Pages

June 04, 2007

All About Last Week - 03 June 2007

ပြီးခဲ့တဲ့ ရက်တွေက အလုပ်တွေရှုပ်၊ စိတ်တွေရှုပ်တဲ့ နေ့ တွေမှာ စိတ်နဲ့ လူနဲ့  သိပ်မကပ်၊ အလုပ်မရှိ၊ စိတ်အေးချမ်းသာ ပျော်ရွှင်နေတဲ့ နေ့ တွေကြတော့လည်း အချိန်အားဆိုတာ မရှိတာရယ်တွေကြောင့် ဒီနေရာကို ခနတဖြုတ် လာတာကလွဲရင် အချိန်ကြာကြာ မနေဖြစ်ခဲ့ဘူး။

ခုရက်ပိုင်း ဘာတွေ လုပ်ဖြစ်လဲ....

စင်္ကာပူမှာ အသစ်ဖွင့်တဲ့ လမ်းပြကြယ် စာကြည့်တိုက်ကနေပြီး ၀တ္ထုစာအုပ် ငှါးဖတ်ဖြစ်တယ်။ ခေတ်ပေါ် နာမည်ကြီး စာရေးဆရာမတစ်ယောက်ရဲ့ ၀တ္ထုတစ်အုပ်နဲ့  ဘာသာပြန် ၀တ္ထုစာအုပ်။ အဲ့ဒီစာကြည့်တိုက်မှာ မန်ဘာဝင်ပြီးမှစာအုပ်ငှါးလို့  ရပါတယ်။ ခုလက်ရှိ သတ်မှတ်ထားတာကတော့ ၆ လစာအတွက် မန်ဘာကြေးက S$10 လို့ သိရတယ်။ စနေ နဲ့  တနင်္ဂနွေ နှစ်ရက်ပဲ ဖွင့်သေးတယ်။ နောက်ပိုင်းတော့ တခြားရက်တွေမှာလည်း ဖွင့်နိုင်အောင် ကြိုးစားမယ်လို့  ပြောတဲ့အသံကို ကြားခဲ့ရသေးတယ်။

ငှါးလာပြီ ဖတ်မိတယ့် စာအုပ်အကြောင်း နည်းနည်းပြောဦးမယ်။ တကယ် ဖတ်မယ်ဆိုပြီး ယူလိုက်တာက ဘာသာပြန်စာအုပ်၊ ဒါပေမယ့် တခါငှါး ၂ အုပ်ငှါးလို့ ရတယ်ဆိုလို့  စာအုပ်ထပ်ရှာရမှာလည်း ပျင်းသွားတာနဲ့  မျက်စိရှေ့ တွေ့ တဲ့ စာအုပ် တစ်အုပ်ကို ဖတ်ကြည့်ဦးမယ် ဆိုပြီး ယူလာလိုက်မိတယ်။ အိမ်အပြန် ၁၅ မိနစ်ကျော်လောက်ပဲ ကြာတဲ့ လမ်းမှာဖတ်လိုက်တာ အဲ့ဒီစာအုပ် တစ်အုပ်လုံး ဖတ်လို့ ပြီးသွားတယ်။ ဇာတ်လမ်းဇာတ်ကွက်မရှိ တကယ်ရေးမယ်ဆို စာမျက်နှာ ၃မျက်နှာလောက်နဲ့  ပြီးမယ့် အကြောင်းအရာကို စာအုပ်တစ်အုပ် ဖြစ်အောင်ရေးထားတယ်။ စပြီး ဖတ်လိုက်ကတည်းက ဒီဇာတ်လမ်းက ဘာဖြစ်မယ်၊ ဘယ်လိုဆုံးမယ် ဆိုတာ အတော်ကြီးကို သိသာနေတယ်။ အရေးအသားကလည်း မကောင်း။ ဇာတ်လမ်းကလည်း ပညာပေးလိုလို၊ ဘာလိုလိုနဲ့  တကယ်တန်းတော့ ဖတ်မိတဲ့ သူတွေကို စိတ်ညစ်စေရုံကလွဲပြီး ဘာမှ မပေးတဲ့ စာအုပ်တစ်အုပ်။ ဟိုအရင်က ဒီစာရေးဆရာမ ရေးတဲ့ စာအုပ်တွေ ဖတ်ဖူးတာ ဒီလောက်ကြီး မဆိုးဝါးဘူး။ သူများကို ရှယ်ဒိုး ရေးခိုင်းတယ်ဆိုလည်း အဲ့လောက်ဆိုးဝါးတဲ့ စာအုပ်ကိုတော့ ကိုယ့်နာမည်ခံ မထုတ်သင့်ဖူးလို့  အကြံဥာဏ် ပေးလိုက်ချင်တယ်။ နောက်တော့လည်း မကောင်းမှန်းသိရဲ့နဲ့  သွားဖတ်ကြည့်တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက် တော့တယ်။ မှတ်သွားပါပြီ၊ နောင် ၂နှစ်၊ ၃ နှစ်လောက်တော့ ဒီလို စာအုပ်မျိုးတွေ ယောင်ပြီးတောင် ဖတ်ဖြစ်တော့မယ် မထင်ဘူး။

