Pages

Showing posts with label Diary. Show all posts
Showing posts with label Diary. Show all posts

January 18, 2019

Burmese Zodiac Animal at Thursday Corner

ဓာတ်ပုံရိုက်ဖို့ လူရှင်းအောင်ဘေးလေးမှာ အသာရပ်စောင့်နေတုန်း

အသံတွေ.. အသံတွေ..
တစ်ယောက်က မေးတယ်.. ဒါဘာအကောင်လဲတဲ့
တစ်ယောက်က ဖြေတယ်.. ပူး.. 
နောက်တစ်ယောက်က ဖြေတယ်..ကြွက် 
ပူးပါ.. ကြွက်ပါ ငြင်းနေလိုက်ကြတာ

ကိုယ်မနေနိုင်တော့ ဝင်ပြောလိုက်တယ်..

ဒါက ကြာသာပတေး ထောင့်.. ကြွက်... လို့

သူတို့ ထွက်သွားမှာ သေချာငုံကြည့်မိ..

ပူးလား
ကြွက်လား
ဘာကောင်မှန်း 
ကိုယ်သေချာမသိတော့ပါ။


June 05, 2018

Pokèhunting Journey

665 Days of Pokèhunting Journey💥

✨Level 40 ✨

Pokémon Go ရဲ့ မှာ Level ကုန်သွားပြီ။ အမြင့်ဆုံး ဖြစ်တဲ့ Level 40 ရောက်သွားပါပြီ။

ဒီဂိမ်းကို စင်္ကာပူမှာ တရားဝင် စထွက်တဲ့ အချိန်က 6 August 2016။ ကိုယ်တွေက သူငယ်ချင်းတွေနဲ့  ခရီးသွားနေတော့ ဂိမ်းမဆော့ဖြစ်ဘူး။ ၈ ရက်နေ့ ည ပြန်ရောက် immigration မှာ စောင့်ရင်း သတင်းတွေဖတ်ရင်း ဒီဂိမ်းအကြောင်းတွေ့  လို့  download လုပ် ဆော့ကြည့်တယ်။ နောက်နေ့ ပြန်ဖျက်လိုက်တယ်။ ပျင်းလို့ ။ ၁ ပတ်- ၁၀ ရက်လောက်နေမှ ထပ်ပျင်းတာနဲ့  ဂိမ်းကို download ပြန်လုပ်ဆော့ခဲ့တာ ခု Level 40 ရောက်တဲ့ အထိပါပဲ။

Level 1: Monday, 8 August 2016
Level 40: Sunday, 3 June 2018


အခုလို Level ကုန်သွားလို့  ဆက်ဆော့စရာ မရှိတော့ဘူး ဆိုတာမျိုး မဖြစ်ပါဘူး။

ဒီဂိမ်းက သွားရင်းလာရင်း လမ်းမှာတွေ့ တဲ့ ပိုကီမွန်လေးတွေ ဖမ်းတာ။ ကိုယ်က ဂိမ်းဆော့တာမှာ rule တစ်ခုထားတယ်။ အကောင်စုံအောင်ဆိုပြီး evolve လုပ် မယူဘူး။ wild မှာ ပေါ်တဲ့ ဖမ်းလို့ ရတဲ့ အကောင်ဆို တွေ့ တဲ့ အထိ စောင့်ဖမ်းတယ်။ wild မှာ လုံးဝ မပေါ်ဘူးဆိုမှ evolve လုပ်ယူဖြစ်တယ်။ ဒီတော့ ကိုယ်က အခု Level သာကုန်တယ် မရှိသေးတဲ့ ပိုကီမွန်လေးတွေ အများကြီးကျန်သေးတယ်လေ။

ဂိမ်း Level တက်ဖို့  Experience Point ရအောင် ဆော့တာမျိုး လုပ်ဖို့  မလိုတော့ပေမဲ့ အကောင်လေးတွေစုံအောင်တော့ အေးဆေး ဆက်ဆော့ဖြစ်နေဦးမယ် ထင်ပါတယ်။

အတွေးအခေါ် ကောင်းသူ၊ စဉ်းစားဆင်ခြင်ဉာဏ် ရှိသူတွေဟာ ခုလို ဂိမ်းတစ်ခုမဟုတ် ကစားဖူးကြသည်။ ဒီအထဲကမှ ဇွဲဝီရိယ ရှိသူတွေကတော့ ဂိမ်းတစ်ခုမဟုတ်တစ်ခုကို Level ကုန်အထိ ဆော့ဖူးကြပါသည်။

May 01, 2015

A donation

လှူမယ် စိတ်ကူးတဲ့ အလှူတစ်ခုကို ဒီနေ့  လှူဖြစ်သွားတယ်။

I just made a donation to Nepal Earthquake Relief Fund via DBS iBanking

March 29, 2015

Pay last respect to Singapore's founding father Lee Kuan Yew

Lee Kuan Yew (1923-2015)
ဒီနေ့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ( the founding father of modern Singapore ) လီကွမ်ယု ကိုနောက်ဆုံး အနေနဲ့  နှုတ်ဆက် ဂါရ၀ပြုဖို့  Singapore Poly နားမှာ သွားစောင့်ဖြစ်တယ်။ Dover MRT ကို ရောက်သွားချိန်က နေ့ လည် ၁၂ ကျော်ကျော်လေး။ လူတွေအတော် များနေပြီ။ ဒါပေမယ့် ကံကောင်းတယ်ဆိုရမယ် ကားလမ်းဘေး ဖြတ်သွားရင် သေချာမြင်ရနိုင်တယ့် နေရာမှာ နေရာရတယ်။ ခဏစောင့်ပြီး သိပ်မကြာဘူး မိုးတွေက ရွာလာရော။ ရပ်နေသူအားလုံးပဲ မိုးရွာထဲ ထီးတွေ ဖွင့်ဆောင်းပြီး ဆက်စောင့်ကြတယ်။ စောင့်နေရင်းနဲ့  "Farewell to Lee Kuan Yew" တိုက်ရိုက်ထုတ်လွှင့်နေတာကို ဖုန်းတွေကနေ ကြည့်ကြတယ်။ လူတိုင်း ကိုယ်စီကိုယ့်ဖုန်းကို ထုတ်ကြည့်နေ စရာမလိုဘူး။ ဘေးနားမှာ ကြည့်နေသူတစ်ယောက်က လက်ကို ခပ်မြင့်မြင့်ထားပြီး အနားတစ်ဝိုက်မှာ ရှိတဲ့ လူတွေ မြင်နိုင်အောင် ပြပေးတယ်။ အဲ့လို ပြပေးနေတဲ့သူ လက်ညောင်းသွားတာ၊ ဆက်ပြဖို့  အဆင်မပြေတော့တာကို မြင်ရင် နောက်တစ်ယောက်က သူ့ ဖုန်းကို ထုတ်ပြီး ပြပေးတယ်။ အဲလို့ နဲ့  စောင့်နေတဲ့ ၁ နာရီခွဲကျော်ကျော်အတွင်း YouTube ကနေ တိုက်ရိုက်လွင့်နေတာကို တစ်ချက်မှ လွတ်မသွားပဲ ကြည့်ခွင့်ရခဲ့တယ်။ မိုးကလည်း အဆက်မပြတ် ရွာနေတော့ ထီးတွေ ဘယ်လိုထီးဆောင်း  ထီးတွေက ထပ်နေတော့ ထီးတွေအကြားက ရေတွေကျ မိုးတွေစိုကြတာပဲ။ တစ်ယောက်ယောက်ပေါ် ထီးအစွန်းက ကျတဲ့ရေတွေ တိုက်ရိုက်ကျတာတွေ့ တယ်ဆို အဆင်ပြေအောင် ထီးတွေရွှေ့ပြီး ညှိပေးကြတယ်။ ဒီနေရာမှာ စောင့်နေသူ အားလုံးဟာ ဒီနိုင်ငံရဲ့ ခေါင်းဆောင် လီကွမ်ယူကို နောက်ဆုံး နှုတ်ဆက် ဂါရ၀ပြုကြမယ်ဆိုတဲ့ တစ်ခုတည်းသော တူညီတဲ့ စိတ်နဲ့  ရောက်နေကြသူတွေကြီးပဲဆိုတော့ တစ်ယောက်နဲ့  တစ်ယောက် အငြင်းမပွါး၊ တွန်းတိုက်မှု့  မရှိတာတွေ့ ရတာ စိတ်ချမ်းသာမိတယ်။ တစ်ခြားနေရာတွေမှာတော့ မသိဘူး၊ ကိုယ်တွေ စောင့်တဲ့ နေရာကလူတွေကတော့ လီကွမ်ယုကို သယ်ဆောင်လာတဲ့ ကား ဖြတ်သွားဖို့  နီးကပ်လာချိန်မှာ လေးစားစွာ ဂါရ၀ပြုကြမယ်ဆိုပြီး တညီတညွတ်ထဲ ထီးတွေ အားလုံးပိတ် စောင့်နေခဲ့ကြတယ်။ ခေါင်းကနေ ခြေအဆုံး စိုရွှဲခဲ့ကြတယ်။ ဒါပေမယ့် ဘယ်သူမှ မိုးစိုလို့ ဆို မငြီးငြူခဲ့ကြဘူး။ လီကွမ်ယုကို သည်ဆောင်လာတဲ့ ကားဖြတ်သွားချိန်မှာ သူ့ နာမည်ကို ထပ်ခါထပ်ခါ ကြွေးကျော်ရင်း နောက်ဆုံး နှုတ်ဆက်ကြတယ်။ ကျေးဇူးတင်တယ်ပြောရင်း နှုတ်ဆက်ကြတယ်။ နောက်က ကားတွေဖြတ်သွားချိန်မှာ လက်ခုပ်တီးပြီး အားပေးနှုတ်ဆက်ကြတယ်။

ဒီနေ့  ပြည်သူချစ်တဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့ နောက်ဆုံး ခရီးဟာ ဘယ်လိုလဲဆိုတာကို ပထမဆုံး ကိုယ်တိုင် ကြုံတွေ့ ခံစား သိရှိခဲ့ပါတယ်။

ပုံမှန်ဆို ဓာတ်ပုံတွေ ဟိုရိုက်ဒီရိုက်လုပ်တတ်ပေမယ့် ဒီနေ့ တော့ဘာပုံမှ မရိုက်ဖြစ်ပါဘူး။ ဒီနေ့  သွားတဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်က လီကွမ်ယုကို ဂါရ၀ပြုဖို့ ဆိုတဲ့ စိတ်တစ်ခုပဲရှိတယ်။ ဒီတော့ မြင်သမျှကို စိတ်နဲ့ ပဲ ခံစား မှတ်သားရင်း၊ လီကွမ်ယုကို လေးစားစွာဖြင့် နှုတ်ဆက် ဂါဝရပြုဖြစ်ခဲ့ပါတယ်။

January 06, 2014

Happy and Healthy Year

Get enough sleep - အိပ်ရေး ၀၀ အိပ်ရန်။

ခုနောက်ပိုင်း ညဆို စောစောအိပ်ရာဝင် ဖြစ်တဲ့ အကျင့်ကို ဆက်ထိမ်းထားရမယ်။ အားလပ်ရက်တွေမှာ အပြင်မသွားဖြစ်ဘူးဆို နေ့ လည်ပိုင်း ခဏဖြစ်ဖြစ် တရေးတမော အိပ်ဖြစ်အောင်လည်း ကြိုးစားရမယ်။ 


Eat Healthy - ကျန်းမာရေးနဲ့  ညီညွတ်အောင် စားရန်။

စားချင်တာတွေ ဆက်ပြီး အမြဲစားနေနိုင်အောင် စားချင်တာတွေကို မျှတယုံ စားရင်း၊ စားသင့်တာတွေကိုလည်း စားပေးရမယ် ဆိုတာကို လက်ခံကျင့် သုံးနေတယ်။

Coke လျှော့သောက်တာကို ဆက်ထိမ်း ထားရမယ်။ အသီးအရွက် များများ စားရမယ်။  အသီးအနှံ ပိုစားရမယ်။  တန်ဆေး လွန်ဘေး ဆိုတာကို အစားစားချိန်တိုင်းမှာ သတိရနေဖို့  ပိုကြိုစားရမယ်။


Drink lots of water - ရေများများ သောက်ရန်။

ရအတော်ကြီးဆာမှ ရေသာက်တတ်တဲ့ အကျင့် ရှိနေတယ်။ ခုနောက်ပိုင်းတာ့ ရေမဆာလည်း သောက်ဖြစ်အောင်ကြိုးစားတယ်။
အိမ်မှာရှိနေချိန် မနက်ပိုင်း ရေ နှစ်ခွက်၊ ညနေပြန်လာရင် ရေ နှစ်ခွက် အနည်းဆုံး သောက်ဖြစ်ပေမယ့် နေ့ လည်ဆို ရေသောက်ဖို့  မေ့နေတတ်တယ်။ နေ့ ပိုင်း အလုပ်မှာ ရှိနေချိန်အတွင်းမှာ ရေ ၁ လီတာ ကုန်အောင် သောက်မယ့် စိတ်ကူးပေမယ့် တခါတလေ ရေသောက်ဖို့ မေ့ပြီး မကုန်ဘူး ဖြစ်နေတတ်တာမျိုး ဆက်မဖြစ်နေအောင် ကြိုစားရမယ်။


Do more exercises - ကိုယ်လက်လှုပ်ရှားခြင်းများ ပြုလုပ်ရန်။

အဓိကက စိတ်ဓာတ်ပဲ။ ပျင်းနေတတ်တဲ့ စိတ်ကို ဖျောက်ဖို့ ပဲလိုတာ။
အချိန်လေးနည်းနည်းပေးပြီး လေ့ကျင့်ခန်းတစ်ခု၊ နှစ်ခုကို မှန်မှန် ပြုလုပ်ရမယ်။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမှာ။ စဉ်းစားကြည့်တော့ တစ်ခါမှ မစမ်းဖူးသေးတဲ့ အားကစားနည်းတွေ အများကြီးပဲ။ ဒီနှစ်ကစပြီး ကိုယ်ပုံမှန် အမြဲလုပ်နိုင်မယ့် အားကစားနည်းတွေ မှန်မှန် ဆက်လုပ်ရင်း မလုပ်ဖူးသေးတဲ့ အားကစားနည်းထဲ့ ကိုယ်လုပ်နိုင်သမျှ လက်လှမ်းမှီသမျှကို စမ်းကြည့်မယ်။

Have goals and dreams, and achieve them

ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာမျိုးကို သေချာစိတ်ကူးပြီး ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ ဖြစ်အောင် လုပ်ရမယ်။ အပျင်းခိုတယ်ပြောမလား ဘာမှ ဖြစ်ချင်လှရဲ့လို့  စိတ်မထားပဲ သက်တောင့် သက်သာလေး နေပြီး ဖြစ်လာတာတွေကို အဆင်ပြေအောင်လုပ်နေတာ သိပ်မကောင်းဘူး။ ကြိုးစားအားထုတ်မှု့ ဆိုတာရှိနေမှ ဘ၀က နေပျော်မှာ။

November 04, 2013

Chair Yoga and Lucky Draw

အလုပ်မှာ ဒီတစ်ပတ်လုံးက "Healthy Lifestyle Week [4 to 8 Nov 2013]"။ တစ်ပတ်လုံး ညနေ ၅ နာရီဆို အလုပ်က Gym မှာ သွားပြီး အားကစား လုပ်ခွင့်ပြုတယ်။ နေ့လည် ထမင်းစားချိန်မှာ Aerobics, Zumha, Chair Yoga စတဲ့ ၁ နာရီကြာ သင်တန်းတွေစီစဉ်ထားကြောင်း၊ ပါဝင်ချင်တယ်ဆိုရင် register လုပ်လို့ ရကြောင်းကို HR က အီးမေးတွေပို့ အကြောင်းကြားတယ်။ ကိုယ့်ဘာသာ အလုပ်တွေရှုပ်နေတာနဲ့  ဘာသင်တန်းမှ register မလုပ်ဖြစ်ဘူး။ ဒီနေ့ လည် ထမင်းစား ထွက်လာရင်း Seminar Room ရှေ့ ကအဖြတ် HR က အမျိုးသမီးတစ်ယောက်က လှမ်းခေါ်ပြီး ဒီနေ့  session က Chair Yoga၊ လာ join ပါ၊ နေရာတွေ လွတ်နေတာရှိတယ် ဆိုတာနဲ့ join ဖြစ်သွားတယ်။ Chair Yoga ဆိုတာ ဘာလဲ၊ အတော်များများသိကြမှာပါ။ ကိုယ်တွေ ကတော့ ဒီနေ့ မှ စမ်းဖူးတာ။ Beginner တွေဆိုတော့ ပုံစံ ၇-၈ မျိုးလောက်ကို instructor ကပြပေးတယ်။ လုပ်ရတာ လွယ်ပါတယ်။ အချိန်လည်း သိပ်မကုန်ဘူး၊ ဘာမှလည်း ထွေထွေထူးထူး မလိုဘူးဆိုတော့ လုပ်ဖြစ်ဖို့ ကြိုးစားရမှာပေါ့။ :-)

အားလုံးပြီးတော့ HR ကနေ ဒီနေ့ အတွက် ကံစမ်းမဲဖောက်မယ် တဲ့။ ဖောက်ပေါ့၊ ကိုယ်တွေက Register လုပ်ထားတာ မဟုတ်တော့ အဲဒီကံစမ်းမဲ ဖေါက်တဲ့ထဲ ပါမှာ မဟုတ်ဘူး ဆိုပြီး ဘေးနားကလူကိုတောင် ပြောဖြစ်သေးတယ်။ နံပါတ်တွေရွေးပြီး ဆုရတဲ့သူတွေကို ပြောတယ်။ အိန္ဒိယလူမျိုး အမျိုးသားတစ်ယောက်နာမည်။ ပြီးတော့ တစ်ဆုတည်း မဟုတ်ဘူး၊ ဒီနေ့ အတွက်က နှစ်ဆု ဖောက်ပေးမှာဆို နောက်ထပ်ကြော်ငြာတာက "နေ" တဲ့။ ပထမတော့ ကိုယ့်နာမည် လို့ မထင်မိဘူး။ register မှ မလုပ်ထားတာ။ နောက် ၂ ခါ-၃ခါ လောက် ခေါ်မှ ကိုယ့်နာမည်ခေါ်မှန်း သိတော့တယ်။ ဒါတောင် တစ်လုံးတည်းခေါ်တာ၊ full name သာခေါ်ရင် သိမှာကို မဟုတ်ဘူး :)).. နောက်မှ သိရတာက HR က အမျိုးသမီးက နာမည်တွေ ရေးထည့်လိုက်တာလို့ ပြောတယ်။ သူ့ ကိုလည်း ဆုခွဲပေးနော်တဲ့ :D
 
ဘာရခဲ့လည်းဆိုတော့ Healthy Lifestyle Week ဆိုတော့ ကျန်းမာရေးနဲ့  ညီညွတ်အောင် သစ်သီးများများ စားပေးရမယ်ဆိုတဲ့ သဘောနဲ့  ပေးတဲ့ သစ်သီးခြင်း...

From Everything

အထဲမှာ သရက်သီး၊ သစ်တော်သီး နှစ်မျိုး၊ လိမော်သီး၊ ကီဝီ၊ ပန်းသီး၊ မက်မွန်သီးတွေ တမျိုးကို ၂ လုံးစီ ပါတယ်ထင်တယ်။ အပြင်က မြင်ရတာကို ပြောပြတာ။ သစ်သီးခြင်းကို ဖွင့်မကြည့်ရသေးဘူး။ နောက်နေ့ မှ ဘုရားဆွမ်းတော်တင်ဖို့  အရင်ဖယ်မယ်။ ပြီးမှ မျှသင့်တာ မျှဝေပေးရမယ်။ ဒါတွေအကုန် တစ်ယောက်တည်း စားလို့  ကုန်မှာ မဟုတ်ဘူး။

သူငယ်ချင်း၊ မိတ်ဆွေများအားလုံး...  ကံကောင်းခြင်းများ နဲ့ ပြည့်စုံတဲ့ ပျော်ရွှင်ဖွယ်ကောင်းသော နိုဝင်ဘာ ၊ မင်္ဂလာရှိသော ဒီဇင်ဘာလ တွေကို ဖြတ်သန်းရင်း နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေ။

January 14, 2013

Back to Blogging..

ကိုယ့် Blog လေး ပြန်ကြည့်ရင်း ၂၀၁၀-၂၀၁၁-၂၀၁၂ တွေမှာ ကိုယ်ဘာတွေများ လုပ်နေလဲ  ပြန်တွေးကြည့်မိတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ က ကိစ္စတွေကို၊ တွေ့ ကြုံခဲ့ရတာတွေကို မှတ်မိနေသေးပေမယ့် ၂၀၁၀-၂၀၁၁ က အရာတွေကိုတော့ အိပ်တယ်၊ စားတယ်၊ အလုပ်ရှိတဲ့ရက်တွေ အလုပ်သွားတယ် ဆိုတာမျိုးက လွဲရင် ဘာမှ စဉ်းစားမရ၊ ပြန်တွေးမရ သလောက်ဖြစ်နေပြီ။ ဘ၀က ပျင်းစရာ ကောင်းလိုက်တာ။

အရင်က ဟိုးရှေ့ ပိုင်းနှစ်တွေကတော့ နေ့ တိုင်းနီးပါး မဟုတ်တောင် ပုံမှန်လေး ကိုယ်ကြုံတွေ့  နေရတာလေးတွေကို ရေးဖြစ်ခဲ့တယ်။ အဲ့လိုတွေ ရေးဖြစ်ခဲ့လို့ .. ခုလို  ပြန်ကြည့်မိတဲ့ အခါ၊ အဲဒီအချိန်တွေက ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်၊ ကိုယ်ဘာတွေ လုပ်ဖြစ်တယ်ခဲ့တယ်၊ ဘာတွေကို အာရုံရ၊ စိတ်ဝင်စားနေတယ် ဆိုတာလေးတွေ ပြန်ပြီး သိရတယ်။ တချို့  အကြောင်းအရာတွေက အဲ့ဒီအချိန်တွေကသာ အဲ့ဒီလို မရေးဖြစ်ခဲ့ဘူးဆို ခုချိန်မှာ ဘယ်လိုမှ မှတ်မိနိုင်စရာမရှိတာ သေချာတယ်။ စိတ်ညစ်နေတဲ့အချိန်တွေလည်း ရှိနေခဲ့သလို၊  ပျော်နေတဲ့ အချိန်တွေ ရှိခဲ့တယ်။ ဘာပဲပြောပြော နည်းနည်း စိတ်ဝင်စားစရာတော့ ကောင်းသေးတယ်။

ခုနောက်ပိုင်း ဘာလို့  Blog မရေးဖြစ်သလဲ စဉ်းစား ကြည့်မိတယ်။ အလုပ်များလို့ လား၊  အခုမှ အလုပ်များတာ မဟုတ်ပါဘူး။ အရင်ကလည်း သူ့ အတိုင်းအတာနဲ့ သူတော့ အလုပ်များခဲ့တာပဲ။ ကိုယ်ဘာတွေရေးလဲ။ ထူးထူးခြားခြား မဟုတ်၊ ကိုယ်ကြုံတွေ့ ရတာလေးတွေ၊ စိတ်ထဲ တွေးမိတာလေးတွေပဲ  ချရေးတာဆိုတော့ တကယ်ရေးမယ်ဆို ဘာမှ မကြာလှဖူး။ ချရေးချင်တဲ့ စိတ်လေးရှိဖို့ ပဲလိုတယ်။

အချိန်တွေက ဒီလိုပဲ အိပ်လိုက်၊  စားလိုက်၊ အလုပ်လုပ်လိုက်နဲ့  ကုန်သွားမှာပဲ။ အိပ်တာ၊ စားတာ၊ အလုပ်သွားတာ အပြင် ကိုယ်တခြား ကိစ္စတွေလည်း လုပ်ဖြစ်ခဲ့ပါသေးတယ် ဆိုတာမျိုးလေး အမှတ်တရရှိစေဖို့  ၊ ခေါင်းရှုပ်နေတယ်၊ ပျင်းနေတယ်၊ ဖျင်းနေတယ်၊ တော်နေတယ် ပျော်နေတယ် ဆိုတာမျိုး  ကိုယ့်ကိုကိုယ် ပြန်မြင်နိုင်အောင်လို့ Blog လေး ပြန်ရေးတော့မယ် စိတ်ကူးတယ်။

I have decided to back to blogging. :-)

October 12, 2011

Full moon day of Thadingyut

သီတင်းကျွတ်လပြည့်နေ့ ..

ပျော်ရွှင်ဖွယ်ကောင်းသော သီတင်းကျွတ်အချိန်အခါ ဖြစ်ပါစေ။


အိမ်ကို ဖုန်းမဆက်ဖြစ်တာ အတော်ကြာပြီ။ ဒီနေ့  မနက်စောစောမှာတော့ အိမ်ကို ဖုန်းခေါ်ဖြစ်ခဲ့တယ်။ ဖေဖေ မရှိဘူး အပြင်သွားနေလို့ မေမေ နဲ့ ပဲ စကားပြောဖြစ်တယ်။ အခါကြီးရက်ကြီးတွေဆို ခုလိုပဲ ဖုန်းဆက်လေ့ရှိတာကြောင့် ဒီနေ့ လည်း ဖုန်းဆက်လာမှာပဲဆို ထင်နေတယ်လို့ ပြောတယ်။ ခုလိုပဲ အဝေးကနေ ဖုန်းထဲက တစ်ဆင့်ပဲ စိတ်ထဲကမှန်းပြီး ကန့် တော့ဖြစ်တဲ့ နှစ်တွေက နည်းမှ မနည်းတော့တာ။

ဒီနှစ်တော့ ဦးကြီးလည်း အိမ်မှာ ရောက်နေတာနဲ့  နှုတ်ဆက်စကားပြော ကန်တော့ဖြစ်တယ်။ ဖေဖေ နဲ့ စကားပြောဖို့  ညနေပိုင်း ဖုန်းထပ်ဆက်ရအုံးမယ်။ အခုလို လူကြီးမိဘတွေကနေ ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး အစစ အရာရာ အဆင်ပြေစေဖို့  ဆုမွန်ကောင်းတောင်းပေးတာ နားထောင်ရတာ စိတ်ချမ်းမြေ့ဖို့ ကောင်းပါတယ်။

ငယ်ငယ်ကကြုံခဲ့ရတဲ့ သီတင်းကျွတ် အချိန်တွေကို သတိရမိပါသေးတယ်။ အစမ်းစားမေးပွဲပြီးလို့  သီတင်းကျွတ် ကျောင်းပိတ်ရက်တွေမှာ မိုးပျံအောင် အားပါးတရ ကစားခဲ့ရတာကို သတိရတယ်။ ဆီမီးတွေထွန်း၊ ပွဲဈေးတွေလျှောက် စားချင်တာတွေဝယ်စား ခဲ့ရတာကို သတိရတယ်။ အမျိုးထဲက သက်ကြီးဝါကြီးတဲ့သူတွေကို လိုက်ကန်တော့ပြီး မုန့် ဖိုးတွေတာကိုလည်း သတိရမိပါတယ်။

ခုတော့ အလုပ်များနေပါ၏။ ။

October 11, 2011

Rainy Day

From Singapore

ဒီနေ့  မိုးတွေ ရွာတယ်။ ဒီနေ့ မှ မဟုတ်ပါဘူး။ ခုတလော အလုပ်သွားချိန်ဆို မိုးရွာတာများတယ်။ ဒီနေ့ မနက်စောပိုင်း ၇ နာရီလောက်က နေပူမလိုနဲ့  ၈ နာရီကျော်တော့ မိုးစရွာလာတာပဲ။ အလုပ်သွားချိန် ကွတ်တိရွာတဲ့မိုးပဲ။ လေပါ ပါတယ်။ အမိုးအကာအောက်မှာ ထီးဆောင်းပြီး လျှောက်လာတာတောင် မိုးစိုသွားသေးတယ်။ အလုပ်ရောက်တော့ ၉ နာရီ၊ အခန်းထဲမှာ ၁ ယောက်ပဲ ရောက်သေးတယ်။ ၉း၃၀ လောက်မှ တခြားသူတွေ ရောက်လာတယ်။ ဒီနိုင်ငံမှာက ထုံးစံပါပဲ။ မိုးရွာရင် ကားပိတ်၊ ရထားနှေးနဲ့  ဆိုပြီး လူတွေ ပုံမှန်ထက် နောက်ကျမှ အလုပ်ရောက်တာများကြတယ်။

မနေ့ (တနင်္လာနေ့ )ကလည်း မနက်စောစော အိပ်လို့ ကောင်းနေတုန်း မိုးကြိုးတွေ ဆက်တိုက်ထစ်တာ အတော်ကြီးကို ကြာတယ်။ မိုးကြိုးပစ်သံကိုက သီးခံနိုင်သေးတယ်၊ အခုလို မိုးကြိုးဆက်တိုက်ထစ်သံကိုတော့ ဘယ်လိုမှ သည်းငြီးခံလို့ မရဘူး။ ဒါနဲ့  စောစော အိပ်ယာ ထလိုက်ရတယ်။ အသံက ကောင်းကင်ပေါ်ကနေ မိုးနတ်သား အငြိမ်မနေပဲ ဒလိမ့်တုံးကို ဆက်တိုက် လှိမ့်ဆော့နေသလား အောင်မေ့ရတယ်။ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်လုပ်နေသလို၊ ဒလိမ်းဒလိမ်းနဲ့  ဆူညံနေတာပဲ။

ဟိုတလောကလည်း ညနက် ၁၂ နာရီကျော်ကြီး လေတိုက်တဲ့အသံကြောင့် နိုးခဲ့သေးတယ်။ ပြူတင်းပေါက် နည်းနည်းလေးပဲ ဟပြီးဖွင့်ထားတာ။ ဒါကိုတောင် တရွှီးရွှီးနဲ့  အသံတွေ ဆူညံနေလို့  နိုးသွားရတာ။ ဘာသံလည်း သိချင်လို့  ဧည့်ခန်းထဲထွက် ကြည့်တော့မှ အပြင်ကလေတိုက်လို့ မြည်နေတဲ့အသံတွေမှန်း သိခဲ့ရတာ။ သန်းခေါင်းယံကြီးမှာ အဲလိုအသံတွေကြားရတာ၊ ကြောက်တတ်ရင်တော့ ချောက်ခြားစရာပဲ။ အဲဒီလောက် တရွှီးရွှီးအသံတွေမြည်အောင် လေတိုက်တာမျိုး ဒီနိုင်ငံမှာ တခါမှ မကြုံဖူးဘူး။ ရာသီဥတုတွေက အတော်ကြီးကို ဆိုးလာတာပဲ။ ထိုင်း၊ဗီယက်နမ် တွေမှာ ရေတွေကြီးနေတာ အတော်အခြေအနေဆိုးတယ်လို့  သတင်းတွေမှာ တွေ့ မိတယ်။ အားလုံးအဆင်ပြေပါစေလို့  ဆန်ဒပြုမိတယ်။

ဘာရယ် မဟုတ်ပါဘူး၊ နေ့ လည် ထမင်းသွားစားရမှာ စိတ်မပါတာနဲ့  မသွားပဲ အချိန်အားနေလို့ ၊ မနက်က ရိုက်ထားတဲ့ပုံ ဒီမှာလာမှတ်တာ။ ပုံကို ရက်စွဲထိုးမှ သတိထားမိတယ်။ ဒီနေ့  နေ့ စွဲက လှသား၊ ၁ လေးလုံး၊ ၁၁-၁၀-၁၁ ပဲ။

September 29, 2011

Keep our fingers crossed!

Changes Summary ကိုကြည့်၊ ရှိနေတဲ့ Documentation တွေကိုဖတ်၊ System ကို မြင်အောင်ခံစား၊ Existing code တွေကိုလေ့လာ..
ပြောင်းလဲမှု့ တွေအတွက် လိုအပ်မယ်ထင်တာတွေကို ၃-၄ ရက်ကြာ အချိန်ယူ... စိတ်ကူနဲ့ တွေး၊ ရေးထည့်ပြီး...
Compilation Error မရှိ၊ ကိုယ်ပြင်ထားသမျှ ပို့ ဖို့  ပြင်ဆင်နေတုန်း သကာလမှာ...

ကိုယ်လိုလူတချို့ ရဲ့ Gtalk status တချို့ ကို တွေ့ လိုက်ရတဲ့အခါ မှတ်ထားချင်စိတ်ပေါ်သွားတယ်..

September 22, 2011

Busy days are starting up..

ပြီးခဲ့တဲ့ ရက်တွေကစပြီ အလုပ်မှာ အရေးတကြီး Project တစ်ခုကို ကူကြရမယ်ဆိုတဲ့ အတွက် အလုပ်တွေ ပိုများလာတယ်။

မူရင်း ကိုယ်လုပ်နေကြ အလုပ်ကို လုံးဝရပ်ပြီး ကူရမယ့်အလုပ်ကိုသာ ၁၀၀% လုပ်ကြပါတဲ့ ညွှန်ကြားချက်တွေလာပေမယ့်.. တကယ်တကယ် လက်တွေမှာ ကိုယ်တာဝန်ယူထားဆဲ အရာတွေကို လုံးဝ ၀င်မပါပဲ နေဖို့ ဆိုတာ မဖြစ်နိုင်တဲ့အတွက် လုပ်နေကျအလုပ်တွေကို ၅၀-၆၀% နှုန်းလောက် အထိ လျှော့ချဖို့ ကြိုးစားရင်း ကူညီရမယ့် Project မှလည်း လိုအပ်ချက်အတိုင်း ၁၀၀% ဆိုတဲ့ ပါဝင်မှု့ မျိုး ရနိုင်ဖို့  ကြိုးစားနေရပါတယ်။

ဘာပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်နိုင်မယ် ထင်ပါတယ်။ မလုပ်နိုင်ဘူးဆိုတမျိုး လုပ်လို့ လည်း မရနိုင်ဘူး။


စဉ်းစားရတာတွေ၊ ချက်ချင်းပြောင်းလဲ တွေးရတာတွေ သိပ်များတယ်။ ခုလိုပဲ အာရုံတစ်ခုကို ခဏလွှဲယူရတယ်။

September 18, 2011

National Library Singapore Celebrates Customer Appreciation Day 2011

National Library eNewsletter ကို sign upလုပ်ထားတော့ အဲ့ဒီကနေ အီးမေးရတယ်။ NLB ကနေ Customer Appreciation Day 2011 ဆိုပြီး လက်ဆောင်ပေးတယ်။ Lee Kong Chian Reference Library ရဲ့ Information Counters မှာ 1 to 30 September 2011 အတွင်း အီးမေးပြပြီး လက်ဆောင်ထုတ်လို့ ရတယ် လို့ ပါတယ်။ ရှိသေးရင်ရမယ်၊ ကုန်သွားရင်တော့ မရတော့ဘူးဆိုပြီးလည်း ပါတယ်။

ဘာလဲ စိတ်ဝင်စားသွားတယ်။ လူအများကိုပေးတာဆိုတော့ ကတ်ပြားလေး တစ်ခုခု၊ NLB တံဆိပ်ပါတဲ့ ဘောပင် တစ်ချောင်းချောင်း လောက်ဖြစ်မယ် ထင်မိတယ်။ Google ကြည့်တယ်။ ဘာလဲဆိုတာ ရှာမရဘူး။ Library မရောက်တာ အတော်ကြာပြီ။ သိချင်ပေမယ့် သပ်သပ်ကြီးသွားကြည့်ဖို့ တော့ စိတ်မကူးမိဘူး။ ငှါးဖတ်ချင်တဲ့ စာအုပ်ရှိတာတောင် အာရုံမရလို့  Library မသွားဖြစ်ဘူး။

အသိတစ်ယောက်က Weekend မှာ အေးအေးဆေးဆေး စာဖတ်ချင်လို့  ဘယ်မှာ အဆင်ပြေနိုင်မလဲ မေးလာတယ်။ နေတဲ့နေရာမေးကြည့်တော့ Central Library နဲ့ နီးတာမို့  အဲဒီမှာ စာသွားဖတ်ပါလားလို့ ပြောလိုက်မိတယ်။ ဖြစ်နိုင်ရင် လိုက်ပြပါလား အကူအညီတောင်းလာတာနဲ့  သောကြာညနေပိုင်းက Library ရောက်သွားတယ်။ Information ကောင်တာမှာ Gift ထုတ်လို့ ရလား မေးကြည့်တာ Level 8/9 မှာ ထုတ်လို့  ရတယ်ဆိုတာနဲ့  သွားကြည့်လိုက်တယ်။

Email ရလို့ ဆိုပြီး ဖုန်းနဲ့ အီးမေးလေးပြလိုက်တာ လက်ဆောင်လေး ထုတ်ပေးတယ်။ ဖုန်းကို သေချာတောင်သေချာ မကြည့်ပါဘူး၊ ဘာမှလည်းမမေးဘူး ဒါပေမယ့် စာရွက်ပိုင်းလေးထုတ်ပေးပြီး Full Name ရေးပေးပါပြောလို့  နာမည်တော့ ရေးပေးခဲ့ရတယ်။ ပါလာတဲ့အသိလည်းရတယ်။ သူလည်း နာမည်လေးတော့ ရေးပေးရတာပေါ့။ အထဲဝင်ကြည့်ပြီး ပြန်အထွက်မှာ ကောင်တာမှာ လူတစ်ယောက် Email ကို Print ထုတ်ယူလာပြီး ပြနေတာတွေ့ လိုက်တယ်။

ဒါက NLB ကပို့ တဲ့ အီးမေးမှာပါတဲ့ပုံ.. ဒါလေးပြရင် လက်ဆောင်ပေးတယ်..
(click here for large image)

ဒါက လက်ဆောင်
From Singapore



Friday Evening Photo Diary...

Bugis ကထွက် ဘယ်သူလည်းမသိဘူး လူတွေစုနေတယ်... လက်မှတ်ထိုးပေးနေတာ...
From Singapore


လမ်းကူးဖို့ စောင့်ရင်း မြင်ရတဲ့ Library..

From Singapore

Central Library ကို သဘောကျတယ်..

From Singapore




Welcome to National Library Building
From Singapore

လူ့ မိတ်ဆွေများ...
From Singapore

မနှောက်ယှက်ပါနှင့်...

From Singapore

Read More Books..

From Singapore

များများဖတ်ပါ။
From Singapore


Library ပေါ်မှ လှမ်းမြင်သမျှရိုက်သည်။


From Singapore

From Singapore


From Singapore

ရိုက်သည်၊ ရိုက်သည်၊ ဆက်ရိုက်သည်။
ဗိုက်ဆာလာပါပြီ။

Library Lobby
From Singapore

အောက်ကိုရိုက်ခဲ့သည်၊ အပေါ်ကိုရိုက်နေသည်၊ ရှေ့ ကိုဆက်ရိုက်မည်။
From Singapore


From Singapore


အပြန်လမ်း...
From Singapore


Central Lending Library , Lee Kong Chain Reference Library, Drama Center

From Singapore


လျှောက်သည်၊ လျှောက်သည်၊ ဆက်လျှောက်သည်။
Raffles City
From Singapore


From Singapore


From Singapore

စားသည်၊ ၀ါးသည်၊ အားဖြည့်သည်။
From Singapore


အားပြည့်သောအခါ ဈေးဝယ်ထွက်သည်။ ဆိုင်ပိတ်မည်ကို မစိုးရိမ်ရ။
Challenger... ၂၄ နာရီဖွင့်သည်။
From Singapore

ဈေးပိုမပေးရပါ။
From Singapore


ကြည့်သည်၊ ကြည့်သည်၊ လျှောက်ကြည့်သည်။
From Singapore

ပြန်မည်၊ ပြန်မည်၊ ပြန်တော့မည်။
From Singapore


From Singapore

လူတွေ ရှိသေးသည်။
ဆူမည့်သူမရှိ၊ သို့ သော် အိမ်ပြန်ချိန် နောက်မကျပါ။

From Singapore

ရိုက်ချက်။
From Singapore

မှတ်ချက်။ ။ လက်ရည်တက်လာသည်။

September 10, 2011

Goodbye, Grandfather..

စက်တင်ဘာ ၄ နေ့  ညနေပိုင်းမှာ ကျွန်မ အဖိုးဆုံးတယ်ကြားတယ်ဆိုပြီး အမျိုးတစ်ယောက်က ဖုန်းကို sms ပို့ လာတယ်။ အံ့သြသွားတယ်။ မဖြစ်နိုင်ပါဘူးဆို မယုံချင်ဘူး။ သောကြာနေ့ ကတင် အိမ်နဲ့ ဖုန်းပြောတာ၊ အဖိုး နေမကောင်းဘူးလည်း မပြော၊ ဘာမှ ထူးထူးခြားခြားပြောတာ မျိုးမကြားခဲရဘူး။ ဒါနဲ့ အိမ်ကို ဖုန်းခေါ်တယ် မရဘူး။ ဟန်းဖုန်းတစ်လုံးကိုက ဖုန်းဝင်သွားတယ်။ ညီမလေး ထူးသံပဲကြားရပြီး ဖုန်းပြန်ပျက်သွားတယ်။ ထပ်ခေါ်တာ ဘယ်လိုမှ မရတော့ဘူး။ မဟုတ်ပါစေနဲ့ လို စိတ်ထဲမှာ တွေးနေမိတယ်။ အဖိုးက အသက်သာကြီးတာ နေမကောင်းဖြစ်တယ် ဘာညာ ထူးထူးခြားခြား မကြားမိခဲ့ဘူးလေ။ နောက်နေ့ မနက် အိမ်ကို ဖုန်းဆက်တယ်။ အဖေနဲ့ စကားပြောတော့ ဟုတ်တယ်တဲ့။ တနင်္ဂနွေနေ့  မနက် ၂း၄၀ မှာ အဖိုးဆုံးတယ်ပြောတယ်။ ပြီးခဲ့တဲ့ နှစ် မြန်မာပြည်ပြန်ချိန်က အဖိုးရှိရာကို သွားပြီး ကန့် တော့ဖြစ်တယ်။ ဒီတစ်ခေါက်ပြန်ရင် အဖိုးမရှိတော့ဘူး။

ကျွန်မရဲ့ မိဘတွေတောင်မှ စနေနေ့ မှာ ဘကြီးတို့  ဖုန်းဆက်လာလို့  အဖိုးဖျားနေတယ် သိခဲ့ရတာ၊ အဖျားသွေးနည်းနည်း လောက်ပဲရှိပါတယ်။ ညနေပိုင်းတော့ ချောင်းနည်းနည်းဆိုတယ် သိခဲ့ရတယ်။ ဒါပေမယ့် အသက်ကြီးတဲ့ လူကြီးပိုင်းဆို ဘာပဲဖြစ်ဖြစ် အမေနဲ့ အဖေ သွားလိုက်မယ် တိုင်ပင်စီစဉ်နေတုန်း၊ နောက်နေ့  မနက်စောစောမှာ ဆုံးသွားပြီဆို သိလိုက်ရတာလို့ ပြောပြတယ်။ အဖိုးဟာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဘ၀တစ်ပါး ကူးပြောင်းသွားတယ်လို့  ပြောပြတယ်။ အဖိုးဆုံးတာကို အဲဒီညက မအိပ်ပဲ စောင့်ကြည့်နေတဲ့ ကျွန်မတို့ ရဲ့ ကြီးတော်ကြီး(ဘကြီးရဲ့ အမျိုးသမီး)၊ သူနာပြုဆရာမနဲ့  နောက်အမျိုးသမီး အကူတစ်ယောက်ရယ်ပဲ သိလိုက်တယ်။ လိုရမယ်ရဆို ညနေပိုင်းက အောက်ဆီဂျင်ဘူးတွေစီစဉ်ပြီး သူနာပြုဆရာမပါ ခေါ်ထားလိုက်တာတဲ့။ အရင်ရက်တွေကတောင် ညညဆို ခွေးဟောင်သံ ဆူသံပူသံတွေ ကြားရသေးတယ်။ အဖိုးဆုံးတဲ့ညက ပတ်ဝန်းကျင်တစ်ခုလုံး တစ်ညလုံး တိတ်တိတ်ဆိတ်ဆိတ်ပဲလို့ သိရတယ်။ ခွေးအူသံတွေ၊ ငှက်ဆိုးထိုးသံတွေ ကြားရမလား စိတ်ပူနေတာ၊ ဘာဆိုဘာမှ မကြားရပဲ အေးအေးချမ်းချမ်းနဲ့  ဘ၀ကူးသွားမျိုးဖြစ်ကြောင်း သိခဲ့ရပါတယ်။

အတူရှိနေတဲ့ မြေးတွေဆို နောက်နေ့ မနက် သူတို့  နိုးလာချိန်မှာ အဖိုးနေကောင်းလား၊ ဘယ်လိုနေသေးလည်း မေးချိန်မှ ပဲ အဖိုးညက ဆုံးသွားတယ်ဆို သိလိုက်ရတာလို့ ပြောပြတယ်။ အဖိုး အဖျားနည်းနည်းရှိနေတာ သိကြတယ်၊ ဒါပေမယ့် သူတို့ မအိပ်ခင် စနေနေ့ ည ၁၀ နာရီလောက်မှာ အဖိုးက ဘုရားရှစ်ခိုး ဘာညာ သူဘာသာ ကိုယ်တိုင်လုပ်ပြီး အေးအေးဆေးဆေး အိပ်သွားဆိုတော့ ခုလို ချက်ချင်းကြီးဆုံးသွားမယ် ဘယ်သူမှ မထင်ကြဘူးဖြစ်နေကြတယ်။ အဖိုးဆုံးတာနဲ့  ကြီးတော်ကြီးနဲ့  သူရဲ့သားငယ် (ကျွန်မ့ မောင်ဝမ်းကွဲ) ကိုနှိုးပြီး ရေချိုးပြင်ဆင်တာဘာညာလုပ် လိုက်တယ်။ အဖိုးကို တနင်္ဂနွေ နေ့ လည် ၂ နာရီမှာ နေ့ ချင်းပဲ သဂြိုဟ်လိုက်တယ်လို့ ပြောပြတယ်။ အဖိုးဟာ သဂြိုဟ်တဲ့ အချိန်အထိ အသားအရည်က ပြောင်းလဲမှု့ မရှိ နဂို အိပ်နေသလိုပဲလို့ သိရတယ်။ ကျွန်မတို့ အဖိုးက အသက်သာ ရာကျော်နေတာ လူက ပိန်ပိန်မဟုတ်ဘူး၊ ခပ်ပြည့်ပြည့်ရှိတယ်။

ကျွန်မတို့ အဖိုးက အသက်ရာကျော် ရှိနေပါပြီ။ အဖိုးအသက် ၁၀၅ နှစ်မပြည့်သေးတာ သိတယ်။ အဖိုးက ကျွန်မလိုပဲ နတ်တော်လအတွင်း မွေးတာ သိတယ်။ အဖိုးမွေးနေ့ ပြီးနောက်တစ်ရက်က ကရင်နှစ်သစ်ကူးနေ့ ဆိုတာလည်း သိပေမယ့် အသက်အတိအကျ ဘယ်လောက် ဆိုတာ မမှတ်မိဘူး။ အမေ့ကို သေချာအောင် ပြန်မေးကြည့်ဖြစ်တယ်။ အဖိုးမွေးနေ့ က နတ်တော်လကွယ်နေ့ ၊ ကြာသာပတေးနေ့ ဖွား၊ လာမယ့် နတ်တော်လကွယ်ဆို အဖိုးအသက် ၁၀၄ နှစ်ပြည့်မယ်လို့  အမေက ပြောပြတယ်။ ဒါဆို တွက်ကြည့်တာ အဖိုးမွေးနေ့ က မြန်မာခုနှစ်နဲ့ ဆို ၁၂၆၉ နတ်တော်လကွယ်နေ့ ။ အင်္ဂလိပ်လိုရော အတိအကျသိနိုင်မလား အင်တာနက်ပေါ်လိုက်၇ှာတာ မြန်မာနှစ် ၁၃၀၀ ကစလိုပဲ ရှာလို့ ၇တော့ ဘယ်ရက်လည်း ကြည့်မရခဲ့ဘူး။ အိမ်က လူကြီးတွေကို ပြန်မေးရင်တော့ သိနိုင်မယ် ထင်တယ်၊

ဘိုးဘပျို
မွေးဖွားသည့်ရက် - ၁၂၆၉ နတ်တော်လကွယ်နေ့ 
ကွယ်လွန်သည့်ရက် - ၁၃၇၃ တော်သလင်းလဆန်း ၇ ရက်နေ့  (၄-စက်တင်ဘာ-၂၀၁၁)

ကျွန်မတို့ ရဲ့ အဖိုး ဦးဘပျိုဟာ နှစ် ၁၀၃ နှစ်ကျော် ၁၀၄ နှစ်နီးပါး လူ့ ဘ၀မှာ နေသွားပြီး ငြိမ်းငြိမ်းချမ်းချမ်း နောက်တစ်ဘ၀ကို ကူးပြောင်းသွားခဲ့ပြီ။

ပြီးခဲ့တဲ့ စနေနေ့  ( ၁၀-စက်တင်ဘာ-၂၀၁၁) မှာ အဖိုးဆုံးတာ ၇ ရက်ပြည့်၊ ရက်လည် သပိတ်သွပ်ကို ကျွန်မတို့ ရဲ့ ဘကြီးအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဖိုးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှု့ တွေ လုပ်ကြခဲ့တယ်။

-အာရုံတက်မှာ ဘုန်းကြီး ၅ ပါးပင့်ပြီး သပိတ်သွပ် တရားနာ၊ ဆွမ်းကပ်၊ ပစ်စည်း ၆၇ မျိုးနဲ့ အလှူငွေကပ်
-မနက်ခင်းမှာ အိမ်ရှေ့ ကို ဆွမ်းခံကြွလာတဲ့ ရဟန်းကိုရင် အပါး ၂၄၀ ကို ဒန်ပေါက် ဆွမ်းလောင်း
(ပုံမှန်ဆို ကြီးတော်က မနက်တိုင်း အိမ်ရှေ့ မှ ဆွမ်းခံကြွသမျှ ကိုယ်တော်တိုင်းကို ထမင်းနဲ့  ဆွမ်းဟင်း လောင်းနေကြ။ အဲဒီနေ့ ကတော့ အဖိုးအတွက် ကုသိုလ်ကောင်းမှု့  အလှူပြုတဲ့အနေနဲ့  ဒန်ပေါက်ထမင်းနဲ့ ကြက်သားဟင်းချက်လောင်းတယ်။ ပုံမှန်နေ့ တိုင်းဆွမ်းလောင်းသလို သပိတ်ထဲ ဆွမ်းဟင်းခွက်နဲ့ ၊ ထမင်းထည့်လှူတာမျိုးမဟုတ်ပဲ ဒန်ပေါက်ထမင်းနဲ့ ဟင်းတွေကို ဘူးတွေနဲ့ ထည့်ပြီး ဆွမ်းလောင်းတာမျိုး လုပ်တာလို့  ပြောပြတယ်။ ဆွမ်းဘူးပေါင်း ၂၄၀ ကုန်သွားတဲ့အတွက် အဲဒီနေ့ မနက်က ဘုန်းကြီးနဲ့ ကိုယ်ရင် အပါး ၂၄၀ ဆွမ်းခံကြွတယ် သိခဲ့ရတာလို ပြောနိုင်တာပါ။ အဲဒီနေ့ က ကျွန်မ ဖုန်းဆက်တဲ့အချိန် မနက် ၇း၃၀ နာရီလောက်မှာတင် ပထမ ပြင်ဆင်ထားတဲ့ ၂၀၉ ဘူး ကုန်သွားလို့  ထပ်ပြင်ဆင် ဆွမ်းလောင်းနေတယ်လို့  သိခဲ့ရပါတယ်။)
- ရက်လည်ကြွလာတဲ့ ဧည့်သည်တွေကိုလည်း ဒန်ပေါက်နဲ့  ကြက်သားဟင်းကျွေးတယ်လို့ ပြောပြတယ်။ လူ ၃၀၀ လောက်လာတယ်လို့ သိရတယ်။

ဒန်ပေါက်ချက်တာ ဆန် ၂ တင်းခွဲ ကုန်တယ်၊ အကူရသမျှ ပစ်စည်းတွေကို အကုန် ပြန်လှူဖြစ်ခဲ့တယ်။ အလှူလာသမျှ လူတွေကို ကျွေးမွေးလှူဒါန်းတာ ဘာမှ လိုအပ်မှု့ မရှိ အဆင်ပြေပြေ လှူဒါန်းနိုင်တဲ့အတွက် ကျန်ရစ်သူမိသားစုတွေ၊ ကျွန်မ့ အမေနှင့် ဆွေမျိုးများ အားလုံး စိတ်အေးချမ်းမှု့  ရှိကြောင်း သိရပါတယ်။

* * *

သတင်းမေး အားပေးတဲ့ သူငယ်ချင်း၊ မိတ်ဆွေများကို မိသားစုဝင်အားလုံးက အထူးကျေးဇူးတင်ပါတယ်။

* * *
သူငယ်ချင်းတွေ မေးသလိုပဲ အဲဒီအဖိုးက ကျွန်မတို့ နဲ့ တူတူနေ၊ သူငယ်ချင်းတွေ တွေ့ ဖူးနေတဲ့ အဖိုးပါ။ အဖိုးက ကျွန်မတို့ အမေ၊ သူ့ ရဲ့ သမီး အငယ်ဆုံးကို စောင့်ရှာက်ဖို့  သမီးနဲ့ ပဲနေမယ်ဆိုပြီး ကျွန်မတို့  မိသားစုနဲ့  တူတူနေခဲ့တာပါ။ အဖိုးဆုံးတာကတော့ ရန်ကုန်မှာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၄-၅ နှစ်ကမှ အမေရဲ့ အစ်ကိုကြီး မိသားစုရှိတဲ့ သူ့ ဇာတိအရပ် ပြန်ပြောင်းနေတာပါ။

August 25, 2011

Never Say Goodbye

နေရာတစ်ခုမှာ တွေ့ ဆုံခဲ့ကြတယ်...
...
နေရာတစ်ခုကို သူထွက်သွားခဲ့တယ်...
...
နေရာတစ်ခုမှာပဲ ပြန်လည်ဆုံဆည်းခဲ့တယ်...
...
နေရာတစ်ခုကို သူထွက်သွားပြန်တယ်...
(25th August 2011)
.
.
.
အစစအရာရာ အားလုံး ..... အဆင်ပြေပါစေ။
* * * *
* *
*
တချိန်ချိန်မှာ တစ်နေရာရာမှာ...
ပြန်လည်တွေ့ ဆုံကြဖို့  မျှော်လင့်ဆန္ဒပြုလျှက်...

*Big Bear Hug*

February 09, 2011

ကားလမ်းဘေးကပန်း

အခုနဏ ထမင်းစားပြီး အပြန်.. လမ်းလျှောက်ရင်း ဖုန်းနဲ့  ၇ိုက်ထားတာ။ လှသားပဲ။ ကားလမ်းတစ်လျှောက် အပင်တွေမှာ ပွင့်နေတဲ့ပန်းမို့  ကားလမ်းဘေးကပန်း။ ဒီနိုင်ငံမှာ ကားလမ်းဘေးတွေမှာ သနပ်ခါးပန်း၊ ယုဇန၊ ညမွှေး၊ တခြား ဘာမှန်းမသိတဲ့ ပန်းဖြူဖြူသေးသေးလေးတွေ ပွင့်တဲ့ အပင် နဲ့ သပြေပင်တွေကို ပုံသွင်း ညှပ်ပြီး စိမ်းစိမ်းစိုစိုဖြစ်အောင် စိုက်ထားတတ်တာကို သဘောကျတယ်။ အခုပုံမှာပွင့်နေတဲ့ ပန်းကတော့ ယုဇန။

From Nature

ဒီနေ့  အလုပ်ရှုပ်နေတာနဲ့  ထမင်းစားနောက်ကျပြီး တစ်ယောက်တည်းသွား ဖြစ်တာကြောင့် ဒါမျိုး ရိုက်ဖြစ်တာ။ camera လက်ထဲမပါလို့  ဖုန်းနဲ့ ပဲ ရိုက်လိုက်ရတယ်။ ဟိုး... အရင်လို ထမင်းစားပြီး အညောင်းပြေ သက်တောင့်သက်သာ လမ်းလျှောက်ရင်း ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက် မလုပ်ဖြစ်တာကြနေပြီ။

နေ့ လည်စားစားရင်း ၇ိုက်ဖြစ်တဲ့ ပန်းကနေ .... စိတ်ကူးတည့်ရာ.. ရေး..


* * * * *
* * *
*

February 08, 2011

08 February 2011

အားလုံးရဲ့ လက်တွေ လေထဲကိုမြှောက်ထားလိုက်။ နောက်တာ မဟုတ်ဘူး၊ တကယ်။ အခုလို ပြင်ဆင်ထားတာတွေ တွေ့ တဲ့ အခါတိုင်းမှာ ဒီသီချင်း စာသားတွေ ခေါင်းထဲကို အလိုလို ရောက်ရောက် လာတယ်။ ဒီမှာ CNY ဆို အဲ့ဒီလိုတွေ မြှောက်ကြတာ တွေ့ နေ ကြုံနေ မြင်နေရလို့ ထင်ပါတယ်။
From Everything

ဘာအတွက်လည်းတော့ နားမလည်ဘူး။ ခုချိန်ထိတော့ ဘာလုပ်တာလည်းဆိုတာ မေးမကြည့်ဖြစ်သေးဘူး။ သူတို့ အယူအဆနဲ့  တစ်ခုခု ကောင်းစေတဲ့သဘောပဲ ဖြစ်မယ်ထင်ပါတယ်။ မကောင်းတယ် ထင်တာကိုတော့ နှစ်ကူးအချိန် ဘယ်သူမှ မလုပ်လောက်ပါဘူး။

လူတိုင်း အကုန်လုံး ပါဝင်ဆင် နွှဲ လက်မြှောက်ခြင်း လုပ်လို့ ရအောင်ထင်တယ် အများကြီးပဲပြင်ဆင်ထားတယ်။
From Everything

၁၂ ကျော်မှာ လူတွေအားလုံး ရောက်လာတယ်။ လူတွေကြည့်ပြီး မျက်စိတွေနောက် ခေါင်းတွေမူးလာတာနဲ့  အခန်းထဲပြန်ဝင် စားပွဲပြန် သွားထိုင်နေဖြစ်တယ်။ ကိုယ့်လိုပဲ အခန်းထဲမှာ ထိုင်နေတာ ၃ .. ၄ ယောက်ရှိနေတယ်။ လူတွေများ ရှုပ်ရှက်ခပ်နေတာ မနေတတ်ကြဘူး၊ လူမှု့ ပေါင်းသင်းဆက်ဆံရေး ညံ့တယ်ပြောလည်း ရနိုင်တယ်။ Lucky Draw လည်းဖောက်တယ်။ Grand Prize က S$88 တဲ့။ 8 ဆိုတာ ကြိုက်တယ်ဆို 888 လောက် ဖောက်ပေးသင့်တယ်လို့  တွေးလိုက်မိတယ်။ နည်းလို့ လားမသိဘူး... ဘာဆုမှ မရပါ။

မြှောက်ကြပြုကြ၊ ပြောကြဆိုကြနဲ့  ထမင်းစားချိန် နောက်ကျတယ်။ ထမင်းစားနေတုန်း တစ်ယောက်က မေးလာတယ်။ ကျွန်မတို့ အိမ်မှာ CNY အတွက်ပြင်ဆင်မှု့ တွေလုပ်လားတဲ့။ မလုပ်ပါဘူး ဖြေလိုက်တယ်။ ဘာလို့  မလုပ်တာလဲတဲ့ ဆက်မေးလာပြန်တယ်။ ငါက တရုတ်မှ မဟုတ်တာဆိုတော့ ဘေးကတစ်ယောက်ကြည့်ပြီး Vietnamese တွေကကြတော့ တရုတ်မဟုတ်ပေမယ့် CNY လုပ်ကြတယ်လေတဲ့။ ငါတို တော့ မလုပ်ဘူးပြောတာကို မရပ်ဘူး ဆက်မေးပြန်တယ်။ ရုံးတွေရော ပိတ်လားတဲ့၊ တို့ တိုင်းပြည်မှာ CNY က Public Holiday မဟုတ်ဘူးဆိုတော့ တအံ့တသြနဲ့  နင်တို့ တိုင်းပြည်မှာ တရုတ်တွေ မရှိဘူးလားတဲ့။ ရှိသားပဲလို့ .. လူနည်းလို့ လားတဲ့.. မနည်းပါဘူး ပြန်ဖြေလိုက်တော့ ဒါဆို ဘာလို့ ရုံးတွေ မပိတ်တာလဲတဲ့။ တရုတ်လူမျိုးတွေရှိရင် တရုတ်နှစ်ကူး ရုံးပိတ်ကြတယ်လို့  သူထင်တာ၊ မဟုတ်ဘူးလားတဲ့။ ဗဟုသုတကလည်း နည်းလိုက်တာလို့ ပြောချင်ပေမယ့် မပြောဖြစ်ပဲ.. တို့ တိုင်းပြည်မှာတော့ CNY က ပိတ်ရက် မဟုတ်ပါဘူး၊ တရုတ်လူမျိုးတွေ ရှိပါတယ်။ သူတို့ ဘာသာ သူတို့  နှစ်ကူး လုပ်တယ်။ တခြားသူတွေ ဘာမှ မလုပ်ဘူး။ ဖိတ်ရင်တော့ သွားစားတယ်။ သိသလောက် UK.. US နဲ့  AUSI မှာလည်း CNY က ရုံးပိတ်ရက် မဟုတ်ဘူး ပြောပြီး ထမင်းဆက်စားနေ လိုက်တယ်။ ထမင်းစားချိန် နောက်ကျလို့  ဗိုက်ဆာပြီး စိတ်သိပ်မကြည်ရတဲ့ အထဲ ဘာတွေပြောနေမှန်း မသိဘူး။ ထပ်မမေးတော့ လို့ တော်သေးတယ်။ ထပ်မေးလာရင် ပြန်ဖြေဖို့  လုံးဝ စိတ်ရှည်နိုင်တော့မှာ မဟုတ်ဘူး။

November 12, 2010

♥ In Love With...

From In Love With

အရုပ်လေး နှစ်ရုပ် ရတယ်။ ထူးထူးဆန်းဆန်းပဲ။ အရုပ် လက်ဆာင်ရတယ် ဆိုတာ မထူးဆန်း ပါဘူး။ တခြားသူငယ်ချင်း အပေါင်းအသင်းတွေစီက အကြိမ်ကြိမ် ရဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ယောက်စီကတော့ အခုလိုရတာဟာ ပထမဆုံးအကြိမ်ပါပဲ။ နှစ်ပေါင်းများစွာ အတွင်းမှာ သူပေးခဲ့တဲ့ အရာတိုင်းဟာ ကိုယ့်အတွက် အသုံးလိုမယ့်၊ အသုံးလိုတဲ့ အရာတွေကြီးပဲ။ ဒီတစ်ခါမှ ရှားရှားပါးပါးဆိုသလို အရုပ်လေး ၂ ရုပ်ပါလာတယ်။ ထူးဆန်းနေတယ်။ သေသေချာချာ သိမ်းထားရမယ်။

November 10, 2010

20101110

၀၀း၅၅ အိပ်ချင်စိတ် မရှိ၊ ကြိုးစားအိပ်ပါ။
၀၁း၂၇ အိပ်မပျော်သေးပါ။
၀၄း၁၂ တရေးနိုး။
၀၄း၁၄ စကားပြော။
၀၄း၂၀ ပြန်အိပ်ဖို့ ကြိုးစား။
၀၈း၄၅ မှ နိုးလာတယ်။ ရေချိုး အလုပ်သွားဖို့ ပြင်ဆင်။ (မနက် ၇း၄၅ နိုးစက် မမြည်။ အချိန်မှားပြောင်းထားမိသည်။)
၀၉း၀၅ ရထားဂိတ်ရောက်။
၀၉း၃၅ အလုပ်ရောက်သည်။
၁၀း၃၀ အပြင်ခဏ ပြန်ထွက်သည်။ မေးမြန်းစရာရှိတာ မေးမြန်းစုံစမ်းသည်။ အဆင်မပြေ။
၁၀း၄၅ အလုပ်ပြန် ရောက်သည်။ ရှာဖွေသည်။ နည်းလမ်းရှာသည်။
၁၂း၀၀ နေ့ လည်စာစားချိန် အပြင်သွားသည်။
၁၂း၂၅ စုံစမ်းမေးမြန်းရပြန်သည်။ အဆင်ပြေသည်။ စိတ်ချမ်းသာပါသည်။
၁၂း၄၀ အလုပ်ပြန်ဖို့ အဆင်မပြေ၊ အိမ်ခဏပြန်သည်က ပို၍အဆင်ပြေသည်။
၁၂း၄၅ ကားငှါးပြီး အိမ်ပြန်လာသည်။
၁၃း၀၀ အိမ်သော့မပါလာ။ အလုပ်မှာကျန်ခဲ့သည်ကို သတိရလိုက်သည်။ ဖုန်းဆက်ရပြန်သည်။
၁၃း၁၀ အိမ်ပြန်ရောက်သည်။ လူမရှိ။ ဘေးခန်းများတွင်လည်း လူမရှိ။ အိမ်ထဲမဝင်နိုင်။
၁၃း၃၅ သော့ပါသည့် ကလေးငယ် ကျောင်းမှ ပြန်ရောက်လာသည်။
၁၃း၄၅ အိမ်မှ ပြန်ထွက်သည်။
၁၄း၁၅ အလုပ် ပြန်ရောက်သည်။
.
အလုပ်လုပ်နေပါသည်။
.
၁၅း၄၀ ဦးနှောက်အနားပေး ဒီစာရေးသည်။
.
အလုပ်ဆက်လုပ်ရမည်။
.
၁၉း၀၀ တွင် Report တစ်ခု ပို့ ပေးစရာရှိသည်။
.
.
.
၁၉း၃၀ သွားစရာတစ်ခု ရှိသည်။
၂၀း၃၀ တွေ့ စရာတစ်ခု ရှိသည်။
၂၁း၀၀ လုပ်စရာတစ်ခု ရှိသည်။
၂၁း၃၀ သွားစရာတစ်ခု ရှိသေးသည်။
.
.
၂၄း၀၀ မထိုးမှီ အိမ်ပြန်ရောက်မည် မျှော်လင့်ပါသည်။