Pages

March 01, 2007

အင်တာနက်

အိမ်ပြန်ရောက်ပြီးထဲက အပြင်လည်း မသွားရ၊ ဘယ်မှ မထွက်ရဆိုတော့ အင်တာနက်နဲ့  အဆက်ပြတ်နေပြီး မနေတတ်၊ မထိုင်တတ်ဖြစ်နေတဲ့ ကျွန်မကို မကြည်ရက်တဲ့ အဖေက အိမ်မှာ အင်တာနက်သုံးလို့ ရအောင်ဆိုပြီး Access Kit သွားဝယ်ပေးတာပါတယ်။ နာရီ ၃၀ စာ Access Kit ကို ကျပ်ငွေ ၁၅၀၀၀ ပဲပေးရတာဆိုတော့ သုံးပျော်ပါတယ်။ တစ်နာရီကို ၅၀၀ ကျပ် ကြတာပေါ့။ အပြင်မှာ အင်တာနက်သွားသုံးရင်လည်း ၁ နာရီ ၄၀၀-၅၀၀ တော့ ပေးရမယ် ထင်တယ်။ အရင် တစ်ခါပြန်လာတုန်းက တော့ internet café မှာ အင်တာနက် သွားသုံးဖြစ်ပေမယ့်၊ ခုတခေါက်တော့ တစ်ခါမှ မသွားဖြစ်သေးဘူး။ ဘာပဲဖြစ်ဖြစ် အချိန်ရရင်တော့ မြန်မာ့ Internet Café တွေမှာ အင်တာနက် သုံးဖူးတယ်ရှိအောင် တစ်ခေါက်လောက်တော့ သွားသုံးကြည့်ဦးမယ်။ ခုသုံးတဲ့ Access Kit နဲ့  Connection လုပ်ရတာလည်း အရမ်းတော့ မခက်ပါဘူး။ Dial Up ဆိုတော့ နေ့  လယ်ပိုင်းဆို 34.6 Kbps လောက်ရှိတယ်။ ညပိုင်းဆိုရင်တော့ နည်းနည်း ပိုကောင်းတယ်။ Internet Café တွေမှာတော့ ဒီထက် ပိုမြန်မယ် ထင်တယ်။

မနေ့ က ၀င်ကြည့်သလောက်တော့ နိုင်ငံရေးနဲ့  ပတ်သက်တဲ့ Site တွေကလွဲရင် တော်တော်များများ ၀င်လို့  ရပါတယ်။ Messenger တွေကိုလည်း Website တွေ သုံးပြီး ၀င်လို့ ရနေတယ်။ Blogger ကိုလည်း ကောင်းကောင်းဝင်လို့  ရနေပါတယ်။ Gmail ကိုလည်း ဟိုစမ်းဒီစမ်း လိုက်ရှာလိုက်တာ G-Lite မဟုတ်တဲ့  Site တစ်ခုကနေ Gmail ရဲ့ original ပုံစံအတိုင်း ၀င်လို့  ရတာတွေ့  ရတယ်။ တခုတော့ ရှိတယ် နည်းနည်းတော့ စိတ်ရှည်ရတာပေါ့။ ကောင်းပါတယ်။ အမြဲ စိတ်မြန် လက်မြန်ရှိတဲ့ ကျွန်မ၊ ဒီက အင်တာနက်ကို သုံးနေရင်းနဲ့  နည်းနည်းတော့ သည်းခံ စိတ်ရှည်တတ်လာမယ် ထင်ပါတယ်။

ကျွန်မ ကံကောင်းတယ်ပဲ ပြောရမလား၊ ခုရက်ပိုင်း မီးအမြဲနီးပါးလာနေတယ်။ အရင်ကတော့ အဲ့လို အမြဲမလာဘူး၊ ခုရက်ပိုင်း အတန်းငယ်လေးတွေ စာမေးပွဲဖြေနေကြပြီ၊ ၁၀ တန်းစာမေးပွဲကလည်း နီးလာလို့  မီးပုံမှန်လာနေတာ ဖြစ်မယ်လို့  အမေ ပြောတာပါပဲ။

အရင်ကလို့  အင်တာနက် အမြဲ မသုံးနိုင်ပေမယ့် ဒီက မပြန်ခင်ရက်ပိုင်းတော့ နာရီ ၃၀ စာ Access Kit ကိုသုံးပြီး အင်တာနက်မှာ ခဏလောက်တော့ ခြေရှုပ်နိုင်ပြီပေါ့။

No comments: