Pages

August 03, 2009

Starving...

I couldn't resist a smile after reading this.


July 29, 2009

အချစ်မဟုတ်တော့ဘူး

အလုပ်ဆိုသည်မှာ.. ဘယ်လိုပင်ပန်းနွမ်းနယ် ဘယ်လောက်တောင်ချွေးထွက်ပစေ
ရွေ့လျားမှုတကယ် မရှိရင်..အချည်းနှီးသာလျှင်ဖြစ်မယ်..အလုပ်လို့ မမည်ပါ..
အတူတူပါဘဲ…

အကြင်နာတွေအသဲနဲ့ရင်း.. ဦးနှောက်ကအသိနဲ့ယှဉ်..
တစ်ဦးမေတ္တာ တစ်ဦးက အလေးထားကာ တကယ် နားလည် ရှိကြပစေ..
တူစုံညီ လက်တွဲခွင့် နီးစပ်အောင်.. မစွမ်းခဲ့ရင်
အချစ်မဟုတ်တော့ဘူး..


ရှင်းရှင်းပဲ ပြောမယ် အချစ် မဟုတ်တော့ဘူး..
ထွက်တဲ့ အဖြေ သုညဘဲ.. အချစ်မဟုတ်တော့ဘူး..

အချစ်မဟုတ်တော့ဘူး - စိုင်းထီးဆိုင်

July 26, 2009

Week End Movies

ခုရက်ပိုင်းကြည့်ဖြစ်တဲ့ Korea ဇာတ်လမ်းတွဲ။ အားလုံး ၂၈ ပိုင်းရှိတယ်။ ကိုရီးယားမှာ တစ်ပတ် (စနေ၊ တနင်္ဂနွေ) ၂ ပိုင်းနဲ့  ဧပြီ ၂၅ ရက်နေ့ က စပြနေတာ၊ ကိုရီးယားမှာ စနေနေ့ ပြတဲ့အပိုင်းက စင်္ကာပူ စနေနေ့ ညနက်ပိုင်းဆို အင်တာနက်ပေါ်မှာ အင်္ဂလိပ် စာတမ်းထိုးနဲ့ ကြည့်လို့ ရနေပြီ။ တင်ပေးတဲ့သူတွေက အရမ်းမြန်တယ်။ ကျွန်မ ကြည့်ဖြစ်နေတာ ၄-၅ ပတ်လောက် ရှိပြီ။ ဟိုတလော နေမကောင်းစ ဖြစ်တဲ့အပတ်က ကြည့်ဖြစ်တာ။ တစ်ပိုင်းကို အပိုင်းငယ် ၇ ပိုင်း ခွဲခွဲပြီး တင်ပေးထားတာဆိုတော့ တစ်ပတ်တစ်ပတ် ပျင်းလာတဲ့ အချိန်ဆို အပိုင်းသေးလေး တစ်ပိုင်းနှစ်ပိုင်း ၀င်ဝင် ကြည့်ဖြစ်နေခဲ့တယ်။ ကိုယ်ကြည့်တာ ကြာနေပြီဖြစ်ပေမယ့်၊ ခုမှ သတင်းပေးတာက ဒီနေ့  အဲဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံးပိုင်း ပြတာဖြစ်လို့ ပါ။ ဒီမှာ ရေးထားတာ ဖတ်ပြီး သွားကြည့်ဖြစ်တယ်ဆို ကြည့်ဖြစ်သူတွေ ဆန့် တငင်ငင် မဖြစ်ပဲ တစ်ထိုင်ထဲအပြီး ကြည့်လို့ ရအောင်ဆိုတဲ့ အတွေးနဲ့  ဒီနေ့ မှ ဒီနေရာမှာ ရေးဖြစ်တယ်။

ဇာတ်လမ်းက အရမ်းကောင်းသလားဆို မဆိုးပါဘူးလို ပဲပြောရမယ်။ အဲဒီထဲက မိထွေးနေရာ ဗီလိန်ခန်း သရုပ်ဆောင်တဲ့ မင်းသမီးကြီး သရုပ်ဆောင် ကောင်းတယ်။ ဇာတ်လမ်းကို မပြောပြတတ်ဘူး။ အချိန်ရတယ် ကိုရီးယားဇတ်လမ်းတွဲ စိတ်ဝင်စားတယ်ဆို သွားကြည့်။ ကျွန်မ ပထမ စကြည့်တာ MySoJu မှာ၊ နောက်တော့ ViiKii ကိုပဲ တိုက်ရိုက်သွားကြည့်ဖြစ်တယ်။ အဲဒီက တင်တာ ပိုစောတယ်။ ViiKii မှာကြည့်ရတာ အတော်လေးအဆင်ပြေတယ်။ ကွန်နက်ရှင် နှေးနေတဲ့ အချိန်တောင်ကြည့်လို့ ရတယ်။ ခုနောက်ပိုင်း ကိုရီးယားဇာတ်လမ်းတွေ ကြည့်ဖြစ်ရင် အောက်က ဇာတ်လမ်းထဲက စကားတွေကို ဘာသာပြန်တဲ့ အင်္ဂလိပ် စာတမ်းထိုး အပြင်၊ အပေါ်မှာ စာတမ်းထိုးတဲ့ စာတွေပါ လိုက်ဖတ်ဖြစ်တယ်။ သူများတွေအတွက်တော့ မသိဘူး ကျွန်မအတွက်တော့ အဲဒါတွေ ဖတ်ရတာ မရီမိတောင်မှ အနည်းဆုံးတော့ ပြုံးမိတယ်။ ဒီတော့ မျက်နှာအကြော လျှော့ပြီးသားဖြစ်တယ်။

ViiKii မှာ ကြည့်လို့ ရတဲ့ နေရာ က ဒီမှာ။ အခုထိတော့ နောက်ဆုံး အပိုင်း ၂၈ တင်ထားတာ မတွေ့ သေးဘူး။ ဒါပေမယ့် ဒီည ညနက်ပိုင်းမှာတော့ အဲဒီနောက်ဆုံးပိုင်း တင်ပေးမယ်ထင်ပါတယ်။




July 24, 2009

How to get the Girl


Source : thedoghousediaries.com

Facebook မှာ တော်မီ share လုပ်တာ တွေ့ လို့  ကူးလာလိုက်တာ။ မှန်သလား မှားသလားတော့ မပြောတတ်။ ပြောနိုင်တာ တစ်ခုပဲရှိတယ် Ignore တဲ့နေရာမှာ ပညာသား ပါပါနဲ့  လုပ်တတ်ဖို့ တော့ လိုမယ် ထင်တယ်။ :">


အဲဒီ ပုံက www.thedoghousediaries.com က ပါ။ အဲဒီပုံကတစ်ဆင့် ဆိုဒ်ကို ရောက်သွားလို့  တင်ထားတာတွေ((funniest comic)) တွေ လိုက်ဖတ်ရင် အတော်လေး သဘောကျသွားတယ်။ တနင်္လာ၊ ကြာသာပတေးနဲ့  သောကြာနေ့ တွေမှာ အသစ်တွေ တင်လေ့ရှိတယ်။

Credit to ToMMyGirl

July 20, 2009

စာဖတ်သူတစ်ဦး၏ မှတ်စု

ဖတ်မိလို့  မှတ်မိတဲ့ စာသား။


ငါ မရှိရင် မဖြစ်ဘူးလို့ ထင်ထားတဲ့သူတွေလည်း အချိန်တန်တော့ အရာရာကို ထားခဲ့ရတာပဲ။
သူ မရှိရင် မဖြစ်ဘူးလို့ ထင်ထားတဲ့သူတွေလည်း အချိန်တန်တော့ ရဲရင့်လိုက်ရတာပါပဲ။

နေးတစ်ကလူတွေကတော့ ဒီစာတွေကို သိနေကြမှာပါ။ နေးတစ်ဖိုရမ် မန်ဘာ မnwaihninn ရဲ့ Signature မှာ ရေးထားတဲ့ စာသားတွေပါ။သူမ ကိုယ်တိုင် ရေးသားထားတဲ့ စာသားတွေလို့ ထင်ပါတယ်။

July 19, 2009

Spirit will never die!

Swords in the wind (Manowar)

I surrender my soul
Odin hear my call
One day I'll sit beside your throne
In Valhalla's great hall
Like so many before me
I'll die with honor and pride

The right of a warrior
Forever to fight by your side
Send a sign, raise the sail
Wave a last goodbye
Destiny is calling
Immortality be mine

Call the witch to cast the runes
Weave a magic spell
We who die in battle are born
Not for heaven, not for hell

We are sons of Odin
The fire we burn inside
Is the legacy of warrior kings
Who reign above in the sky

I will lead the charge
My sword into the wind
Sons of Odin fight
To die and live again
Viking ships cross the sea
In cold wind and rain
Sail into the black of night
Magic stars our guiding light

Today the blood of battle
Upon my weapons will never dry
Many I'll send into the ground
Laughing as they die

Place my body on a ship
And burn it on the sea
Let my spirit rise
Valkiries carry me
Take me to Valhalla
Where my brothers wait for me
Fires burn into the sky
My spirit will never die

July 15, 2009

Weather Forcast

ဒီလို ရာသီဥတုနဲ့  ကိုယ့်ရဲ့ ကျန်းမာရေးကို အရင်ကထက်ပိုပြီး ဂရုစိုက်ဖို့ လိုတယ်။


ဟိုနေ့ တွေက သက်သာ မလိုလိုဖြစ်နေတဲ့ ချောင်း ပြန်စဆိုးလာပြီ။ ချောင်းဆိုးရတာ မောတယ်။ ပင်ပန်းတယ်။ အရင်နေ့ တွေက ချောင်းဆိုးတာ များလွန်းတော့ နံရိုးတွေထဲက အောင့်ပြီး ကွန်ပြူတာရှေ့ တောင် မထိုင်နိုင်ဘူး။ မထိုင်ချင်ဘူး။ အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့  အိပ်ယာထဲ လှဲနေတာ များတယ်။ အဲယားကွန်း လုံးဝ မသုံးပဲနေတာတောင် ၂ ပတ်လောက်ရှိပြီ။ ပေလို့  တေလို့  မဖြစ်တော့တဲ့ အခြေအနေမို့  အသွားအလာ အနေအထိုင် အစားအသောက် ဂရုစိုက်ပြီး နေကောင်းအောင် ကြိုးစားနေကာမှ ဒီ မိုးနဲ့  တကယ်ပါပဲ။

မိုးရွာတာကို ကြိုက်ပါတယ်။ တော်ယုံ သဘာဝ အအေးကိုလည်း မကြောက်ဘူး။ ရေခဲမှတ်အောက် အေးတယ်ဆိုတဲ့ အခြေအနေတွေမှာ နေဖူးပါတယ်။ ဘာမှထူးထူးခြားခြား မဖြစ်ခဲ့ဘူး။ ဒါပေမယ့် မိုးအေးစိမ့်စိမ့် အချိန် အဲယားကွန်းဖွင့်ထားတဲ့ အခန်းထဲမှာ နေရတာကိုတော့ လုံးဝ လုံးဝ မခံနိုင်ဘူး။

July 09, 2009

Love, Me..

Love, Me
♥ ♥ ♥ ♥ ♥
"If you get there before I do
Don't give up on me
I'll meet you when my chores are through
I don't know how long I'll be

But I'm not gonna let you down
Darling wait and see
And between now and then
Til I see you again

I'll be loving you
Love, Me."

♥

July 08, 2009

Google Chrome OS

Google ကနေ OS တစ်ခုကို ထုတ်တော့မယ် ဆိုတဲ့ အကြောင်း ဒီနေ့  သတင်းတွေ တက်လာတာ ဖတ်လိုက်ရတယ်။ အဲဒီ Google ကထုတ်မယ့် Linux Kernel ကို အခြေခံထားတဲ့ Chrome OS က Free အနေနဲ့  ထုတ်ပေးမှာဖြစ်ပြီး Open Source လည်းဖြစ်တယ်။ ဒီနှစ် ၂၀၀၉ နှစ်ကုန်ပိုင်း နောက်ဆုံးထားပြီး ဒေါင်းလုတ်လုပ်ယူ နိုင်မယ်လို့  သိရပါတယ်။ Chrome OS ကို အသုံးပြုထားတဲ့ Netbooks တွေကိုတော့ နောက်လာမယ့်နှစ် ဒုတိယ ၆ လပိုင်းလောက်မှ စတင်ထုတ်လုပ် ရောင်းချမယ်လို့  သိရတယ်။ အသေးစိတ် သတင်းအချက်အလက်တွေ သိချင်ရင်တော့ အောက်က လင့်မှာသာ ဖတ်ကြည့်ကြပါ။


ခုတလော အရမ်း ပင်ပန်းနေတယ်။ လူကလည်း နေလို့ မကောင်း၊ အလုပ်ကလည်း များတယ်။ အခုလည်း ဆက်မရေး နိုင်တော့ဘူး။ ရေးမယ် နေ့ လည်ထဲက စိတ်ကူးနေခဲ့လို့ သာ ဖြစ်အောင် ရေးလိုက်တာ။ ဒီရက်ပိုင်းအတွင်း ရေးမယ် စိတ်ကူးခဲ့တာတွေ အများကြီး အများကြီးပဲ။ ဘာမှ မရေးဖြစ်ဘူး။ အခု အနားယူမှ ဖြစ်တော့မယ်။ ရေးထားတာတွေထဲမှာ မှားတာတွေ့ ရင် ပြင်ပေး၊ လိုတာတွေ့ ရင် ဖြည့်ဖတ် ကြပါ။ ကျေးဇူးပါ။ ကောင်းသောည ဖြစ်ပါစေ။

Key To Success

အောင်မြင်မှု့တွေရတဲ့အခါ ကျွန်မကို မမေ့ပါနဲ့ ။ :-D


Credit to Ma Suzu..

July 01, 2009

Half Year Resolution

၂၀၀၉ ခုနှစ် ဂျူလိုင်လ ၁ ရက်နေ့ .
၂၀၀၉ ခုနှစ် အတွင်းမှာ ဖြစ်ချင်တာတွေ ဖြစ်လာအောင် ကြိုးစားဖို့  ၆ လတိတိ ရှိတယ်။
ပျော်ရွှင်အောင်မြင်ပါစေ။

June 29, 2009

အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။

မိုဃ်းဇော် ရဲ့ ကဗျာ။ သေတမ်းစာ ကဗျာစာအုပ်မှာ ပါတယ်။ အဲဒီ ကဗျာစာအုပ်လေး ကိုင်မိတိုင်း အနည်းဆုံး တစ်ကြိမ်တော့ ပြန်ဖတ်မိတဲ့ ကဗျာ။ "သားချော့တေး" ။ နောက်လည်း ဖတ်ဖြစ်နေအုံးမှာပါ။ "အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။" ဆိုတဲ့ စာကြောင်း ကို နှစ်သက်မိတယ်။ ကဗျာတစ်ပုဒ်လုံးကိုလည်း သဘောကျပါတယ်။
သားချော့တေး

သားရေ
ငိုသံတွေကို လမ်းခင်းပြီးမှ
မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်
အဲဒီလမ်းကို မလျှောက်လေနဲ့။

မိုးလောက်ကြီးပဲ မြင့်ပါစေ
လူတွေရဲ့ ပခုံးကို တက်နင်းပြီးမှ
မင်းဘ၀ အထက်တန်းကျမယ်ဆိုရင်
အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။

မင်းရဲ့ ယုံကြည်ချက်ကြောင့်
ဘ၀တွေပျက်
အိုးအိမ်တွေပျက်
မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း
ကြေကွဲပျက်စီးရမယ်ဆိုရင်
အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည်မဖော်လေနဲ့။

မသိနားမလည်သူ
လူတွေကို လှည့်စားပြီးမှ
ဇိမ်ခံခွင့်ရမယ်ဆိုရင်
အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။

ဒီလောကကြီးမှာ
သစ်သီးကလေးတစ်လုံး သီးဖို့ 
အချိန်တွေ အများကြီးယူရတယ်
ပန်းကလေးတစ်ပွင့် ပွင့်ဖို့
အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်
မြေနီလမ်း နံဘေးက
တောပန်းကလေးတွေကအစ ကြင်နာပါ
ဒုက္ခရောက်သူကို ဖေးကူပါ
လူ့ သိက္ခာကို စောင့်ရှောက်ပါ
အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။

ရိုးသားဖြူစင်သူတွေကို
တစ်ဖက်သတ် အနိုင်ယူပြီးမှ
မင်းရဲ့ သရဖူကို ရမယ်ဆိုရင်
အဲဒီသရဖူကိုလည်း မင်းလုံးဝမယူလေနဲ့။ ။

ဒီကဗျာကို ပထမဆုံးဖတ်ဖြစ်တာ ကဗျာစာအုပ်ထဲက မဟုတ်ပါဘူး။ နိုင်းနိုင်းစနေ ဘလော့မှာ ဖတ်ဖြစ်ခဲ့တာပါ။ ကဗျာကို ဖတ်ပြီး သဘောကျလို့  ကဗျာစာအုပ်လေးကို ၀ယ်ဖြစ်သွားခဲ့တယ်။ နောက်ပိုင်း မိုဃ်းဇော် ရေးတဲ့ ကဗျာတွေ တွေ့ တိုင်း ဂရုတစိုက် ဖတ်ဖြစ်တယ်။

ဘာလဲ ဘာလဲ..

အလုပ်ရှုပ်နေပါတယ်ဆိုမှာ ကွန်ပြူတာလေး ခနကြည့်ပါရစေဆိုပြီး လာပြောတယ်။ ပြီးတော့ ပြောသေးတယ် Download တစ်ခုခုများ လုပ်ထားလားတဲ့။ မလုပ်ဘူးပြောလိုက်တော့၊ ကြည့်ပါရစေဆိုပြီး သုံးနေတဲ့ Application တွေ တစ်ခုခြင်း လိုက်ကြည့်တယ်။ Lotus Notes, Eclipse, File တွေ Compare လုပ်တဲ့ Software တစ်ခုနဲ့  Firefox Browser ပဲ ဖွင့်ထားတာ ရှိတယ်။ Firefox မှာကလည်း Tab တွေအများကြီး မရှိဘူး၊ Google Home Page ပဲရှိတယ်။ ဘာမှမတွေ့ တာ မကျေနပ်ဘူးထင်တယ် Task Manager ဖွင့်ပြီး Applications နဲ့  Processes တွေကြည့်တယ်။ Memory Usage အများဆုံးယူနေတာက javaw.exe။ အဲဒါ ဘာလဲတဲ့။ အဲဒါ Java လေ လို့ ပဲ ပြန်ပြောလိုက်တယ်။ အလုပ်ရှုပ်နေပါတယ်ဆိုမှ။ ခန စောင့်ပါ ဆိုပြီး ဖုန်းထုတ် ဆက်တယ်။ ဘာမှ မတွေ့ ဘူး၊ အလုပ်နဲ့ ဆိုင်တဲ့ Application တွေပဲ ဖွင့်ထားပြီး အလုပ်လုပ် နေတယ် ဆိုပြီး ဟိုဘက်ကို ရှင်းပြနေတယ်။ စိတ်ထဲ ကသိကအောင့်နဲ့  ဘေးက ထိုင်ကြည့်နေလိုက်တယ်။ အရေးထဲ ဖုန်းကလဲ လာလိုက်သေးတယ်။ Helpdesk က ဆက်တာ။ သူတို့ ပို့ ထားတဲ့ အီးမေး တစ်စောင်ရလားတဲ့။ နံပါတ်ပြောဆို သူပြောတဲ့ နံပါတ်က BA တွေကို Forword လုပ်ထားဖို့ လိုတာကြောင့် Reply တစ်ခုလိုနေတယ် ရတာနဲ့ ချက်ချင်း အကြောင်းပြန်မယ် ပြောလိုက်တယ်။ ဟိုကိုယ်တော်က တစ်မျိုး။ စက်ထဲမှာ ဘာတွေသွင်းထားလဲ ကြည့်ပါရစေတဲ့။ ဘာပြဿနာရှိလို့ လဲ မေးလိုက်တော့ ဒီကွန်ပြူတာကို စစ်ကြည့်ချင်လို့ ပါပဲ ပြောတယ်။ AntiVirus Defination ကိုကြည့်တယ်။ Up-to-date ဖြစ်နေတယ်ဆိုတော့ Virus မဟုတ်နိုင်ဘူးတဲ့။ သွင်းထားတဲ့ Application တွေကြည့်တယ်။ Google Desktop ရှိနေတယ်။ အဲဒါ ဘာလဲတဲ့။ Google Desktop လေလို့ ပြန်ဖြေလိုက်တယ်။ ဖြေရမှာ စိတ်ကုန်နေပြီ။ ဘယ်တုန်းက သွင်းတာလဲတဲ့။ ခုနက သွင်းလိုက်တာလားတဲ့။ သွင်းထားတာကြာလှပြီ ၅-၆ လ မကတော့ဘူး ပြောလိုက်တော့ အဲဒါမသုံးပါနဲ့ တဲ့။ remove လုပ်မယ်တဲ့။ ရတယ် လုပ်ချင်လုပ်လို့ ပဲ ပြောလိုက်တော့တယ်။ Google Desktop remove လုပ်တယ်။ ပြီးတော့ Gtalk ပါ ထုတ်ပစ်တယ်။ ပြောမနေတော့ဘူး။ remove လုပ်နေရင်း မေးသေးတယ်။ ဒီကွန်ပြူတာ ဘယ်သူသုံးလဲတဲ့။ ငါ့ကွန်ပြူတာ ငါသုံးတာပေါ့ဆိုတော့ ဆက်မမေးတော့ဘူး။ ကျွန်မ စိတ်မရှည်တော့ မှန်းလည်း သိတယ် ထင်ပါတယ်။ မသိနိုင်စရာလဲ မရှိဘူးလေ ဒီမျက်နှာက ဟန်ဆောင်လို့ မှမရတာ။ သူ့ ဘာသာ စက်ထဲမှာ ရှိသမျှ သေချာတစ်ခုခြင်း လိုက်ကြည့်နေရင်း Zawgyi ကိုတွေ့ တော့ ဘာလဲတဲ့။ Unicode Font လို့ ပဲ ပြောလိုက်တယ်။ အဲဒါတော့ ဖျက်မသွားဘူး။ ဖျက်လည်း သိပ်ဂရုမစိုက်ပါဘူး။ လုပ်လက်စအလုပ်တွေကို Save လုပ်ပေးပါ၊ စမ်းကြည့်ချင်လို့ ပါဆိုလို့  အကုန် Save လုပ်ပြီး ထွက်ပေးလိုက်တယ်။ အင်တာနက်ကြိုးဖြုတ်တယ်၊ ပြီးတော့ ပြန်တတ်တယ်။ ပြီးတော့ ရပြီတဲ့။ အားလုံးပြီးမှ ဒီကွန်ပြူတာကနေ အင်တာနက်ကို အရမ်းဆွဲနေတဲ့အတွက် ကုမ္ပဏီ တစ်ခုလုံးရဲ့ အင်တာနက်ကို နှေးသွားစေလို့  အဲ့လိုတွေ စစ်ရတာပါလို့  ဖြေရှင်းချက်ပေးသွားတယ်။ မှားပါတယ်။ အရင်နေ့ တွေကတောင် အလုပ်က proxy ကျော်ပြီး ပိတ်ထားတဲ့ Site တွေ သုံးသေးတယ်။ အလုပ်ရှုပ်နေတာလို့  ဘာဆို ဘာမှ မ၀င်ပဲ အလုပ်ပဲ လုပ်နေတယ်ဆိုတဲ့ နေ့ မှ လာစစ်တော့တယ်။

သဘက်ခါ Production Deployment ရှိတယ်။ အဲဒီ version အတွက် UAT sign off လုပ်ပြီးသားကို MOH က Request တစ်ခုကြောင့် Urgent Text Change လုပ်ရမယ် ပြောတယ်။ ပြောင်းရတာ သိပ်မကြာလောက်ပါဘူး။ ဒါပေမယ့် အခုအထိ Requirement ထွက်မလာသေးဘူး။ လုပ်လက်စ အလုပ်ကိုလည်း လုပ်ရင်း အဲဒီ ဟာစောင့်နေရတယ်။ စိတ်က မဖြောင့်ဘူး။ ၅ နာရီထိုးပြီ ခုထိ မရသေးဘူး။ ဒီနေ့ မရဘူး မနက်ဖြန်မှ ရတယ်ဆို SIT နဲ့  UAT တစ်ရက်ထဲ အပြီး လုပ်ရမယ်။ လကုန်ဖို့ လဲ မနက်ဖြန် တစ်ရက်ပဲ လိုတော့တယ်။

စိတ်ညစ်တာတွေချရေးပြီး စိတ်ပေါ့သွားသလိုပဲ။ တကယ်မဟုတ်တော့ စိတ်ကထင်တာပေါ့လေ။ ၁ နာရီကျန်တယ်။ ဒီနေ့  ပြီးရမှာတွေ ဆက်လုပ်ရမယ်။ မပြီးရင် မပြန်ပဲ ပြီးတဲ့အထိ ဆက်လုပ်။ ဒါပဲရှိတယ်။

( ၆ နာရီကျော်လို့  ပိုစ့်တင်သည်။ အလုပ် ဆက်လုပ်ရအုံးမယ်။)

29 June 2009

တနင်္လာနေ့  ..
အလုပ်ရောက်တယ်..
အီးမေးတွေပြန်တယ်.. ဖုန်းတွေပြောတယ်..
ဖြစ်နေတာတွေပြော.. ရှင်းလင်းချက်တွေပေးရတယ်..
နောက်ဆုံး ခေါင်းတွေရှုပ်သွားတယ်.

စိတ်တွေ မရှင်းဘူး.. ဦနှောက်ပူတယ်..
သတင်းတွေဖတ်တယ်.. စိတ်မ၀င်စားဘူး..
ဗိုက်လည်းစားတယ်.. စားလို့ မရဘူး..
အလုပ်မလုပ်ချင်ဘူး..

သီချင်းတွေနားထောင်တယ်.. ခံစားချက်မရဘူး..
ပုစ္ဆာတွေရှာတွက်တယ်.. စိတ်မရှည်ဘူး..
တစ်ခုခုရေးချင်တယ်.. စဉ်းစားမရဘူး..
ပျင်းလိုက်တာ..

June 26, 2009

ကြာဇံကြော်+၀က်သားတုတ်ထိုး

အစားအသောက် ပျက်နေတယ်။

တည့်တာ မတည့်တာအသာထား စားချင်နေတဲ့ အစားအသောက်ပုံတွေ တင်လိုက်ပါသည်။







ဓာတ်ပုံတွေ ကြည့်ပြီး ကိုယ်တိုင်လုပ်စားတာလို့ မထင်ပါနဲ့ ။ ဒီလို မချက်တ်ဘူး။ ဒါတွေအားလုံး သူများ ကျွေးတာ သွားစားတုန်းက ရိုက်ထားတဲ့ ပုံတွေပါ။ :"> ၀က်သားတုတ်ထိုး နဲ့  ၀က်သားကင်က ကယ်ဗင် လက်ရာ၊ ကြာဇံကြော်က မမိနွယ် လက်ရာ၊ အဲဒီနေ့ က မထက် လက်ရာ တုံယမ်းဟင်းရည်နဲ့  မှိုနဲ့  ကန်စွန်းရွက်ကြော်တောင် ပါသေးတယ်။

My Posts....

အလုပ်တွေရှုပ်နေတယ် ဒါပေမယ့် ကွန်ပြူတာရှေ့ မှာ ရှိနေတယ်ဆို ကျွန်မ ဒီနေရာမှာ ဟိုရေးဒီရေး ပိုလုပ်ဖြစ်ပါတယ်။

တစ်ခုခု ချရေးတယ်ဆိုတာ ကျွန်မ အတွက် စိတ်တည်ငြိမ်အောင် လုပ်တဲ့ အရာတစ်ခုလို ဖြစ်နေတယ်။ ပေါ့ပေါ့ပါးပါး ရေးချင်တာတွေ ချရေးလိုက်တယ်ဆို ဘာဆိုဘာမှ မတွေးမိတော့ပဲ ခေါင်းရှုပ် စိတ်ညစ်နေတာတွေ အကုန်ပျောက်သွားတယ်။ အာရုံတစ်ခုတည်း စူးစိုက်ရသလို ဖြစ်နေတာမျိုးကို။ ဒါဆို ကျန်တာတွေ ကျွန်မ ဆက်လုပ်လို့ ရပြီ။ နောက်ပြီး အလုပ်တွေရှုပ်နေတဲ့ အကြားမှာ notepad လေးဖွင့်ပြီး ခဏတဖြုတ် အားတဲ့အချိန်လေးတွေမှာ ရေးချင်တာတွေ ချရေးတာ တစ်မျိုး စိတ်ပေါ့ပါးစေတယ်။ အလုပ်မှာ အရမ်း စိတ်ပင်ပန်းရတာတွေ လုပ်နေတယ် မခံစားရတော့ဘူး။ နောက်ပြီး ကိုယ်ရေးပြီးတင်ထားတာလေး တစ်ယောက်ယောက်က သဘောကျတယ် လာပြောတာနဲ့ ကြုံလိုက်ရင် သဘောကျလို့  ပြုံးမိသွားတဲ့အခါမျိုးဆို ပိုပြီး စိတ်လက် ပေါ့ပါးသွားပါတယ်။ ထုတ်ဖော်မပြောတဲ့ အခါတွေရှိပေမယ့် အားလုံးကို စိတ်ထဲကနေ အမြဲတမ်း ကျေးဇူးအထူး တင်ပါတယ်။ စိတ်ရှုပ်၊ အလုပ်ရှုပ်နေချိန်တွေ ရေးတာမျိုးဆို အရမ်းတွေးရတာမျိုးတွေကိုတော့ သိပ်မရေးနိုင်ဘူး။

ဒီနေရာမှာ ကျွန်မကိုယ် ကျွန်မ ဘောင်တစ်ခုနဲ့  ချုပ်မထားပါဘူး။ အချုပ်လည်း မခံပါဘူး။ ကိုယ့်ဘာသာ သက်သောင့်သက်သာ ဖြစ်အောင် နေပါတယ်။ ဒီအတွက် ဒီနေရာမှာ ရေးနေတာတွေတိုင်းမှာ တခြားသူတွေ ဘာတွေ အကျိုးကျေးဇူးရပါစေ ဆိုတာမျိုး အမြဲမရှိပါဘူး။ အမြဲတမ်း သူတပါးတွေအတွက် မဟုတ်ပေမယ် တခါတလေတော့လည်း ကိုယ်သိတာလေး သူများတွေ သိပါစေဆို စေတနာလေးထားမိ၊ တွေးမိတာကလည်း ကျွန်မ အတွက် တွန်းအားတစ်ခု ဖြစ်သွားတယ်။ အချက်အလက်တွေ တိကျစေချင်လို့  ရေးတာလေးတွေကို အာရုံစိုက်လိုက်တော့ အခြားကိစ္စတွေ မေ့သွားတာပေါ့။ နှစ်ဦးနှစ်ဘက် အကျိုးရှိတယ်လို့  သဘောထားပါတယ်။ တခါတလေကျတော့ အရှုပ်လွန်ပြီး ဘာဆိုဘာမှ ရေးလို့ တွေးလို့ မရတာ ဖြစ်တတ်ပါတယ်။ ဒီလိုတွေနဲ့ ပဲ ကျွန်မ ရေးချင်တာတွေရေးပြီး ဒီနေရာမှာ တင်နေတာ အတော်လေး ကြာခဲ့ပြီ။

ဟုတ်ကဲ့... ကျွန်မ အလုပ်ရှုပ် စိတ်ရှုပ် (အတိုင်းအတာတစ်ခု အထိအတွင်း) ဆို ဟိုရေးဒီရေး ပိုလုပ် ပါတယ်ဆိုတာ အမှန်ပါပဲ။

(ကြည့်ပါ...ကိုယ့်ဘာသာပြောပြီး ကိုယ့်ဘာသာထောက်ခံလိုက်တာ ဘယ်လောက်တောင် စိတ်ချမ်းသာဖို့  ကောင်းသလဲ။ )

June 25, 2009

Busy Busy Busy!!

မနေ့ က ခွင့်ယူတယ်။ တစ်နေကုန် အိမ်မှာနေပြီး အိပ်နေ နားနေခဲ့တယ်။ ဒီနေ့ ကစပြီး လကုန်၊ လကုန်တောင် မဟုတ်ဘူး နောက်၃ လလောက် အလုပ်တွေ ရှုပ်တော့မယ်။

အလုပ်ရောက်ရောက်ခြင်း အီးမေးစစ်လိုက်တာ လုပ်စရာတွေအများကြီးပဲ။ Major Changes နှစ်ခု လုပ်ဖို့ ပေးထားတာ ၁ ခုပဲပြီး သေးတယ်။ ပြီးတယ်ဆိုတဲ့ တစ်ခုကလည်း အလုပ်သာလုပ်တာ တခြား အသေးအဖွဲ ပြောင်းစရာတွေရှိသေးတယ်။ အခု အဲဒီနှစ်ခု ဘယ်တော့ release လုပ်ပေးမှာလဲဆို တောင်းနေပြီ။ တစ်ခုခုကိုတော့ ဒီ အပတ်အတွင်း release လုပ်ပေးလိုက်မှဖြစ်မှာ။ တခြားလုပ်စရာတွေ ကရှိသေးတယ်။ လကုန်ခါနီးပြီ ဆိုတော့ လကုန် report ထွက်တဲ့အခါ outstanding ဆိုပြီး ကျန်မနေအောင် Workorder တွေကို ရှင်းရမယ် အလုပ်ကလည်း အရေးကြီးတယ်။ ဒါကလည်း အတော်ခေါင်းရှုပ်တယ်။ သူများရှင်းမရလို့  ကိုယ့်စီရောက်လာတဲ့ ပြဿနာတွေကို အဖြေတစ်ခုရအောင် ရှင်းပေးရအုံးမယ်။ ရှိသမျှ log တွေလိုက်ဖတ်၊ code တွေ လိုက်ဖတ်၊ ပြဿနာရဲ့ အရင်းအမြစ်ကို လိုက်ရှာ၊ နောင်ဒါမျိုးမဖြစ်အောင် ဘာတွေလုပ်ရမယ်ဆိုတဲ့ နည်းရှာပေး။ ကိုယ်နဲ့ တွဲအလုပ်လုပ်တဲ့ တစ်ယောက်ကတည်း သူ့ မှာ တခြား အလုပ်တွေ ရှိနေတယ်ဆိုတာ ခုနကတင်လာပြောတယ်။

ခုနောက်ပိုင်းက အလုပ်မှာ ထွက်သွားတဲ့သူတွေ အစားပြန်မခန့် တော့ အားလုံး အလုပ် ၂ခု ၃ ခု ပြိုင်လုပ်နေရတယ်။ အဲလိုလုပ်ရတာ အတော်ခက်တယ်။ Program ရေးတာကြီးပဲ နှစ်ခုသုံးခု လုပ်ရတာ အကြောင်း မဟုတ်ဘူး။ ကိုယ့်ဘာသာ အဆင်ပြေအောင် ညှိပြီး ရေးသွားလို့ ရတယ်။ အခုက အဲလိုမဟုတ်ဘူး။ Coding လေးရေးနေတုန်း ဟိုမှာ Production Application ယူဆာတွေ ၀င်မရပါဘူး ဘာဘာညာညာ ပြဿနာတတ်နေပါပြီဆို လုပ်နေတာလေးချထားပြီး အဲဒီပြဿနာရှင်းရရော။ Database လား၊ Network လား၊ Application Error လား ဘယ်ကဖြစ်လဲကြည့် ပြီးရင် Application down တာဆို ကိုယ်ရှင်းဖို့ ကြိုးစား၊ တခြားဟာတွေကဆို သက်ဆိုင်ရာ Departments တွေဖုန်းခေါ်၊ ပြဿနာကိုရှင်းပြပြီး သူတို့ ရှင်းတဲ့အထိစောင့်။ အဲဒီအချိန်မှာ ဟိုဘက်က တဂွမ်ဂွမ် ခေါ်နေတဲ့ ဖုန်းတွေကို ပြန်ဖြေရသေးတယ်။ Downtime အချိန်ကြာသွားရင် ကိုယ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ဘာကြောင့်ပါဆိုတဲ့ Report ကတင်ရသေးတယ်။ အဲဒီပြဿနာက တာဝန်ယူထားရတဲ့ အလုပ်တွေမှာ အရေးအကြီးဆုံးအရာ။ အားလုံး အဆင်ပြေနေရင် ဘာမှလုပ်စရာမလိုပေမယ့် ဖြစ်ပြီဆို အသည်းအသန်ကြီးပဲ။

Application က ခနခန ပြဿနာမတတ်တော့ တစ်ခါတလေ ကြုံတာပဲ ကိစ္စမရှိပါဘူး Coding လေးတွေ အေးဆေးရေးပေါ့လို့  မတွေးနဲ့ ။ အဲဒါမပြင်ရှိသေးတာက Workorder တွေ။ Workorder တွေ ရောက်လာပြီး Urgent နဲ့  Medium ပဲရှိတယ်။ Urgent ဆို ချက်ချင်းအဖြေပေးရမှာ။ ၃ နာရီ အတွင်း။ အဲဒါတွေရောက်ပြီဆို ရေးလက်စ ဟာလေးချ၊ အဲဒီဘက်ပြောင်းလုပ်ရပြန်ရော။ ဒါကလည်း အမြဲ မဟုတ်ပါဘူး ပြောမရဘူး၊ တစ်လတစ်လ အဲလိုဟာက အခု ၂၀ကျော်တော့ လောက်တော့ရတာပဲ။ ဒါကလည်း ကိုယ့်ရဲ့ Major Task ထဲမှာပါတယ်။ Major ဆိုတော့ Coding ရေးတာက Minor လားဆို မဟုတ်ဘူး၊ ဟိုအလုပ်တွေက First Priority .. ချက်ချင်းဆို ချက်ချင်းရှင်းရမှာ။ ကိုယ်အဲဒါတွေလုပ်နေတယ်ဆို ဘယ်သူမှာ တခြားဟာ လာခိုင်းခွင့် မရှိတာမျိုး။ ဒါဆို Coding တွေရေးတာကရောဆို ဒါကလည်းချက်ချင်းရှင်းဖို့ မလိုပေမယ့် ပြီးရမယ့်နေ့ ဆို ပေးရမှာပဲလေ။ ကိုယ့်စီ assign လုပ်လို့  ကိုယ်က လက်ခံလိုက်ပြီဆိုကတည်းက ပြီးရမယ်ဆိုတဲ့ နေ့  အပြီးရေးပေးရမှာ ကိုယ့်တာဝန်ပဲ။ အရမ်းကို အခက်အခဲ ရှိနေမှသာ မလုပ်နိုင်တော့ပါဘူးဆို တခြားတစ်ယောက် လွှဲခွင့်ရှိတာ။ ဒါပေမယ့် လွှဲဖို့ ဆိုတာ အတော်ရှားပါတယ်။

တစ်နေ့ တစ်နေ့  Coding လေးတွေရေးလိုက်၊ ဟိုကရှုပ် ဒီကရှုပ် အလုပ်တွေရှင်းလိုက်၊ ကိုယ်ရေးလက်စဟာလေးတွေပြန်ကြည့်လိုက်၊ ခုနက ဘာရေးနေသလဲ စဉ်းစားလို့ မရ၊ အစကပြန်စဉ်းစား၊ နောက်ပြဿနာကပေါ်လာ၊ အဲလိုနဲ့  တစ်နေ့ တစ်နေ လုံးခြာလည်လိုက်နေတာပဲ။

နောက် စိတ်မချမ်းသာစရာတစ်ခုက နောက်လက စပြီး Deployment Manager ဆိုတဲ့ Position ကိုပါပြန်တွဲယူရတော့မယ်။ ၃ လ ယူရမယ်။ အဲဒါကိုယူလို အပေါ်က ရေးထားတာတွေ မလုပ်ရတော့ဘူး မထင်နဲ့  ဆက်လုပ်ရမှာပဲ။ Deployment Manager ကဘာလုပ်ရလဲဆို ရှိသမျှ Deployment တွေအကုန်အဆင်ပြေအောင် ပြဿနာဆိုတာမရှိအောင် တာဝန်ယူပေးရတာပါ။ ဘာမှမဟုတ်ပေမယ့် အတော်ခေါင်းစားတဲ့ အလုပ်။ အခုနောက်ပိုင်း အားလုံးအလုပ်များတယ်ဆိုတော့ လက်ရှိ ကိုယ့် Group က တာဝန်ယူထားတာ Application ၂ ခုရှိတာကြောင့် Deployment Manager လို့  နာမည်တပ်ထားတဲ့ ပိုစ့်မှာ လူနှစ်ယောက် အလှည့်ကြထားပေးရတယ်။ အခု ကိုယ်နဲ့ တွဲလုပ်ရမယ့် တစ်ယောက်က တစ်လျှောက်လုံး Coding ရေးတာကိုသာ အဓိကလုပ်တဲ့သူ၊ တခြား ဟာတွေလုံးဝ စိတ်ဝင်စားဘူး။ စကားကို လေလုံးကွဲအောင် မပြောဘူး။ အေးတာကလည်း အတော်အေးတယ်။ Coding ရေးတာတွေဆို ကိုယ့်တို့ ထက်သူက အများကြီး ကျွမ်းကျင်တယ်။ တနင်္လာ နေ့ ကတင် Project Manager ကပြောတယ် အဲဒီတစ်ယောက်ကို Deployment တွေကို တွဲခေါ်သင်ပေးပါတဲ့။ စိတ်ညစ်တယ်။ သိနေတယ်။ မမှားလုံးဝ မခံတဲ့ ကိစ္စ။ သူ မကျွမ်းကျင်တာ လူတိုင်းသိနေတော့ ကိစ္စတစ်ခုခုဆို ကိုယ်ပဲတာဝန်ယူဖြေရှင်းရမှာ။ ဒါက လကုန်စလာမယ့် အလုပ်တွေ။ အိမ်ပြန်ချိန်တွေ နောက်ကျတော့မယ်။

အခုလက်ရှိမှာ နောက်ထပ် ရှုပ်စရာတစ်ခု ရှိသေးတာက TimeSheet ဖြည့်ရတဲ့အလုပ်။ System အသစ်ပြောင်းသွားပြန်တယ်။ အဲဒီမှာ ဘယ်အချိန်မှာ ဘာတွေလုပ်ထားတယ် ဆိုတာ အတိအကျ ထည့်ရမယ်။ ပိုလိုမရ၊ လိုလို့ မရ။ ပိုတယ် လိုတယ်ဆို ဒါ Time Management ညံ့လိုပဲဆို Report မှာထွက်လာရင် ပြဿနာကတတ်အုံးမယ်။ ကုပ္မဏီအတွင်းဆိုပေမယ့် ဘယ် Department ကို Charge လုပ်ရမယ်ဆိုတာလည်း မှားလို့ မရဘူး။ Budget တွေကမတူဘူးလေ။ အရင်က ကိုယ်က မှားထည့်ရင်တော့ Project Manager ကပြင်ပေးလို့ ရတယ်။ အခုမရတော့ဘူး။ လကုန်ခါနီးတိုင်း ခေါင်းစားရတဲ့ ပြဿနာ။ PM က Team Meeting မှာ မှာတယ်။ ကိုယ် ညံ့တယ်ဆိုတာ အဖြစ်မခံကြပါနဲ့ တဲ့။ သူ့ အဖွဲ့ ကလူတွေ တစ်ခုခုဆို သူ မှာ ရှင်းလင်းချက်တွေပေးရလွန်းလို့ ပါလို့ ဆိုလာတယ်။ စဉ်းစားတာနဲ့ တင်ခေါင်းက ရှုပ်လာတယ်။

စိတ်ကိုလျှော့၊ စိတ်ကိုလျှော့။
တခြား ပြဿနာတွေက ရှိသေးတယ်။ အခု လုပ်ရမယ့် အလုပ်ကို အာရုံစိုက်၊ တစ်ပြဿနာပြီး တစ်ပြဿနာကနေ ဟိုဟာရှင်းမရ ဒီဟာရှင်းမရနဲ့  ပြဿနာပေါင်း သောင်းခြောက်ထောင်မက ဖြစ်သွားမယ်။

စိတ်ရှုပ်ရှုပ်နဲ့  အလုပ်က လုပ်စရာရှိတာတွေ ချရေးလိုက်တယ်။ ဖတ်ရင်းခေါင်းရှုပ် သွားသလား။ ဒီလိုပါပဲ။ လူတိုင်းသူ့ ဟာသူတော့ ရှုပ်နေကြတာပါပဲ။ စိတ်ပင်ပန်းတာတွေ အသာထားလို့ လုပ်စရာရှိတဲ့ အလုပ်တွေစပြီး လုပ်ပါတော့မယ်။

ကောင်းသောနေ့  ဖြစ်ပါစေ။

June 19, 2009

iPhone 3.0 OS - Internet Tethering

အားလုံးသိပြီးတဲ့ အတိုင်း မနေ့ က iPhone 3.0 OS ထွက်တယ်။ US မှာ ၁၇ ရက်နေ့  ထွက်တယ်ဆိုပေမယ့် ဒီမှာ ၁၈ ရက် မနက်ပိုင်းမှ Download လုပ်လို့ ရတယ်။ မအားတာနဲ့  ညပိုင်း အလုပ်ကပြန်ရောက်မှပဲ update လုပ်ဖြစ်ခဲ့တယ်။ ပြောထားတဲ့ အတိုင်းပဲ 3.0 မှာ SMS forword ၊ SMS individual delete၊ Copy & Paste ၊ Spotlight Search၊ MMS ၊ Email up to 5 photos at a time၊ Features အသစ်တွေအများကြီးပါတာတွေ့ ရတယ်။ တစ်ခုခြင်း မရေးအားတော့ဘူး။ 3.0 မှာ ဘာတွေ အသစ်ပါသလဲ အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။

iPhone 3.0 မှာရတဲ့ Features တွေထဲက ကျွန်မ အကြိုက်ဆုံး Feature က Internet Tethering။ 3.0 OS ကိုသုံးပြီး ဖုန်းမှာရှိတဲ့ အင်တာနက်ကွန်နက်ရှင်ကို ကွန်ပြူတာကနေ သုံးလို့ ရသွားပြီ။ အဲဒီ Feature မျိုး တခြားဖုန်းတချို့ မှာ အရင်ကတည်းရတယ်လို့ သိရတယ်။ အိုင်ဖုန်းမှာတော့ အခုမှ ရပါတယ်။ ကျွန်မ အတွက်တော့ အရမ်း အသုံးဝင်ပါတယ်။

ကျွန်မ လက်ရှိအလုပ်မှာ အလုပ်သဘာဝအရ Data Security က အရမ်းအရေးကြီးတော့ အင်တာနက် ကို လွတ်လွတ်လပ်လပ် သုံးခွင့် မပေးထားဘူး။ ကန့် သတ်ချက်တွေ အရမ်းများတယ်။ ကွန်ပြူတာထဲမှာလည်း မလိုတဲ့ Software တွေ သွင်းခွင့်မရှိဘူး။ အလုပ်က အင်တာနက်နဲ့  မြန်မာပြည်က အင်တာနက်နဲ့  ကွာတာဆိုလို့  နိုင်ငံရေးဆိုဒ်တွေ မပိတ်တာပဲ ရှိမယ်ထင်တယ်။ ဒီတော့ ပိတ်ထားတာတွေ သုံးချင်တဲ့အခါ ကိုယ့်နည်းကိုယ်ဟန်လေးနဲ့  ရအောင် သုံးတယ်။ Proxy ခံသုံးတယ်။ အလုပ်တော့ ရှုပ်တာပေါ့။ အဲလိုသုံးတာ တခါတလေတော့လည်း အဆင်မပြေဘူး။ အဲဒီအခါ အိုင်ဖုန်းကို သုံးပြီး အင်တာနက် သုံးတယ်။ ဒါကြောင့်လည်း ဖုန်းမှာ 50G ရတဲ့ Broadband on mobile plan ယူထားခဲ့တာပါ။ ဖုန်း Screen က သေးတော့ ကြည့်ရတာ အဆင်မပြေတာတွေရှိတယ်။ အခု ဒီပြဿနာတွေ အတော်လေး လျှော့သွားတော့မယ်။ ဒီနေ့ ဆို အလုပ်မှာ ဖုန်းကို ကွန်ပြူတာနဲ့  ချိတ်ပြီး လွတ်လွတ်လပ်လပ် အင်တာနက် သုံးလို့ ရပြီ။ အခုတော့ နည်းနည်း သတိထားရမယ်။ အရင်က ဖုန်းနဲ့ ပဲ အင်တာနက် သုံးတာဆိုတော့ တစ်လတစ်လ Data Usage က 2-3G ပဲရှိတယ်။ ရထားတဲ့ 50G ထက် ကျော်သုံးမိလို့  မဖြစ်ဘူး။ အလုပ်ချိန်ပဲ သုံးမှာဆိုတော့ မကျော်လောက်ဘူး ထင်ရပါတယ်။

iPhone 3.0 OS မှာ Internet Tethering Setup လုပ်ရတာ တော်တော်လေးကို လွယ်ပါတယ်။ Singtel သုံးတဲ့ သူတွေဆို ဘာမှလုပ်စရာမလိုဘူး။ Settings --> General --> Network --> Internet Tethering ကိုသွားပြီး On လို့ ပြောင်းလိုက်ရင်ရပြီ။



USB သုံးမယ်ဆို USB only ကိုရွေးပါ။


ပြီးရင် USB နဲ့  ကွန်ပြူတာကိုချိတ်။ ကွန်ပြူတာမှာ အောက်က Message လေးပေါ်လာမယ်။


Network Preferences ကို ရွေးပြီးနောက် Window တစ်ခု ပေါ်လာတဲ့အခါ Apply လုပ်လိုက်ရင် အလိုလို Setup လုပ်ပေးသွားပါတယ်။ (ဒီပုံကိုတော့ ဒီနေရာကနေယူထားတာပါ)

Internet Tethering ကို အသုံးပြုပြီး ကွန်ပြူတာမှာ အင်တာနက်ချိတ်ထားရင် ဖုန်းမှာ ဒီလိုပေါ်ပါတယ်။


စင်္ကာပူမှာ iPhone တရားဝင်ရောင်းချခွင့်ရထားတဲ့ Singtel မဟုတ်ပဲ StarHub နဲ့  M1 သုံးတဲ့သူတွေ အတွက်ကတော့ နည်းနည်း ပြဿနာရှိတယ် ဖတ်ရတယ်။ ကိုယ့်မှာ StarHub နဲ့  M1 Sim Cards မရှိတော့ မစမ်းကြည့်နိုင်ဘူး။ ဒီမှာတော့ ဘယ်လို လုပ်ရတယ်ဆိုတာ ရေးထားတာတွေ့ ရပါတယ်။


အခု အလုပ်မှာ Internet Tethering သုံးပြီး အင်တာနက် သုံးနေတာ။ :"> သုံးရတာ အဆင်ပြေပါတယ်။ အဲ.. စိတ်ထဲမှာ ငါသုံးနေတာ Data Usage ဘယ်လောက်ရှိသွားပြီလဲ၊ လစဉ်ပေးနေကြ ပိုက်ဆံထက် ပိုပေးရတော့မှလား ဆိုတဲ့ စိုးရိမ်စိတ်တွေ များနေဘူးဆိုရင်ပေါ့လေ။

Other related links:
Using iPhone as a Modem - Apple.com
Enable tethering on iPhone 3.0 (Worldwide Carriers) - richardlai
I've got 3G iPhone - N3
Singtel - Broadband on mobile

ဒါကတော့ လက်ရှိသုံးနေတဲ့ Speed တိုင်းကြည့်ထားတာ။





ဒီနေ့  19 June 2009 မှာ iPhone 3G S ထွက်မှာ ပါ။ iPhone 3G S အကြောင်း သိချင်ရင် 10 Cool Things abbout iPhone 3G S - HeartStations မှာ သွားဖတ်ကြည့်နိုင် ပါတယ်။ စိတ်ဝင်စားသူတွေအတွက်ပါ။

June 14, 2009

Looking for....

ဖြစ်ချင်တာ ...
ဖြစ်သင့်တာ...
ဖြစ်နိုင်တာ ...
ဖြစ်နေတာ ...
.....
အဲဒါတွေရဲ့ အကြားမှာ ...

June 04, 2009

Where The Mind is Without Fear

Where The Mind is Without Fear
By
Rabindranath Tagore

Where the mind is without fear and the head is held high
Where knowledge is free
Where the world has not been broken up into fragments
By narrow domestic walls
Where words come out from the depth of truth
Where tireless striving stretches its arms towards perfection
Where the clear stream of reason has not lost its way
Into the dreary desert sand of dead habit
Where the mind is led forward by thee
Into ever-widening thought and action
Into that heaven of freedom, my Father, let my country awake.

May 31, 2009

လူဆိုတာ....

လူဆိုတာ မေ့တတ်တယ်တဲ့။
တကယ်တော့ ကိုယ်မေ့ချင်မှ မေ့လို့ ရတာ ထင်ပါရဲ့။
မမေ့ချင်တဲ့ကိစ်စဆိုရင် ဟိုး... အိုမင်းတွင်းဆုံးအထိ သတိရနေရော....

နှင်းခဲပျော်ချိန်
(ဘာသာပြန်သူ .. ကျော်ဝင်း)

ဝက်ခြေထောက်စွပ်ပြုတ်၊ ၀က်သားကောက်ညှင်းထုပ်၊ ၀က်သားဒုတ်ထိုး

ရန်ကုန်မှာ စားရတဲ့ အစားအသောက်တွေထဲက တချို့ ..

ဝက်ခြေထောက်စွပ်ပြုတ်က ဆိုင်က ၀ယ်တာ မဟုတ်ပါဘူး။ စားချင်တယ်ဆိုလို့  ကြီးမေတို့ အိမ်က ချက်ပြီး လာပို့ ပေးတာ။ နူးအိနေပြီး စားလို့ အရမ်းကောင်းတယ်။ စွတ်ပြုတ်က ၀က်လက်ကို လုပ်တာ မဟုတ်ဘူး ခြေထောက်၊ လက်ဆို သေးတယ်၊ စားလို့ မကောင်းဘူး၊ အသားလည်း သိပ်မပါဘူးလေ။
From Burmese Food
ဝက်ခြေထောက်စွပ်ပြုတ်

From Burmese Food


ဝက်သားကောက်ညှင်းထုတ်ကတော့ အိမ်မှာ လုပ်တာမဟုတ်ဘူး ဆိုင်မှာ စားတာပါ။ ဆိုင်နာမည် သေချာမမှတ်မိဘူး။ မခင်လေး လား၊ မခင်အေးလား မိန်းမနာမည်ထင်တာပဲ။ အဲဒါကတော့ မတော်ရသေးတဲ့ အမျိုးတွေ လိုက်ဝယ်ကျွေးတာပါ။
From Burmese Food
ဝက်သားကောက်ညှင်းထုတ်

ဝက်သားဒုတ်ထိုးက တစ်ဆိုင်ထဲမှာ စားတာပါ။ အသားလိပ်လည်း ပါသေးတယ်။ ဓာတ်ပုံမရိုက်ထားလိုက်မိဘူး။
From Burmese Food

ဝက်သားဒုတ်ထိုး


ဒီအပေါ်က သုံးခုလုံးကို တစ်ရက်တည်းမှာစားဖြစ်သွားတာပါ။ တကယ်ဆို အဲဒီတစ်နေ့ ထဲမှာ စားဖြစ်တာက ဒီသုံးခုတင်မကဘူး တခြားဟာတွေလည်း ပါသေးတယ်။ ပြန်ရောက်တုန်းလေးဆိုပြီး တစ်ဆိုင်ပြီး တစ်ဆိုင်လိုက်ကျွေးကြတယ်။ ကျန်တာတွေ နောက်မှ ဆက်တင်ပါ အုံးမယ်။

May 29, 2009

The sky I had seen in Shan State

ခရီးထွက်တုန်း တွေ့ ခဲ့ရတဲ့ ကောင်းကင်။
From ThePhotoITook

တောင်ပေါ် အဆင်းလမ်းမှာ ကားပေါ်ကနေ လှမ်းရိုက်ထားတာပါ။ အဲဒီနေ့ မနက်ပိုင်းက နေသာတယ်၊ အဆင်းလမ်း တစ်ဝက်လောက်ရောက်မှ ချက်ချင်းကြီး မိုးတွေ အုံ့ လာတယ်။ လမ်းက ကျဉ်းကျဉ်း ကားအဆင်းဆိုတော့ မိုးရွာလာမယ်ဆို ကြောက်စရာကြီးလို့ ပြောပေမယ့် ကြည့်ရတဲ့ မြင်ကွင်းတွေက ထူးဆန်းနေတော့ ကြောက်တဲ့ စိတ်မပေါ်ဘူး။ တောင်တန်းတွေနဲ့  တိမ်တွေက လှလိုက်တာ။ မြေပြန့် မှာ မြင်ရလေ့မရှိတဲ့ မြင်ကွင်းတွေ။ အရမ်းလှတယ်။ ဒီတိုင်းနေသာ နေတုန်းကလည်း တမျိုး လှသလို၊ မိုးအုံ့ ပြီး တိမ်တွေများလာတဲ့အခါမှာလည်း တိမ်တွေအကြားလွတ်နေတဲ့ ကောင်းကင်ကနေတစ်ဆင့် တောင်တန်းတွေပေါ် အလင်းရောင်တွေ ဖြာကျနေတဲ့ပုံကလည်း တမျိုး လှပြန်တယ်။ အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ယူလို့ ရတယ်။ ကြည့်တဲ့သူ အပေါ်မူတည်ပါတယ်။

အဲဒီလို ကားပေါ်ကနေ လှမ်းမြင်ရသမျှ မြင်ကွင်းအတော်များများ လှလွန်းတော့ ဓာတ်ပုံတွေ အများကြီး ရိုက်ချင်တယ်။ ဒါပေမယ့် ရိုက်ရတာ အဆင်မပြေဘူး။ ခရီးသည်တင်ကားနဲ့ ဆိုတော့ ဓာတ်ပုံရိုက်ချင်လို ရပ်ပေးတာလို့ လည်းပြောမရ။ နောက်ပြီး ကားသွားတာက မြန်သလို၊ ကားမှန်ကလည်း ခံနေတယ်။ ကာနေတဲ့ မှန်က ကြည်နေရင် တော်သေးတယ်။ ကံမကောင်းတာပဲလား၊ မြန်မာပြည်က ခရီးသွားကားကြီးတွေက အဲလိုပဲလားတော့ မသိဘူး ကိုယ့်ရဲ့ ဘေးမှာရှိတဲ့ ကားမှန်က ညစ်ပေပြီး မှုန်ဝါးနေတယ်။ အပြင်ဘက်မှန်မှာ ပေနေတာဆိုတော့ ဘာမှလဲ လုပ်မရ။ ဒီအောက် ဓာတ်ပုံကိုကြည့်ပါ။ မှန်က ၀ါးနေတာပေါ်နေတယ်။
From ThePhotoITook

ကိုယ့်ကားနဲ့ ကိုယ်ဆို ကားမောင်းမြန်နေတောင်မှ မှန်ဖွင့်ပြီး ရအောင် ရိုက်လို့ ရတယ်။ ဒီတစ်ခါ ခရီးထွက်တာ အိမ်က ကားနဲ့ မသွားဖြစ်တာကို နောင်တရမိတယ်။ အဝေးပြေးကားနဲ့ သွားတာ ကျန်တာတွေ သည်းခံနိုင်တယ် ကားလမ်းဘေးက မြင်ရတဲ့ ရှု့ ခင်းတွေကို ဓာတ်ပုံရိုက်လို့  မရတာကိုတော့ စိတ်တကယ်ပျက်ခဲ့တယ်။ Camera ကို ပိတ်သိမ်းတာက အကြိမ်ကြိမ်၊ ဒါပေမယ့် ရှု ခင်းတွေက လှလွန်းတော့ တစ်ချက်တစ်ချက် မနေနိုင်ပဲ ရိုက်ဖြစ်ပြန်တယ်။ မရရအောင် ကားပေါ်ကနေ လှမ်းရိုက်ထားတဲ့ဓာတ်ပုံ နည်းနည်းတော့ ရှိတယ်။ နောက်ပိုင်း အချိန်ရမှ၊ အားမှ တင်ပါအုံးမယ်။

ပထမပုံရဲ့ မူရင်းက ဒီမှာပါ။ ပုံတွေကို ပြင်ပေးတဲ့သူက နေးတစ်ဖိုရမ်မှ နာမည်ကြီး ဓာတ်ပုံဆရာ Rainstealer (HLS) ပါ။ ကျွန်မက Camera ကို ခလုတ်နှိတ်ပြီး ကိုယ်လိုချင်တဲ့ ပုံထွက်အောင် ရိုက်ပဲရိုက်တတ်တယ်။ တခြားအရာတွေ သိပ်နားမလည်သလို၊ ထွက်လာတဲ့ ဓာတ်ပုံတွေကို ကာလာပြင်တာ ဘာညာ မလုပ်တတ်ဘူး။
From ThePhotoITook

ရှမ်းပြည်နယ်ကဆိုတော့ ဘယ်နေရာမှာလည်း မှန်းကြည့်နေရင် ပင်းပန်းမယ်။ ကောင်းကင်ပုံတွေဆိုတော့ မှန်းလို့ လည်း ရမယ်မထင်ဘူး။ အခု တင်ထားတဲ့ ဓာတ်ပုံ ၂ ပုံကို တောင်ကြီးကနေ ကလော အဆင်းလမ်းမှာ ရိုက်ထားတာပါ။ အချိန်က နေ့ လယ် ၃ နာရီ နဲ့  ၄ နာရီ အကြား။ ခရီးလမ်းတစ်လျှောက် တခြားမြင်ခဲ့ရတဲ့ မြင်ကွင်းတွေကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ထားတာတွေလည်း ရှိပါတယ်။ နောက်ပိုင်း အချိန်ရမှ၊ အားမှ တင်ပါအုံးမယ်။

May 28, 2009

စလေဦးပုည

ကာလနှယ် ဆိုးပါဘိ၊ သူခိုးက လူလူ၊ တောလေ့ပေါက် နန်းမူ၊ အိမ်သူကို ဧည့်စောင်း၊ သူကောင်းကို အပြစ်တင်၊ တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။

လေးတရာ့ဆီမှန်လျှင်၊ ရေနံလောက်မကောင်း၊ စိတ်အနေ ရုပ်ပြောင်းလို့၊ ချောင်းကိုပ မြစ်ထင်၊ တူရိယာ နတ်စည်စောင်း၊ သူဖုန်းတောင်းချင်းကတဲ့သွင်။

ဝါးလုံးခေါင်း လသာချင်တယ်၊ အိမ်ထဲတွင် ကင်းဝပ်လို့၊ မုန်းဇာတ်ကြံကြပြီ၊ ဘုန်းရို့ဝသီ၊ ခုများဖြင့် မုသားညီတယ်၊ အပလီ ဗိုလ်မင်းပလေး။ ။

Credit to Yoke KS

May 22, 2009

ရိုက်နေသည်...

စိတ်ကူးတည့်ရာ မြင်သမျှ တွေ့ သမျှ အရာတွေ အားလုံးကို ဓာတ်ပုံလိုက် ရိုက်ဖြစ်နေတယ်။

ဓာတ်ပုံတွေက အမြန် အမြန်ရိုက်ရတာဆိုတော့ ကောင်းတာလည်း ရှိသလို၊ မကောင်းတာတွေလည်း ရှိတယ်။ တခါတလေ Camera Setting တွေ ပြောင်းဖို့ မေ့သွားတာ၊ ရိုက်ချင်တာကိုတွေ့ လိုက်ပေမယ့် အချိန်မရလို့  မရိုက်လိုက်ရတာတွေလည်း ရှိတယ်။ လက်နှေး နေတာလေ။ နောက်ဆို ဒါမျိုးတွေ အဖြစ် မခံနိုင်ဘူး။ အခု အရင်ကထက် လက်မြန်မြန် ရိုက်ထဲ့ လိုက်နိုင်အောင် ကျင့်နေတယ်။ Camera နဲ့  လက်နဲ့  မကွာပဲ အမြဲနီးပါရှိနေတဲ့ ကျွန်မကို လူကြီးတွေက လက်ရှိသုံးနေတဲ့ Point & Shoot Camera အစား D-SLR Camera ယူမလား ၀ယ်ပေးမယ်လို့ တောင် မေးလာတယ်။ ပြီးရင်တော့ အခုအလုပ်က ထွက်လိုက် ဓာတ်ပုံသာ လိုက်ရိုက်နေတော့တဲ့။ အားပေးတာ :))... အဲဒီ D-SLR Camera တွေက ဈေးကြီးတယ်။ Lens တွေဆိုလည်း ဈေးကမနည်းဘူး။ မ၀ယ်ပေးပါနဲ့  မယူတော့ပါဘူး ဆိုပြီး အလိမ္မာလေး သုံးပြောခဲ့ရတယ်။

ဓာတ်ပုံတွေရိုက်တဲ့အခါ လက်ထဲမှာ အမြဲရှိပြီး သုံးဖြစ်နေတာက "Canon IXUS 110 IS" ပါ။ ( ကြုံတုန်းလေး ဆိုပြီး တမင်ထည့်ပြောလိုက်ပါတယ်။) အဲဒီ Camera လေးက အရွယ်အစား အသေးဆုံးလို့  မပြောနိုင်ပေမယ့် ခလုတ်ရှိတဲ့ဘက်က အ၀ိုင်းပုံလေးဆိုတော့ လက်မှာ ကိုင်ရတာ အဆင်ပြေပြီး၊ သုံးလို့ ကောင်းတယ်။ မသိမသာ ခိုးရိုက်လို့ လည်း ရတယ်။ တခြား လက်လှမ်းမှီရာ cameraလေးတွေ ခနယူပြီး ရိုက်ဖြစ်လိုက်တဲ့ အခါတွေလည်း ရှိတယ်။ ဒါပေမယ့် အတော်လေး နည်းပါတယ်။

အရောင်လေးမျိုးမှာ ဘယ်အရောင်ကို ရွေးချယ်သုံးမယ် ထင်သလဲ...

