Pages

January 17, 2007

Double Taxation & Me

ဟိုတနေ့ က ကျွန်မရဲ့ ချစ်လှစွာသော သူငယ်ချင်းတွေက အက်စ်အမ်အက်စ်နဲ့  တမျိုး ၊ messenger ကတဖုံ၊ email နဲ့ တသွယ် နည်းမျိုးစုံနဲ့  သတင်းပေးလို့  ဒီစင်္ကာပူဆိုတဲ့ နိုင်ငံမှာ နေကြတဲ့ သူတိုင်း ရင်းနှီးနေတဲ့ Double Taxation အကြောင်း ဆွေးနွေးထားတဲ့ Yahoo Group တစ်ခု အကြောင်းသိခဲ့ရပါတယ်။ သိတယ်ဆို ကျွန်မလည်း ဘယ်နေနိုင် မလဲ၊ ချက်ချင်းပဲ အဲ့ဒီ Group ကို Join လိုက်တာပေါ့။ ဘာတွေ ဆွေးနွေးတာလည်း သိချင်မိယုံမကဘူး၊ ရင်ထဲမှာကလည်း အဲ့ဒီ ကိစ္စနဲ့ ပတ်သက်တဲ့ ခံစားချက်တွေက ရှိနေတယ်လေ။ တခြားသူတွေ အနေနဲ့  ဘယ်လို ရှိမလဲ ကျွန်မသေချာမသိပါဘူး၊ ကျွန်မ အနေနဲ့ ကတော့ ဟိုနိုင်ငံမှာတုန်းက တစ်ခါပဲ ပေးခဲ့ရပြီး၊ ဒီနိုင်ငံမှာ အလုပ်လုပ်မှ နှစ်ခါဆောင်နေရတဲ့ အခွန်ဆိုတာကြီးက စိတ်ကို တော်တော်လေး ခိုးလို့ ခုလု ဖြစ်စေပါတယ်။

ကျွန်မ ဒီနိုင်ငံမှာ အလုပ်လုပ်ပြီး သိပ်မကြာပါဘူး၊ အဲ့ဒီတုန်းက မပြန်တာ ကြာပြီဖြစ်တဲ့ အမိမြေကို တစ်ခါလောက်တော့ ပြန်လိုက်ဦးမယ်ဆိုပြီး၊ ခွင့်တွေတင်၊ လေယာဉ်လက်မှတ် ၀ယ်ဖို့ စုံစမ်းလိုက်တော့ ကျွန်မကို သူငယ်ချင်းတွေက သတင်းပေးတယ်။ အခွန်ဆောင်ရဦးမယ်နော်၊ မဟုတ်ရင် ရန်ကုန်လေဆိပ်ရောက်မှ ကွိ နေမယ်တဲ့လေ။ ထူးဆန်းသွားတယ်။ ကျွန်မ ဒီနိုင်ငံ စင်္ကာပူ အစိုးရကို အခွန်ဆောင်ပြီး ပြီလေ။ ကျွန်မရဲ့ မိခင်သံရုံးမှာ ထပ်ဆောင်ဖို့ က လိုသေးလား။ ကျွန်မ တကယ်နားမလည်ဘူး။ ဒီတော့ ကိုယ့်ထက် ပိုသိတဲ့ ပိုတတ်တဲ့ ပိုနားလည်တဲ့ ပိုအတွေ့ အကြုံရှိတဲ့ သူငယ်ချင်းတွေကို မေးရတော့တာပေါ့။

မမေးခင်လေး ကျွန်မကြုံဖူးတာလေး သူတို့ ကို ရှင်းပြမိတယ်။ ကျွန်မ အရင်နေခဲ့တဲ့ နိုင်ငံမှာက အခွန်ဆိုတာ လခရတိုင်း လခကနေ ဖြတ်သွားတဲ့ အရာ။ အဲ့ ရန်ကုန်ပြန်မယ်ဆို လစဉ်၊ ဒါမှမဟုတ် ၂ ပတ်တခါရတဲ့ ပေးစလစ် ဆိုတာလေးတွေ (အဲ့ဒီတုန်းကတော့ နောက်ဆုံးပေးစလစ် ၆ ရွက်ပါ) ကို ယူပြီး သံရုံးကိုသွား၊ သံရုံးကနေ အဲ့ဒါတွေကြည့်ပြီး ပေးစရာ အခွန်တွေ ပေးဆောင်ပြီးလို အခွန်ပေးစရာ ကင်းရှင်းပြီး ဖြစ်ကြောင်း စာလေး တစ်စောင် ထုတ်ပေးတယ်။ ဒါလေး ယူပြီး မြန်မာ ပြည်ပြန်လိုက်ရုံပါပဲ။ အဲ့ ကျောင်းသားဖြစ်သေးရင်တော့ ကျောင်းက Attendance Sheet လေး ယူသွားရပါတယ်။ ဒါဆို ကျောင်းသားပါဆိုတဲ့ စာလေးပါ ထုတ်ပေးတယ်။ ဒီမှာရော အဲ့ဒီလို မဟုတ်ဘူးလားလို့  မေးလိုက်မိတာပေါ့။ ကျွန်မမှ မသိတာ မေးရတော့တာပေါ့ရှင်။

ဖြေကြပါတယ်။ မဟုတ်ပါဘူးတဲ့။ ဒီမှာ အခွန်ဆိုတာ ကျွန်မကြုံဖူးသလို စင်္ကာပူ အစိုးရက လခကနေ လတိုင်းမဖြတ်ပါဘူး၊ နှစ်ကုန်မှသာ ဘယ်လောက် အခွန်ပေးစရာ ရှိတယ်ဆိုပြီး ပေးရတယ်လို့  ပြောပါတယ်။ အင်း... ကျွန်မတွေးလိုက်မိတာပေါ့၊ ဒါဆို စင်္ကာပူ အစိုးရကို မပေးရသေးလို့  မြန်မာ သံရုံးကို ပေးရတာလားလို့ ။ တခါတလေ ကျွန်မတို့ ကလည်း ကိုယ်က ပေးစရာရှိတာလေးဆို မပေးပဲ နေချင်ကြတယ်လေ။ လူ့ သဘာဝ လို့  ပြောရမလား။ ကျွန်မလည်း စိတ်ထဲ သိပ်မရှင်းတော့ ထပ်မေးရတယ်။ ပိုသေချာအောင်ပေါ့လေ။ ဒါဆို ကျွန်မ ဒီနိုင်ငံမှာ အလုပ်လုပ်ရင် ဒီအစိုးရကိုလည်း အခွန်ပေးရမယ်၊ ပြီးတော့ ကျွန်မတို့  နိုင်ငံ သံရုံးကိုလည်း ကျွန်မရတဲ့ ခလရဲ့ ၁၀% ကို အခွန် အဖြစ်ပေးရမယ်၊ ဟုတ်သလားပေါ့။ အားလုံးက "ဟုတ်တယ်" ဆိုတဲ့ စကားနဲ့  တိုတိုတုတ်တုတ် အဖြေပေးခဲ့ ကြတယ်။

ဒါနဲ့  ကျွန်မလည်း .. သြော် တစ်နိုင်ငံ ဥပဒေတစ်မျိုးစီပဲ... ဒီနိုင်ငံမှာ ဒီလိုဆိုတော့လည်း ပေးရတော့မှာပေါ့လို့ ပဲ တွေးလိုက်မိခဲ့တယ်။ ကျွန်မက ဥပဒေကို ချိုးဖောက်ချင်တဲ့ သူမှ မဟုတ်တာ။ ပေးရမယ်ဆိုတဲ့ ဥပဒေ ရှိရင် ပေးလိုက်မှာပေါ့။ ဘာပဲဖြစ်ဖြစ် တရား ဥပဒေဘောင်ထဲက နေတာ စိတ်အေးချမ်းသာရာ ရစေတယ် မဟုတ်လား။ တကယ်တော့ ကျွန်မဟာ နိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ စည်းပွါးရေး၊ တရားဥပဒေ ဆိုတာတွေကို နားမလည်တဲ့ ခပ်တုံးတုံး တစ်ယောက်ပါ။ ဒါပေမယ့် နည်းနည်းတော့ စပ်စုတတ်တယ်ရှင့်။ အဲ့ဒီ အခွန်ကိစ္စကိုတွေးရင်း မြန်မာသံရုံးဟာ ဟိုနိုင်ငံနဲ့  ဒီနိုင်ငံ မှာ ဘာလို့  လုပ်ပုံကိုင်ပုံ မတူတာလဲဆိုတာ သိချင်သွားတယ်။ ကိုယ့်ပိုက်ဆံ မပေးရတုန်းကတော့ အခွန်အကြောင်း ဆိုတာ ကျွန်မ စိတ်မ၀င်စားဘူး။ ခုပေးရမယ်ဆိုတော့ သိချင်သွားတယ် ဆိုပါတော့။ ဒါနဲ့  ကျွန်မ အစ်ကိုတစ်ယောက်ကို မေးလိုက်မိတယ်။ ဟိုနိုင်ငံနဲ့  ဒီနိုင်ငံ အခွန်ဥပဒေခေါ်မလား၊ ဘာလား၊ ကျွန်မမသိဘူး၊ ဒါပေမယ့် ကျွန်မသိတာ ဟိုမှာ တစ်ဘက်ပဲ ပေးရတယ်၊ ဒီမှာ နှစ်ဘက်လုံးကို ပေးရတယ်၊ ဒါဘာကွာလို့ လဲ၊ သိချင်တယ်၊ ရှင်းပြပါပေါ့။

