Pages

July 19, 2007

ရွက်လှေများ

ဒီရက်ပိုင်း ၀တ္တုတို တော်တော်များများ ဖတ်ဖြစ်တယ်။ ဥတ္တရလမင်းစိတ်ကူး(၉) - ခံစားသူအကြိုက် မဂ္ဂဇင်း ၀တ္တုတိုများ [၁၉၉၉] ထဲမှာ ပါဝင်တဲ့ စာရေးဆရာမ ဂျူးရဲ့ ၀တ္တုတိုလေး တစ်ပုဒ်ကို ထပ်ခါထပ်ခါ ဖတ်မိခဲ့တယ်။ ဘ၀ခရီးကို ကိုယ်ပိုင်လှေလေးတွေနဲ့ ခရီးနှင်နေကြတဲ့ ပုံစံမျိုးလေး ရေးထားတာပါ။ ဒီဝတ္တုကို အရင်က ဖတ်ဖူးပေမယ့် ဒီတခါဖတ်ကြည့်မှ အဲ့ဒီထဲက စာသားတချို့ ကို အရမ်းသဘောကျသွားတယ်။ ခံစားချက်တွေ တိုက်ဆိုင်နေလို့ လည်း ဖြစ်နိုင်ပါတယ်။ ပထမတော့ ကျွန်မကြိုက်တဲ့ စာကြောင်းတွေကိုပဲ မှတ်ထားမယ် စိတ်ကူးခဲ့ပေမယ့် ဂျူးရဲ့ အတွေးတွေကို သဘောကျလို့  အဲ့ဒီ ၀တ္တုလေးထဲက ပထမပိုင်း စာပိုဒ်တချို့ ကလွဲရင် နောက်ပိုင်း စာပိုဒ်တွေအားလုံးကို မှတ်ထားလိုက်ပါတယ်။ နောင်တစ်ချိန် ပြန်ဖတ်လို့ ရတာပေါ့။
ရွက်လှေများ - ဂျူး

တကယ်တော့လည်း ကျွန်မတို့  လူ့ ဘ၀ဆိုတာ ကမ်းမမြင် လမ်းမမြင်သည့် ပင်လယ်သမုဒ္ဒရာပြင်ကျယ်ကြီးမှာ ကိုယ်တိုင် ထိန်းချုပ်ပဲ့ကိုင်သော ရွက်လှေတစ်စင်းစီဖြင့် ခရီးနှင်နေကြရခြင်းပဲ မဟုတ်လား။
*****************
.....
.....
.....
မြစ်ပြင်ကျယ်မှာ လှေဖြင့် စုန်ဆင်းသွားလာနေကြသူများကို အားကျပါရဲ့။ သူတို့ နေရာမှာ စိတ်ကူးဖြင့် ၀င်နေရသည်က တော်တော် ကျေနပ်ဖို့ ကောင်းသည်။တကယ် ကိုယ်တိုင်လှေပေါ်မှာ လိုက်ပါစီးနင်းဖို့  ထို့ ထက်ပို၍ လှေကို ပဲကိုင်ဖို့ ၊ ရွက်လွှင့်ဖို့ ဆိုတာ ဘယ်လိုမှ သတ္တိ မွေးယူလို့  မရသည့် အဖြစ်တွေ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်လို့ ပါ။ ကိုယ့်အစွမ်း သတ္တိကိုလည်း ကိုယ်မယုံ။ ကျွန်မက ရေလည်းမကူးတတ်ဘူးလေ။ ကံကြမ္မာဆိုတာကိုလည်း မယုံ။ ကိုယ့်ရွက်လှေကို လေထန်သည့် မုန်တိုင်က ဆွဲနှစ်ပစ်မှာလည်း ပူပင်ရသေးသည်။ ဒါကြောင့် လှေမှန်အမျှ၊ ရေမှန်သမျှ ဘေးက ကြည့်ပြီး အားကျရုံပဲ သာယာမိ၏။ ကိုယ်တိုင် ပါဝင်ဖို့  ဘယ်တုန်းကမှ စိတ်ကူးခဲ့သည် မဟုတ်။

သို့ သော်... ကျွန်မ မတွေးမိသည့် အချက်မှာ ကျွန်မသည် ဘ၀၏ ကိုယ်ပိုင်ရွက်လှေဖြင့် ခရီးနှင်နေခဲ့ပြီးပြီ... ဆိုတာပဲ။