အခု ရက်ပိုင်းမှာတော့ ပုံတွေသာရိုက်ဖြစ်တာ၊ ကိုယ်ရိုက်ထားတဲ့ပုံတွေ ကိုယ့်ဘာသာကိုယ်တောင် သေချာ ပြန်ကြည့်ဖို့ တောင် အချိန်မပေးနိုင်သေးဘူး။ အလုပ်တွေ သိပ်ရှုပ်နေတယ်။ ဒါပေမယ့် သိပ်မကြာခင် အချိန်အတွင်းမှာတော့.... ဒီနေရာမှာ ရောင်စုံ ဓာတ်ပုံတွေနဲ့  ဝေစည်လာမယ် ဆိုတာကို စိတ်ချလက်ချ အသေအချာ ယုံကြည်ထားလိုက်ပါ။


Update : (2009-05-26) ဖြေပြီ။ အလုပ်ရှုပ်နေလို့ ပါ။
ပန်းရောင် မဟုတ်၊ အပြာရောင် မဟုတ်၊ ရွှေရောင် မဟုတ် တဲ့ ..

(မ KOM အခေါ်အရတော့ အဖြူရောင်) ငွေရောင်ကို သုံးပါတယ်။

ခုတလော ဒီနေရာမှာ တစ်ခုခုရေးဖြစ်ဖို့ တောင် အတော်ကြိုးစားနေရတဲ့အတွက် ကွန်မန့် တွေ တစ်ခုချင်း မပြန်နိုင်ဘူး ဖြစ်နေပါတယ်။ ဒီနေရာကို လာရောက်ပြီး ကျွန်မ ရေးသမျှ ဖတ်ကြည့်သူများ၊ ကွန်မန့် ချန်ခဲ့သူများ၊ အခုပိုစ့်မှာ ခန့် မှန်ဖြေကြည့်သူများ၊ အားလုံး.. အားလုံးကို ကျေးဇူး တင်ပါတယ်။

May 21, 2009

ဘဝ

ဘ၀....

ကလေးလေး တစ်ယောက်လိုတော့ ဘယ်ဖြူစင်မှာလဲ

လောကလမ်းမများ စမ်းတ၀ါးဝါးဝဲလယ်
အိပ်မက်တို့ ရှည်လျား မောပန်းလို့ နွမ်းနယ်
ခရီးတို့ မဆုံးခင်အထိ ငါဟာ မှားယွင်းရအုံးမယ်

ဆုံးဖြတ်ချက်တွေနဲ့  ယုံကြည်ခိုင်မာဆဲ
ငါ့အတွက် နားခိုမယ့် အရူးအမူးတမ်းတ စေ
အေးချမ်းတဲ့ အိမ်လေး တစ်နေ့ တော့တွေ့ ရမယ်
အလင်း သို. မရောက်ခင် အထိ ငါဟာမှားယွင်းရအုံးမယ်

မှားယွင်းရအုံးမယ်.. ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
ငါဟာ.. မှားယွင်းရအုံးမယ်.. ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
အဝေးဆုံးသော အချိန်အထိ ငါဟာ မှားယွင်းရအုံးမယ်..

May 18, 2009

Yangon International Airport

♪ You will always find your way back home....

You wake up, it's raining and it's Monday
Looks like one of those rough days
Time's up, you're late again, so get out the door
Sometimes you feel like running
Find a whole new life and jump in
Let go, get up and hit the dance floor
But when the lights go down it's the ending of the show
And you're feeling like you've got nowhere to go
Don't you know?

You can change your hair and you can change your clothes
You can change your mind, that's just the way it goes
You can say goodbye and you can say hello
But you'll always find your way back home
You can change your style, you can change your jeans
You can learn to fly and you can chase your dreams
You can laugh and cry but everybody knows
You'll always find your way back home

Your best friends, your little hometown
Are waiting up wherever you go now
You know that you can always turn around
Cause this world is big and it's crazy
And this girl is thinking that maybe
This life is what some people dream about
Cause when I'm feeling down and I'm all alone
I've always got a place where I can go
Cause I know

Where they know exactly who you are
Where the real you is the superstar
You know it's never too far away

You can change your hair and you can change your clothes
You can change your mind, that's just the way it goes
You can say goodbye and you can say hello
But you'll always find your way back
You can change your hair and you can change your clothes
You can change your mind, that's just the way it goes
You can say goodbye, you can say hello
But you'll always find your way back home
You can change your style, you can change your jeans
You can learn to fly and you can chase your dreams
You can laugh and cry but everybody knows
...
You'll always find your way back home
You'll always find your way back home
You'll always find your way back home

May 11, 2009

My Mac Book

ကြွားတဲ့ပိုစ့်..

အလုပ်ရှုပ်နေတာနဲ့  ကြွားတောင် မကြွားအားဘူး ဖြစ်နေတယ်..
အခုတော့ မရမက အချိန်လေး ယူပြီး ရေးအုံးမယ်။ ကြွားချင် လွန်လွန်းလို့ တော့မဟုတ်ပါဘူး။ မှတ်ထားတဲ့အနေနဲ့  ရေးတာလေးတွေရယ် ကြွားတာလေးရယ် နည်းနည်းရောလိုက်တာပါ.. ;)

ဒါလေး ရတာ နည်းနည်းကြာပြီ။ အရင်တစ်ခါရတဲ့ HP ကို ၁ လ လောက်ပဲ သုံးပြီး အဖေ့ကို ပေးလိုက်တယ်။ အဲဒီမတိုင်ခင် ဆိုနီ တုန်းကလဲ နောက်ဆုံးမှာ သူငယ်ချင်းတစ်ယောက်က ဆိုနီမှ ဆိုနီသုံးချင်တယ် ဆိုလာတာကြောင့် အဲဒီ သူငယ်ချင်းအတွက် ဖြစ်သွားခဲ့တယ်။ ကိုယ့်အတွက် နောက်မှ လာမယ်ပေါ့။ နောက်ဆုံး HP ရတော့ ကိုယ်အတွက် သေချာပြီ၊ ဘယ်သူမှ ပေးဖို့ မလိုတော့ဘူးလို့ တွေးနေချိန်မှာ ဖေဖေက ဒီခနလာတုန်း သူ့ ကွန်ပြူတာ မောင်လေးကို ပေးခဲ့လို့  အသစ်ထပ်ဝယ်ချင်တယ် ပြောလာတယ်။ လိုက်ဝယ်ပေးဖို့  အချိန်ကလည်း သိပ်မရ၊ ဘာလုပ်ရင်ကောင်းမလဲ မသိ၊ နောက်ဆုံး တိုင်ပင်သင့်တဲ့သူကို တိုင်ပင်လိုက်တဲ့ အခါ ကျွန်မ သုံးနေတဲ့ HP ပေးလိုက်ပါလား နောက် ထပ်ဝယ်တဲ့အခါ လိုချင်တာလေး ၀ယ်မယ်ဆိုတဲ့ တိုက်တွန်း အဆိုပြု စကားကြောင့် သမီးလိမ္မာလေးလုပ်ပြီး ဖေဖေ့ကို ကိုယ်သုံးနေတဲ့ Laptop ပေးလိုက်ခဲ့တယ်။ အဖေက အဲဒီ Laptop ရဲ့ နောက်ကြောင်းရာဇ၀င်ကို သိနေတော့ မယူတော့ပါဘူး သူဟာသူ တခြားဟာဝယ်မယ့်၊ ကိုယ့်ဘာသာ သုံးပါလို့ ပြောရှာပါတယ်။ ကိစ္စမရှိဘူး ဟိုက သိတယ်လို့ ပြောပြီး အတင်းပေးလိုက်တယ်။ (ဒီနေရာမှာ ဖေဖေက လိမ္မာလိုက်တဲ့ ဒီကလေးတွေဆိုပြီး မုန့် ဖိုးပြန်ပေးတာကို မှတ်ထားရင် ကောင်းမလား၊ မသိလိုက် မသိဘာသာ ကိုယ်တွေလိမ္မာတာပဲ မှတ်ထားလိုက်ရင် ကောင်းမလား.... :-) )

မကြာမှီလာမည် မျှော်.. ဆိုသလို.. မျှော်နေလိုက်တာ နောက် ၂-၃ လလောက်ကြာတဲ့အခါမှတော့ ဒီလိုအောက်က ဟာလေး တစ်ခု ရောက်လာပါတယ်။

တလက်စတည်းပြောရမယ်ဆို အဲဒါလေး ထည့်ဖို့ အတွက် အိတ်ကလေး တစ်လုံး (Laptop Sleeve) ပြီးခဲ့တဲ့ စနေကမှ ၀ယ်ဖြစ်တယ်။ အိတ်ချင်း အတူတူ၊ ပုံစံ အသား ဒီဇိုင်းက အစ အကုန်တူတယ်.. ဆိုဒ်ပဲကွာတာကို ( 13" နဲ့  13"3' ) ဈေးက S$20 လောက် ကွာနေတာတွေ့ ခဲ့ရတယ်။ 13" အတွက်က ပိုပြီး ဈေးကြီးနေတာပါ။ ဘာကွာလို့  ဈေးကွာတာလည်းလို့  သိချင်စိတ်နဲ့  မေးကြည့်တဲ့ အခါ 13" က Mac အတွက် ဖြစ်လို့  ဈေးပိုကြီးနေတာလို့  ပြောပါတယ်။ ဘာမှ မဆိုင်ဘူးလိုပဲ။ Mac အတွက်ဆိုတာနဲ့  အကုန်ဈေးလိုက် တင်နေတယ်။ တခြား ပစ္စည်းတွေလဲ အဲဒီလိုပဲ ပစ္စည်းချင်းတူတူ Mac အတွက် ထုတ်တာ ဆိုတာနဲ့  ဈေးတင်ပြီးသားပဲ။ နာမည်နဲ့ လုပ်စားတယ်။ ဈေးတွေကြည့်ပြီး များတယ်ထင်တာကြောင့် ခုချိန်အထိ လိုချင်တာတွေ အကုန်မ၀ယ်နိုင်၊ မ၀ယ်ရသေးဘူး။

May 06, 2009

Easy Money

ဒီ Internet Security နဲ့  ပတ်သက်တဲ့ ကာတွန်းကြည့်ပြီး ကျွန်မ သူငယ်ချင်းတွေထဲက အင်တာနက်ပေါ်မှာ ဘဏ်( ငွေကြေး) နဲ့  ပတ်သက်တဲ့ ၀န်ဆောင်မှု့ မှန်သမျှ အသုံးပြုလေ့ ၊ အသုံးပြုချင်စိတ်လည်း မရှိ ပါဘူး ဆိုသူများကို သတိရသွားတယ်။ သူတို့ လည်း အိုင်တီနယ်ပယ်မှာ အလုပ်လုပ်နေသူတွေပါ။ ယုံကြည် စိတ်ချမှု့ မရှိလို့  မသုံးဘူးလို့  ပြောကြပါတယ်။



အင်တာနက်ပေါ်က ၀န်ဆောင်မှု့ တွေသုံးရတာ လုပ်ဆောင်မှု့ တွေကို လျှင်မြန်လွယ်ကူ စေပါတယ်။ လိုအပ်ရင် သုံးရမယ်၊ သုံးတဲ့အခါ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ တော့လိုပါတယ်။

April 29, 2009

ပလက်ဖောင်းမင်းသား

ကြယ်ရောင်တွေပျောက်တဲ့ညမှာ... အပြင်လောကထဲထွက်လာသူ..
အဆူအပူခံကာ မှီခိုရာဌာန အိမ်ဆိုပေမယ့် အိမ်ရယ်မမည်တော့ဘူး။

မာကြူရီမီးလုံးအောက်မှာ ကိုယ့်အိပ်ထဲလက်နှိုက်ရှာကြည့်
ငွေရယ်ဆိုလို့  ၁၀ တန်နဲ့  အကြွေတချို့ ...
ရင်ခွင်မှာတော့ မျှော်လင့်ချက်ကြီးတစ်ခု..

မျက်ရည်ကျပြီးလိုက်ခေါ်သူရယ်မရှိ.. သေလိုက သေနိုင်၏.. ရှင်လိုက ရှင်နိုင်၏
ကိုယ့်ခြေထောက်ပေါ်ရပ်ကာနေနိုင်မှ ပြန်လာမယ်ပြန်ခဲ့မယ်
ကိုယ်ယောက်ျားမို့  ကိုယ်သဌေးဖြစ် ခွေးဖြစ်ပါပဲ..

ဒီလိုနဲ့ ရက်ပေါင်းများစွာ ငတ်ခြင်းနဲ့ ပြေးတမ်းလိုက်တမ်း.
လူဆိုတာဟာတော်ယုံနဲ့ သေခဲ.. ကြာလာတော့လည်း ခံနိုင်ရည်နဲ့ ဝ

အပျံသင်စ တဖြစ်လဲတဲ့အခါ .. ကိုယ်ပလက်ဖောင်းမင်းသား အရင့်စား..
ရေဆိုတာဟာ နွေခါမှာ ခက်သေး.. ငွေဆိုတာဟာ ရှာနိုင်သူ ဖို့ မရှား..

လုပ်စရာရှိတာပြီးအောင်မြန်မြန်လုပ်
သိပ်မတွေးနဲ့  သိပ်မမေးနဲ့ ..
အချိန်ကုန်တယ်.. လေကုန်တယ်..

အရလွယ်တိုင်းလည်း တွေ့ တာအကုန်မယူနဲ့ 
အန္တရယ်က လက်တကမ်းမှာ..
ကြာကြာဝါးမယ့်သွား ဘာစားစား အရိုးကြည့်ရှောင်ဟေ့..

ဖော်မစုံသူသောက်တဲ့ အလင်းဆိုင်.. ကိုယ်ကြိုက်တဲ့ အခုခေတ်ပေါ်သီချင်း..
ဖီလင်ဆိုတာဒါရယ်ကိုခေါ်သလား.. ဘာရယ်ညာရယ် ကိုယ်လေမသိပဲဆွေး...