ရှင်းပြရှာပါတယ်။ ကျွန်မ နားလည်နိုင်မယ့် စကားလုံးတွေနဲ့ ပေါ့။ စကားလုံးခက်ခက်တွေ သုံးပြောရင် ကျွန်မက သိမှာမဟုတ်ဘူးလေ။ ဘာတွေရှင်းပြလည်းဆိုတော့ .. ကျွန်မ မှတ်မိသလောက် ပြန်ပြောပြမယ်။ သူပြောတာက " ခုခေတ်မှာ လူတွေက ကိုယ့်နိုင်ငံမှာ အလုပ်လုပ်ကြရုံတင်မကပဲ တခြားနိုင်ငံတွေမှာပါ အလုပ်လုပ်နေကြတယ်။ သိတဲ့ အတိုင်း အလုပ်လုပ်လို့  ၀င်ငွေရတယ်ဆိုရင် အစိုးရကို ၀င်ငွေပေါ်မှာ အခွန်ဆိုတာကို ပေးရတယ်။ အဲ့ဒီတော့ နိုင်ငံခြားမှာ အလုပ်လုပ်သူတွေက ဘယ်အစိုးရကို အခွန်ပေးမလဲ။ သူအလုပ်လုပ်တဲ့ တိုင်းပြည်က အစိုးရကိုလား၊ သူ့ မိခင်နိုင်ငံ အစိုးရကိုလား။ နှစ်နိုင်ငံလုံးကို ပေးရမယ်ဆို ဘယ်ဟုတ်မလဲ။ အဲ့ဒီတော့ နိုင်ငံတွေဟာ သူတို့ နိုင်ငံမှာ နိုင်ငံခြားသားတွေ အလုပ်လာလုပ်အောင်၊ ရင်းနှီးမြှုပ်နှံ မှု့ တွေလုပ်လာအောင်၊ နှစ်နိုင်ငံ အကျိုးရှိအောင်လို့  မင်းနိုင်ငံသား ငါ့စီလာလုပ်ရင် ငါ့ကိုအခွန်ပေး၊ အဲ့လိုပဲ ငါ့နိုင်ငံသား မင်းစီလာလုပ်ရင် သူစီက အခွန်ကို မင်းယူ ဆိုသလို သဘောတူညီမှု့ တွေ ထားတယ်ပေါ့။ အဲ့လို သဘောတူညီမှု့ မျိုး မြန်မာ နဲ့  UK အစိုးရကြားမှာ ရှိတယ်" .။.... အင်... ဒီလောက်ရှင်းပြတာတော့ တော့ ကျွန်မ နားလည်တယ်။

