အင်တာနက်နှေးလွန်းနေလို ဘယ်ဆိုဒ်မှ ဖတ်လို့  မရပါ။

အခုကြုံတွေ့ နေရတဲ့ နှေးလွန်းလှတဲ့ အင်တာနက် ကွန်နက်ရှင်ကြောင့် စုံစီနဖာ များပြားလှစွာသော ဘာညာကွိကွလေးများကို ရှုပ်ပွလေးပင်နေအောင် ထည့်ထားတဲ့ Web ဆိုဒ်တွေကို အတော်လေး ကြည့်မရ ဖြစ်နေပါတယ်။ တချို့ ဆိုဒ်တွေကို စိတ်ဝင်စားစရာလေးတွေ ရှိနေလို့  သွားလိုက်တိုင်း Loading ဆိုပြီး ဘာမှတတ်မလာ၊ ဘာမှ ဖတ်မရ။ ခက်ပါတယ်။ အိမ်ရောက်မှ ဖတ်ရင် ရပေမယ့်.. အိမ်မှာရှိချိန်မှ အားလုံးဖတ်ဖို့ ဆိုတာ အဆင်မပြေပါဘူး။ အဓိကက အချိန်မလုံလောက်တာ။ ခုများတော့ Page မှာ ဟိုလာလေးထည့် ကလိချင်၊ ဒီဟာလေးထည့် ကလိချင်တဲ့ အခါတိုင်း မထည့်ပါနဲ့  ဒီတိုင်း ခပ်ရှင်းရှင်းပဲ ထားပါ၊ Loading လုပ်ရတာ လေးနေတာ မကောင်းဘူး ဆိုတဲ့စကားကို ကိုယ်တိုင်ခံစား နားလည်လာပြီ။ ခပ်ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါးဖြစ်အောင် ပြုလုပ် ရေးသားကြတဲ့ ဆိုဒ်တွေရဲ့ တန်ဖိုးကို ပိုသိလာတယ်ပေါ့။

ဒါနဲ့  ထူးတယ်ဆိုရ မလား၊ အလုပ်အင်တာနက်ကတစ်ဆင့် သွားလို့ မရတဲ့ ဆိုဒ်တွေ ထဖြည်းဖြည်း တိုးပွားလာပေမယ့် ဘလော့စပေါ့ကိုတော့ အခုအချိန်အထိ မပိတ်သေးဘူး။

May 17, 2010

ဓာရဏပရိတ်

ဓာရဏပရိတ်တော်အား ကြားနာ၊ရွတ်ဆို ပူဇော်လိုသူများအတွက်
နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ။
  • ဓာရဏပရိတ်တော် ပါဠိ သီးသန့်  - ကြာနီကန်ဆရာတော် (Download)
  • ဓာရဏပရိတ်တော် ပါဠိ နှင့်  အနက် - ကြာနီကန်ဆရာတော် (Download)
  • ဓာရဏပရိတ်တော် ပါဠိ ၊ ပါဠိ နှင့်  အနက် - ကြာနီကန်ဆရာတော် (Download)
ဓာရဏပရိတ်တော်သီးသန့်  ရွတ်ဆိုပူဇော်ချင်သူများ အဆင်ပြေစေဖို့ ရန် dhammadownload မှာ တွေ့ ရှိတဲ့ ကြာနီကန်ဆရာတော် ဟောကြားတော်မူသော ၁ နာရီကျော်ကြာမျှ ရှည်လျားသည့် တရား File ကို ဖြတ်တောက်ပြီး Mp3 Files ပြုလုပ်ကာ Mediafire မှာ ပြန်လည် မျှဝေထားခြင်း ဖြစ်ပါတယ်။

Source : dhammadownload.com

Other Related Post :
ပရိတ်ကြီး ၁၁ သုတ်
ဓမ္မ ဒါန

May 14, 2010

The Victor

The Victor
Poet: C.W. Longenecker

If you think you are beaten, you are.
If you think you dare not, you don’t
If you like to win but think you can’t,
It’s almost a cinch you won’t.

If you think you’ll lose, you’re lost.
For out in the world we find
Success begins with a fellow’s will
It’s all in the state of mind.

If you think you are outclassed, you are.
You’ve got to think high to rise.
You’ve got to be sure of yourself before
You can ever win the prize.

Life’s battles don’t always go
To the stronger or faster man.
But sooner or later, the man who wins
Is the man who thinks he can.



ကိုယ့်ကိုကိုယ် ယုံကြည်မှု့ရှိပါ။
စိတ်ဓာတ်ခိုင်မာပါ။
ကြိုးစားပါ။

May 13, 2010

Congratulations to My Dear Brother.


13-May-2010
Congratulations on passing your exam!!!
We're very happy and proud of you!

ခရီးသွားချိန် : ပဲပြုတ် နှင့်  ထမင်းကြော်

ပဲပြုတ်ဆီဆမ်း၊ ကြက်ဥကြော်နဲ့  ထမင်းကြော်
From Burmese Food

ပဲပြုတ်ဆီဆမ်း၊ ကြက်သား (ထင်တာပဲ) နဲ့  ထမင်းကြော်..
From Burmese Food

ဒီပုံတွေရိုက်ထားတာ ကြာပြီပေါ့။ မနှစ်က မြန်မာပြည်ပြန်တဲ့ အချိန်၊ ခရီးထွက်ဖြစ်တုန်းက ရိုက်ထားတာ။ May 14 2009 က ရိုက်ခဲ့တာ ဆိုတော့ကား မနှစ်က ဒီလိုအချိန်၊ မြန်မာပြည်တွင်းမှာ ခရီးသွားနေခဲ့တယ် ဆိုတာ ပြန်သတိရမိ သွားတယ်။ အဲဒီခရီးစဉ်အကြောင်းတောင် ဟိုတိတိ ဒီတိတိ ပဲ၊ အသေးစိတ် မရေးဖြစ်ဘူး။ ဒီအပေါ်က ထမင်းကြော်ပုံတွေက ရန်ကုန်မြို့ ထဲပြန်အ၀င် ပဲခူး ထင်ပါတယ်၊ အဲဒီမှာ မနက်စာ စားဖို့  ကားရပ်ပေးတုန်းက စားဖြစ်တာတွေပေါ့။ ကားစီးရင်း မအိပ်တတ်တော့ လူကနှုန်းနေပြီး စားချင်စိတ်က မရှိဘူး၊ ဗိုက်မဆာဘူး ဖြစ်နေတာ၊ လူကြီးတွေက နည်းနည်းစားပါ အတင်းပြောလို့  မှာဖြစ် စားဖြစ်ခဲ့တာ။ စားလိုက်တော့ လည်း ကုန်သွားတာပါပဲ။ နှုန်းနေတော့ မှာသမျှ စားစရာ အကုန် ဓာတ်ပုံ မရိုက်ဖြစ်ခဲ့၊ ဒီနှစ်ပွဲသာ ရိုက်ဖြစ်ခဲ့သည်။

ခရီးစဉ်တစ်လျှောက် လမ်းမှာ နားတဲ့စားသောက်ဆိုင်က အစားအသောက်တွေက ပထမ ကြည့်တော့သာ စားချင်စဖွယ် မရှိသလို ခံစားခဲ့ရတယ်၊ ဒါပေမယ့် တကယ်စားကြည့်လိုက်တော့ အတော် စားလို့ ကောင်းတာပဲ။ ဒါက အပြန်မှာ မနက်စာ စားတဲ့ ပုံနော်။ သေချာအောင် ထပ်ပြောတာပါ။ ဆိုင်နာမည်က အောက်ကပုံမှာ။ ဒီပုံက ကားပေါ်က လှမ်းရိုက်ထားတာ၊ ပုံထဲမှာပါတဲ့ ကားက ကျွန်မတို့ စီးခဲ့တဲ့ကား မဟုတ်ဘူး။
From Burmese Food
အဲဒီ ခရီးသွားတုန်းက လမ်းမှာ စားခဲ့တဲ့ အစားအသောက်ပုံတွေ နဲ့  တခြားရန်ကုန်က အစားအသောက်ပုံတွေကို တင်ရမှာ ပျင်းနေတာရယ်၊ အားနာသလိုလို လည်း ဖြစ်နေတာရယ်ကြောင့် မတင်ဖြစ်ခဲ့တာ...... ခုများတော့ တစုံတယောက်သောသူ အစ်မကြီးတစ်ယောက်ကြောင့် နည်းနည်းခြင်း တင်ဖြစ်တော့မယ် ထင်ပါတယ်။

May 12, 2010

Very Long Night


If you are going to let every little thing bother you its going to be a very long night.

--The princess and the frog.


May 11, 2010

သတိရပါသည်...

ပတ်ဝန်းကျင်တစ်ခုလုံး မှောင်လို့  မဲလို့ ။ နာရီကြည့်လိုက်တော့ ၇ နာရီ ပဲရှိသေးသည်။ မိုးတွေအုံ့ နေတာကိုး၊ ဒါပေမယ့် မိုးမရွာသေးပါ။ ရထားစီး အိမ်ပြန်လာသည်။ ဗိုက်ဆာသည်။ စိတ်ပင်ပန်းသွားလျှင် အစာကြေလွယ်ပြီး ဗိုက်ပိုဆာတတ်သည်လို့  တစ်စုံတစ်ယောက်က ပြောသည်။ ဟုတ်မဟုတ် တတ်အပ် မပြောနိုင်။ ယနေ့ အဖို့  ယခင်နေ့ များထက် ပိုဆာနေသည်ကတော့ အမှန်ပင်ဖြစ်သည်။

ရထားပေါ်က အဆင်း လူတွေများသည်။ မိုးရွာ မနေပါ။ ရေစပ်စပ်တွေရသဖြင့် မိုးရွာသွားသည်ဟု ယူဆရသည်။ ဒီည ညစာကို မြန်မာထမင်းဟင်း ၀ယ်စားဖို့ စိတ်ကူး လိုက်သည်။ လူတွေကြားတို့ ဝှေ့ ၊ ထမင်းဆိုင် ရောက်အောင်သွားခဲ့သည်။ ကိုယ့်ရှေ့ မှာ လူ ၃၊၄ ယောက် ရှိနေသည်။ ကိစ်စမရှိ၊ အလျှင်မလို၊ စောင့်နေလိုက်သည်။ ကိုယ့်အလှည့် ရောက်ပြီ။ ထမင်း ကုန်သွားသည်။ အတော်ရောင်းကောင်းပုံ ရသည်။ ဘေးဆိုင်မှ ထမင်းအမြန်သွားယူလာလို့  တော်သေးသည်။

ဘာစားမလဲမေးသည်။ ထမင်း ပါဆယ်သူသွားမည်ဟု ပြောလိုက်သည်။ ထမင်းသပ်သပ် ဟင်းသပ်သပ် ထည့်မည်လားဟု မေးသည်။ မှတ်မိနေသည် ထင်သည်။ ကျွန်မ အဲ့ဒီဆိုင်တွင် ထမင်းဝယ်စားသည့် အခါတိုင်း ထမင်းနှင့် ဟင်း ဘယ်သောအခါမျှ ရောထည့်ယူလေ့ မရှိခဲ့ပါ။ ဖြတ်ကနဲ ဆိုသလို နာမည်ကြီး၊ နာမည်ကျော်၊ လူသိများ ဘလော့ရေးသည့် အစ်မကြီး တစ်ယောက်ကို သတိရသွားသည်။ (ဘာကြောင့် သတိရသနည်း မမေးပါနှင့်  အဖြေမရှိ။) ထို့ ကြောင့် ထမင်းနှင့်ဟင်း ရောထည့်မည် ဟုပြောလိုက်သည်။ အံ့သြသွားသည် ထင်သည်၊ ရောထည့်မှာလား၊ သေချာအောင် ထပ်မေးနေသဖြင့် ဟုတ်ကဲ့ ဒီတစ်ခါ ရောပြီးယူမယ် ထပ်ပြန်ပြော လိုက်ရသေးသည်။

ယနေ့  ညနေ ယခင်အကြိမ်များထက် စကားအတော်များများ ပိုပြောလိုက်ရသည်။ ပဲသီးကြော်ယူမည်၊ အရည်တွေမပါအောင် ခပ်ထည့်ပေးပါ။ အမဲသားကြော် ယူမည်၊ ဆီတွေ အများကြီး မပါပါစေနဲ့ ၊ ဆီစစ်ထည့်ပေးပါ။ ကြက်သားဟင်း ယူမည်၊ ဒါလည်း အနှစ်အများကြီး မထည့်ပါနဲ့ ၊ ဆီတွေ အများကြီးမထည့်ပါနဲ့ ။ ကြက်သားဟင်းတစ်ကော် ကော်ထည့် လိုက်သည်တွင် တော်ပြီ အစ်မ၊ ရပြီ၊ ထပ်မထည့်ပါနဲ့ တော့။ ထမင်းဆိုင်မှ ထည့်ပေးနေသည့် အစ်မကြီးအဖို့  ထူးဆန်းသွားသည် ထင်သည်။ သူက ထပ်ထည့်ပေးချင်နေသေးသည်၊ ရပြီ မထည့်ပါနဲ့ တော့ဟု ထပ်ပြောလိုက်ရသည်။ မတတ်နိုင် သူထပ်ထည့်လည်း ကိုယ်က ကုန်အောင် စားနိုင်မည် မဟုတ်သဖြင့် အပိုမဖြစ်စေချင်။ အရွက် တမျိုး၊ အသား တမျိုး တော်ရောပေါ့ဆိုလျှင် ဒီနေ့ အဖို့  ဗိုက်အတော် ဆာနေသည်။ အသား ၂ မျိုးလောက်တော့ စားသင့်နေသည်ဟု ယူဆမိသည်။

အိမ်ရောက်ပြီ။ ဟို အစ်မကြီးကို သတိ အလွန်ရနေသေးသဖြင့် ၀ယ်လာသော ထမင်းထုတ်ကို အရင် ဓာတ်ပုံရိုက် လိုက်သည်။ သူ့ ကို သတိရသဖြင့်သာ အခုလို ၀ယ်လာမိခြင်း ဖြစ်သည်။
From Everything
ဟို အစ်မကြီး ကျေးဇူးကြီးမား လှပေသည်။ ယခင်အခါများတွင် မြန်မာထမင်းဆိုင်မှ ထမင်းဟင်း ၀ယ်စားသည့် အခါတိုင်း ထမင်း၊ ဟင်းအရွက် တမျိုး၊ အသား တမျိုး၊ ဒါမှမဟုတ် နှစ်မျိုးကို သီးသန့် စီ ၀ယ်ယူလေ့ရှိသဖြင့် စင်္ကာပူဒေါ်လာ ၆ ဒေါ်လာ မှ ၈ ဒေါ်လာ အတွင်း ကျလေ့ရှိနေရာမှ ယနေ့ တွင်မူ စင်္ကာပူဒေါ်လာ ၄ ဒေါ်လာသာ ကုန်ကျခဲ့ သဖြင့် တစ်ဝက်နည်းပါးမျှ အကုန်အကျ သက်သာသွားခဲ့သည်။

ဟင်းဆီ၊ အနှစ်များ၊ အရည်များ မပါအောင် ပြောပါသော်လည်း ထမင်နှင့် ဟင်းများ ရောထည့်ခြင်း အကျိုးဆက်ကြောင့် ရှောင်လွှဲမရ၊ အတော်များများတော့ ပါလာသည်။ ကိစ်စ မရှိပါ။ ဒီနေ့ အဖို့  သည်းခံနိုင်သည်။ ထမင်း အောင်ပိုင်း၊ ဆီဝပ်နေသောနေရာကို ချန်လှပ်ပြီး စားသောက်လိုက်ပါသည်။
From Everything
ဒီနေ့ ညစာ စားသည့်ပမာဏ အနည်းငယ်များသွားသဖြင့် အစားကြေဆေးပါ စားထားလိုက်သည်။ ကြိုတင် အစားထားပါက ညနက်ပိုင်းတွင် ဗိုက်အောင့်မှု့  ဝေဒါနာကို ခံစားရမည်မှာ သေချာသလောက်ရှိနေပါသည်။ ဟို အစ်မကြီးကို သတိရနေပါသေးသည်။

May 09, 2010

Pink Banana

ပန်းရောင် ငှက်ပျောဖူး..
From Nature

From Nature
ဟိုတနေ့ က နေ့ လည် ထမင်းစားချိန် သိပ်မဆာတာနဲ့  Camera ယူပြီး အလုပ်နားတစ်ဝိုက် မရောက်ဖူးတဲ့ နေရာတွေ လျှောက်သွား ကြည့်ဖြစ်တယ်။ အလုပ်နားတစ်ဝိုက် တိုက်တွေအကြားမှာ ကုန်းမြင့်လေးတွေ ရှိတယ်။ လျှောက်သွားကြည့်ချင်တာ ကြာပါပြီ။ အခု ငှက်ပျောဖူးတွေကိုလည်း ကုန်းမြင့်လေးတစ်ခုပေါ် ပေါ်တတ်သွားရတဲ့ လမ်းမှာတွေ့ တာပါ။ အဲဒီလမ်းလေးက ဆက်တက်သွားရင် တွေ့ ရတဲ့ နေရာလေးက လှတယ်။ အနားတစ်ဝိုက်မှာ စုံတွဲ တစ်တွဲကို ( မင်္ဂလာဆောင်အတွက် ထင်ပါတယ်) ဓာတ်ပုံတွေ ရိုက်နေတာ တွေ့ ခဲ့တယ်။ တစ်ရက်ရက် နေသိပ်မပူ၊ မိုးမရွာတဲ့ နေ့ လည်တစ်ခုမှာ ထပ်သွားကြည့်အုံးမယ်။

May 08, 2010

Food For..

ဂေါ်ဖီရိပ်ရိပ်လေး လှီးထားတာပါမယ်၊ ပဲကြာဇံ၊ အာလူးပြုတ်၊ ပုဇွန်ခြောက်၊ ကြက်သွန်နီ ဆီချက် ၀ါဝါမွှေးမွှေး ခပ်များများနဲ့ ဆို သိပ်ကြိုက်ပေါ့။ အခုလည်း မဆိုးပါဘူး။ စားလို့ ရပါတယ်။
တစ်ယောက်သောသူ စားချင်နေတယ်ဆိုလို့  ကျွန်မစားဖြစ်သွားခဲ့တဲ့ အစားအသောက်တစ်မျိုး..
From Everything
အဓိက တရားခံက ဟိုအစ်မကြီးပေါ့။ သူက စတာပဲ။ ကျွန်မလည်း ကြိုက်ပါတယ်။ ဒါပေမယ့် အိမ်က ထွက်လာကတည်းက စားဖြစ်ခဲတယ်။ ဒါမျိုးကို အပြင်ဆိုင်မှာ စားလေ့မှ မရှိခဲ့တာ။ အိမ်မှာတုန်းကဆို စားရင်လည်း၊ သူများ အဆင်သင့် သုတ်ပေးတာမျိုး မကြိုက်ဘူး။ အသင့် ပြင်ဆင်ထားတဲ့ အစာပလာတွေကို ကိုယ့်စိတ်ကြိုက် ကိုယ့်ဘာသာ ထည့်တယ်၊ ပြီးမှသာ ပန်းကန်ကို လူကြီးတွေပေးပြီး အပေါ့အငံ အစပ်အဟတ် တည့်အောင် သုတ်ပေးပါပြောလေ့ ရှိခဲ့တယ်။ ပြီးရင် အပေါ်က ကြက်သွန်နီ ဆီချက်ဖတ် များများလေး ထပ်ထည့်ပြီး အသားကြော် တစ်မျိုးမျိုးနဲ့  စားတယ်။ ခုများတော့ ဒါမျိုးဝေးနေတာ ကြာပါပြီ။

ရှိတဲ့ ငါးမုန့် နဲ့  ကြက်ဥ ပါကြော်ပြီး စားလိုက်တယ်။
From Everything
စားချင်တယ် ပြောတာတွေထဲက ဒီမှာရနိုင်တာတွေကို သတိတရ လိုက်စားပေးနေမိတော့ ခုရက်ပိုင်း တွေ့ တဲ့သူတွေက ဟိုတလောကလောက် မပိန်တော့ဘူး ပြောကြတယ်။ စေတနာ လက်ငင်း ချက်ချင်းကို အကျိုးပေးတာလို့ ပြောရမယ် ..

May 07, 2010

What I Think Today

အလုပ်ပြောင်းရင် ကောင်းမလား စဉ်းစားနေမိတယ်။
အင်း.. စဉ်းစားတဲ့ အဆင့်ရောက်လာပြီ။

စဉ်းစားနေတယ်ပေါ့။ ဘာတွေလုပ်ရမလဲ။ အလုပ်ပြောင်းမယ် ဆုံးဖြတ်တယ်ဆို ပထမဆုံး CV ပြင်ဆင်ရမယ်။ ပြီးတော့ နေ့ စဉ် အလုပ်ရှာတဲ့ဆိုဒ်တွေ ကြည့်ပြီး အီးမေးတွေပို့ ရမယ်။
နောက်ပြီး အလုပ်လျှောက်ရမှာ ရှောင်လွှဲလို့ မရတဲ့အရာတစ်ခုဖြစ်တဲ့ အင်တာဗျူးတွေ သွားရမယ်။ အင်တာဗျူး မသွားခင် ကိုယ့်ဘက်ကနေ နည်းနည်း ကြိုတင် ပြင်ဆင်ရမှာတွေ ရှိမယ်။

အိုင်တီ အလုပ်တွေမှာ ဘာလို့ စာမေးပွဲတွေ ရှိတာလည်း မသိဘူး။ စိတ်ပျက်ဖို့ ကောင်းတယ်။ တချို့ အလုပ်တွေကတော့ မဖြေခိုင်းပါဘူး။ ဒါပေမယ့် ခုလက်ရှိ လုပ်နေတဲ့အလုပ်နဲ့  ရှေ့ ကအလုပ် နှစ်ခုလုံးမှာ စာမေးပွဲလိုမျိုး ဖြေခဲ့ရတယ်။ အမှတ် မမှားဘူးဆို ၂ ခုလုံး မှာ ၁ နာရီစီ ဖြေခဲ့ရတာ ထင်တယ်။ တစ်ခုက Paper နဲ့  တစ်ခုက Computer နဲ့ ။ Computer နဲ့ က ပိုအဆင်ပြေတယ်။ Paper နဲ့ က ချရေးရတာ ရေးကျင့်ကလည်း မရှိ၊ တခါတလေ မေးတာတွေက ဘာတွေမှန်း မသိရင် စိတ်ပင်ပန်းတယ်။ အဲ့ဒီလိုတွေ အတွက် ဟိုကြည့်ဒီကြည့် နည်းနည်း ပြန်လုပ်ဖို့ လိုမယ်။

တစ်ယောက်နဲ့  တစ်ယောက် ပဲဖြစ်ဖြစ်၊ တစ်ယောက်နဲ့  လူအများဖြစ်ဖြစ် မျက်နှာချင်းဆိုင်တွေ့  ပြီး ဗျူးတာမျိုးတွေက ရှင်းတယ်။ လန့် စရာ လည်း မရှိဘူး။ သူတို့ လည်း မေးချင်ရာ မေးမယ်၊ ကိုယ်ဘက်ကလည်း ဖြေချင်တာ ဖြေမယ်။ တချို့ လူတွေက အင်တာဗျူးကို သိပ်ပြီး ဖြေတတ်ကြတယ်။ ကိုယ်ကတော့ ပုံမှန်ပဲ။ သိတာ သိတယ်၊ လုပ်ဖူးတာဆို လုပ်ဖူးတယ်၊ မလုပ်ဖူးတာ မသိတာဆို မသိဘူး၊ မလုပ်ဖူးဘူး။ လုပ်နိုင်မယ်ထင်တာဆို လုပ်နိုင်မယ်၊ ရှင်းရှင်းပဲ။ ကြိုက်ရင် ခန့် ။ ဒီနေရာမှာ တစ်ခုပဲ ရှိတယ်၊ တခြားနိုင်ငံက ဖုန်းနဲ့  ဗျူးအုံးမယ်ဆို နည်းနည်း အလုပ်ရှုပ်မယ်။ သူငယ်ချင်းတစ်ယောက် ကြုံရတာမျိုးဆို အသံတင်မက၊ ရုပ်ပါမြင်ရပြီး ဗျူးတာမျိုး ရှိနိုင်သေးတယ်။ အဲ့ဒါမျိုးတော့ မကြုံဖူးဘူးသေးဘူး။

အင်တာဗျူးတွေ သွားမယ်ဆို၊ စိတ်ဓာတ်ခိုင်မာဖို့ လိုတယ်။ သူတို့ မေးတာတွေ ကိုယ်မသိတိုင်း ကိုယ်ညံ့တာမျိုး မဟုတ်သလို၊ သူတို့ ကိုယ့်ကိုမခန့် တိုင်း ကိုယ်အသုံးမကျတာမျိုး မဟုတ်ဘူးဆိုတာ အရင်ဆုံး နားလည် ထားရတယ်။ ဒါပေမယ့်... မေးလာတာတွေထဲမှာ သိသင့်တာကို မသိလို့  မပြောနိုင် မဖြေနိုင်တာမျိုးဆိုရင်တော့ ကိုယ်မှာ လိုအပ်ချက်တွေ ရှိနေပြီဆိုတာကို ခွဲခြားမြင်နိုင်ရမှာပေါ့လေ။

အလုပ်အသစ်ရှာကြည့်မယ် ဆုံးဖြတ်တာနဲ့  လက်ရှိဖြစ်နေတဲ့ Job Market ရဲ့ အခြေအနေကို အသေအချာ လေ့လာကြည့် ရအုံးမယ်။ အလုပ်ရှာတာ နဲ့ ပတ်သက်တဲ့ ဆိုဒ်တွေ မ၀င်ကြည့်ဖြစ်တာ အတော်ကြာနေပြီ။ အရင်အလုပ်က အတူလုပ်ခဲ့တဲ့သူတချို့ ၊ ရင်းနှီးတဲ့သူငယ်ချင်းတချို့ ကို နည်းနည်း မေးကြည့်အုံးမှ ထင်တယ်။ လခဆိုတာမျိုးက Private And Confidential Info ဆိုတော့ကား ဘယ်လောက်ရနေလဲ လူတိုင်းကို သွားမေးလို့ လည်း မကောင်းဘူး။ တချို့ က မေးလိုက်ရင် ဘယ်လိုမှ မနေ ပြောပြတတ်ပေမယ့်၊ တချို့ က လုံးဝ လူသိခံ ပြောချင်တာမျိုး မဟုတ်ဘူး ဆိုတာနားလည်ထားရတယ်။

အလုပ်အသစ်ပြောင်းဖို့ ရှာတယ်ဆိုတာ လွယ်မလိုနဲ့  ခက်တဲ့ကိစ္စ။ Interview တွေသွားပြီး Offer ရပါအုံး၊ အဲဒီ Offer ကို လက်ခံသင့် မခံသင့် ဆိုတာ အသေအချာ စဉ်းစားဖို့ လိုသေးတယ်။ ဟိုဘက်ကလည်း Offer ပေးပြီဆိုတာနဲ့  ယူမှာလား မြန်မြန်ပြောပါ၊ Sign လာထိုးပါတော့ ဆိုတာမျိုး ဖြစ်တာပဲ။ အလုပ်တွေဘက်က သူတို့ တွေသာ အကြောင်းပြန်ဖို့  ၂ ပတ်၊ တခါတလေ ၁ လ လောက် အချိန်ယူတာ၊ ကိုယ်တွေဘက်ကိုတော့ ၁ ရက် ၂ရက်ထက် ပိုစဉ်းစားတာမျိုး လက်ခံနိုင်တာ မဟုတ်ဘူး။ အလုပ်တွေက လွယ်လွယ်လက်ခံပြီး မကြိုက်လည်း ပြန်ပြောင်းတာပေါ့လို့  လွယ်လွယ်လေးတွေးတာ မကောင်းဘူး။ စဉ်းစားစရာ အချက်တွေက အများကြီး။ ကိုယ့်ကို ထိုက်တန်တဲ့ လခပေးရဲ့လား၊ တိုးတတ်မှု့ ရှိမလား၊ ဘာတွေလေ့လာနိုင်မလဲ၊ လခကောင်းအုံး ကိုယ့်အတွက် ဘာတိုးတတ်မှု့ မှ မပေးနိုင်တဲ့ အလုပ်မျိုး လက်ခံမိမှာ အစိုးရိမ်ရဆုံးပဲ။ အလုပ်လုပ်ရမယ့် နေရာက ဘယ်နေရာမှာလည်းဆိုတာကတော့ နည်းနည် ထည့်စဉ်းစားမယ့် ရမယ်။

ပြောင်းမယ်ဆုံးဖြတ်လည်း ချင်ချင်းကြီး ပြောင်းမှဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုးမဟုတ်တော့ အချိန်အေးဆေးယူပြီး အလုပ်ရှာရင် ရတယ်။ စဉ်းစားနေတာပါ။ လုပ်စရာတွေ ရှုပ်နေတဲ့ကြားထဲ အလုပ်ဆိုဒ်တွေ နေစဉ်ကြည့်၊ အီးမေးတွေပို့ ၊ ဟိုဘက်ကချိန်းရင် အင်တာဗျူးသွား ဘာညာတွေလုပ်ဖို့  စိတ်အင်အား၊တွန်းအား ရှိပါ့မလား။ မသေချာဘူး။

တိုင်ပင်သင့်တဲ့ သူနဲ့ လည်း တိုင်ပင်ရအုံးမယ်။ ဘာပဲဖြစ်ဖြစ် နှစ်အတော်ကြာ မထိမကိုင်တာ ကြာနေပြီဖြစ်တဲ့ CV လေး Update လုပ်ဖို့  အရင်ကြိုးစား လိုက်အုံးမယ်။

May 05, 2010

Comics I Like

နေ့ စဉ် မဟုတ်တောင် တပတ်ကို ၃-၄ ခါ လောက် အနည်းဆုံး ဖတ်ဖြစ်တဲ့ Comics တွေထဲမှာ Garfield အပြင် Zits က Comics တွေလည်း ပါတယ်။ တချို့ ဟာလေးတွေ ဖတ်ပြီး သဘောကျလို့  ပြုံးမိတယ်။



I'm not arguing.
I'm just offering a relentlessly contrary point of view.




I'm not ignoring you..
I'm just paying attention to something more interesting.