ကျွန်မ၏ ရွက်လှေက ဘယ်လောက်ခိုင်ခံသလဲ၊ ဘယ်လောက် လုံခြုံသလဲ ကျွန်မသိ။ ဘယ်သူမှလည်း မသိ။ ကိုယ့်လှေကို လှပအောင် ဆွဲဆောင်မှုရှိအောင် ကျွန်မတို့ ဆေးခြယ်ရင်း အောင်မြင်ခဲ့သူတွေရှိမည်။ မအောင်မြင်သူတွေလည်း ရှိမည်။ လှပနိုင်သူ၊ သစ်လွင်နိုင်သူတို့ က ဂုဏ်ယူစွာ ရွက်လွင့်နေချိန်တွင် မအောင်မြင်သူတွေက အစုတ်အပြဲ အဖာအထေးရွက်တို့  ဖြင့်၊ မွဲနွမ်းသော လှေကိုယ်ထည်ဖြင့် နာနာကြည်းကြည်း ရွက်လွှင့်နေကြလိမ့်မည်။ ကိုယ့်လှေကို ခိုင်ခံသည်ထက် ခိုင်ခန့်  အောင်၊ တာရှည်ခံသည်ထက် ခံအောင် ကြိုးစားပြင်ဆင်လိုသူတွေလည်း ရှိမည်။ ကံစီမံရာပဲဟု ကံကြမ္မာအပေါ် ယုံပြီး ပုံအပ်ထားသူတွေလည်း ရှိမည်။ မုန်တိုင်းဗဟိုနှင့် နီးသူတွေ ရှိမည်။ အဖျားအနားပဲ ထိသူတွေ ရှိမည်။ အချိန်မတိုင်မီ နစ်နာသူတွေရှိမည်။ ( အချိန် တိုင်ခြင်း၊ မတိုင်ခြင်းကိုရော ဘယ်သူက ဆုံးဖြတ်ပေးမလဲ။)

ကျွန်မတို့  ခရီးနှင်ရာ၏ အဆုံးပန်တိုင်က ဘာလဲ။ အမှန်အတိုင်း ပြောရာလျှင် ကျွန်မ မသိပါ။ နစ်မြုပ်ခြင်းသည် ခရီးအဆုံးလား၊ မနစ်မြုပ်ဘဲ ခရီးဆက်ခွင့်သာ ရခဲ့လျှင် ဟိုဘက်မှာ ဘာရှိမလဲ၊ ဘာကို မျှော်လင့်ပြီး ကျွန်မတို့  ရွက်လွင့်နေကြတာလဲ။ မေတ္တာတရားအတွက်လား၊ ဗြဟ္မစိုရ် တရား အတွက်လား၊ ဒါမှမဟုတ် နိဗ္ဗာန်ဟု စကားအရသာ သိပြီး တကယ်လက်တွေ့  ကျွန်မ မသိမြင်နိုင်သော စိတ်အခြေအနေ တစ်ခုဆီသို့ လား၊ သီးသန့် နေရာတစ်ခုဆီသို့ လား။

ရော့စတူးဝပ်၏ ရွက်လွှင့်ခြင်းကို နားထောင်ရစဉ်ကတော့ ဦးတည်ရာ ရှိသူ၏ ရွက်လွှင့်ခြင်း တစ်ခုအပေါ် အားကျပြီး မုဒိတာ ပွါးခဲ့ရဘူးသည်။ ဘုရားသခင်နှင့် နီးရာ၊ အရှင်သခင်ရှိရာ အရပ်ဆီသို့  သူဦးတည်၍ ရွက်လွှင့်နေခြင်း ဖြစ်နိုင်သည်။ ဘယ်လောက်အဓိပ္ပာယ် ရှိလိုက်တဲ့ဘ၀ ဖြစ်မလဲ။ကျွန်မကရော ဘယ်ကို ဦးတည်ပြီး ရွက်လွှင့်နေခဲ့ပါသလဲဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ကြည့်သောအခါ ကျွန်မ တော်တော်လန့် သွားသည်။ ဘာကို ဦးတည်မှန်းသာ မသိပေမဲ့ ခရီးကတော့ အတော်ပေါက် ခဲ့ပြီးလေပြီ။ ကျွန်မ၏ ရွက်လှေပေါ်မှာလည်း လိုချင်၍ သယ်ယူခဲ့သော ပျော်ရွှင်မှုများ၊ မလိုချင်ပါဘဲနှင့် လက်ခံယူခဲ့ရသည့် အမှားများ၊ လွှင့်ပစ်လို့  ရလျှင် ချက်ချင်း လွှတ်ပစ်လိုက်ချင်သော နောင်တများ စသည်ဖြင့် ကုန်စည်ပစ္စည်းများလည်း အသင့်အတင့် စုံလင်ခဲ့ပြီ။

ကျွန်မ ဘယ်ကိုရောက်မှာလဲ ဆိုတာကိုလည်း သိချင်လာပြီ။ မုန်တိုင်းကြောင့် သို့ မဟုတ် ကျွန်မ၏ ပဲ့ကိုင်ထိန်းချုပ်ခြင်းအတတ် ညံ့ဖျင်းမှုကြောင့် လှေကလေး နစ်သွားလေမလားဟုလည်း စိုးရိမ်ပူပန်လှပြီ။ ဘယ်သူကမှ အာမခံပေးလို့  မရသည့် ဟောသည် သမုဒ္ဒရာပြင်ကျယ်ကြီးထဲမှာ " မင်းရဲ့လှေ ဘာမှဖြစ်မှာ မဟုတ်ပါဘူး " ဟူသော ဖျောင်းဖျနှစ်သိမ့်အားမေးမှုကိုလည်း တစ်ဖက်က ကြားချင်နေပြန်သည်။

