Pages

Showing posts with label Thoughts. Show all posts
Showing posts with label Thoughts. Show all posts

May 20, 2010

အတွေး.. အရေး..

ဒီနေ့ထိုင်းရဲ့ နိုင်ငံရေးအခြေအနေတွေဟာ Military Coup ရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေပဲလို့ မြင်တယ်။ ထပ်ဆင်ဟာ ဆိုးပါတယ်။ ဒါပေမယ့် Military Coup ဟာ ထပ်ဆင် ဆိုးတာတွေ ၊ ခြစားတာတွေ ထက်အဆပေါင်းများစွာ ဆိုးရွားပါတယ်။ Military Coup ကြောင့် rules of the game ပျက် ပြယ်သွားပါပြီ။ Rules of the game မရှိတော့တဲ့အခါ၊ အစိုးရတရပ်ကို ဥပဒေဘောင်ထဲက ဖြုတ်ချဖို့ မလွယ်တော့တဲ့အခါ ဘယ်နိုင်ငံမှာမဆို violent movements ဖြစ်လာတတ်ကြပါတယ်။

ပိုပြီး မြင်သာအောင်ဥပမာပေးရမယ်ဆိုရင် ရှပ်နီတွေနဲ့ ရှပ်ဝါတွေ အုပ်စုနှစ်စုဟာ အုပ်စုဖွဲ့ပြီး ဖဲရိုက်ကြပါပါတယ်။ ဖဲဝိုင်းလုံခြုံရေးတွေကို တာဝန်ယူတဲ့ security တွေလဲ အများကြီးချထားတာပေါ့။ ရှပ်နီတွေကဖဲဝိုင်းမှာ နဲနဲအသာရနေတာပေါ့။ ဒါပေမယ့် ရှပ်နီတွေထဲက တယောက်ဖြစ်တဲ့ ထပ်ဆင်ဟာ လူညစ်ပါ၊ ဖဲခိုးရိုက်ပါတယ်။ ဖဲခိုးရိုက်တာ ဖဲဝိုင်းတွေရဲ့ သဘာဝပါ။ သာမန်အားဖြင့် ဆိုရင်ဖဲခိုးရိုက်တဲ့ ထပ်ဆင်ကိုဖဲ ခိုးရိုက်တာကို မမိမိအောင် ဖမ်းပြီး action ယူသင့်ပါတယ်။ ဖဲကစားသူတွေ အချင်းချင်း ရှင်းရမယ့် ကိစ္စပါ။ ဒါကို ဖဲဝိုင်းစောင့်တဲ့ security တွေက သူတော်ကောင်းလုပ်ပြီး တယောက်နဲ့တယောက် ယုံကြည်မှု့တွေနဲ့ ဆော့နေတဲ့ ဖဲဝိုင်းတခုလုံးကို အင်အားသုံး ဖျက်ကာ ရှပ်နီအားလုံး ပိုက်ဆံတွေ သိမ်းပြီး ရှပ်ဝါတွေပေးကာ ရှပ်ဝါတွေကို အနိုင်ပေးလိုက်ပါတယ်။ သာမန်အားဖြင့် ကြည့်ရင်တော့ ကောင်းကောင်း မွန်မွန်ဆော့နေတဲ့ ရှပ်ဝါတွေရှုံးတဲ့ ပိုက်ဆံတွေ ပြန်ရသွားလို့ ကောင်းတာပေါ့။ နောက် ရှပ်ဝါတွေက ဦးဆောင်ပြီး rules တွေ သတ်မှတ်ကာ ဖဲဝိုင်းပြန်စဖို့ ကြိုးစားကြပါတယ်။ (အရင်တုန်းက ဖဲဝိုင်းဟာ ရှပ်နီတွေရော ရှပ်ဝါတွေအားလုံး သဘောတူ သတ်မှတ်ထားတဲ့ rules တွေနဲ့ ဆော့တာပါ။ ) ရှပ်နီတွေက လက်မခံတော့ပါဘူး။ နဂိုထဲက ခပ်ဆိုးဆိုးဖြစ်တဲ့ ရှပ်နီတွေဟာ ရပ်ကွက်ထဲမှာ ဓါးတွေတဝင့်ဝင့်နဲ့ အော်ဟစ်ဆဲဆို သောင်းကျန်းကြပါတော့တယ်။ ရှပ်ဝါတွေက ကုပ်ကုပ် ကုပ်ကုပ်နဲ့ သိပ်ကြမ်းရဲတဲ့ လူမိုက်ဆန်ဆန်လူတွေ မဟုတ်တော့ အိမ်ရှေ့တွေ၊ ရပ်ကွက်ထဲတွေမှာ ရှပ်နီတွေက အော်ဟစ်ဆဲဆို သောင်းကြမ်းနေတာတွေကို တုန့်ပြန်တဲ့ အနေနဲ့ လမ်းပေါ်ထွက်ပြီး ရန်မဖြစ် ရဲကြဘူးပေါ့။ ရှပ်နီတွေကတော့ မိုးမွန်အောင် သောင်းကြမ်းကြတော့ ဘေးပတ်ဝန်းကျင် ရပ်ကွက်တွေရော၊ တမြို့လုံးကပါ သတိထားမိလာကြ ပါတယ်။ တော်တော် ဆိုးကြတယ်ပေါ့။ ဒါနဲ့ပဲ ရှပ်နီတွေဆိုးကြတယ် ဆိုပြီး လုံခြုံရေးတွေက လမ်းမပေါ်မှာ အော်ဟစ်ဆဲဆို သောင်းကြမ်းနေတဲ့ ရှပ်နီတွေကို အင်အားသုံးပြီး ဝင်ရိုက် နှိမ်နှင်းကြပါတယ်။ အဲ့ဒီတော့ တရပ်ကွက်လုံးသွေးတွေ သံတွေတရွဲရွဲနဲ့ ရိုက်ပွဲတွေကို အခုအားလုံး မြင်တွေနေရတာပေါ့။ ဒါပေမယ့် သူတို့အားလုံးဟာ ဖဲရိုက်ရင်း အသက်မွေးကြရတဲ့သူတွေပါ။ ရှပ်နီတွေရော ရှပ်ဝါတွေရောပါဝင်တဲ့ ဖဲဝိုင်းတွေ ပြန်စနိုင်မှ အားလုံး ချောင်ချောင်လည်လည်နဲ့ အဆင်ပြန်ပြေကြမှာ ဖြစ်ပါတယ်။

ကဲ..... ဖဲဝိုင်းတွေ ဘယ်လိုပြန်စကြမတုန်း။

June 14, 2009

Looking for....

ဖြစ်ချင်တာ ...
ဖြစ်သင့်တာ...
ဖြစ်နိုင်တာ ...
ဖြစ်နေတာ ...
.....
အဲဒါတွေရဲ့ အကြားမှာ ...

February 17, 2009

အပြောနဲ့  အလုပ်

မနက်က အိပ်ရာထစောတာနဲ့  သတင်းတွေဖတ်ရင်း ဇော်ဝင်းထွဋ် ရဲ့ သီချင်းတွေ နားထောင်ဖြစ်တယ်။ အဲဒီထဲက သီချင်းတစ်ပုဒ် နားထောင်ရင်း တွေးမိတာ တစ်ချို့ ရှိတယ်။ သီချင်းနဲ့  ဆိုင်ချင်မှလည်း ဆိုင်မယ်။ အတွေးဆိုတာမျိုးကလည်း တွေးချင်တာ တွေးနိုင်တာပဲလေ။ တွေးမိတာက အပြောနဲ့  တကယ့် အလုပ် နဲ့  ဆန့် ကျင်ဘက် ဖြစ်တဲ့သူတွေ အကြောင်း။ အဲဒီလိုလူတွေ ကျွန်မ တို့ ပတ်ဝန်းကျင်မှာ အများကြီးပဲ။ လူတိုင်းလည်း အဲလိုလူတွေနဲ့  တွေ့ ဖူး၊ ကြုံဖူးကြမှာပါ။

မှတ်မှတ်ရရ ဒီလို အမျိုးအစား လူတွေအကြောင်းကို ပထမဆုံး သတိထားမိလိုက်တာက နိုင်ငံခြားမှာ ကျောင်းစတတ်တဲ့ နှစ်မှာ။ ချစ်သူက ပြောတယ်။ အသိနောက်ကျ လိုက်တာတဲ့။ ကြားဖူး၊ ဖတ်ဖူးပေမယ့် အဲဒီအချိန်မှပဲ အပြင်မှာ တကယ်တွေ့ ခဲ့ရတာပဲ။ ဒါတောင် ကိုယ်နဲ့ တိုက်ရိုက် ပတ်သက်တာ မဟုတ်ဘူး။ အဲဒီ နောက်ပိုင်းတော့ မကြာခဏ ဆိုသလို ဒီလိုလူတွေကို မြင်ရ၊ ကြားရ၊ ကိုယ်တိုင်လည်း ကြုံတွေ့ ရပါတယ်။ နှုတ်ထွက်လေးတွေက တကယ်ချိုတယ်။ ဒါပေမယ့်လည်း တကယ်တကယ်မှာတော့ အပြောနဲ့  တကယ့်အဖြစ်အပျက်၊ လုပ်ဆောင်ချက်တွေနဲ့ က တလွဲကြီးပဲ။ လူတွေက ဒီလိုပါပဲ။

နှုတ်ပြောချိုသလို စိတ်သဘောထားဖြူတဲ့သူ၊ အပြောကောင်းသလို ပြောတဲ့အတိုင်း လုပ်လေ့ရှိသူဆိုတာ မရှိမဟုတ် ရှိပါတယ်။ အဲလိုပဲ အပြောနဲ့  အလုပ် ဆန့် ကျင်ဘက်ဖြစ်သူတွေကလည်း ရှိသပေါ့လေ။ အင်း.. သီချင်းနားထောင်မိတဲ့ အချိန် တခဏလေးမှာ တွေးမိလိုက်တာတွေက အများကြီးပါ။ တွေးမိတာတွေ၊ ပြန်သတိရတာတွေ အကုန်ချရေးလို့  မသင့်တော်ဘူးလို့  ထင်မိတယ်။ မျက်နှာ နာရမယ့် သူတွေ ရှိသေးတယ်။ ဒီလိုနဲ့  ဟိုတွေးဒီတွေး အတွေးတွေပွားရင်း ဇော်ဝင်းထွဋ် ရဲ့ မောဟစားသူများ ဆိုတဲ့ သီချင်းကို နောက်တစ်ခေါက် ထပ်ပြီး နားထောင်ဖြစ်ခဲ့တယ်။


စဉ်းစဉ်းစားစား လုပ်ကြဖို့ တော့ လူတွေ အစဉ်အမြဲပြောတာပဲ..
လက်တွေ့ ကြတော့ ဒေါသ မောဟ သယ်ရာကိုပဲ သွားနေဆဲ..

ရိုးရိုးသားသားလုပ်ကြဖို့ တော့ လူတွေ အစဉ်အမြဲပြောတာပဲ..
လက်တွေ့ ကြတော့ ကွေ့ ကွေ့ ကောက်ကောက် ဒီလိုလူများ များနေဆဲ

ရှင်းရှင်းလင်းလင်းလုပ်ကြဖို့ တော့ လူတွေ အစဉ်အမြဲပြောတာပဲ..
လက်တွေ့ ကြတော့ ရှုပ်ရှုပ်ရှက်ရှက် ဒီလိုလူများ များနေဆဲ

လောကကြီးထဲ တို့ နှစ်ယောက်လည်းပဲ ငွေကိုရှာရင်းမောနေဆဲ..
မောဟများနောက်က တစ်ကောက်ကောက်ကောက်လိုက်လို့ လိုတာတွေလဲ မဆုံးနိုင်ပဲ..
အားလုံးရှိတဲ့ မောဟများက ကမ္ဘာမှာ တစ်နေ့ တစ်ခြား တိုးလာဆဲ
မောဟများနောက်က လွတ်မြောက်ကြဖို့ ဘယ်လို တို့ ထိုးဖောက်နိုင်မလဲ..

January 09, 2009

☺အတင်းလား သတင်းလား...

အတင်းလား သတင်းလား...
ဘာလဲ..
....
မပြောတတ်တော့ အတင်း..
ပြောတတ်ရင် သတင်း ဖြစ်တယ်။
..........
....

October 06, 2008

ကွဲသွားတဲ့မှန်

ကွဲသွားတဲ့ မှန်တစ်ချပ်ကို မူလအတိုင်းပြန်ဖြစ်အောင် လုပ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး....


မှန်တစ်ချပ် ကွဲသွားခဲ့တယ်..
အစိတ်စိတ်အမွှာမွှာကွဲကျေသွားခဲ့တာပါ..
သူ့ ကြောင့် ဘယ်သူ့ ကိုမှ မထိခိုက်စေခဲ့ဘူး..
အစိတ်စိတ်အမွှာမွှာ.. ကွဲနေတဲ့ ဒီမှန်ကို ဆက်ပြီး အသုံးပြုဖို့ ဆိုတာ..
မဖြစ်သင့်ဘူး.... မဖြစ်နိုင်ဘူး.....

ကွဲသွားတဲ့ မှန်တစ်ချပ်အတွက် စိတ်ထိခိုက် မနေပါနဲ့ ...
ပြူတင်းပေါက်တစ်ခုရဲ့ လိုအပ်ချက်ဟာ မှန်တစ်ချပ်သာ ဖြစ်ခဲ့တာပါ..
ကွဲသွားတဲ့ ဒီမှန်ရဲ့ နေရာမှာ....
အစားထိုးဖို့  တခြားမှန်တွေ အဆင်သင့်ရှိနေမှာပါ..
ကွာလတီအမျိုးမျိုး.. အရောင်အမျိုးမျိုးနဲ့ ...
အဖြူရောင်ယူမလား.. အညိုရောင်ယူမလား....
သင်လောကကြီးကို ဘယ်လိုမြင်ချင်ပါသလဲ...
အသင့်တော်ဆုံးဖြစ်မယ်ထင်တဲ့ မှန်တစ်ချပ်ကို..
စိတ်တိုင်းကျ .. အမြန်ဆုံး..
ရွေးချယ်လိုက်ပါ...

ကွဲသွားတဲ့ မှန်တစ်ချပ်အတွက် .....
စိတ်ထိခိုက် မနေပါနဲ့ ... စိတ်ထိခိုက်မနေပါနဲ့ ..
စိတ်ထိခိုက်မနေပါနဲ့ ..

မြ

September 11, 2008

ရောက်တက်ရာရာ အတွေးများ

ပြီးခဲ့တဲ့ရက်က Blog Template ကို ပြောင်းဖို့ ကြိုးစားကြည့်တယ်။ လုပ်ရင်း တ၀က်တ်ပျက်နဲ့  ရပ်ထား လိုက်တယ်။ ကြည့်ရင်း ခေါင်းရှုပ်လာလို့  ဘလော့ပါ ပိတ်ထား လိုက်တယ်။ အရင်ကဆို တစ်ခုခုကို စလုပ်ပြီး ဆိုတာနဲ့  မပြီးပြီးအောင် လုပ်လေ့ရှိတယ်။ အခု အဲလို အရင်ကလို စိတ်မရှည် တော့ဘူး။ အခု အသစ်လည်း ထပ်ပြောင်းချင်စိတ် မရှိတာနဲ့  အရင်အဟောင်းကိုပဲ ပြန်ပြောင်း ထားလိုက်တယ်။

ကိုယ်အကြောင်း ကိုယ်ပြန်စဉ်းစားမိတယ်။ အတော်ပြောင်းလဲ သွားသလိုပဲ။ အရင်ကလောက် စိတ်အင်အား မကြီးမားတော့ဘူး။ ဇွဲမရှိတော့ဘူး။ တခြား စိတ်ဓာတ်၊ အတွေးအခေါ်.. အင်း ပြောင်းလဲသွားတာတွေ အများကြီးပဲ။ အသက်ကြီးလာကတော့ အထူးထည့်ပြောဖို့ လိုမယ် မထင်ဘူး။ ထားပါလေ။ ပြောင်းလဲနေတယ် ဆိုတာ ပုံမှန်သဘာဝ ပါပဲ မဟုတ်လား။ တသက်မတ်တည်း ဒီလိုကြီးပဲဆိုမှ တစ်ခုခု မှားနေတယ်လို့  ဆိုရမှာ။ ပြောင်းလဲပါစေ။ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်ဖို့ သာ ကိုယ်ပိုင်အသိစိတ်နဲ့  ကြိုးစားရတော့မှာပေါ့။

ရေးရင်း ခေါင်းထဲရောက်လာပြန်တာက Blog Template။ အခုရက်ပိုင်း စိတ်ကူးပေါက်ထပ်ပြောင်းဖို့  ကြိုးစားမိအုံးမလား မသိဘူး။ လွယ်လွယ်ကူကူ ကိုယ်လည်းကြိုက်၊ ခပ်ရှင်းရှင်းလည်း ရှိတဲ့ Blogspot ရဲ့ default template ဖြစ်တဲ့ Minima ပဲပြောင်းရင် ကောင်းမလားး။ စိတ်ဆိုတဲ့ အရာကလည်း တကယ့်ကို အစိုးမရဘူး။ ဒီ Template ကို မပြောင်းလဲ ဘာမှ မဖြစ်တာ။ အဓိက ကိုယ်ရေးချင်တာ ရေးလို့ ရဖို့ က အရေးကြီးတာပဲဟာ။ ခုလို တွေးလိုက်ပြန်တော့လဲ ကိုယ့်အတွေးနဲ့  ကိုယ်တော့ ဟုတ်နေတာပဲ။ ဟိုနေ့ က ဘာလို့  Template ပြောင်းဖို့ သွားစဉ်းစားမိပါလိမ့်။ အဲဒီတုန်းကလည်း Template ပြောင်းချင်တဲ့စိတ်က ရှိနေတော့ ပြောင်းလိုက်ရင် ဘာတွေ ဘယ်လို ကောင်းသွားမှာပဲလို့  တွေးခဲ့မိမှာပဲ။ လူ့ စိတ် .. လူစိတ်.. ကိုယ်ဖြစ်ချင်တဲ့ အရာ၊ ကိုယ်လုပ်ချင်တဲ့ အရာ၊ ကိုယ်လုပ်နေတဲ့ အရာတွေဟာ ကောင်းတယ်လို့  ဖြစ်အောင် လှည့်ပတ် တွေးတတ်ပါပေတယ်။

ခုရက်ပိုင်း လုပ်ချင်တာတွေ၊ သိချင်တာတွေ ၊ စမ်းကြည့်ချင်တာတွေ အတော်များနေတယ်။ မလုပ်ချင်လို့  လှည့်မကြည့်ပဲ ထားတဲ့ လုပ်သင့်တဲ့ အရာတွေကလည်း တန်းစီလို့ ။ ဖတ်စရာ၊ လေ့လာစရာ စာတွေကလည်း နည်းတာ မဟုတ်ဘူး။ အလကား အချိန်ကုန်ခံနေလို့  မဖြစ်ဘူး။ ကဲ.. အရေးမကြီးတာတွေ ထက်စာရင် တခြား အရေးကြီးတာတွေ အရင်လုပ်ဖို့ ပဲ ကိုယ့်ကိုကိုယ် တွန်းအားပေး လိုက်တော့မယ်။ မေမေပြောသလို ... ဘယ်သူ့ အတွက်မှ မဟုတ်၊ ကိုယ့်အတွက် ကိုယ်တော့ ကိုယ်ဘာသာကိုယ် သိတတ် လိမ္မာမှ ဖြစ်မှာ။

September 21, 2007

အတွေးများ နဲ့  မျော်လင့်ခြင်း

ဒီသတင်း (88 Generation Students Leaders Hospitalized After Being Severely Tortured) ကို ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ ငါသာ သူတို့ နေရာမှာဆိုတာမျိုးကို အတွေး စိတ်ကူးနဲ့ တောင် ခံစားမကြည့်ရဲအောင် ဖြစ်ရပါတယ်။ သူတို့  ၄ ယောက်မှ မဟုတ်ပါဘူး၊ တခြားသူတွေ ..... သူတို့ တွေ ဒါတွေလုပ်ရင် ဒီလိုတွေ တစ်နေ့  ကြုံရမယ် ဆိုတာ သိကြပေမယ့် မကြောက်မရွံ့  နောက်မဆုတ်ပဲ ကြိုးစားနေကြတဲ့ သူတွေ။

ဘာကြောင့် သူတို့ တွေ ဒီလောက် ရဲရင့်နေကြတာလဲ။ သူတို့ ကိုယ် သူတို့ ၊ သူတို့  မိသားစု တစ်စုစာ အတွက်လောက်နဲ့ တော့ သူတို့  ဒီလို ခံစားနေစရာ မဟုတ်ပါဘူး။ တစ်ယောက်စာ၊ တစ်မိသားစုစာ၊ ဆွေမျိုးတစ်စုစာ အတွက်လောက်ဆို ... နေတတ်ရင်၊ ယူတတ်ရင် ပြည့်စုံရုံမက ပိုလျှံအောင် ရနိုင်တဲ့ အခွင့်အရေးတွေ၊ လုပ်နည်းလုပ်ဟန်တွေကို သူတို့ လည်း သိကြမှာပါ။ ဒါပေမယ့်.. သူတို့ .... အားလုံးအတွက် ရဲရင့်နေကြတယ်။ ကိုယ့်မှာ မရှိတဲ့ သတ္တိတွေ သူတို့ မှာ အပြည့်ရှိအောင် ဘယ်လို အရာတွေက တွန်းအားပေးနေတာလဲ။ ကိုယ်လည်း ဒီမြေမှာ မွေး၊ ဒီရေကို သောက်ပြီး ကြီးပြင်းလာခဲ့တာပဲ။ ဒါပေမယ့် ကိုယ်နဲ့  သူတို့ တွေကြားမှာ ရှိနေတဲ့ စွန့် လွှတ်နိုင်အား၊ စွန့် စားနိုင်အား၊ ပေးဆပ်နိုင်အား ကွာခြားချက်တွေက များပြားလှတယ်။ လေးစားပါတယ်။

ဖတ်ခဲ့ဖူးတဲ့ ကိုမင်းကိုနိုင်ရဲ့ ကဗျာတစ်ပုဒ်ထဲက စာသားတွေ ခေါင်းထဲရောက်လာခဲ့တယ်။ ကဗျာထဲမှာ သူက ဒီလို ရေးထားခဲ့တယ်..

ငါတို့တွေကိုက...
တိုက်ဆင်တွေလို အရေထူဖို့ ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒါဏ်ရာ အောင်ပွဲမှပြကြေးကိုး။


ဆုတောင်းပါတယ်။ သူတို့ သာဆိုရင် သစ္စာပြုပါတယ်ဆိုတဲ့ စကားကိုပဲ သုံးနှုန်းကြမှာ။ သူတို့ ရဲ့ သစ္စာတရားတွေ။ သူရေးသားခဲ့သလို အရေထူပြီး မတရားသူတွေရဲ့ တရားမဲ့  နှိပ်စက်မှုဒါဏ်ကို ခံနိုင်ရည်ရှိကြပါစေ။ အမှန်တရားအတွက် ဆက်လက်ကြိုးစား တိုက်ပွဲဝင်နိုင်ကြပါစေ။ တစုံတရာ ဆိုးဆိုးရွားရွား ဘာမှ မဖြစ်ကြပါစေနဲ့ ။ တိုက်ပွဲက ရခဲ့သမျှ ဒါဏ်ရာတွေကို ပြသခွင့်ရနိုင်မယ့် စွန့် လွှတ်၊ စွန့် စား၊ သစ္စာတရားကို ယုံကြည်ကြသူတွေရဲ့ အောင်ပွဲနေ့ ရက် မကြာခင် ရောက်ရှိလာနိုင်ပါစေ...

မျော်လင့်ခြင်း - မင်းကိုနိုင် .....

Poem Credit to THKZ
Poem Source : mizzimaburmese.com

September 02, 2007

ခေါင်းစဉ်မရှိသော ကဗျာတစ်ပုဒ်

ဒီရက်ပိုင်း ဖတ်ဖြစ်တဲ့ ကဗျာတွေထဲက ကြိုက်နှစ်သက်မိတဲ့ ကဗျာတစ်ပုဒ်ပါ။ နောက်ပိုင်း ကဗျာတွေကို ဖတ်မိရင် ကဗျာရဲ့ သမိုင်းနောက်ကြောင်းကိုလည်း လိုက်ရှာကြည့်ဖြစ်တယ်။ ဒီကဗျာကို ချစ်ခင်သူတွေကို ဆုံးရှုံးလိုက်ကြရသူများကို အားပေး၊ နှစ်သိမ့်တဲ့ အခါတွေမှာ ပို့ ပေးလေ့ရှိကြပါတယ်။ ဒီကဗျာကို အင်တာနက်ပေါ်မှာ လိုက်ရှာကြည့်ရင် အမျိုးကွဲပေါင်းများစွာ တွေ့ ရမှာပါ။ ဒီကဗျာရေးသားသူ Mary Frye ဒီကဗျာကို သူ့  သူငယ်ချင်းမိခင်ရဲ့ အသုဘရှုသွားရင် ဖြစ်ပေါ်လာတဲ့ ခံစားချက်ပေါ်မူတည်ပြီး ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ဖတ်ရပါတယ်။ ကဗျာအကြောင်းသိချင်ရင် ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

Mary Elizabeth Frye (1905-2004)

Do not stand at my grave and weep,
I am not there, I do not sleep.
I am in a thousand winds that blow,
I am the softly falling snow.
I am the gentle showers of rain,
I am the fields of ripening grain.
I am in the morning hush,
I am in the graceful rush
Of beautiful birds in circling flight,
I am the starshine of the night.
I am in the flowers that bloom,
I am in a quiet room.
I am in the birds that sing,
I am in each lovely thing.
Do not stand at my grave and cry,
I am not there. I do not die.

ကဗျာလေးကိုဖတ်ပြီး အရင်တုန်းက ကျွန်မ ပြောတတ်တာတွေကို ပြန်တွေးမိတယ်။ ကျွန်မ နဲ့ ရင်းနှီးသူတွေကို ကျွန်မ သေဆုံးသွားတယ်လို့  ကြားခဲ့ရင် လူမလာနိုင်တောင် နောက်ဆုံးနှတ်ဆက်တဲ့ အနေနဲ့  ပန်းလှလှလေး တစ်ပွင့်လောက်တော့ ရောက်အောင် ပို့ ပေးကြပါလို့  ကျွန်မ ပြောလေ့ရှိတယ်။ ပန်းစည်းတွေ၊ ပန်းခြင်း အကြီးကြီးတွေကို ပြူးပြူးပြဲပြဲနိုင်တဲ့ ထင်တဲ့အတွက် ကျွန်မ မကြိုက်ပါဘူး။ နောက်ပြီး ကျွန်မပြောလေ့ရှိတာက ကျွန်မရဲ့ အုတ်ဂူလေးကိုလည်း ခရစ်ယန်သင်္ချိုင်းတွေမှာလို သေးသေးလေးလုပ်ပေးပါ။ ဘေးပတ်လည်မှာ ပန်းပင်လေးတွေ စိုက်ပေးထားပါလို့  မှာတတ်တယ်။ သူများတွေ အမြင်မှာ ကျွန်မရဲ့ အုတ်ဂူလေးကို လှပနေစေချင်တာကြောင့် ဖြစ်မယ် ထင်တယ်။ နောက်ပြီး အရင်က ကျွန်မတို့  အိမ်နားမှာရှိတဲ့ ခရစ်ယန်သင်္ချိုင်းမှာ ဒါတွေမြင်နေကြမို့ ဒီလိုမျိုးတွေ စိတ်ကူပေါက်ခဲ့တာ ဖြစ်ပါလိမ့်မယ်။
တကယ်တော့ ကျွန်မ သေဆုံးသွားပြီ၊ နောက်တဘ၀ကို ပြောင်းသွားပြီ ဆိုမှတော့ ဒီဘ၀က အကြောင်းအရာ တွေကို သိမှာမှ မဟုတ်တော့တာ။တကယ်တော့ လူတစ်ယောက် သေဆုံးသွားတယ်ဆို အဲဒီလူက ဘာမှ မသိနိုင်တော့ ပါဘူး။ ကျန်ရစ်သူတွေသာ ဘယ်တော့မှာ ပြန်လာမှာ မဟုတ်တော့တဲ့ ထွက်ခွါသွားသူရဲ့ အရိပ်တွေကို မမေ့နိုင်ပဲ တမ်းတနေမိကြတာပါ။ ရေးထားတာတွေက ကဗျာလေးနဲ့ တော့ မဆိုင်ပါဘူး။ စိတ်ထဲပေါ်လာတာတွေ ချရေးလိုက်တာ။

August 16, 2007

Avril Lavigne - Girlfriend

ဒီသီချင်းကို စပြီး ထွက်ကတည်းက သူငယ်ချင်းတွေ ပို့ ပေးလို့  နားထောင်ဖြစ်တဲ့။ Avril Lavigne ကချောတယ်၊ ဒီသီချင်းလေးက မြူးတယ် ဆိုတာလောက်ကလွဲရင် အရမ်းကြိုက်တယ်လည်း ၊ လုံးဝ မကြိုက်ဘူး ဆိုတဲ့ ခံစားချက်မျိုးတွေ မရှိခဲ့ဘူး။ ဒါပေမယ့် ကျွန်မ သိတဲ့သူတွေထဲမှာ ဒီသီချင်းကို နားထောင်ပြီးတာနဲ့  အရမ်းကြိုက်တယ်ဆိုသူတွေ ရှိသလို၊ လုံးဝမကြိုက်ဘူး၊ အရမ်းအမြင်ကပ်တယ် ဆိုလာသူတွေလည်း ရှိခဲ့ပါတယ်။

ဒီသီချင်းကို ကြိုက်တယ်ပြောသူ အများစုဟာ ယောက်ျားလေးတွေ၊ မနှစ်သက်သူတွေ အများစုဟာ မိန်းကလေးတွေ ဖြစ်မယ်ဆိုတာ အထူးပြောစရာ လိုမယ် မထင်ပါဘူး။ ပြီးခဲ့တဲ့အပတ်ကတော့ သူငယ်ချင်း တစ်ယောက်က "Avril Lavigne - Girlfriend"သီချင်းလေး လိုချင်တယ် ပြောတာနဲ့  mp3 ကိုပြန်ရှာ၊ ပို့ ပေးရင် ထပ်နားထောင်ဖြစ်ရုံမက၊ MTV ကိုပါ YouTube မှာ သေသေချာချာ ပြန်ကြည့်ဖြစ်သွားတယ်။

ဒီသီချင်းထဲက ကောင်မလေးလို ... သူတပါးမှာ ချစ်သူရည်းစား၊ သက်ဆိုင်သူရှိမှန်း သိရဲ့နဲ့  ရှေ့ ဆက်တိုးပြီး ကိုယ့်ဘက် ပါလာအောင် လုပ်တဲ့ လူမျိုးတွေထက်စာရင် အဲ့ဒီထဲက သရုပ်ဆောင် ကောင်လေးပုံစံမျိုး ကိုယ့်မှာ သက်ဆိုင်သူ ရှိရဲ့နဲ့  တခြားသူတစ်ယောက်ရဲ့ စွဲဆောင် ဖျားယောင်းမှုကြောင့် အလွယ်တကူ ဖောက်ပြန်သွားတဲ့ လူစားတွေကို ပိုပြီး စိတ်ကုန်မိတယ်။ (ကိုယ်ဟာကို ဖောက်ပြန်ချင်လို့  အကြောင်းရှာ ဖောက်ပြန်ထက် လူမျိုးထက်စာရင် ခုလို စိတ်မခိုင်လို့  ဖောက်ပြန်တတ်တဲ့ သူတွေက ပိုပြီး စိတ်ပျက်ဖို့ ကောင်းပါတယ်)

ကိုယ်လိုချင်တာ တစ်ခုကို ဘာအတားအဆီးပဲ ရှိရှိ ရအောင် ကြိုးစားတယ်ဆိုတာမျိုးတွေကိုတော့ ဘာမှ မပြောလိုပါဘူး။ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ပဲလေ။ မသိလို့ လုပ်တဲ့သူတွေမှ မဟုတ်တာ၊ သိလျက်နဲ့  လုပ်နေကြတာပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ ဖျားယောင်း သွေးဆောင်မှုကြောင့် လက်ရှိ တည်ရှိနေတဲ့ Relationship တစ်ခုကို အလွယ်တကူဖျက်ပြီး ကိုယ့်ဘက် ပါလာသူတွေကို စိုးရိမ်ပူပန်မှုမရှိ လက်တွဲသွားနိုင်ကြတာကို အံ့သြမိပါတယ်။ ကိုယ့်လိုပဲ တခြားတစ်ယောက်က ဖျားယောင် သွေးဆောင်လာရင်လည်း ခုလိုပဲ အလွယ်တကူ ဖောက်ပြန်သွားမှာ မျိုးတွေကို မတွေးမိ၊ မစိုးရိမ်မိ၊ မကြောက်မိကြဖူးလား မသိဘူး။

တခြားသူတွေ အတွက်တော့မသိဘူး၊ ကျွန်မ အတွက်ကတော့ တခုခုဆို အလွယ်တကူနဲ့  စိတ်အပြောင်းအလဲ မြန်တတ်သူတွေကို ယုံကြည်မှုထားဖို့ ဆိုမျိုးဟာ အတွေးထဲမှာတောင် အတော်ခက်ခဲတဲ့ ကိစ္စတစ်ခုပါပဲ။

July 20, 2007

20072007

ဒီနေ့  Date က Double Match ဖြစ်တယ်၊ နံပါတ်လေး လှတယ်ဆိုပြီး Gtalk Status မှာတင်ကြ၊ တချို့ များဆို SMS တွေတောင် ပို့ ပြီး ပြောကြလုပ်နေကြတာ တွေ့ ရတယ်။ တချို့  SMS တွေမှာဆို Once in a life time တဲ့။ ဘယ်လိုရက်မျိုး ကိုများ ကျွန်မတို့ ဘ၀မှာ နှစ်ခါပြန်ရတယ်ဆိုတာ ရှိဘူးလို့ လဲနော်။ ထားပါ။ ကျွန်မမှာ သူတို့ လိုပဲ နေ့ စွဲလှလှလေးတွေဆိုရင် သတိထားမိတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ အဲ့ဒီသူငယ်ချင်း အွန်လိုင်းအမြဲတတ်တဲ့ အချိန်ကဆို နေ့ စွဲ လှလှလေးတွေရောက်ပြီဆို သူ့  Yahoo မှာ Status တင်ရုံမက၊ တခါတလေဆို အီးမေးနဲ့ တောင် ပို့ ပြီး ပြောတတ် သေးတယ်။

တတီတီဝင်နေနဲ့  SMS တွေကြည့်ရင်း ၊ အလုပ်လေး နည်းနည်း အားနေတာနဲ့  Double Match နေ့ စွဲ လှလှ ဖြစ်မယ့် ရက်တွေကို ချရေးကြည့်မိတယ်.. နေ့ စွဲလှလှကြိုက်သူတွေ အတွက်ပေါ့

20072007 - 20th July 2007
20082008 - 20th August 2008
20092009 - 20th September 2009
20102010 - 20th October 2010
20112011 - 20th Novermber 2011
20122012 - 20th December 2012

ဒီလိုပဲ တခြားရက်စွဲလှတာလေးတွေ အများကြီးရှိဦးမှာပါ။ တကယ်ဆို ကျွန်မရေးထားတဲ့ ရက်တွေဟာ DD-MM-YYYY Format နဲ့ ရေးလို့  ဖြစ်တာတွေပါ။ MM-DD-YYYY ၊ YYYY-MM-DD တွေ နဲ့ သာ ရေးမယ်ဆိုရင် အဲ့ဒီလို လှမှာ မဟုတ်ဘူး။ အမျိုးမျိုးပြောင်းရေးလို့ ရနေတဲ့ Date တွေကို အစွဲအလန်းထားမျိုးကို ကျွန်မလုပ်လေ့မှရှိဘူး။ ဂဏန်းလေးတွေ လှတာလေးတစ်ခုနဲ့ တော့ အဲ့ဒီ နေရက်တွေ ကျွန်မကို သာမန်ထက်ထူးခြားတဲ့ ခံစားမှုမျိုး မဖြစ်စေဘူးလေ။

June 12, 2007

Ten views of project management

ဘယ်အချိန် ကြည့်ကြည့် သဘောကျမိတဲ့ ပုံလေးပါ။ ကိုယ့်အလုပ်၊ ကိုယ်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်နေလို့  ဖြစ်မယ် ထင်ပါတယ်။ ဟိုအရင် အလုပ်မှာဆို ဒီပုံလေးကို နေရာအနှံ့  စာပွဲရှေ့ တွေမှာ ကပ်ပေးထားတယ်။
  1. How the customer explained it
  2. How the Project Leader understood it
  3. How the Analyst designed it
  4. How the Programmer wrote it
  5. How the Business Consultant described it
  6. How the Project was documented
  7. How operations installed
  8. How the customer was billed
  9. How it was supported
  10. What the customer really needed

ဒီထဲမှာ သဘောအကျဆုံးကတော့ How the Project was documented နဲ့  How it was supported ဆိုတာကိုပါပဲ။ ဟိုတလောကဆို User တွေ လက်ရှိသုံးနေတဲ့ Software တစ်ခုမှာ ပြဿနာ တစ်ခုတတ်လို့  Investigation လုပ်ပေးပါတဲ့။ ဒါနဲ့  လုပ်ပေးမယ် အဲ့ဒီ Project ရဲ့ Documentation လေးအရင်ပေးပါ ပြောလိုက်တော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ရေးထားတဲ့ Documentation လာပေးတယ်။ ကြည့်လိုက်တော့ ခုလက်ရှိဟာ နဲ့  အတော်ကို ကွာခြားနေပြီ။ အသေအချာ မေးကြည့်တော့မှ ဒီနှစ်တွေအတွင်း အဲ့ဒီ Project ကို Enchantment အကြိမ်ပေါင်းများစွာ လုပ်ခဲ့တယ်တဲ့။ အချိန်မရ (Very Tide Schedules) မို့  ဘာ Technical Documents မှ အသစ်ထပ် မလုပ်နိုင်ခဲ့ဘူး၊ လိုချင်ရင်တော့ User Requirement Documents တွေပဲ ရှိတဲ့လေ။ ကောင်းရော။ ဒါဆိုလည်း အဲ့ဒီက Function တွေ ဘယ်လို အလုပ်လုပ်လဲ သိမှဖြစ်မယ်၊ ဒါမှ ဘယ်နေရာတွေမှာ၊ ဘာမှားနေလဲ သိနိုင်မှာဖြစ်လို့  Functional Specification နဲ့ User Guide တစ်ခုခု ပေးပါလို့  ပြောလိုက်တော့.. Document အဟောင်းတွေပဲရှိလို့  စုံလင်မှာ မဟုတ်တဲ့အတွက် ဒီမှာ 10 Years ကျော် Experience ရှိနေတဲ့ BA (Business Analyst) တစ်ယောက်ကို သိချင်တာတွေရှိရင် သွားမေးပါ၊ ဒီ Software ကို အဲ့ဒီ BA အကုန်သိပါတယ်လေ။

ပထမဆုံးအလုပ်ဝင်ချိန်တုန်းကတော့ အဲ့ဒီမှာ Documentation အပြည့်အစုံမရှိတာတွေ့ တော့ ဒီ Company ကသေးလို့  စည်းစနစ်မကျလို့  မရှိတာလို့ ပဲ ထင်ခဲ့မိတယ်။ ဒါပေမယ့် နောက်ပိုင်း ကြာလာတော့ Company အတော်များများက ဒီလိုပါပဲ၊ Documentation ဆိုတာကို ရှိတယ် ပြောနိုင်ရုံလောက်သာ၊ အဖြစ်သဘောလောက် လုပ်နေကြမှန်း သိလာရတော့တယ်။

How the Programmer wrote it ဆိုတာလေးကို မြင်ရတော့ Programmer တွေ တခါတလေမှာ အလွယ်လိုက်ပြီး ဖြစ်သင့်တာ မဖြစ်သင့်တာကိုလည်း ဂရုမထား၊ အလုပ်မြန်မြန်ပြီးအောင်လုပ်လိုက်ဖို့  လွယ်လွယ်ကူကူ ရေးလိုက်တတ်ကြတာကို တွေးမိပြီး ရယ်ချင်သွားတယ်။ How the Business Consultant described it ဆိုတာကိုလည်း သဘောကျတယ်။ ခုအချိန်မှာ ကျွန်မဘေးနားမှာ ရှိနေတဲ့ သူတွေက အဲ့လို တွေကြီးပဲ။ How the customer was billed ကိုမြင်တော့ ပထမဆုံးအလုပ်က Boss ကို သတိရတယ်။

How the customer explained it နဲ့  What the customer really needed ကိုကြည့်ပြီး မှန်လိုက်တာလို့  တွေးမိတယ်။ Customer တွေရှင်းတာ နားထောင်ပြီးရင် ၊ သူတို့  ဘာလိုချင်လို့  ဘာတွေလုပ်စေချင်နေမှန်း သိအောင် လုပ်ရတာ တော်တော်ခက်တယ်။ နောက်ပြီး တကယ်အသုံးပြုမယ့် User တွေစီက Requirement တွေ ယူရတာကလည်း အတော်လေးခက်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို Customer တွေ၊ Actual User တွေနဲ့  တွေ့ ရတာ ပျော်စရာတော့ အတော်ကောင်းသား။

ဒီပုံလေးက ကျွန်မတို့  လုပ်ကိုင်နေရတဲ့ အလုပ်ပတ်ဝန်းကျင် အကြောင်းကို ဖေါ်ပြပေးနေသလို ၊ လူတဦးနဲ့ တဦး ပြောဆို ကြရာမှ ကိုယ်ပြောချင်တာနဲ့  သူနားလည်သွားတာ တူညီဖို့ ဆိုတာ အလွန်အရေးကြီးကြောင်း သိသာစေပါတယ်။

April 25, 2007

Weird Things

ဒီနေ့  ကျွန်မကို MR.Programmer က Tag Game တစ်ခု ကစားပါဆိုပြီး သူ့ ဘလော့ခ်မှာ Tag လုပ်ပါတယ်။ 10 weird things about me ကို ချရေးရတယ် Game ပါ။ ဟိုနေ့ ကတင် သူငယ်ချင်းတစ်ယောက်က အဲ့ဒီ Game ကို Tag လုပ်လိုက်ရမလားလို့  လာမေးသေးတယ်။ မလုပ်နဲ့  ငါဖြေဖြစ်မယ် မထင်ဘူးလို့ပြောလိုက်တော့ နင်ဒီလိုဖြေမယ်ဆိုတာ သိပြီးသားလို့  ပြောသွားတယ်။ အကြောင်းသိတွေချင်းပဲ. ဒီလောက်တော့သူလည်း သိမှာပါ။

ခု အစ်ကိုကြီး Mr-Programmer က Tag ထားပြီ။ ဂျောက်တွန်းတယ်သွားပြောရင် အဆူခံရနိုင်တော့ မပြောတော့ပါဘူး။ မသိချင်ယောင်ဆောင်နေလို့ လဲ မဖြစ်ဘူး။ သူက အကြီးဆိုတော့ လေးစားရသေးတယ်။ :D ( ညီမလေး လင်းလက်ကလည်း ထပ် Tag လုပ်ထားတာတွေ့ ရတယ် )

10 weird things about me ဆိုတော့ တွေးကြည့်တယ်။ ကျွန်မ့ကိုယ် ကျွန်မ ထူးဆန်းတယ်ထင်တဲ့ ကျွန်မရဲ့ အကျင့်တွေလား။ သူများတွေက ထူးဆန်းတယ်တဲ့ ကျွန်မရဲ့ အကျင့်တွေလား။ စဉ်းစားစရာပဲ။

ခုတလော ဘလောခ့်တွေမှာ အဲ့ဒီ Game ကို ကစားတဲ့အနေနဲ့  ရေးထားတာတွေ အတော်များများ ကျွန်မ ဖတ်ဖူးပါတယ်။ အဲ့ဒီ ထဲက တချို့ သူတွေရေးထားတဲ့ အကျင့်မျိုး ခပ်ဆင်ဆင်တွေ ကျွန်မမှာလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ဒါတွေဟာ မထူးဆန်းသလို ၊ မကောင်းတဲ့ အကျင့်တွေလို့  လည်း မထင်ပါဘူးရှင့်။ ဥပမာ - ကျွန်မ တစ်ယောက်တည်း အစားစားမယ်ဆို ဖတ်စရာ တစ်ခုခုကို အရင်ရှာတယ်။ တွေ့ မှ စာဖတ်နေရင်းနဲ့ ပဲ အစာစားလေ့ရှိတယ်။ အပြင်မှ Lunch တစ်ယောက်တည်း စားရင်တောင် ဖတ်စရာ စာအုပ်တစ်အုပ် လက်ထဲမှာပါ ပါတယ်။ ဒါဟာ ကျွန်မအတွက် ဘာမှမထူးဆန်းလို့ လုပ်ရိုးလုပ်စဉ် လုပ်နေတာပါ။ ဒီလို တခြားအကျင့်လေးတွေ ကျွန်မမှာ အများကြီးရှိပါတယ်။

ကျွန်မကတော့ အကျင့်တစ်ခုဆို ဘယ်သူ့ ကိုမှလည်း မထိခိုက်ဘူး၊ ကျွန်မကို ကျွန်မအတွက်လည်း အကျိုးယုတ်စေတဲ့ အရာမဟုတ်သေးဘူး ထင်နေသမျှ ဆက်လုပ်နေတတ်ပါတယ်။ ကျန်တာကိုတော့ ထူးလား မထူးလား စဉ်းစားလေ့မရှိဘူး။

ဒါတွေကြောင့်လည်း ကျွန်မဟာ ဆိုဆုံးမရ ခက်သူ တစ်ယောက်လို့  တစ်စုံတစ်ယောက်က ပြောတာထင် ပါတယ်။ သူပြောတာ ကျွန်မ မငြင်းချင်ပါဘူး။ ကျွန်မ လုပ်လေ့ရှိတဲ့ အကျင့်တွေမှာ မကောင်းဘူးထင်တာတွေကို ကျွန်မ့ လက်ခံနိုင်အောင် ပြောနိုင်ရင် အဲ့ဒီအကျင့်တွေကို ကျွန်မ ပြင်လိုက်မှာပါပဲ။ တချို့ ဟာတွေတော့ သူတို့ အမြင်တွေနဲ့  ကျွန်မအထင်နဲ့  မကိုက်သေးတော့လည်း ကိုယ့်စိတ်ကြိုက်ကိုပဲ ဆက်လုပ်တုန်းပေါ့။ ကိုယ်တိုင်က ပြင်ချင်ရင် ပြင်မရပဲ ဖြစ်နေတဲ့ အကျင့်ဆိုတာရှိမယ် မထင်။

ဒီတော့ ကျွန်မကိုယ်ကျွန်မ ထင်တဲ့ ထူးဆန်းတာတွေဆိုရင်တော့ ဘာမှ ချရေးဖြစ်မယ် မထင်ဘူး။ မရှိလို့ ပါ။ weird ဆိုတာ informal very strange and unusual, and difficult to understand or explain လို့  Dictionary မှာလည်းတွေ့ တယ်လေ။ ကျွန်မရဲ့ အကျင့်တွေဟာ ကျွန်မကိုယ် ကျွန်မအတွက်တော့ ထူးဆန်းတယ်လည်းမထင်၊ မကောင်းဘူးလို့ မထင်ပဲ၊ဘယ်လိုမှလည်း မထင်၊ ကျွန်မလက်ခံနိုင်နေတဲ့ လုပ်ရိုးလုပ်စဉ်တွေမို့  ကျွန်မလုပ်နေတာတွေလေ။

ကျွန်မ စဉ်းစားမိတယ်။ ကျွန်မရဲ့ ထူးဆန်းတဲ့ အကျင့်တွေကို ကျွန်မ ချရေးမယ့် အစား ကျွန်မနဲ့  ရင်းနှီးသူတွေကို ရေးခိုင်းတာကမှ အမှန်ရမယ် ထင်တယ်။ ကျွန်မမှာ ဘယ်လို အကျင့်ဆန်းတွေ၊ အကျင့်ဆိုးတွေ ရှိတယ်ဆိုတာကို ကျွန်မနဲ့  ရင်းနှီးသူတွေပဲ သိကြမှာပါ။ သိတာလေးတွေ ရှိရင် Comments ပေးသွားလဲ ရပါတယ်။ ဖုန်းဆက်ပြောလည်း ရတယ်။ ဘာပဲဖြစ်ဖြစ် သိရတာပေါ့။ ဒါပါပဲလေ...

တွေးမိသေးတယ်.. ဒီလို ကိုယ်လုပ်ချင်ရာ၊ ကိုယ်ထင်တာ ကိုယ်လုပ်တာကိုပဲ weird လို့ ပြောချင်ကြမလားပဲရယ်...... မဟုတ်ပါဘူး.. ဒါမျိုးတွေ သူများတွေလည်း လုပ်လေ့ရှိပါတယ်..

April 19, 2007

Browser wars over

Browser War ကြီး ပြီးဆုံးသွားပါပြီ။ ကြီး ပြီးဆုံးသွားပါပြီ။ တစ်ခုနဲ့ တစ်ခု အပြိုင်အဆိုင် သူတပါးရဲ့ အားနည်းချက်တွေကို အပြစ်ရှာပြောလိုက်၊ ကိုယ့်ရဲ့ အားသာချက်တွေကို အမွှန်းတင်ပြောလိုက်နဲ့  အပြိုင်အဆိုင် ထုတ်ဝေလာခဲ့တဲ့ Browsers တွေကို ခုချိန်ကစပြီး Internet အသုံးပြုသူတွေ အားလုံးကောင်းကျိုး အတွက် Development Platform ဆိုတဲ့ အမြင်နဲ့ သာ ဆက်လက် ထုတ်လုပ်ကြတော့မယ် ဆိုတာကို Microsoft (IE), Mozilla (FireFox), Opera နဲ့  Google တို့ က ပြောကြားကြောင်း သတင်းကို ComputeWorld.com မှာ ဖတ်လိုက်ရပါတယ်။ သတင်းကောင်းတစ်ခုပါပဲ။

အများအကျိုးရှိဖို့ ဆိုရင် အသည်းအသန် ပြိုင်ဆိုင်နေကြသူတွေတောင် တစ်ယောက်နဲ့ တစ်ယောက် ရန်ဆောင်အပုတ်ချပြောဆိုမှု့ တွေကိုရပ်ပြီး ညီညွတ်မှု တစ်ခုကို တည်ဆောင်သွားနိုင်ကြပါပြီ။

Browser wars over, say Microsoft, Mozilla, Opera and Google (computerworld.com)

ဒီနေရာမှာ ကျွန်မ နားလည်မိတဲ့ ညီညွတ်ရေးဆိုတာ၊ လူတွေအားလုံးဟာ တလေတည်း၊ တသံတည်း ထွက်နေစရာ မလိုပါဘူး။ ဘယ်လောက်ပဲ အကြိတ်အနယ် ပြိုင်ဆိုင်နေကြတဲ့ ပြိုင်ဖက်တွေပဲဖြစ်ဖြစ်၊ အများအတွက် အကျိုးရှိစေမယ့် ကိစ္စတွေမှာဆို အတ္တတွေ၊ မာနတွေ ခ၀ါချပြီး အတူပူးပေါင်း ဆောင်ရွက်နိုင် စွမ်းပါပဲ။ ဒီလို ဆောင်ရွက်နိုင်စွမ်းဟာ ညီညွတ်မှု့ အပြင် ထိုသူတို့ ရဲ့ စိတ်ဓာတ်ရေးရာအရ ဘယ်လောက်ရင့်ကျက်မှု့ ရှိတယ်ဆိုတာကို ပြနေတာပါပဲ။

အများကောင်းကျိုးတွေတော့ လုပ်နေကြပါတယ်။ ဒါပေမယ့် အားလုံးဟာ ညီညွတ်မှု့ မရှိ၊ ကိုယ်လည်း ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်၊ သူလည်း သူလုပ်ချင်ရာ သူလုပ်၊ ငါတစ်ဗိုလ်၊ သူတစ်မင်းနဲ့  လုပ်ဆောင်နေကြရင် ကောင်းကျိုးရဖို့ ဆိုတာ နည်းပါတယ်။ အင်း...အားလုံးပဲ သဘောထားကြီးကြီးနဲ့  ပေါင်းစည်းပြီး ညီညွတ်မှု့ ကို တည်ဆောက်လိုက်နိုင်မယ်ဆိုရင် ကျွန်မတို့ လိုချင်တဲ့ အရာတစ်ခုကို ရရှိကြဖို့  ပိုပြီး နီးစပ်လာမှာပါပဲ။

March 28, 2007

သတင်းစာနှင့် သတင်းစာဆရာဆိုသည်မှာ

မောင်ဝံသရေးတဲ့ သတင်းစာဆရာနှင့် တန်းဖိုး ဆိုတဲ့ ဆောင်းပါးထဲက သတင်းစာ ဆိုတာ၊ သတင်းစာ ဆရာဆိုတာ ဘာလည်းဆိုပြီး ရှေးရှေးတုန်းက ဆရာကြီးတွေရဲ့ အဆိုအမိန့် တွေနဲ့  အဲ့ဒီအဆိုအမိန့် တွေကို ဖတ်ပြီး တွေးမိတာလေး တချို့ ပါ။

သတင်းနှင့် အဖျင်း
"သတင်းစာဟာ တရားစာမဟုတ်မှန်း လူတိုင်းသိသပေါ့။ ဒါပေမယ့် အတင်းတွေ၊ အဖျင်းတွေ ကြားချင်ရင် ငါးစိမ်းတန်းသွားမှာပေါ့။ ပိုက်ဆံတောင် မကုန်ဘူး။ သတင်းစာ နှင့် အဖျင်းစာကို မခွဲခြားတတ်တာ သတင်းစာဆရာတွေအစား ကျွန်တော်ဖြင့် ရှက်တယ်ဗျာ"
သိပ္ပံမောင်ဝ

သတင်းစာဆရာကောင်း
"သတင်းစာ ဆရာကောင်းသည် အရေးကြီးသော သတင်းများကို ပြည်သူတို့  စိတ်ဝင်စားအောင်ပြု ထိုစိတ်ဝင်စားမှု့ ကို အင်အားအဖြစ် အသုံးချကာ တိုင်းပြည်တွင် လိုအပ်သော ပြုပြင်ရေးနှင့် ကြီးပွါးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်စွမ်းရှိသော ပုဂ္ဂိုလ်ဖြစ်လေသည်။"
သတင်းစာဆရာကြီး ဇ၀န

တစ်နေ့ သမိုင်းပြုစုသူ
"သတင်းစာ ဆရာသည် အမှန်တရားကို အလေးထားသော တစ်နေ့ သမိုင်းပြုစုသူဖြစ်သည်။"
အဲလ်ဘတ်ကမူး

ဘုရင်မကောင်း ဘုရင်ရေး
" ငါဘုရင်မကောင်းလျှင် မကောင်းသလို ငါ့ကိုရေး၊ မိဖုရားတွေ မကောင်းလျှင် မိဖုရားတွေကိုရေး၊ သားတော်သမီးတောတွေ၊ မင်းညီမင်းသားတွေ နည်းလမ်းမကျလျှင် မကျသလိုရေး၊ လွှတ်တော်တရားသူကြီးတွေ လွဲမှားလျှင် လွဲမှားသလိုရေး၊ မင်းတို့  သတင်းစာမှာ ဘာမှအပြစ်မရှိစေရ။ နန်းတော်တွင်းကို သတင်းစာတိုက်က လူတွေဝင်စေ၊ ထွက်စေ၊ အတားအဆီး မရှိစေရ။"
မင်းတုန်းမင်းကြီး

ကဲ့ရဲ့သင့် ကဲ့ရဲ့၊ ချီးမြှောက်သင့် ချီးမြှောက်
သတင်းစာဟူသည်မှာ အတိုင်းတိုင်းအပြည်ပြည်တို့  ... ဖြစ်ပျက်ခဲ့သည့် ဟုတ်မှန်သော အကြောင်းကို ကြားသိ နားလည်မမျှ ပုံနှိပ် ရေးသောစာ၊ သတင်းစာဆရာ၏ အကြံအစည်ပေးနည်းနာ၊ အမှားမမှန်ကို ဖော်ပြသောစာ၊ သတိပေးနှိုးဆော်စာ၊ ကဲ့ရဲ့ပြစ်တင်သင့်သည်ကို ကဲ့ရဲ့ ပြစ်တင် ချီးမြှောက်သင့်သည်ကို ချီးမြှောက်သောစာများ ဖြစ်သည်။
ဟံသာဝတီ သတင်းစာ (၁၉၀၁ သြဂုတ် ၂၄)

ရည်မှန်းချက် ဦးတည်ချက်ရှိမှ
သတင်းစာများသည် အဖျက်ခေတ်တွင်ဖြစ်စေ၊ အပြုခေတ်တွင်ဖြစ်စေ ပေါ်လစီခေါ် ၀ါဒနှင့် ကာလာခေါ် အသွေးအရောင် ရှိကြရန် အရေးကြီးပေသည်။ ရည်ရွယ်ချက်မရှိပဲ ရေးချင်ရာရေးနေသော သတင်းစာတစ်စောင်သည် ဖေတော့မောင်တော့ ရေးနေခြင်းဖြင့် ဖတ်ပြီး စွဲကောင်းစွဲမည်ဖြစ်သော်လည်း သြဇာညောင်းမှုကား ရှိမည်မဟုတ်ပေ။ တိကျသော ၀ါဒဖြင့် ရည်မှန်းချက်၊ ဦးတည်ချက်အတိုင်း မှန်မှန်ကန်ကန်သွားသော သတင်းစာသည် သြဇာတိက္ကမ ရှိလာမည်သာဖြစ်သည်။
သတင်းစာဆရာကြီး ဦးသန်းတင့်(ဓူဝံ)

ကတိမလိုက် မှောင်မတိုက်
တာဝန်ရှိရှိ၊ သမာဓိနှင့်
ကတိမလိုက်၊ မှောင်မတိုက်သား
အကြိုက်အကျိုး၊ ဤနှစ်မျိုးတွင်
အကျိုးဖြစ်မှု ၊ ရည်သန်ပြု၍
ပြည်သူ့ ကိစ္စ၊ အဓိကထား
သတင်းသာကို၊ သီးခြားပေါ်စေ
ထင်မြင်ချက်နှင့် ခွဲခြားလေ။
သတင်းစာဆရာကြီး ဦးစောဦး

ဒါတွေဖတ်ပြီး စဉ်းစားမိတယ်.. ကျွန်မတို့ ခေတ်နဲ့ကတော့ ပြောင်းပြန်ပါပဲ။ ကျွန်မတို့ ခေတ်က သတင်းစာတွေဖတ်လို့  ပြည်သူအကျိုးပြု သတင်းအမှန်တွေကို မတွေ့ ရနိုင်ပါဘူး။ ဈေးထဲ သွား၊ ငါစိမ်းတန်းသွားရင်ကမှ သတင်းမှန်တွေကြားရနိုင်ပါသေးတယ်။ သတင်းစာတွေမှာ အစိမ်းရောင်ဝတ် လူတွေရဲ့ ဟိုသွားဒီသွားနဲ့  သူတို့ က သူများရေးပေးတာ စာရွက်ကြည့်ဖတ်ကြားတဲ့ ပွဲတွေအကြောင်း အဓိကပါတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အရင်ခေတ်က သတင်းစာ ခေါင်းကြီးပိုင်းဆိုတာ လူတွေအဓိကဖတ်တဲ့ အရာပါ။ ခုခေတ် သတင်းစာ ခေါင်းကြီးပိုင်းတွေကတော့ လူတွေ မဖတ်ပဲ ကျော်သွားတဲ့ နေရာဖြစ်နေပါပြီ။ နောက်ပြီး သူများ အတင်းအဖျင်း မကောင်းပြော၊ အဆင့်မရှိတဲ့ ၆ ကော်ကံပြည့်၊ တခါတရံမှာ နောက်မျက်နှာတွေ အထိတောင် ကူးသွားတတ်တဲ့ ဆောင်းပါအမည်ခံ အော်လံဖားတွေရဲ့ စာတွေကပါ ပါသေးတယ်။ ဒီခေတ်သတင်းစာတွေမှာ ပြည်သူအကျိုးရှေးရှု့ ပြီး အမှန်အတိုင်းရေးမယ့် သတင်းစာဆရာကျင့်ဝတ်ကို နားလည်တဲ့ သတင်းစာဆရာတွေ ရေးသားခွင့်မရတာ ကြာလှပြီလို့ ဆိုရမယ်။

ပြည်သူ့ အကျိုးပြုသတင်းတွေပဲ ရွေးဖတ်မယ်ဆိုရင် ခုခေတ် ခြောက်ကော်လံ စာမျက်နှာ ၂၀ ရှိတဲ့ သတင်းစာတစ်စောင် ပြီးအောင် ဖတ်ဖို့  ၅-၁၀ မိနစ်တောင် အချိန်ယူမယ် မထင်ဘူး။ ခုခေတ်မှာလည်း သတင်းစာဖတ်တယ်ဆိုတာ နာရေးသတင်း၊ မင်္ဂလာဆောင်သတင်း နဲ့  တခါတလေ ကြော်ငြာချက်တွေဘာတွေ ဖတ်ဖို့ လောက်သာ အသုံးဝင်တာပါ။ ဒီခေတ် သတင်းစာတွေအကြောင်း ကောင်းတဲ့အချက်ကို ရှာပြရမယ်ဆို ပြောစရာ မရှိပေမယ့်၊ မကောင်းတဲ့ အချက်တွေသာ ပြောနေရမယ်ဆို ပြီးတော့မှာကို မဟုတ်ပါဘူး။ တွေးမိတယ် ... ခုနေများ သိပ္ပံမောင်ဝနဲ့  သတင်းစာဆရာတွေများ အသက်ရှင်နေသေးရင် ဒီခေတ်သတင်းစာတွေနဲ့  ခုခေတ်သတင်းစာတွေမှာ ရေးနေကြတဲ့ သတင်းစာဆရာ အမည်ခံပြီး စစ်အစိုးရ အလိုကျ ကြိုးဆွဲရာ ကနေကြရသူများ ဘာများပြောလေဦး မလဲ။

Link :
မြန်မာအလင်း သတင်းစာ
ကြေးမုံ သတင်းစာ
The New Light Of Myanmar

March 13, 2007

လိုချင်တဲ့ ဘဝ


မရနိုင်တာတွေကို တောင်းတမနေပဲ
ရနိုင်တာတွေကိုသာ ကျေနပ်တန်ဖိုးထားနေတဲ့ ဘ၀။

မဖြစ်နိုင်တာတွေကို စိတ်ကူးယဉ်မနေပဲ
ဖြစ်နိုင်တာတွေအတွက်သာ ကြိုးစားနေတဲ့ ဘ၀။

စိတ်ညစ်စရာတွေကို သတိရမနေပဲ
စိတ်ချမ်းသာစရာတွေကိုသာ အမြဲမှတ်မိနေတဲ့ ဘ၀။

ဖြစ်ချင်တာ အားလုံး အမြဲတမ်း၊ ဖြစ်မနေနိုင်မှန်း သိပေမယ့်...
တခါတလေတော့လည်း ဆုတောင်းတွေထဲကလို
ဘ၀ နဲ့  ဆန္ဒ တထပ်တည်းကျချင်တယ်။

February 14, 2007

ချစ်သူအတွက်

အကြင်နာ စကားတွေ အများအပြား မဆိုတတ်ပေမယ့်...
ဘ၀နှစ်ခုထပ်တူဖြစ်အောင် အမြဲတမ်းစဉ်းစား လုပ်ဆောင်တတ်တဲ့...
ကျွန်မရဲ့ ချစ်သူ...

ယုံကြည်ပါလို့  ကတိသစ္စာစကားတွေ ဆိုလေ့မရှိပေမယ့်...
သ၀န်တိုဒေါသတွေနဲ့ပူလောင်မှုသောကတွေ မပွါးရအောင် နေထိုင်ပေးတဲ့ ...
ကျွန်မရဲ့ ချစ်သူ...

တားဆီးပိတ်ပင်မှုတွေ အလွန်အကျွံ မဆိုတတ်ပေမယ့်
အကြင်နာ အပြုံးများနဲ့  နားလည် ခွင့်လွှတ်ရင်း လိုရာပုံသွင်းစကားဆိုတတ်တဲ့
ကျွန်မရဲ့ ချစ်သူ

ပျော်ရွှင်မှုတွေကိုသာ အမြဲ ဆောင်ကျဉ်းပေးမယ် မဆိုတတ်ပေမယ့်..
နားထောင်တတ်တဲ့နားတစ်စုံ၊ ချိုသာစကားတချို့ နဲ့  နှလုံးသားကို အေးချမ်းစွာညှို့ယူတတ်တဲ့
ကျွန်မရဲ့ ချစ်သူ...

ဘ၀ပြဿနာတွေ အကုန်ဖယ်ရှားပေးမယ်လို့  အပိုစကားတွေ ဆိုလေ့မရှိပေမယ့်
ဒုက္ခတွေကို မျှဝေခံစားရင်းနဲ့  အနာဂတ်သစ်အတွက် တဖန်အားတင်းစေတတ်တဲ့...
ကျွန်မရဲ့ ချစ်သူ...

( မှတ်ချက်။ ။ ကျွန်မ ကဗျာရေးခြင်းမဟုတ်ပါ။ ကျွန်မသိသော ကျွန်မ၏ချစ်သူအကြောင်းကို ရေးသားထားခြင်းသာ ဖြစ်ပါသည်။ )

February 10, 2007

အားလုံးရဲ့ ပုဂံ

Irrawaddy - ဘဝရုပ်ပုံလွှာကဏ္ဍ
ပုဂံချစ်တဲ့ ဆရာကြီးလု(စ်) - တင်မိုး
မှ...

သူချစ်တဲ့ ပုဂံမြေကို ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်တွေက ဗုံးကြဲ မီးလောင်တိုက် သွင်းဖို့ ကြံစည် နေခိုက် ဆရာလု(စ်)က ဒေလီမဟာမိတ်စစ်ဌာနချုပ်သို့ စာရေး မေတ္တာရပ်ခံခဲ့တဲ့ အတွက် ပုဂံစေတီ ယဉ်ကျေးမှု အမွေအနှစ်တွေ ကမ္ဘာစစ်မီးလျှံမှ လွတ်မြောက်ခွင့်ရခဲ့ ပါတယ်။ ဒီအကြောင်းကို ဆရာမင်းသုဝဏ်က "ပုဂံနှင့်ဝေဠု" ဆိုတဲ့ ကဗျာဖွဲ့ပြီး ဂုဏ်ပြုခဲ့ဖူး ပါတယ်။

ပုဂံနှင့် ဝေဠု (မင်းသုဝဏ်)
ငါတို့ခေတ်တွင် စစ်ကြီးကမ္ဘာ
လောင်ကျွမ်းလာ၍ ရေမှာကုန်းမှာ
ကောင်းကင်မှာ၌ လွတ်ရာမရှိ
မီးလျှံညိက အမိကိုတ
အဖကိုတမ်း ကိုယ်စိတ်နွမ်း၍
မချမ်းကြည်နိုင် လက်ချမှိုင်စဉ်
မဏ္ဍိုင်မေရု ခံမြို့ပြုသို့
ဝေဠုဆရာ တားမြစ်ပါသော်
ပေါက္ကာရာမ ဘေးမခဘဲ
မြန်မာ့ဂုဏ်ရောင် ထွင်းလင်းပြောင်သည်
ငါးထောင်တည်မည့် နိမိတ်တည်း။

ဒီအထက်က ကဗျာလေးပါတဲ့ ဆောင်းပါး (ပုဂံချစ်တဲ့ ဆရာကြီးလု(စ်) - တင်မိုး)ကို ဖတ်ရတဲ့ အချိန်မှာ ...
ကျွန်မတို့ အားလုံး ရဲ့ ဂုဏ်ယူဖွယ် ကောင်းတဲ့ ပုဂံက ရှေးဟောင်း အမွေအနှစ် တွေဟာ နိုင်ငံခြားသား တစ်ယောက်ရဲ့ တန်းဖိုးထားတတ်မှု့ ကြောင့် ဒုတိယကမ္ဘာစစ် အတွင်းမှာတောင် ပျက်ဆီး ဆုံးရှုံးမှု့ မရှိခဲ့ပေမယ့်... ခုချိန်ရောက်မှသာ ရှေးဟောင်း အမွေးအနှစ်ရဲ့ တန်ဖိုးကို နားမလည်သူတွေရဲ့ လက်ထဲမှာ ဖျက်ဆီးခံနေရ ပါလားလို့  စိတ်မကောင်းဖြစ်မိတယ်။