အချိန်တန်တော့ ဘ၀ပေးကုသိုလ်.. ကိုယ်လည်းပဲ အတွဲကလေးနဲ့ မိ
မဒီကိန္နရီ စံချိန်မမှီပေမယ့် ... ဟာနေတာကို မဟာရုံသူဖြည့်ပေး..

ရွေးနေရအောင် မင်းကဘာကောင်လဲ..
အကောင်းဆုံးက အကောင်းဆုံးပေါ့
တန်ရာက တန်ရာပေါ့..
ရုပ်ရှင်ကြည့်ပြီးရူးချင်တယ်ဆိုလည်း ကပ်လက်စနဲ့ ကပ်ဦးပေါ့
ထရံထက်မှာ ရွှေမင်းသမီးဇာတ်ကား ကြော်ငြာ

လူဆိုတာ အချစ် (အကျင့်) ရဲ့ကျေးကျွန်.. ထီထိုးရင်းတိုက်ဖို့ မေ့ရင်း..
ဒီအခြေအနေကိုပျော်တယ်လို့ မယူဆရင်... ပျော်တယ်ဆိုတာဘာလဲ ကိုယ်မသိတော့
နာမည်ကျော် ငွေရှိတဲ့ဘ၀ဟာ .. အိပ်မက်နဲ့ ပဲ ကျိန်းကျေတတ်..
ဒီအရွယ်မှာပါ ကိုယ်ဟာဘာကောင်လဲ မသိရင်.. ကိုယ်ထင်တာထက်ကိုယ်ဟာပိုအ, ပေါ့

ကြိုက်တာရမယ့် သူ့ တန်ရာတန်ကြေး
Brother ရေ ဇေပါတယ်.. ငွေသာအရင် မစပါ..
ကိုယ်ခြေထောက်ပေါ်ရပ်ကာနေနိုင်သရွေ့ 
လျှောက်ဦးဟေ့.. လျှောက်ဦးဟေ့..
နောက်ဆုံးနေ့ အထိ... ကိုယ်ပလက်ဖောင်းမင်းသားအရင့်စား

April 24, 2009

ဘာရယ်မဟုတ်

ဘာရယ် မဟုတ်ဘူး ဒီနေ့  ၀မ်းကွဲ မောင်တစ်ယောက်နဲ့  စကားပြောဖြစ်ရင်း ဖေဖေ နဲ့  မေမေကို သူခေါ်တဲ့ နာမည်ကို သတိထားမိလိုက်လို့  စိတ်ထဲပေါ်လာတာလေးတွေ ချရေးလိုက်တယ်။
လေးလေး နဲ့  လေးနိုင်
ဦးဒေါ နဲ့  အန်တီမူး
အဖေနဲ့  အမေကို ကျွန်မရဲ့ ၀မ်းကွဲ မောင်နှမတွေ ခေါ်တဲ့ နာမည်တွေ။ လေးလေး နဲ့ လေးနိုင်ဆိုတာ ဆွေမျိုးစပ်ရင် အမေ့ဘက်က တော်တဲ့ သူတွေ ခေါ်တာ။ ဦးဒေါ နဲ့  အန်တီမူး ကတော့ အဖေ့ဘက်က ဆွေမျိုးတွေ ခေါ်တာပါ။ အိမ်မှာဧည့်သည်လာလို့  ဒါအမျိုး ဆိုပြီး မိတ်ဆက်ပေးရင် ဘယ်သူ့  ဘက်ကလည်း ဆိုတာ မေးစရာမလိုဘူး၊ သူတို့  ခေါ်ပုံခေါ်နည်း ကြည့်ပြီး ဘယ်ဘက်က တော်တဲ့ အမျိုးလည်းဆိုတာ ခွဲခြားသိနိုင်တယ်။

မေမေ့ကို သူရဲ့ တူတွေ တူမတွေက လေးလေး လို့ ခေါ်ကြတယ်။ ရန်ကုန်မှာ အဒေါ်ကို ဒီလိုခေါ်တာ မကြားဖူးတော့ စပြီး ကြားခါစက ထူးဆန်းနေခဲ့တယ်။ ဒါနဲ့  ဘာလို့  မေမေ့ကို လေးလေးလို့ ခေါ်တာ လဲဆို မေးခဲ့ဖူးတယ်။ မေမေတို့  ဒေသမှာ အဒေါ်ကို လေးလေးလို့  ခေါ်လေ့ရှိတယ်လို့  ပြန်ပြောတယ်လို့  မှတ်မိနေပါတယ်။ ဦလေးကိုရော အဲဒီလို ခေါ်သလား သေချာ မသိတော့ဘူး။ နောက်မှ မေမေ့ကို မေးကြည့်ပါအုံးမယ်။ ဒါပေမယ့် မေမေက လေးလေး ဖြစ်လို့  ဖေဖေကို လေးနိုင် လို့ ခေါ်တာတော့ သေချာတယ်။ အဖေ ဘက်က အမျိုးတွေက ခေါ်တာက ပိုရှင်းသလိုပဲ။ ဖေဖေ့ ငယ်နာမည် နဲ့  မေမေ ငယ်နာမည်ကို ဦး နဲ့  အန်တီ ရှေ့ တပ်ခေါ်တာ။ ဒါတောင် သိပ်မကျေနပ် ချင်ဘူး။ ဘာလို့  အန်တီနဲ့  အန်ကယ် မဖြစ်ရတာလဲဆို မေးခဲ့ဘူးသေးတယ်။ အဖေ့ ငယ်နာမည်က ဘိုဆန်ဆန် အင်္ဂလိပ်လို၊ အမေ့ငယ် နာမည်က ခပ်ရိုးရိုး မြန်မာလို။ အင်္ဂလိပ်လိုကို ဦးတပ်ခေါ်ပြီး၊ မြန်မာလိုကို အန်တီတပ် ခေါ်တယ်။ ဒါကို စိတ်ထဲခိုးလို့ ခုလုမို ဘာလို့  အဲလိုဖြစ်နေတာလဲဆို ပြောဖူးတယ်။

ကျွန်မ ငယ်ငယ်က အဖေ့ကို သူ့ အမျိုးတွေ ခေါ်တဲ့ နာမည်ကို စပြီး သတိထားမိတဲ့ အချိန်မှာ အဖေက ဒေါသကြီးလို့  အဲလို ခေါ်တာလား မေးခဲ့ ဖူးတယ်။ အမေ့ နာမည်ကြားတုန်းကလည်း မေမေက မူးတတ်လို့ လားလို့  အဲလို ခေါ်ကြတာလား ဆိုပြီးလည်း မေးခဲ့ဖူး ပြန်တယ်။ ငယ်နာမည်တွေမှာ ဘာကြောင့် အဲဒီလိုလေးတွေ ခေါ်ရတယ်ဆိုတဲ့ ရာဇ၀င်လေးတွေ ရှိတတ်တယ်လေ။ ဒါလဲ မေးကြည့်ဖူးတာပဲ။ အမေနာမည် ငယ်နာမည်ပေးတာကတော့ ရှင်းတယ်။ မြစ်တစ်စင်းရဲ့ အမည်။ အဖေ့ ငယ်နာမည်က မြန်မာ အင်္ဂလိပ်လို့  ၂ မျိုးယူလို့ ရတယ်တဲ့။ အဖွားက အင်္ဂလိပ်လို အဓိပ္ပါယ်နဲ့  ခေါ်ပြီး၊ အဖိုးက မြန်မာလို အဓိပ္ပါယ် နဲ့  ခေါ်တယ် လို့  အဖွား ပြောဖူးသလိုပဲ။ ဟုတ်မဟုတ်ကို အဖွားကို ပြန်မေးလို့  မရတော့ဘူး။ အဖေ့ဘက်က အဖေဘက်က အဖိုး နဲ့  အဖွားတွေ (အဖေရဲ့ အမေ အဖွားနဲ့  အဖိုး ရဲ့ ညီမ အဖွားလေး) အားလုံး တခြားဘ၀ ပြောင်းသွားတာ အတော် ကြာခဲ့ပြီ။

တခြား မောင်နှမတွေ အဲ့လို မေးခွန်းတွေ မေးမမေးတော့ မသိဘူး။ ကျွန်မကတော့ ငယ်ငယ်က အတော်လေး အမေးအမြန်းထူ တယ်။ ခုထိလည်း မသိရင်၊ သိချင်တာရှိရင် မေးခွန်းထုတ်တုန်းပါပဲ။ ခုတွေးမိတာလေးတွေ ရေးရင်းမှ ကျွန်မ မေးသမျှ လူကြီးတွေက အတော်လေး စိတ်ရှည်လက်ရှည် ရှင်းပြခဲ့တာပဲလို့  သတိထား မိလိုက်တယ်။ တစ်ချို့ မေးခွန်းတွေ နဲ့  အဖြေတွေကို ပြန်မှတ်မိပါသေးတယ်။ ဆက်တွေးရင်း ကျွန်မ သာ သူတို့ နေရာမှာဆို ကလေးတွေကို အဲဒီလောက် စိတ်ရှည်လက်ရှည် ရှင်းပြနိုင်ပါ့မလားဆို သံသယတောင် ဖြစ်မိလာတယ်။ ကိုယ်က နဂိုကတည်းက သိပ်ပြီး စိတ်ရှည်တတ်တဲ့လူမျိုး မဟုတ်ဘူးလေ။

April 23, 2009

မိုးမလင်းသေးဘူး အိပ်ဦး

မိုးမလင်းသေးဘူး အိပ်ဦး...
အိပ်လက်စနဲ့  အိပ်ဦး...
အခုတော့ အိပ်ဦး... အချစ်ဆုံး...


ခုရက်ပိုင်း နားထောင်ဖြစ်တဲ့ သီချင်းတွေထဲက အထက်မှာ ရေးထားတဲ့ စာသားတွေကို အရမ်းကို သဘောကျနေမိပါတယ်.. ချော့သိပ်နေသလိုပဲ။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေတာတွေကိုလည်း ပျောက်သွားစေတယ်။ အိပ်မပျော်နိုင်ဖြစ်နေရင် ဒီသီချင်းလေး နားထောင်လိုက် အိပ်လို့ ရသွားတယ်။ ဒီသီချင်းကို အရင်ကတည်းက ကြိုက်ပြီးသားပါ။ တခြားစာသားတွေလည်း ကောင်းတယ်။ ဆိုတာလည်း ကြိုက်တယ်။ တကယ်ဆို စိုင်းထီးဆိုင် ဆိုခဲ့တဲ့ သီချင်း အတော်များများ၊ စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းစာသားတွေကို ကြိုက်တယ်ဆိုတာ အထူးထပ်ပြောဖို့ တောင် လိုမယ် မထင်ဘူး။

အိပ်မက်ကလှတယ် ဘ၀ကအရုပ်ဆိုးတယ်...
ယုံကြည်နေသူကို နှစ်သိမ့်ပါရစေ..
မိုးမလင်းသေးဘူး အိပ်ဦး

အိပ်မက်တွေထဲက ဘ၀မျိုး ဖန်ဆင်းဖို့ 
ကြင်နာသူ ကိုယ်တယောက် ကြိုးစားဆဲမှာ
အိပ်လက်စနဲ့  အိပ်ဦး...

ဒုက္ခဆိုတာ အကြွေးထားလို့ ရယင်
ဒီဘ၀ မင်းနဲ့ အတူတူ ပျော်ပြီး နောက်ဘ၀ကျမှ
ဒုက္ခတွေတစ်ယောက်တည်း စုခံလိုက်ချင်တယ်..
ကိုယ်ဒီလိုလူစားပါ မင်းသံသယတွေကို
ဘေးဖယ်ထားပါဦး တနေ့ နေ့ ကျယင်
ကိုယ်ဘာမှ မရှင်းပြပဲ နားလည်လို့ လာမယ်
အချစ်ဟာ အချစ်ရဲ့ သက်သေပဲ

အနမ်းနဲ့  ကိုယ်အနှိုးမှာ..
အိပ်မက်နဲ့  တို့ ဘ၀ တူညီနေတာကို .. မင်းတွေ့ ရမယ်.
အခုတော့ အိပ်ဦး... အချစ်ဆုံး...


April 22, 2009

Do less..

ဖတ်မိတာလေး သဘောကျလို့ ...

We sometimes get so caught up in issues and we try to do more than we can. And, we sometimes do more negative things than we do positive!

Do less thinking,
and pay more attention to your heart.

Do less acquiring,
and pay more attention to what you already have.

Do less complaining,
and pay more attention to giving.

Do less controlling,
and pay more attention to letting go.

Do less criticizing,
and pay more attention to complimenting.

Do less arguing,
and pay more attention to forgiveness.

Do less running around,
and pay more attention to stillness.

Do less talking,
and pay more attention to silence.


~~~~

ကဗျာဖတ်ပြီး သဘောကျလို့  ပိုစ့်တင်ပြီးမှ DO LESS ဆိုတာကို ကြည့်ရင်း ကြည့်ရင်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စလို့  အခု အချိန်အထိ အလုပ်က Conference တွေ၊ Meeting တွေတိုင်းမှာ အမြဲ ကြားနေရတဲ့ စကားတစ်ခွန်းကို သတိရသွားတယ်။ အလုပ်မှာ ဖြုတ်တော့ မဖြုတ်သေးဘူး၊ ဒါပေမယ့် ဘယ်သူထွက်ထွက်၊ အဲဒီ ထွက်သွားတဲ့ လူတွေရဲ့ နေရာတွေမှာ အစားထိုးပြန်ခန့် တာမျိုး မရှိတော့ဘူးလို့  ပြောထားတာ ကြာပြီ။ တကယ်လည်း ထပ်မခန့် ဘူး။ ဒီတော့ လူနည်းသွားတယ်၊ ဒါပေမယ့် အလုပ်တွေကတော့ နည်းမသွားဘူး။ အလုပ်တွေပြီးဖို့ ဆို ကျန်တဲ့သူတွေက အရင်ထက် ပိုပြီး အလုပ်လုပ်ကြဖို့  လိုတယ်ဆိုတဲ့ သဘောနဲ့  လူအမျိုးမျိုးက အချိန်အမျိုးမျိုး နေရာအမျိုးမျိုးမှာ စကားပြောဖို့  အခွင့်အရေးကြုံလိုက်တာနဲ့ ဒီစကားကိုပဲ ထပ်တလဲလဲ ပြောနေကြတော့တာပါပဲ။

April 21, 2009

Oracle buys Sun

Oracle က Sun Microsystems ကို ၇.၄ ဘီလီယံ နဲ့  ၀ယ်ယူဖို့ သဘောတူညီမှု့ ရရှိသွားတယ် ဆိုတဲ့ အကြောင်း အခုပဲ ဖတ်လိုက်ရတယ်။ ဒီသတင်းဖတ်ပြီး အံ့သြသွားတယ်။ ထင်မထားတာတွေ ဖြစ်လာလို့ မဟုတ်ဘူး၊ ထင်ထားတာတွေ ဖြစ်လာလို့ ပါ။

ဟိုတလော IBM က Sun ကို ၀ယ်ဖို့  ကြိုးစားတယ် ဖတ်ရတုန်းက တစ်ယောက်နဲ့  အဲဒီကိစ္စ ဘယ်လို ထင်လဲ ပြောဖြစ်တယ်။ Oracle က Sun ကို IBM လက်ထဲ ပါခံမယ် မထင်ဘူး၊ ၀င်လာနိုင်တယ် လို့ ပြောတယ်။ ဘာကြောင့်လဲဆို Oracle ရဲ့ Product တွေ အများစုက Sun Java အပေါ် အတော်လေးကို မှီနေတယ်။ ဘာပဲဖြစ်ဖြစ် IBM က Sun ကို ၀ယ်ထာတက်စာရင် Oracle က Sun ကို ၀ယ်တာတော်သေးတယ်လို့  ယုံကြည်တယ်။ Oracle Sun က ပြီးခဲ့တဲ့ နှစ် ကတင် MySQL ကိုလည်း ၀ယ်ထားတယ်၊ အခု Oracle က Sun ကို လည်း ၀ယ်လိုက်ပြီ။ Opensource တွေဘက်ကကြည့်ရင်တော့ မကောင်းဘူး။

အခု အနေအထားအရဆို Oracle က Microsoft ပြီးရင် အကြီးဆုံးလို့ တောင် ပြောလို့ ရပြီ။ Oracle က MySQL ကို ရသွားတာကိုတော့ အတော်လေး သဘောမကျဘူး။ တကယ်ဆို RedHat ကသာ MySQL ကို ၀ယ်လိုက်နိုင်ခဲ့တယ်ဆို ပွဲက ပိုကြည့်ကောင်းမယ်။

တွေးမိတာတွေ ဆက်ရေးမယ်ဆို အိပ်ရတော့မှာ မဟုတ်ဘူး။ တော်ပြီ အိပ်ပြီ။

Other Related Post :
Oracle to Buy BEA for $8.5 Billion
Sun acquires MySQL !!!

အမှားပြင်ပေးတာ ကျေးဇူးပါ ကို P.Ti

April 20, 2009

Smile!

~ Smile ~
They shorten the miles between the souls.
From ThePhotoILike
Today, give a stranger one of your smiles. It might be the only sunshine he sees all day.
H.Jackson Brown, Jr.
Photo Credit to Rainstealer

April 16, 2009

Collection of 2009 Thingyan Photos

ဒီနေ့  သင်္ကြန် အတက်နေ။ အတာ သင်္ကြန်ပွဲရဲ့ နောက်ဆုံးနေ့ ဆိုတော့ သင်္ကြန်ပွဲကို ဆင်နွဲ ခွင့်ရတဲ့သူတွေ အစွမ်းကုန် ပျော်နိုင်ဖို့  ကြိုးစားနေ လောက်ပြီ။ ဒီနှစ် သင်္ကြန် ပုံတွေ အင်တာနက်ပေါ်မှာ သိပ်မတွေ့ ဘူး။ ကိုယ်ပဲ မတွေ့ တာလား၊ အင်တာနက် နှေးနေလို့  ပုံတွေ တက်မလာတာလားတော့ မသိဘူး။သင်္ကြန်ဓာတ်ပုံတွေ တွေ့ ရင် ပြောပါလို့  တောင်းဆိုသူများ အတွက်။ စုံချင်မှ စုံမယ်၊ ကျွန်မ တွေ့ မိသလောက် နေရာတွေကို စုထားတာပါ။

သင်္ကြန်ဘလော့
ရန်ကုန်သင်္ကြန်
[Home] HtooTayZar ဘလော့မှ သင်္ကြန် အကြောင်းပိုစ့်များ နှင့် ဓာတ်ပုံများ
မန္တလေးသင်္ကြန်
[Home] NyiMinSan ဘလော့မှ သင်္ကြန် အကြောင်းပိုစ့်များ နှင့် ဓာတ်ပုံများ
[Home] MgHla ဘလော့မှ သင်္ကြန် အကြောင်းပိုစ့်များ နှင့် ဓာတ်ပုံများ
တာချီလိတ်သင်္ကြန်
[Home] NineNineSaNay ဘလော့မှ သင်္ကြန်ဓာတ်ပုံများ
အဲဒီ သင်္ကြန်ဖက်ရှင်က ပုံတွေကိုကြည့်၊ တခြားသူတွေတင်ထားတဲ့ သင်္ကြန်ပွဲက လူပုံတွေကိုကြည့်ပြီး သဘောကျနေမိတယ်။

Thangyan Photos from Forums

တခြား ပုံနည်းနည်း စီတင်ထားတဲ့ ဘလော့တွေလည်း တွေ့ မိတယ်။
ဒီအောက်မှာတော့ နေးတစ် ၂၀၀၉ သင်္ကြန် တော့ပစ် မှာ 3dCrazy ဆိုတဲ့ မန်ဘာ တင်ပေးတဲ့ ပုံတွေထဲက ၂ ပုံကို သဘောကျလို့  ပြန်လည် ဖော်ပြတာပါ။ တစ်ယောက်ချင်းတွေကို ရိုက်ထားတာထက်စာရင် ဒါမျိုးကြည့်ရတော့ သင်္ကြန်ပွဲကြီး ဘယ်လောက်တောင် စည်ကားနေတယ်ဆိုတာ သိလိုက်ရတယ်။ ပိုပြီး သဘောကျတယ်။ တခြားပုံတွေပါ ကြည့်ချင်တယ်ဆို နေးတစ်မှာသာ သွားကြည့်လိုက် ပါတယ်။ တခြားမန်ဘာတွေလည်း သင်္ကြန်ဓာတ်ပုံတွေ တင်ပေးနေတာ တွေ့ ရတယ်။


တံတားဖြူမီးပွိုင့်ကနေ အင်းယားလမ်းထဲကို လှမ်းရိုက်ထားခြင်း


တက္ကသိုလ်ရိပ်သာလမ်းသစ်ထဲကို လှည်းတန်းမီးပွိုင့်မှ ရိုက်ထားခြင်း

ခုတော့ ဒီလောက်ပဲ။ နောက်ထပ် ဓာတ်ပုံတွေ Links အသစ်တွေ တွေ့ ရင် Update လုပ်ပါအုံးမယ်။ တခြား သိတာများ ရှိရင်လည်း သတင်းပေးပါအုံး။ Links တွေ ပို့ ပေးတဲ့ သူငယ်ချင်းများ နဲ့  ဓာတ်ပုံတွေကို မျှဝေသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း....

Other Related Post: Collection of 2008 Thingyan Photos

ပန်းပိတောက်မင်း



လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖလ်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ။

တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း။

မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း … ။ … ။
(ဦးကြော့)

မခူးချင်စမ်းပါနဲ့
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြည်ပြည်လိမ်းကာပ
ခပ်သိမ်းနယ် စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပေါ့
ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ်
ရည်ရွယ်တော့ သလား။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်လို့
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပ
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ် …
ပန်းပိတောက်များ … ။ … ။
(ဇော်ဂျီ)

မဟန တင်ထားတဲ့ ပိတောက်ပန်းပုံတွေ၊ ကိုဖြိုး ရဲ့ ပိတောက်ပန်းပုံတွေကို ကြည့်ပြီး လတန်ခူးပေမို့  အစချီတဲ့ ပိတောက်ပန်း ကဗျာလေးကို သတိရသွားတယ်။ အဲဒီကဗျာလေးက ကျောင်းတုန်းက သင်ခဲ့ရတာဆိုတော့ ကဗျာတစ်ခုလုံးကို အလွတ်ဆိုလို့ ရပေမယ့် တစ်ချို့ စကားလုံးတွေ မှားသွားမှာ စိုးတာကြောင့် ဂူးဂဲလ်လုပ်ကြည့်လိုက်တဲ့ အခါ မမေဓာဝီ တင်ထားတဲ့ ကဗျာလေးတွေကို သွားတွေ့ တယ်။ ဇော်ဂျီ ရေးတဲ့ ပိတောက်ပန်း ကဗျာထဲက စာသားတစ်ချို့ ကို သိပေမယ့် အဲဒီကဗျာကိုတော့ အလွတ် မရဘူး။ ကဗျာတွေရော၊ ပန်းတွေရော သဘောကျတာနဲ့  မှတ်ထားလိုက်ပါတယ်။ ပုံထဲက ပိတောက်ပန်းတွေက မြန်မာပြည်မှာ ပွင့်တဲ့ ပိတောက်ပန်းတွေတော့ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်နေရာမှာပွင့်တဲ့ ပိတောက်ပန်း ဖြစ်ပါစေ... ပိတောက်ပန်း ဆိုတာနဲ့  ပိတောက်ပန်း မြင်တာနဲ့  ကိုယ့်တိုင်းပြည်ကိုပဲ သတိရမိပါတယ်။

Other Related Post :
National Flower: Burma Padauk!

April 15, 2009

ယိုးဒယားစာ



တုံယမ်းဟင်း ၁ ပွဲ ၊ ယိုးဒယား ငပိထောင်း ၁ ပွဲ ၊ သဘောင်္သီးထောင်း ၂ ပွဲ၊ ဖားအကျွတ်ကြော် ၂ ပွဲ၊ ကြက်အရေခွံကြော် ၃ ပွဲ (၄ ပွဲ) ၊ အသားသုတ် ၁ပွဲ ( ၀က်သား ထင်တယ်)၊ အရွက်ကြော် ၁ ပွဲ (ကန်စွန်းရွက်)

လဆန်းပိုင်းတုန်းက သူငယ်ချင်းတွေ နဲ့  Golden Mile မှာ ထိုင်းအစားအသောက်ကို ညစာအဖြစ် သွားစားတုန်း ရိုက်ထားတဲ့ပုံ။ စားနေကြ ဆိုင်။ မြန်မာ စာပွဲထိုးတွေရှိလို့  မြန်မာလို မှာလို့ ရတယ်ဆိုတဲ့ ဆိုင်မှာ။ အားလုံး ၆ ယောက် အ၀ စားတာ ၁၀၀ ကုန် ပါတယ်။ ဓာတ်ပုံထဲမှာ အကုန်တောင် မပါဘူး။ အတော် လေးစားပြီးမှ ဓာတ်ပုံရိုက်ဖို့  သတိရတယ်။ တစ်ပွဲချင်းလည်း မရိုက်နိုင်ဘူး၊ အမြန်ရိုက်၊ စားဖို့ က အရေးကြီးနေတယ်။

Diandin Leluk Thai Restaurant Pte Ltd
Address : 5001 Beach Road, #01-67 (01-71) Golden Mile Complex, Singapore, 199588
Tel: 6293 5101

ဒီဆိုင် သွားစားတိုင်း မှတ်တမ်း မတင်ဖြစ်ပေမယ့် တစ်ခါတလေတော့ ဒီလိုတွေ မှတ်ထားဖြစ်ခဲ့တယ်...
12-13 July 2008
14 Jan 2008

April 11, 2009

The day it rained..

From ThePhotoITook

From ThePhotoITook

From ThePhotoITook
နောက်တစ်ပုံ ဆက်ရိုက်နိုင်ရင် ပိုကောင်းနိုင်ပေမယ့် ရထားရှေ့ တိုးလာတာကြည့်ပြီး လန့် သွားလို့  ဆက်မရိုက် ဖြစ်လိုက်ဘူး။ ရထားလွတ်သွား မှာလည်း စိုးရိမ်တယ်။
From ThePhotoITook

ရထားစောင့်ရင်း ရှေ့ တည့်တည့်မှာ မြင်ရတာကို ရိုက်ထားတာပါ။ ဘယ်နေရာလဲ အပင်ပန်းခံ မှန်းနေမှာ စိုးရိမ်လို့  ကြိုပြောလိုက်တယ်။ အားလုံးသိတဲ့ Clementi MRT မှာ ရိုက်ထားတာပါ။ ပုံတွေအားလုံး ဖုန်းထဲက ထွက်တဲ့အတိုင်း ဘောင်တပ်တာကလွဲရင် ဘာမှ မပြင်ထားဘူး။

အဲဒီနေ့ က မိုးတွေရွာနေတယ်..
...