ဒီတော့ ကျွန်မတွေးမိတာပေါ့။ ဒါဆို ဒီစင်္ကာပူဆိုတဲ့ နိုင်ငံသေးသေးလေးက အစိုးရနဲ့  မြန်မာ အစိုးရကြားမှာ တော့ အဲ့ဒီသဘောတူညီမှု့ မရှိလို့ ကျွန်မတို အခွန် ၂ ခါဆောင်ရတယ်ပေါ့။ ဟုတ်သလား မေးလိုက်မိတယ်။ ပြန်ဖြေပါတယ်။ မဟုတ်ဘူးတဲ့။ ဒီနှစ်နိုင်ငံကြားမှာလည်း အဲ့ဒီသဘောတူညီမှု့ ရှိတယ်။ .. အမ်း.. ဒါဆိုဘာလို့ ပေးရလဲဆိုတော့.. ဖြေသွားပါတယ်။.. " သဘောတူညီမှု့ ရှိတယ်။ ဒါပေမယ့် သံရုံးကတောင်းတော့ ဒီမှာ အလုပ်လုပ်သူတွေက ပေးရမယ်။ မပေးရင် မပြန်နဲ့ ။ အဲ.. မပြန်ဘူး...မပေးဘူးဆိုပြီး မပေးပဲနေလို့ ရမယ် မထင်နဲ့ ။ မပြန်ပေမယ့်လည်း ကျွန်မတို့  ကိုင်ထားတဲ့ ပတ်စ်ပိုစ့်တွေက သက်တမ်းကုန်ရင် သံရုံးမှာ သက်တမ်းသွားတိုးရမယ်။ အဲ့ဒီကြရင် ပေးရမှာပဲတဲ့။ " .. ဟင်း.. ဒီမှာ PR ဆိုတာကြီးရနေရင်ရော... မြန်မာ ပတ်စ်ပိုစ့် ကုန်လို့ မရဘူးလားဆိုတော့ " မရပါဘူး၊ စင်္ကာပူ ရဲ့ နေထိုင်ခွင့်တွေက PR မကလို့  ဘာကြီးဖြစ်နေနေ၊ သူတို့  Citizen မဟုတ်ရင်၊ သက်ဆိုင်ရာ နိုင်ငံရဲ့ ပတ်စ်ပိုစ့်ကုန်သွားတာနဲ့  အဲ့ဒီ နေထိုင်ခွင့်တွေ ကုန်သွားတယ်လို့  ဥပဒေရှိပါတယ်တဲ့" .. လေ.... သြော်.. ဒါမို့ လည်း ဒါမျိုးတွေ လုပ်လို့ ရတာကိုလို့  တွေးခဲ့မိသေးတယ်။

ကိစ္စ မရှိပါဘူး။ ကျွန်မက သူများတွေလည်း ပေးတာပဲ။ ကိုယ့်ချွေးနဲ့  ရင်းရှာလို့  ရတဲ့ ပိုက်ဆံကို၊ ဘာပဲ ဖြစ်ဖြစ် ကိုယ့်တိုင်းပြည် အကျိုးရှိအောင် ပေးရတာပဲ။ ကိုယ်လည်း အဲ့ဒီ နိုင်ငံသားဖြစ်နေတော့ ပေးရမှာပေါ့။ မြန်မာနိုင်ငံကလည်း တိုင်းပြည်ဖွံ့ ဖြိုးမှု့ အတွက် သုံးဖို့  နိုင်ငံခြားငွေတွေက လိုနေတယ် မဟုတ်လား။ ကျွန်မတို့ လို ပြည်ပမှာ အလုပ်လုပ်တဲ့ သူတွေစီက ရတဲ့ ပိုက်ဆံဟာလည်း နဲတယ် များတယ် မဆိုသာတယ်၊ တတပ်တအားတော့ တိုင်းပြည်ကို အကျိုးရှိမှာပေါ့လို့  ပြောမိခဲ့ပါတယ်။ အဲ့ဒီတော့ ကျွန်မကို သနားစရာ သတ္တ၀ါလေးလို ကြည့်ပြီး .. " ဒီပိုက်ဆံတွေ တိုင်းပြည်ဖွံ့ဖြိုးအောင် သုံးတယ် ထင်နေတာလား။ အဲ့ဒီငွေတွေ မြန်မာပြည် ပြန်ရောက်မယ်တောင် ထင်နေလား" လို့  ပြောတယ်။ ဒါဆို ငွေတွေ ဘယ်ရောက်သွားလဲ မေးမိတော့၊ မြန်မာ လူမျိုးအဖြစ် မစွန့် လွှတ်ချင် သေးဘူး၊ မြန်မာ ပြည်လည်း ပြန်ချင်သေးတယ်ဆို ကိုယ်ပေးစရာ ရှိတာလေးတွေ ပေးပြီး ၊ အလုပ်ကောင်းကောင်းလုပ်၊ ရန်ကုန်ကောင်းကောင်းပြန် ဆိုတာနဲ့  ကျွန်မလည်း ရန်ကုန်ပြန်ခါနီးတိုင်း ပေးစရာရှိတာလေးတွေ အမြဲပေးပြီးမှ ပြန်ခဲ့တာ ခုချိန်ထိပါပဲ။