ကျွန်မစိတ်ထဲမှာ ငယ်ငယ်ကသာ တခါတခေါက် ရောက်ခဲ့ဖူးတဲ့ ရှေးရှေးတုန်းက ပုဂံကို အခွင့်ရရင် နောက် တစ်ခေါက်လောက်တော့ သွားကြည့်ချင်စိတ် ရှိပေမယ့် ခုခေတ်မှာ လုပ်ထားတဲ့ ပြုပြင်ပြောင်းလဲမှု့ တွေကို လက်သင့်မခံနိုင်လို့  ကြည့်ချင်စိတ်လည်း မရှိ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံး တစ်ခေါက် လောက်တော့ ထပ်ရောက်အောင် သွားပါဦးမယ်။ ပုဂံကို ရောက်တဲ့ အချိန်မှာ
"မကြည့်ချင်တာတွေကို မမြင်နိုင်၊ ကြည့်ချင်တာတွေကိုသာ ကွက်ပြီး မြင်နိုင်တဲ့ မျက်စိလေးတွေများ ရှိရင်" သိပ်ကောင်းမှာပဲ လို့  တွေးနေမိပါတယ်။

December 16, 2006

God Grant Me The Serenity


God grant me the serenity
to accept the things I cannot change,
the courage to change the things I can
and the wisdom to know the difference.

ငယ်ငယ်ထဲက နေရာတော်တော်များများမှာ အမြဲ မြင်တွေ့ နေခဲ့ပြီး မှတ်မိနေတဲ့ စာသားတွေပါ။ ဒီလို စာသားမျိုးတွေကို ခရစ်ယာန် အိမ်တွေရဲ့ အ၀င်ဝမှာ ဒါမှမဟုတ် ဧည့်ခန်းနံရံ တွေမှာ ချိတ်ထားလေ့ရှိကြတယ်။ ကျွန်မ နှစ်သက်မိလို့  ကျွန်မ ရဲ့ အင်တာနက်ပေါ်က နေရာ တော်တော်များများမှာ ဒါလေးကို ရေးထားလေ့ ရှိခဲ့ပါတယ်။ ပုံမှန်ဆို အဲ့လို စာသားလေးတွေမှာ ရေးသူဘယ်သူ ဒါမှ မဟုတ် ဘယ်စာအုပ်၊ ဘယ်ကျမ်းစာက ဆိုတာပါပေမယ့် ဒီဆုတောင်းစကား မှာ ရေးသူနေရာမှာ ( Anonymous ) လို့ ပဲ တွေ့  နေခဲ့တယ်။ ဒီနေ့  ကိုယ့်ရဲ့ webpage တွေကို လိုက်ကြည့်မိရင်း ဒါလေးပြန်ဖတ်မိတော့ ဘယ်သူ ရေးတာလည်း၊ ဘယ်ကလည်း သိချင်သွားတာနဲ့ လိုက်ရှာကြည့်လိုက်တာ ဒီ Prayer အကြောင်းရေးထာတာကို AAHistory တွေ့  မိတယ်။

ကျွန်မ အနေနဲ့  သူတို့  ခရစ်ယာန်တွေလို ဘုရားသခင်စီမှာ ဆုတောင်းတာ မဟုတ်ပေမယ့်..
ရနိုင်မယ်ဆိုရင်....

၁. မပြောင်းလဲနိုင်သော အရာများကို လက်ခံရန် တည်ငြိမ်အေးဆေးသော စိတ်ဓာတ်ရယ်..
၂. ပြောင်းလဲနိုင်သော အရာများကို ပြောင်းလဲရန် ရဲရင့်သော သတ္တိ နဲ့ ...
၃. အဲဒီ အရာနှစ်မျိုးရဲ့ ခြားနားမှု့ ကို သိနိုင်သော ဥာဏ်ပညာ ..

ဒီသုံးခု ကျွန်မမှာ အမြဲ ရှိစေချင်တယ်။

December 13, 2006

Joke Of The Month

ဒီနေ့  ခေတ်ပြိုင်က သတင်းတစ်ခုဖတ်ပြီး ရယ်ချင် သွားတယ်။ Joke of the Month လို့  ပြောရမလား။ ဒီသတင်း ဖတ်ပြီးမှ နောက်ဆုံးလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ဘာလို့  မပါတာလဲဆိုတာ သဘောပေါက်တော့တယ်။ ပြန်ကြားရေးဝန်ကြီးက မှန်တာတွေပြောလို့ ၊ လိမ်တာကို သဘာဝကျကျ မလိမ်တတ်လို့  ဆိုပြီး ပြောရေးဆိုရေး အပိတ်ခံရတယ် ဆိုတာမျိုး ကျွန်မတို့  နိုင်ငံတစ်ခုတည်းမှာ ရှိမယ်ထင်တယ်။

ပြန်ကြားရေးဝန်ကြီး ပြောရေးဆိုရေးပိတ်ပင်ခံရခြင်း - ခေတ်ပြိုင်

ပြန်ကြားရေး ၀န်ကြီးဆိုတာ ကျွန်မနားလည်တာတော့ ပြန်ကြားရေးနဲ့  ပတ်သက်ရင် အကြီးဆုံး၊ တာဝန် အရှိဆုံးသူ ဖြစ်ပါတယ်။ အဲ့ဒီ ပြန်ကြားရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့် အပိတ်ခံရတယ်ဆိုတော့ တော်တော်ကို ရယ်ရပါတယ်။ သူ့ အစား ဘယ်သူက ပြန်ကြားပေးရမလဲ မသိဘူး။ စဉ်းစားလေ ရယ်ဖို့ ကောင်းလေပဲ။

စစ်အစိုးရ လက်ထက်မှာ ကမောင်ကမ ရှိပုံများ.. ရှက်များရှက်တက်လို့ကတော့ … …
ဒါပေမယ့် သူတို့ က ဒါကို ရှက်ရကောင်းမှန်းလဲ သိမယ့်ပုံမပေါ်ပါဘူး။
ဥပမာ ပေးရရင်.. လူတချို့ က ရန်ဖြစ်ရင်၊ လမ်းမပေါ်ထွက်ပြီး လုံချည်လှန်၊ အော်ဆဲနဲ့  ရန်ဖြစ်တက်ကြတယ်။ ပြီးတော့ သူဒီလို လုပ်လိုက်လို့  တဖက်လူက ဘာမှ ပြန်မပြောရဲ၊ သူတို့ နဲ့ ပြန်ရန်မဖြစ်ရဲဖူးဆိုပြီး ဂုဏ်ယူတတ်ကြတယ်။ လူတချို့ ကတော့ ဒီလိုလုပ်တာဟာ သေလောက်အောင် ရှက်ဖို့ ကောင်းတဲ့ ကိစ္စလို့  မြင်တတ်ကြတယ်။ ဒီသဘောပါပဲ။

မင်းကိုနိုင်တို့  ကိစ္စ တုန်းကလည်း ဆွေးနွေးဖို့  ခဏခေါ်တာဘာဆိုပြီး၊ နောက်ကျတော့ ထိန်းသိမ်းထားတယ် ဖြစ်သွားပြန်ရော…။ ဒါ cabinet-level officer ပြောတဲ့ စကားပါ။ ဒီ အစိုးရ စကား ဘယ်လောက်များ ယုံကြည်စိတ်ချ ရပါသလဲ။

ကျွန်မ ဖတ်ခဲ့ မှတ်ခဲ့ မိတာလေး တစ်ခုပါ။ ဗိုလ်ချုပ်အောင်ဆန်း က ဒုတိယ ကမ္ဘာစစ်တုန်းက British နဲ့  မဟာမိတ်ပြန်ယူပြီး ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲဖို့  British စစ်တပ်က အရာရှိနဲ့  လျှို့ ဝှက်ဆွေးနွေးဖို့  သွားခဲ့ပါတယ်။ ဗိုလ်ချုပ်က British တွေရဲ့ နယ်မြေမှာ သွားတွေ့ ခဲ့တာပါ။ အဲ့လို တွေ့ ဆုံကြတော့ British အရာရှိက ဗိုလ်ချုပ်အောင်ဆန်းကို မင်းကို ငါတို့  လှည့်ဖျားခေါ်ပြီး ဖမ်းလိုက်မှာ မကြောက်ဘူးလားလို့  မေးပါတယ်တဲ့။ ဗိုလ်ချုပ်အောင်ဆန်း က ခင်ဗျားက British Officer တစ်ယောက်ဖြစ်နေတဲ့ အတွက်၊ စိတ်မပူပါဘူးလို့  ပြန်ဖြေခဲ့ပါတယ်။ စဉ်းစားကြည့် အဲ့ဒီတုန်းက ဗိုလ်ချုပ်ဟာ ရန်သူကိုတောင် ယုံကြည့်ထိုက်လို့  ယုံကြည်ခဲ့တယ်။ အဲ့ဒီတုန်းက ဗိုလ်ချုပ်နဲ့  တွေ့ ခဲ့တာ နာမည်ကြီး British Officer တစ်ယောက်ပါပဲ။ ကျွန်မ နာမည်တော့ မမှတ်မိတော့ပါဘူး။

ဒီဘက် မင်းကိုနိုင်တို့ ခေတ်မှာတော့ အမျိုးသားပြန်လည် စည်းလုံးရေးအတွက် Burmese Officer နဲ့  တွေ့ မှသာ ခံလိုက်ရတော့တာပါပဲ။ ကျွန်မတို့  လက်ရှိ အစိုးရရဲ့ ယုံကြည်စရာ မကောင်းလိုက်ပုံတွေက ပြော မကုန်နိုင်အောင်ပါပဲ။