ကိုယ်တောင် ဘယ်မချိန်နစ်မလဲဟု မသိသည့် ခရီးမှာ သူများလှေတွေ နစ်လုမတတ် ဖြစ်တာ၊ နစ်သွားတာတွေကို သူရဲကောင်း ဆန်ဆန် ကယ်တင်နိုင်လေမလားဟုလည်း ကိုယ့်ကိုယ်ကိုယ် ဘ၀င်မြင့်ခဲ့ မိပြီးပြီ။ ကိုယ့်လှေ ခိုင်ခံအောင်၊ လုံခြုံအောင် ပြုပြင်တည်ဆောက်မည့်အစား အပေါ်ရံ ဆေးခြယ်မှုကို ပို၍ ဦးစားပေးခဲ့မိတဲ့ ကာလလည်း တော်တ်ာရှည်ကြာခဲ့ပြီ။

ရှေ့ ဆက်ပြီး ကျွန်မရဲ့ လှေ ခိုင်ခံဖို့ သာ ကြိုးစားရတော့မည်။ အချိန်တော့ နောက်မကျသေးဘူးဟု မျှော်လင့်ရပါသည်။

ကျွန်မ၏ လှေထဲမှာ သယ်ယူခဲ့သည့် ပျော်ရွှင်ခြင်း ဆိုတာတွေက အခုအချိန်မှာ ပြန်လည်သုံးလို့  မရတော့သည့် တစ်ခါသုံး ပစ္စည်းတွေ၊ စွန့် ပစ်အမှိုက်တွေသာ ဖြစ်တော့သည်။ လူ့ ဘ၀မှာ တကယ်လို အပ်သည်က ပျော်ရွှင်ခြင်း မဟုတ်၊ သတိသာ ဖြစ်သည်ဟု ကျွန်မ တွေးတောစ ပြုလာပြီ။

ကျွန်မက ကျွန်မလိုအပ်သည့် အရာမှာ ပျော်ရွှင်မှုဟု ထင်ခဲ့မိဖူး၏။ ငွေကြေးဥစ္စာဟု ထင်ခဲ့ဖူး၏။ အောင်မြင် ကျော်ကြားမှုဟု ထင်ခဲ့ဖူး၏။ အဲ့ဒါတွေကို ရမှ ဖြစ်မည်ဟု ထင်ကာ မနိုင်မနင်း သယ်ယူခဲ့ပြီးပြီ။ ကျွန်မ လိုအပ်တာ ဒါမဟုတ်ဘူးဟု သိသလိုလို ရှိလာချိန်မှာ ဒါတွေကို လွှင့်ပစ်ဖို့ လည်း မဖြစ်နိုင်။ အဲသည် အရာတွေနှင့် ကျွန်မက တော်တော်ကြီး ပေါင်းစပ်ငြိတွယ်နေခဲ့ပြီးပြီ မဟုတ်လား။ လှေကလေး ပေါ့အောင်၊ ကိုယ်ထိန်းသိမ်းတိုင်း လိုရာရောက်အောင်က အဲ့ဒါတွေကို ပစ်ချခဲ့မှ ရမည် ထင်ပါရဲ့။

အခုတော့ ကျွန်မ ရွက်လည်း လွှင့်နေဆဲ။ လေးလံနေသော အပိုပစ္စည်းများကိုလည်း လွှင့်ပစ်ဖို့  ကြံရွယ်ရင်း တွယ်ဖက်နေဆဲ။ လှေကလေး ခိုင်ခံဖို့  ပြုပြင်တည်ဆောက်မှ ဖြစ်မည်ဟူသော အသိတရားလေးက ရေးရေး ပေါ်လာပြန်တော့ အလုပ်စတင်ဖို့  တွန့် ဆုတ်နေဆဲ။

အဲသည်လိုနှင့် သည်လှေ၏ သက်တမ်းက လှေတစ်စင်း၏ ယေဘုယျ သက်တမ်းထက်ဝက်ပင် ကျော်ခဲ့ပြီ။ ရှေ့ မှာ ခရီးက မိုင်ပေါင်းများစွာ ရေပြင်ကြီး.... ဘာကမ်း ဘာသောင်မှ မမြင်ရသေးသည့် ရေပြင်ကြီး။ သည်လှေနှင့် သည်ခရီး မျှတပါရဲ့လား ကျွန်မ မသိ။

ကျွန်မ ဘာမျှ မသိပါ။

[ ဂျူး - ရန်ကုန်ရွက်လှေအသင်း စိန်ရတုမဂ္ဂဇင်း၊ ဧပြီ ၁၉၉၉ ]

No comments: