မောင်ဝံသရေးတဲ့ သတင်းစာဆရာနှင့် တန်းဖိုး ဆိုတဲ့ ဆောင်းပါးထဲက သတင်းစာ ဆိုတာ၊ သတင်းစာ ဆရာဆိုတာ ဘာလည်းဆိုပြီး ရှေးရှေးတုန်းက ဆရာကြီးတွေရဲ့ အဆိုအမိန့် တွေနဲ့  အဲ့ဒီအဆိုအမိန့် တွေကို ဖတ်ပြီး တွေးမိတာလေး တချို့ ပါ။
သတင်းနှင့် အဖျင်း
"သတင်းစာဟာ တရားစာမဟုတ်မှန်း လူတိုင်းသိသပေါ့။ ဒါပေမယ့် အတင်းတွေ၊ အဖျင်းတွေ ကြားချင်ရင် ငါးစိမ်းတန်းသွားမှာပေါ့။ ပိုက်ဆံတောင် မကုန်ဘူး။ သတင်းစာ နှင့် အဖျင်းစာကို မခွဲခြားတတ်တာ သတင်းစာဆရာတွေအစား ကျွန်တော်ဖြင့် ရှက်တယ်ဗျာ"
သိပ္ပံမောင်ဝ
သတင်းစာဆရာကောင်း
"သတင်းစာ ဆရာကောင်းသည် အရေးကြီးသော သတင်းများကို ပြည်သူတို့  စိတ်ဝင်စားအောင်ပြု ထိုစိတ်ဝင်စားမှု့ ကို အင်အားအဖြစ် အသုံးချကာ တိုင်းပြည်တွင် လိုအပ်သော ပြုပြင်ရေးနှင့် ကြီးပွါးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်စွမ်းရှိသော ပုဂ္ဂိုလ်ဖြစ်လေသည်။"
သတင်းစာဆရာကြီး ဇ၀န
တစ်နေ့ သမိုင်းပြုစုသူ
"သတင်းစာ ဆရာသည် အမှန်တရားကို အလေးထားသော တစ်နေ့ သမိုင်းပြုစုသူဖြစ်သည်။"
အဲလ်ဘတ်ကမူး
ဘုရင်မကောင်း ဘုရင်ရေး
" ငါဘုရင်မကောင်းလျှင် မကောင်းသလို ငါ့ကိုရေး၊ မိဖုရားတွေ မကောင်းလျှင် မိဖုရားတွေကိုရေး၊ သားတော်သမီးတောတွေ၊ မင်းညီမင်းသားတွေ နည်းလမ်းမကျလျှင် မကျသလိုရေး၊ လွှတ်တော်တရားသူကြီးတွေ လွဲမှားလျှင် လွဲမှားသလိုရေး၊ မင်းတို့  သတင်းစာမှာ ဘာမှအပြစ်မရှိစေရ။ နန်းတော်တွင်းကို သတင်းစာတိုက်က လူတွေဝင်စေ၊ ထွက်စေ၊ အတားအဆီး မရှိစေရ။"
မင်းတုန်းမင်းကြီး
ကဲ့ရဲ့သင့် ကဲ့ရဲ့၊ ချီးမြှောက်သင့် ချီးမြှောက်
သတင်းစာဟူသည်မှာ အတိုင်းတိုင်းအပြည်ပြည်တို့  ... ဖြစ်ပျက်ခဲ့သည့် ဟုတ်မှန်သော အကြောင်းကို ကြားသိ နားလည်မမျှ ပုံနှိပ် ရေးသောစာ၊ သတင်းစာဆရာ၏ အကြံအစည်ပေးနည်းနာ၊ အမှားမမှန်ကို ဖော်ပြသောစာ၊ သတိပေးနှိုးဆော်စာ၊ ကဲ့ရဲ့ပြစ်တင်သင့်သည်ကို ကဲ့ရဲ့ ပြစ်တင် ချီးမြှောက်သင့်သည်ကို ချီးမြှောက်သောစာများ ဖြစ်သည်။
ဟံသာဝတီ သတင်းစာ (၁၉၀၁ သြဂုတ် ၂၄)
ရည်မှန်းချက် ဦးတည်ချက်ရှိမှ
သတင်းစာများသည် အဖျက်ခေတ်တွင်ဖြစ်စေ၊ အပြုခေတ်တွင်ဖြစ်စေ ပေါ်လစီခေါ် ၀ါဒနှင့် ကာလာခေါ် အသွေးအရောင် ရှိကြရန် အရေးကြီးပေသည်။ ရည်ရွယ်ချက်မရှိပဲ ရေးချင်ရာရေးနေသော သတင်းစာတစ်စောင်သည် ဖေတော့မောင်တော့ ရေးနေခြင်းဖြင့် ဖတ်ပြီး စွဲကောင်းစွဲမည်ဖြစ်သော်လည်း သြဇာညောင်းမှုကား ရှိမည်မဟုတ်ပေ။ တိကျသော ၀ါဒဖြင့် ရည်မှန်းချက်၊ ဦးတည်ချက်အတိုင်း မှန်မှန်ကန်ကန်သွားသော သတင်းစာသည် သြဇာတိက္ကမ ရှိလာမည်သာဖြစ်သည်။
သတင်းစာဆရာကြီး ဦးသန်းတင့်(ဓူဝံ)
ကတိမလိုက် မှောင်မတိုက်
တာဝန်ရှိရှိ၊ သမာဓိနှင့်
ကတိမလိုက်၊ မှောင်မတိုက်သား
အကြိုက်အကျိုး၊ ဤနှစ်မျိုးတွင်
အကျိုးဖြစ်မှု ၊ ရည်သန်ပြု၍
ပြည်သူ့ ကိစ္စ၊ အဓိကထား
သတင်းသာကို၊ သီးခြားပေါ်စေ
ထင်မြင်ချက်နှင့် ခွဲခြားလေ။
သတင်းစာဆရာကြီး ဦးစောဦး
ဒါတွေဖတ်ပြီး စဉ်းစားမိတယ်.. ကျွန်မတို့ ခေတ်နဲ့ကတော့ ပြောင်းပြန်ပါပဲ။ ကျွန်မတို့ ခေတ်က သတင်းစာတွေဖတ်လို့  ပြည်သူအကျိုးပြု သတင်းအမှန်တွေကို မတွေ့ ရနိုင်ပါဘူး။ ဈေးထဲ သွား၊ ငါစိမ်းတန်းသွားရင်ကမှ သတင်းမှန်တွေကြားရနိုင်ပါသေးတယ်။ သတင်းစာတွေမှာ အစိမ်းရောင်ဝတ် လူတွေရဲ့ ဟိုသွားဒီသွားနဲ့  သူတို့ က သူများရေးပေးတာ စာရွက်ကြည့်ဖတ်ကြားတဲ့ ပွဲတွေအကြောင်း အဓိကပါတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အရင်ခေတ်က သတင်းစာ ခေါင်းကြီးပိုင်းဆိုတာ လူတွေအဓိကဖတ်တဲ့ အရာပါ။ ခုခေတ် သတင်းစာ ခေါင်းကြီးပိုင်းတွေကတော့ လူတွေ မဖတ်ပဲ ကျော်သွားတဲ့ နေရာဖြစ်နေပါပြီ။ နောက်ပြီး သူများ အတင်းအဖျင်း မကောင်းပြော၊ အဆင့်မရှိတဲ့ ၆ ကော်ကံပြည့်၊ တခါတရံမှာ နောက်မျက်နှာတွေ အထိတောင် ကူးသွားတတ်တဲ့ ဆောင်းပါအမည်ခံ အော်လံဖားတွေရဲ့ စာတွေကပါ ပါသေးတယ်။ ဒီခေတ်သတင်းစာတွေမှာ ပြည်သူအကျိုးရှေးရှု့ ပြီး အမှန်အတိုင်းရေးမယ့် သတင်းစာဆရာကျင့်ဝတ်ကို နားလည်တဲ့ သတင်းစာဆရာတွေ ရေးသားခွင့်မရတာ ကြာလှပြီလို့ ဆိုရမယ်။
ပြည်သူ့ အကျိုးပြုသတင်းတွေပဲ ရွေးဖတ်မယ်ဆိုရင် ခုခေတ် ခြောက်ကော်လံ စာမျက်နှာ ၂၀ ရှိတဲ့ သတင်းစာတစ်စောင် ပြီးအောင် ဖတ်ဖို့  ၅-၁၀ မိနစ်တောင် အချိန်ယူမယ် မထင်ဘူး။ ခုခေတ်မှာလည်း သတင်းစာဖတ်တယ်ဆိုတာ နာရေးသတင်း၊ မင်္ဂလာဆောင်သတင်း နဲ့  တခါတလေ ကြော်ငြာချက်တွေဘာတွေ ဖတ်ဖို့ လောက်သာ အသုံးဝင်တာပါ။ ဒီခေတ် သတင်းစာတွေအကြောင်း ကောင်းတဲ့အချက်ကို ရှာပြရမယ်ဆို ပြောစရာ မရှိပေမယ့်၊ မကောင်းတဲ့ အချက်တွေသာ ပြောနေရမယ်ဆို ပြီးတော့မှာကို မဟုတ်ပါဘူး။ တွေးမိတယ် ... ခုနေများ သိပ္ပံမောင်ဝနဲ့  သတင်းစာဆရာတွေများ အသက်ရှင်နေသေးရင် ဒီခေတ်သတင်းစာတွေနဲ့  ခုခေတ်သတင်းစာတွေမှာ ရေးနေကြတဲ့ သတင်းစာဆရာ အမည်ခံပြီး စစ်အစိုးရ အလိုကျ ကြိုးဆွဲရာ ကနေကြရသူများ ဘာများပြောလေဦး မလဲ။
Link :
မြန်မာအလင်း သတင်းစာ
ကြေးမုံ သတင်းစာ
The New Light Of Myanmar
No comments:
Post a Comment