Pages

March 15, 2007

H5N1သတင်းများနှင့် အတွေးများ

ကျွန်မ ရန်ကုန်ပြန်ရောက်ပြီး သိပ်မကြာခင်မှာ နိုင်ငံခြားက သူငယ်ချင်းတွေက စိုးရိမ်တကြီးနဲ့  ကြက်သားမစားနဲ့  ရန်ကုန်မှာ ကြက်ငှက်တုတ်ကွေးဖြစ်နေတယ်လို့  ပြောတယ်ရှင့်။ သူတို့ သာ စိုးရိမ်နေတာ... ကျွန်မတို့  ရန်ကုန် မြို့ တော်ကြီးမှာတော့ အေးဆေးပါပဲ။ အဲ့ဒီ မနက်ကတင် ကျွန်မ ကြက်သားဟင်းနဲ့  ထမင်းစားလိုက်သေးတယ်လေ... ကျွန်မလည်း အိမ်ကိုပြောလိုက်တယ် ကြက်သားမစားပဲ နေလိုက်ကြဦးလို့ ။ အိမ်ကလူတွေက ငါတို့ တောင်ဒီသတင်းမသိဘူး.. နိုင်ငံခြားက သူတွေက ဘယ်လိုသိရတာလဲတဲ့။

စစ်အစိုးရက သူတို့ သူတို့ သတင်းကလွဲရင် တခြားဘာသတင်းမှ ထဲ ထည့်ချင်တာ မဟုတ်ဘူး။ တခြား သတင်းတစ်ခုကို မထည့်မဖြစ် ထည့်ရတော့မယ်ဆိုရင်တောင် သတင်း အမှန်အတိုင်း ထည့်တယ်ဆိုတာ ခုခေတ်သတင်းစာတွေမှာ မရှိဖူးဆိုတာ ကျွန်မတို့  အားလုံး သိနေကြတာပါပဲ။ မြန်မာ့ သတင်းစာတွေမှာ သတင်းတွေ မပါတာ၊ သတင်းအမှားတွေ ပါတာကို အထူးအဆန်းလုပ်ပြီး ပြောနေဖို့ တောင် လိုမယ် မထင်တော့ပါဘူး။

နောက်တစ်ရက်ကြတော့ ကျွန်မ့သူငယ်ချင်း ဆရာဝန်တစ်ယောက်က ဖုန်းဆက်ပြီး ကြက်သားလုံးဝ မစားပါနဲ့ လို့ ပြောပြန်တယ်ရှင့်။ ကျွန်မ နေတဲ့ နေရာက စိုးရိမ်ရတဲ့ နယ်မြေ၊ ရောဂါစတွေ့ တဲ့ နယ်မြေ နဲ့  ကပ်လျက်ပါ။ နောက်ရက်ပိုင်း ကြားရတာတွေအရတော့ မရမ်းကုန်အပိုင်းမှ မွေးမြူရေးခြံတစ်ခြံမှာ ရောဂါစတွေ့ ပြီး သေတဲ့သူတွေရှိတယ် လို့ သိရတယ်။ နောက်ရက်ပိုင်းတော့ သတင်းစာမှာလဲ ကြက်ငှက်တုတ်ကွေးရောဂါပိုးတွေ့ ရှိလို့  မရမ်းကုန်မြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်တွေမှာ ကြက်ငှက် ရောင်းဝယ်မှုနှင့် သယ်ယူပို့ဆောင်ခြင်းများကို ကန့် သတ်ထားတဲ့ သတင်းပါလာ ပါတယ်။ ဒါပေမယ့် အဲ့ဒီ ရောဂါကြောင့် လူသေတဲ့ အကြောင်း မပါပါဘူး။ အဲ့ဒီ သတင်တွေကြောင့် ကျွန်မမှာ စားချင်တဲ့ အစားအစာတွေ မစားလိုက်ရတော့ပါဘူး။

အမေကလည်း အိမ်က လူတွေကို အပြင်မှာ ကြက်သားမစားဖို့ မှာနေတာတွေ့ ရတယ်။ နောက် အမေက ပြောတယ်...တို့  တွေသာ စိုးရိမ်တကြီးနဲ့  ကြက်သား၊ ကြက်ဥ မစားဘူးဆို လုပ်နေတာ .. ရပ်ကွက်ထဲက တချို့ အိမ်တွေမှာ တော့ ခုရက်ပိုင်း ကြက်သားပဲ ချက်စားနေကြတယ်တဲ့လေ.. အဲ့ဒီ ကြက်ငှက်တုတ်ကွေး သတင်းကြောင့် ကြက်သားဝယ်သူနည်းပြီး ဈေးတွေကျကုန်လို့ ...အရင်က ကြက်သားဈေးကြီးလို့  မစားနိုင်သူတွေက ခုဈေးကျတုန်းလေး စားလိုက်ဦးမယ်ဆိုပြီး ၀ယ်စားနေကြတယ်လို့  ပြောပါတယ်။ ကြက်ငှက်တုတ်ကွေးက ကျက်အောင် ချက်စားရင် စားတဲ့ သူကို မကူးပေမယ့် အစားအသောက် ချက်တဲ့ သူကိုတော့ ကူးနိုင်တာပဲလေ။ အဲ့ဒီကတဆင့် ကျန်တဲ့ သူတွေကိုရော ကူးနိုင်တာပေါ့။ ဒါကို မကြောက်ကြဘူး။ အမေပြောတာ နားထောင်ပြီး ကျွန်မမှာ .... တို့ ဗမာတွေ ကျန်းမာရေး အသိစိတ် နည်းပါးပြီး ဒီလောက်တောင် ငတ်နေကြပြီလား ဆိုပြီးပဲ ၀မ်းနည်းရမလား၊ တို့ ဗမာတွေ သေရမှာတောင် မစိုးရိမ်၊ မကြောက်ရွံ့ ပဲ ရဲရင့်ကြတယ်ဆိုပြီးပဲ ဂုဏ်ယူရမလား... ဘယ်လို တွေးရမယ်မှန်း မသိဘူး ဖြစ်သွားခဲ့ရ ပါတယ်။