Technology နဲ့ ပတ်သတ်တာတော့ ဘာမှ ထူးထူးခြားခြား မဖတ်ဖြစ်ဘူး။ မြန်မာသတင်းဆိုဒ် တစ်ချို့ ကလွဲရင် တခြား အမြဲဖတ်နေကြ Technology နဲ့  News Sites တွေတောင် မဖတ်ဖြစ်ဘူး။ ရွေးကောက်ပွဲ (၁၇) နှစ်ပြည့်နေ့ဟောပြောပွဲ အပြီးမှာ ဘာတွေများ ဖြစ်အုန်းမလဲ၊ အဖမ်းအဆီးတွေမှား ရှိဦးမလား တွေးပြီး စိုးရမ်မိပေမယ့် မြန်မာပြည်သတင်းက ဒီရက်ပိုင်း ဘာမှ ထူးထူးခြားခြား မကြားရဘူး။ ထူးခြားတာဆိုလို့  ဧရာဝတီ မြန်မာ ဗားရှင်းကို ၀င်လို့ မရ ၊ Database error တက်လိုက်၊ တခြား error တွေတတ်လိုက် ခနခန ဖြစ်နေတာပဲ ရှိတယ်။ ခုတော့ ၀င်လို့ ရနေပြန်ပြီ။ ကျွန်မ သတိထားမိသလောက် အရင် ဧရာဝတီ Website က ASP ကို သုံးထားတာပါ။ ခုတက်နေတဲ့ error တွေ က Apache နဲ့  PHP error တွေ၊ နောက် ခုမြင်နေရတဲ့ Site က PHP ကို သုံးထားတာဆိုတော့ တခြားအကြောင်းကြောင်းကြောင့် Site down တာမဟုတ်ပဲ၊ Server အပြောင်းအလဲ လုပ်နေတာနဲ့  error တွေတတ်နေတာ ဖြစ်မယ် ထင်ပါတယ်။

ဒီရက်ပိုင်း တင်သမျှ၊ တွေ့ သမျှ ရုပ်ရှင်တွေကို ဒေါင်းလုတ်လုပ်ဖြစ်ပေမယ့် Night at the Museum တစ်ကားက လွဲရင် ကျန်တာတွေ မကြည့်ဖြစ်သေးဘူး။ ထက်ခါထပ်ခါ နားထောင်ဖြစ်နေတဲ့ သီချင်းကတော့ အရိုးရဲ့ ဝေါ်အိုက်နီ ။ အရိုးကိုယ်တိုင် ရေး၊ ကိုယ်တိုင်ဆိုထားတဲ့သီချင်း။ ဒီသီချင်းကို အရင်က နားထောင်ဖူးပေမယ့် စည်းအပြင်ကလူ ဘလော့မှာ တင်ထားပေးတာ တွေ့ ပြီး ပြန်နားထောင်ဖြစ်မှပဲ ကြိုက်သွားတော့တယ်။ ဒီနိုင်ငံမှာ တရုတ်လူမျိုး မဟုတ်တောင် တရုတ်စကားလုံးတွေကို ထမင်းစား၊ ရေသောက်လောက်တော့ ပြောတတ်ကြတယ်။ ကျွန်မကတော့ ဒီမှာနေတာ ၃ နှစ်ကျော်ပြီ၊ တချို့  စကားလုံးတွေ နားလည်တောင်မှ တစ်ခုခုဆို English လိုပဲ ပြန်ပြောလေ့ရှိခဲ့တယ်။ နောက်ဆုံး ဟိုဘက်က တစ်ယောက် နားမလည်တောင်မှ လက်ဟန်ခြေဟန်နဲ့ ပဲပြောတယ်။ တရုတ်လို ဘယ်သူသင်ပေးပေး၊ ဘာကြောင့်ရယ်ဖြစ်ဖြစ် တစ်လုံးမှ မပြောခဲ့ဖူးဘူး။ အဲ.. ဒီသီချင်းနားထောင်ပြီးတဲ့ အခါမှာတော့ တရုတ်စကားလုံးတွေ တစ်လုံးမှ ပြောလေ့မရှိတဲ့ ကျွန်မ၊ ဝေါ်အိုက်နီ နဲ့  ရှဲ့ ရှဲ့ နီ လုပ်နေမိတယ်။ :D
"One Two Three ရင်ခုန်လိုက်ပြီ
ရေရေလည်လည်ရှင်းရှင်းပြောမည် ဝေါ်အိုက်နီ
One Two Three ကိုယ်ချစ်သွားပြီ
ကွမ်ရင်မယ်တော်ကြီးမပါ ရှေ့လျောက်မည် ရှဲရှဲနီ
......
မိန်းမခိုင်းသမျှ လိုက်လုပ်ရတဲ့နွားနှစ်မှာ
သူလေးကြောင့် ကိုက်ကြရိုက်ကြရတာခွေးနှစ်မှာ
ဆိတ်နှစ်မြင်းနှစ်မျောက်နှစ်ပေါင်းစုံ ကူးတိုင်းမှာ
မိုးနတ်မင်းကြီး အမြဲတမ်းမအောင်ဆုတောင်းမှာ"

ဒီရက်ပိုင်း စိတ်မကောင်းဖြစ်နေတာတစ်ခုက June နဲ့  July မှာ Public Holiday တစ်ရက်မှ မရှိတော့တဲ့ ကိစ္စပါပဲ။ ပြီးခဲ့တဲ့ May လတုန်းက နှစ်ရက် Holiday ရခဲ့သေးတယ်။ နောက်ရောက်မယ့် Holiday က August 9 (National Day) ဆိုတော့ ဒီလနဲ့  နောက်လမှာတော့ တစ်ပတ် ၅ ရက် ပြည့်အောင် အလုပ်လုပ်ရ အုန်းတော့မယ်။

ခုရက်ပိုင်း ဘလော့တချို့ မှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပြီးဆိုတာ ဖတ်လိုက်ရတော့၊ ငယ်ငယ်က မိုးရေထဲ စိန်ပန်းပင် တွေအောက်မှာ ဖြတ်ပြီး ကျောင်းသွားခဲ့ရတာကို သတိလိုက်သေးတယ်။ မိုးရာသီ ရောက်ပြီပေါ့။ ငယ်ငယ်က စာစီစာကုံးတွေ ဘာတွေရေးရမယ် ဆိုရင်တော့ ဒီမိုးရာသီဟာ အကြိုက်ဆုံးရာသီ အဖြစ်ရေးလို့ အကောင်းဆုံးပါပဲ။ ကျောင်းဖွင့်စ ဘာဖြစ်တယ် ညာဖြစ်တယ်၊ စိုက်ပျိုးရေးနိုင်ငံတော်ကြီးမှာ လယ်သမားတွေ ဘာဘာညာညာ ဆိုပြီး ရေးကြတာ မှတ်မိပါသေးတယ်။ တချို့ တွေလည်း ဒီမိုးရာသီကို တကယ် ကြိုက်လို့  ရေးတာလည်း ဖြစ်မှာပါ။ ကျွန်မအနေနဲ့ ကတော့ မစဉ်းစားပဲ စိတ်ထဲရှိတဲ့အတိုင်း ပြောရမယ်ဆို မိုးတွင်းကို မကြိုက်ဘူး။ စိုစွတ်စွတ်နဲ့  သွားလာလှုပ်ရှားလို့ မကောင်းပဲ အိမ်ထဲမှာ မိုးအေးအေးနဲ့  အမြဲ အိပ်နေဖို့ သာ ကောင်းတဲ့ ရာသီဥတုကြီး။ ဘာမှ လုပ်စရာမရှိ၊ သွားစရာမရှိဘူး အိမ်မှာပဲ နေလို့ ရတဲ့ အချိန်တွေမှာပဲ မိုးရွာတာကို ကြိုက်တယ်။ မိုးရွာတာကို မကြိုက်တဲ့ သူက မိုးအမြဲရွာတဲ့ အီကွေတာရာသီဥတုရှိတဲ့ နေရာမှ နေနေရတာက တော့ အတော့ကိုဆိုးပါတယ်။
ဂျွန်လ လောက်ပြီဆိုတော့ နှစ်တ၀က်ကျိုးပြီပေါ့။ အချိန်တွေက အကုန်မြန်လိုက်တာ။ ဒါနဲ့  ဒီနိုင်ငံမှာ Mid Year Sales ဆိုပြီး ဟိုနေရာ ဈေးချ၊ ဒီနေရာ ဈေးချ ရောင်းတာတွေ လုပ်နေပြီလို့ ကြားရတယ်။ Orchard လိုနေရာမျိုးတွေမှာဆို သောကြာညတိုင်း Mid Night Sales ရှိတယ်တဲ့။ Xmas နဲ့  New Year ဆိုလည်း Sales ဆိုပြီး လုပ်လိုက်၊ Chinese New Year မို့  Sales ချတယ်ဆိုပြီး လုပ်လိုက်၊ Summer ရောက်လို့ ဈေးချလိုက်နဲ့  သူတို့ တွေ ဘယ်လောက် ဈေးချပါစေ၊ တကယ်လိုမှသာ ဈေးဝယ်မယ်တွေးထားတဲ့ ကျွန်မ၊ Shopping မထွက်ဖြစ်တာ အတော်ကြာလှပေါ့။

2 comments:

Min Thu said...

there is something wrong with song's MP3 quality or bit rate settings. It plays very fast in flash player.

Nay Nay Naing said...

ဟုတ်တယ် .. Quality ကောင်းတာ လိုက်ရှာနေတာ .. ခုချိန်ထိတော့ မတွေ့ မိသေးဘူး