အင်း... ကြောက်တတ်လို့ ၊ ကြားကောင်းအောင် ပြောရရင်တော့ အမိနိုင်ငံတော်ကြီးကို သိပ်ချစ်ပြီး မြန်မာပြည်သူဖြစ်ရတာ ဂုဏ်ယူ၊ မြန်မာနိုင်ငံသားအဖြစ်ကို မစွန့်လွှတ်နိုင်သေးလို့ သာ... အဲ့လို ပေးနေရတယ်။ တကယ်ဆိုရင်တော့ ဘယ်ပေးချင်ပါ့မလဲ။ တခါတလေ မဟုတ်ပါဘူး၊ သတိရတိုင်း၊ ပိုက်ဆံမရှိတိုင်း၊ ရန်ကုန်ပြန်ခါနီးတိုင်း၊ အခွန်ဆိုတဲ့ စကားကို ကြားတိုင်း၊ မြန်မာ သံရုံးဆိုတဲ့ စကား ကြားမိတိုင်း တွေးနေမိတာက ကျွန်မပေးခဲ့တဲ့ ပိုက်ဆံတွေ ဘယ်များရောက်သွားပါသလဲ ဆိုတာကိုပါ။

အို... ဒါနဲ့  ပြောရဦးမယ်.. ကျွန်မလေ သံရုံးသွားပြီး မြန်မာပြည်သူတစ်ယောက်အနေနဲ့  ကိုယ်ချွေးနဲစာနဲ့  လုပ်ကိုင်ပြီး ရရှိတဲ့ ၀င်ငွေရဲ့ ၁၀% ကို အမိနိုင်ငံတော်အတွက် အခွန် အဖြစ်ပေးဆောင်တိုင်း စာလေးတစ်စောင် ရေးရ ပါသေးတယ်ရှင့်။ ကျွန်မ မဘယ်သူဖြစ်သူသည်.. ဒီနိုင်ငံတွင် ဘယ် Company မှာ၊ ဘယ်လို ပိုစ့်မျိုးနှင့် အလုပ်လုပ်ကိုင်ရာမှ ရရှိသည့် ၀င်ငွေ၏ ၁၀% ကို နိုင်ငံတော်အား ၀င်ငွေခွန်အဖြစ် ပေးဆောင် လိုပါသည်၊ ပေးဆောင်ခွင့်ပြုပါ သံအမတ်ကြီးရှင့်  .. ဆိုတာမျိုးလေး ရေးရပါတယ်။ ကျွန်မက ပေးချင်လွန်းလို့  ပေးတာပါ။ ဘယ်သူကမှ အတင်း တောင်ဆို၊ တိုက်တွန်း၊ ဖိအားပေးတာကြောင့် မဟုတ်ပါဘူး ဆိုတာမျိုးလေးပေါ့။ ဒီလောက်ပါပဲ။

ကျွန်မရေးတာတွေ ဖတ်ရလို့  ပျင်းနေပြီလား။ ဘာရယ်တော့ မဟုတ်ပါဘူး။ ကြုံတုန်းလေးမို့  ကျွန်မရဲ့ အတွေ့  အကြုံလေးကို ပြောရေးလေး ရေးပြတာပါ။

ဒါနဲ့  ဒီမှာ... ကျွန်မ တွေ့ မိတယ့် သတင်းဆိုဒ်လေးတွေ.. ကြုံရင် ကြည့်လိုက်ကြပါဦး။

Agreement Between Singapore Gov and Myanmar Gov ( From IRAS.GOV.SG )
Double Taxation - Soe Moe Aung
အခွန်အမြှောက်နှစ် - TZA

4 comments:

Anonymous said...

Yes. we should support that group. I also hate that 10%. And we dont even know where our $$$ fly to. Anyway Thankz for sharing.

sttw2201 said...

At the end of the day, we r slogging our guts out...and paying for them (their wifes and daughters) to go for shopping.. That's why we have to pay double tax in Singapore.

Ka Daung Nyin Thar said...

Let's fight the double taxation to an end!

Please join DTASG group and submit your tax receipts to singapore government as evidence!

To know more please email kadaung@gmail.com or ask Ko Thant Zin Aung

Ka Daung Nyin Thar

သက်စံ said...

I joined to yahoo group.
DT suck our blood.I agree Ka daung we have to fight for this.We are not fuckin goverment's slave.