ခုရက်ပိုင်း မြောက်ဥက္ကလာပမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် မှာရှိတဲ့ မွေးမြူရေးခြံတွေမှာ ကြက်ငှက်တုပ်ကွေး ရောဂါပိုး ထပ်တွေ့ ရတယ်လို့  ခေတ်ပြိုင်သတင်းမှာ တွေ့ လိုက်ရတယ်။ ဖေဖော်ဝါရီလကုန်နှင့် ယခုလဆန်းမှာ မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ က ကြက်အသေကောင်တွေမှာ တွေ့ ရတဲ့ ရောဂါပိုးကလည်း ကြက်ငှက်တုပ်ကွေး ရောဂါပိုး H5N1 ဖြစ်သည်ဟု FAO နှင့် USAID တို့မှ ကျွမ်းကျင်သူ ပညာရှင်များက အတည်ပြုကြောင်း ရေးသားထားပါသေးတယ်။ အသေးစိတ်ကို ခေတ်ပြိုင် မှာ ဖတ်လို့ ရပါတယ်။ မြန်မာသတင်းစာတွေမှာ လိုက်ရှာကြည့်တာတော့ အဲ့ဒီ သတင်းအကြောင်း၊ ကြက်ငှက်တုတ်ကွေးရောဂါ ဖြစ်ပွါးမှု့ တွေ အကြောင်း နောက်ထပ် သတင်းအသစ် ထပ်ရေးထားတာ မတွေ့ ရသေးပါဘူး။

ဒါပေမယ့် ဟိုရက်ကတော့ ကြက်တွေ ငှက်တွေ အကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရသေးတယ်. ၁၀ မတ် ၂၀၀၇ ထုတ် မြန်မာအလင်း သတင်းစာ မှာ ပါရှိတဲ့ ...ရန်ကုန်တိုင်းက မြို့ နယ်တချို့ မှာ ခုရက်ပိုင်းအတွင်း ငှက်တွေ ပျံနေရင်းမြေကျသေဆုံးရတာ ဘာကြောင့်လည်းဆိုတာ စမ်းသပ်စစ်ဆေးတွေ့ ရှိချက်အဖြေများ ထုတ်ပြန်ပေးတဲ့ သတင်းပါ ။
ဟိုရက်ပိုင်း သတင်းစာတွေမှာ ငှက်တွေမြေကျသေတယ်ဆိုပြီး သတင်းပါလာဖူး ပါတယ်။ (ဒီမှာ ကြည့်ပါ)။ ခုသတင်းမှာတော့ ငှက်တွေ မြေကျသေဆုံးရတဲ့ ဘာရောဂါတွေကြောင့် သေဆုံးရတယ်ဆိုတာပါ ပါတယ်။ ကြက်ငှက်တုတ်ကွေးရောဂါကြောင့် သေဆုံးတာ တစ်ကောင်မှ မပါ ပါဘူးရှင်။ ... ငှက်တွေ ဘာလို့ မြေကျသေလဲ။ သူတို့ တွေ မြေကျ သေရတာ... အပူရှပ်လို့ ၊ နာတာရှည် အသက်ရှူလမ်းကြောင်း ရောဂါကြောင့်၊ အူရောင်ရောဂါ၊ ကျောက်ပေါက်ရောဂါ၊ အဆိပ်လက္ခဏာ၊ ထိခိုက်ဒဏ်ရာကြောင့် ပါတဲ့။ တော်တော် ရောဂါများတဲ့ ငှက်တွေပဲနော်..

အင်း... ဒီသတင်းလေးဖတ်ရင်း.. အဲ့ဒီ ငှက်တွေ အားလုံး မြေကျသေရတာဟာ ကြက်ငှက်တုတ်ကွေး ရောဂါကြောင့် မဟုတ်ဘူး..... လောက်လေးခွစာ မိသွားလို့  သေကုန်ကြတာဆိုပြီး သတင်းမထုတ်ပြန်လိုက်တာ တော်သေးတာပေါ့ လို့  တွေးမိပါရဲ့ရှင်...

Source : မြန်မာအလင်း သတင်းစာကြေးမှုံ သတင်းစာ ဧရာဝတီ အင်တာနက် မဂ္ဂဇင်း ခေတ်ပြိုင် ဂျာနယ်

No comments: