Pages

March 06, 2007

ဂဏန်း

ဒီနေ့  ဂဏန်းဟင်း အိမ်မှာချက်တယ်။ အဲ့ဒီဟင်းကို ကျွန်မ ချက်တာလို့ မထင်ပါနဲ့ ၊ ကျွန်မရဲ့ တစ်ဝမ်းကွဲ အစ်ကို ချက်တာပါ။ ကျွန်မ က သူ့ ကို ဘာကူလုပ်ပေးလဲဆိုတော့ … ဟင်းလည်းကျက်ရော စားပြီး ကောင်းတယ် ပြောပေးလိုက်တယ်လေ။ တကယ်တော့ လူတစ်ယောက် ဟင်းချက်တဲ့ အခါမှာ သူ့ ကို အထိရောက်ဆုံး ကူညီနည်းကတော့ ဟင်းကျက်တဲ့ အခါ ကုန်အောင်စားပြီး “ဟင်းချက်ကောင်းလိုက်တာ၊ အရမ်းစားလို့  ကောင်းတာပဲ… နောက်လည်း ထပ်ချက်ကျွေးဦးနော်..” ဆိုတာမျိုးလေးတွေ ပြောပေးတတ်ဖို့  ပါပဲ။ :D ဟင်း ချက်နေတုန်း ကူလုပ်ပါလို့  မပြောရင် သွားမကူပါနဲ့ ။ အဲ့လို ဟိုကူဒီကူလုပ်ပေးတာဟာ တခါတလေ သူတို့ ကို ကူညီရာ မရောက်ပဲ အနှောက်အယှက်ပေးသလိုတောင် ဖြစ်တတ်ပါသေးတယ်။ (မယုံရင် ကျွန်မ့ သူငယ်ချင်းတွေ မေးကြည့်ပါ။) ကျွန်မက အစ်ကို့ ကို ကူညီချင်ပေမယ့် သူကတော့ ကျွန်မ မီဖိုထဲ မလာ အေးရောလို့  ထင်သလားမသိဘူး.. မီဖိုထဲမလာနဲ့ ညှော်နံမယ် ဟင်းကျက်မှသာလာ စားပါတော့လို့  ပြောခဲ့လို့  အဲ့ဒီ ဟင်းကျက်မှသာ စားပြီး အထိရောက်ဆုံး ကူညီပေးခဲ့ပါတယ်။

အဲ့ဒီတော့ ဂဏန်းဟင်း ဘယ်လို ချက်သလဲဆိုတာ ကျွန်မ မသိပါလိုက်ပါဘူး။ သိချင်ရင် ကျွန်မ့ အစ်ကို ကို
မေးကြည့်ပါ။ :D.. သူပြောတာတော့ ဂဏန်းဟင်းချက်ရတာ အရမ်းမြန်တယ်။ တကယ်လည်း မြန်ပါတယ်၊ ဟင်းချက်တာ ၁၀ မိနစ် လောက်ပဲကြာတယ်။ ဒါပေမယ့် အဲ့ဒီ ဂဏန်းကို မချက်မှီ သန့် ရှင်းအောင် လုပ်ရတာရယ်၊ စားရင်း စူးမှာစိုးလို့  ဟိုညှပ်ဒီညှပ်၊ ဟိုခွါဒီခွါ၊ ဟိုဖြတ်ဒီဖြတ်လုပ်ရတာသာ ရှုပ်တယ်၊ ကြာတယ် လို့ ပြောပါတယ်။
ဟင်းကျက်ပြီးတဲ့.. စားလို့  ရပါပြီ

တစ်ခါစားစာ ဟင်းခပ်ပြီး ကျန်တဲ့ ဂဏန်း

ကြက်ငှက်တုတ်ကွေးကြောင့် ဘဲကင်စားချင်ပေမယ့် စားခွင့်မရတဲ့ ကျွန်မ၊ ဂဏန်းဟင်းတော့ စားခွင့်ကြုံလိုက် ပါသေးတယ်။ ကျွန်မတို့ အိမ်မှာ အရင်ကဆို ဂဏန်းချက်လေ့ မရှိပါဘူး။ ဂဏန်းဆိုတာ အရှင်ကို ၀ယ်ချက်မှ ကောင်းတာ၊ ဆိုင်မှာ ၀ယ်တဲ့ အသေတွေက မကောင်းရင် အဆိပ်ဖြစ်မယ် ဆိုတာမျိုးတွေ ကြားဖူးနေခဲ့ပြီး၊ အသိအိမ်တွေက ချက်ပြီး လာပို့ မှ၊ ဒါမှ မဟုတ် အပြင်ဆိုင်မှာ စားမှ သာ စားရလေ့ရှိပါတယ်။ ခုတော့ ကျွန်မတို့  အိမ်နားက ခြံတစ်ခြံမှာ နိုင်ငံခြားကို ဂဏန်းတွေ ပို့ တဲ့ လုပ်ငန်းလုပ်နေပြီး၊ ဂဏန်းဆို အရှင်မှ နိုင်ငံခြားကို ပို့ လို့ ရတာဆိုတော့ သေသွားတာနဲ့  ခြံနီးနားချင်းတွေကို ကြိုသာမှာထားရင် ချက်ချင်းလာပို့  ပေးတာဆိုတော့ အစ်ကိုက သူတို့ စီမှာထားပြီး ဒီနေ့ လာပို့ တာနဲ့  ဟင်းချက်ကျွေးတာလို့  ပြောတာပဲ။ ဒီနေ့  ချက်ပေးတဲ့ ဂဏန်းက ၁ကီလို - ၅၀၀၀ ကျပ် ဖိုးလို့ လည်း သိရပါတယ်။ အရင်တခါ ကျွန်မပြန်မရောက်ခင် မှာထားတုန်းက လာပို့ တာဆို အခွံပျော့ ဂဏန်းတွေ အရမ်းစားလို့ ကောင်းတယ်လို့  အိမ်ကလူတွေက ပြောတာပဲ။ ခုစားရတာတော့ အခွံမာ ဂဏန်းတွေပါ။ ကိုယ်မချက်ရ အားလုံးစားလို့ ကောင်းတယ် ဖြစ်အောင် ကျင့်နေတဲ့ ကျွန်မ အတွက်တော့ ချဉ်ချဉ်စပ်စပ်လေး သူများချက်ပေးထားတဲ့ ဟင်းစားရတာ အရမ်း စားလို့  ကောင်းပါတယ်။ ဘာရယ်မဟုတ်ပါဘူး အစ်ကို တစ်ဝမ်းကွဲက ထူးထူးဆန်းဆန်း စိတ်ရှည်ရှည်နဲ့  ဟင်းချက်ကျွေးလို့  ဒီနေ့ တော့ အိမ်မှာချက်တဲ့  ဂဏန်းဟင်းကို အ၀စားလိုက်ရတယ် ဆိုတာလေး မှတ်ထားလိုက်တာပါ။ :P

1 comment:

Unknown said...

နင်ရန်ကုန်မှာ စားဖို့ သောက်ဖို့ နေရာတွေ မေ့နေမှာစိုးရင် ငါ့ဘလောက်ခ်ပိုစ့်လေးသွားဖတ်လိုက်။ (ဟီးဟီး အလကား ဘလော့ခ်လာကြော်ငြာတာ။)