ခရီးအတွက်ဆို ဗီဇာယူတာက စရမယ်။ အမေလာတုန်း မလေးသွားဖြစ်တဲ့အချိန်ယူထားတဲ့ ဗီဇာက ကုန်သွားတော့ ထပ်လျှောက်ရတယ်။ ပင်နီဆူးလားက မြန်မာဆိုင်မှာ လျှောက်လိုက်တယ်။ တနင်္လာနေ့ လျှောက်တာ သွားမယ့် သောကြာနေ့ လယ်မှ ရတယ်။ အတူသွားတဲ့ သူတွေမှာ တချို့ က ဗီဇာ ရှိပြီးသား။ အလုပ်က စောထွက်လို့ ရတဲ့သူငယ်ချင်းတစ်ယောက်က အလုပ်ကနေ စောထွက်ပြီး ယူဇာသွားယူလို့  အဆင်ပြေသွားတယ်။
ပီနန်သွားတဲ့ ခရီးစဉ်တစ်ခုလုံး ကျွန်မစီစဉ်တာ ဘာမှ မပါဘူး။ သူငယ်ချင်းတွေ စီစဉ်ထားတဲ့ အတိုင်း နောက်ကလိုက်တာကြီးပဲ။ ပထမ လူငယ် လေးယောက်ရယ်၊ သူငယ်ချင်းတစ်ယောက်ရဲ့ ရန်ကုန်ကလာတဲ့ မိဘနှစ်ပါး ရယ် အားလုံး ၆ ယောက်။ နောက်သွားမယ်ရက်မှာမှ သူငယ်ချင်းတစ်ယောက်ရဲ့ အမေနဲ့  ညီမပါ လိုက်မယ်ဆိုတော့ တကယ်သွားဖြစ်တဲ့ အချိန်မှာ အားလုံး စုစုပေါင်း ၈ ယောက် သွားဖြစ်သွားခဲ့တယ်။
အသွားမှာ စင်္ကာပူကနေ ကားတန်းမစီးပဲ မလေးရှား ဂျေဘီကိုသွား၊ ဟိုကမှ ကားစီးတယ်။ အဲဒီလို စီးတဲ့အတွက် ကားခ တ၀က်သက် သာတယ်လို့ သိရတယ်။ စီစဉ်တဲ့သူငယ်ချင်းရဲ့ညီက ဂျေဘီကို တစ်ရက်သွားပြီး ကားလတ်မှတ်ကြို ၀ယ်ပေးတယ်။ အပြန်မှာတော့ ပီနန်ကနေ စင်္ကာပူအထိ တိုက်ရိုက် ကားလတ်မှတ်ဝယ်ပြီး ပြန်ပါတယ်။ ဂျေဘီကို ဘတ်စ်နဲ့ အသွား စင်္ကာပူကာစတန်လည်းကျော်ပြီးရော တံတားပေါ်မှာ ကားဟွန်းတီးသံတွေ ဆူညံနေအောင်ကြားလိုက်ရတယ်။ ဒီလို အကြောင်းမရှိ တီတီတွမ်တွမ်းတီးနဲ့  ဟွန်းသံပေါင်းစုံ ကြားလိုက်ရတာ ထူးဆန်သွားတယ်။ ဒါမျိုး မကြားရတာ ကြာပြီလေ။ ပြေးပြေးလွှားလွှား သွားလိုက်တာ ပီနန်အသွား ကားဂိတ်ရောက်မှ အမောဖြေရတော့တယ်။
ဂျေဘီကနေ ည ၉ နာရီလောက်က ကားစစီးတာ ပီနန်ကို မနက် ၅-၆ နာရီလောက်ရောက်တယ်။ ဂျေဘီက ထွက်ပြီး သိပ်မကြာပါဘူး၊ ဓာတ်ဆီဆိုင်တစ်ခုမှာ ကားရပ်နေတာ ကြုံရတာ။ နောက်မှသိရတယ်၊ လူတစ်ယောက်ကျန်ခဲ့လို့  စောင့်နေတာတဲ့။ ကျန်ခဲ့တဲ့သူက တက်စ်စီနဲ့ ရောက်လာမှ ကားဆက်ထွက်တယ်။ အသွားလမ်းမှာ ကြုံရတာတွေက ဘာမှ ထွေထွေထူးထူးပြောဖို့ မရှိဘူး။ မှောင်လို့ မည်းလို့ ။ ကျွန်မ အတွက် မမှတ်ရစရာဆိုလို့ ... အဲယားကွန်းက အရမ်းအေးတယ်။ တစ်ညလုံး ကားပေါ်မှာ ချမ်းတာလည်း မပြောနဲ့ ။ အနွေးထည်မှ မပါတာ။ ယူဖို့ လိုတယ် မထင်ဘူးလို တစ်ထည်မှ ယူမသွားဘူးလေ။ လမ်းမှာ ကားခဏရပ်တဲ့ အချိန်မှာ သူငယ်ချင်းရဲ့ အမေက ပုဝါတစ်ထည်ပေးလို့  တော်သေးတယ်။ ဒါပေမယ့် အေးတာပဲ။ အရမ်းအေးတဲ့နေရာတွေမှာ နေဖူးပါတယ်။ ခရီးလည်း သွားဖူးတယ်။ အေးမှန်းသိတော့ အနွေးထည် အပြည့်အစုံ အမြဲရှိနေတတ်တော့ ကိစ်စမရှိဘူး။ အဲဒီ ပီနန်အသွားညကတော့ အအေးကြောက်တဲ့၊ အထူသဖြင့် အဲယားကွန်းတွေ အရမ်းဖွင့်လို့  အေးတဲ့ အအေးကို မခံနိုင်တဲ့ ကျွန်မ အတွက် တကယ့်ကို ငရဲပဲ။ ပူတဲ့ ငရဲမဟုတ်ဘူး အေးတဲ့ ငရဲ။
တစ်လမ်းလုံး အိပ်လိုက်နိုးလိုက်နဲ့  မနက်အလင်းရောင်လေး နည်းနည်းရကတည်းက ဆက်မအိပ်ဖြစ်ပဲ ကားပြူတင်းပေါက်က မြင်နေရတဲ့ မြင်ကွင်းတွေကို လိုက်ကြည့်နေမိတယ်။ ဘယ်ရောက်လို့  ရောက်မှန်းမသိ၊ ကြည့်နေရင်း ၀ိုးတိုးဝါးတာ အလင်းရောင်အောက်မှာ တံတားတစ်ခုကိုတွေ့ လိုက်ရတယ်။ အဲဒီတံတားကို ကား ဖြတ်တာ အတော်လေးကြာတယ်။ နောက်မှ အဲဒီတံတားကြီးက နာမည်ကျော် ပီနန်းတံတား(Penang Bridge) မှန်း သိလိုက်ရတယ်။ အောက်ကပုံက အင်တာနက် ဒီနေရာ ယူထားတဲ့ ပုံပါ။
ကားရပ်တဲ့ နေရာကနေ ဟော်တယ်ကို တက်စ်စီ နှစ်စီးနဲ့  သွားကြတယ်။ မနက်စောနေတဲ့ အတွက် CheckIn ၀င်လို့ မရသေးတာနဲ့  ခဏထိုင်၊ မျက်နှာသစ် အ၀တ်အစားလဲတဲ့သူကလဲပြီး အနီးအနား မှာ မနက်စာ ထွက်စားဖြစ်တယ်။ ပြီးတော့ အလည်အပတ်ခရီးစဉ်ကို စခဲ့ကြတယ်။ မနက်စားပြီး ဟိုတယ်မပြန်သေးပဲ အနီးနားက ပီနန်းဘုန်းကြီးကျောင်းကို သွားခဲ့တယ်။ ပြန်မယ့်နေ့  မနက်စောစောပိုင်းကလည်း ဘုန်းကြီးကျောင်းကို ထပ်သွားဖြစ်တယ်။ ပီနန်းခရီးစဉ်မှာ ပထမဆုံး သွားခဲ့တဲ့ နေရာနဲ့  နောက်ဆုံး ရောက်ခဲ့တဲ့ နေရာက ပီနန်ဘုန်းကြီးကျောင်းပါပဲ။
ပြီးတော့ ဟိုတယ်ပြန်ပြီး ဘယ်လို လျှောက်လည်မလည်း စဉ်းစား စီစဉ်တယ်။ ဟိုမေးဒီမေးနဲ့  နောက်ဆုံး ကားငှါးပြီး သွားတာ ပိုပြီးအဆင်ပြေမယ် ဆုံးဖြတ်သဘောတူကြပြီး ဟိုတယ်က အစီအစဉ်နဲ့  ကားငှါးလို့  လယ်ပတ်မှု့ တွေကို စတင်ခဲ့ကြပါတယ်။
ဘယ်တွေ သွားခဲ့လည်းဆိုတာ ပြန်စဉ်းစားရတယ်..
ပထမနေ့ .....
ပီနန်းဘုန်းကြီးကျောင်း.. (လမ်းလျှောက်သွားတာ)
ပီနန်တံတား နဲ့  Jerejak Island ကိုဖို့  ferry စီတဲ့နေရာ (ကားဆရာက ခေါ်သွားလို့  သွားကြည့်ရုံပဲ - ကျွန်းကိုတော့ မသွားဖြစ်ဘူး)
မြွေဘုရားကျောင်း
ကွမ်ရင်မယ်တော်
လင်းနို့ ဘုရားကျောင်း
ကမ်းခြေသွားပြီး ဆော့တယ်..
ညဈေးတန်းသွားပြီး ညစာစား
ပြီးတော့ ဟော်တယ်ပြန်နားတယ်။
ဒုတိယနေ့  ..
Breakfast
Penang Hill
Butterfly Farm
Tropical Fruit Farm
Fishing village
Plaza Gurney သွားပြီးဈေးဝယ်တယ်
ပြီးတော့ ဟောတယ်ပြန် ရေမိုးချိုး..
သူငယ်ချင်းလေးယောက် အပြင်ထွက်ပြီး စကားပြောကြတယ်။
တတိယနေ့  မနက်
စောစောထ လမ်းလျှောက် ဘုန်းကြီးကျောင်းသွားဖြစ်တယ်။
နောက်တော့ ဟောတယ်ပြန် မနက်စာစား
ကားဂိတ်သွားလို့  ကားကြီးစီးပြီး စင်္ကာပူကို ပြန်ခဲ့တာ ည ၇ နာရီလောက်ပြန်ရောက်တယ်။
(လက်ဆောင်ရတဲ့ ကွန်ပြူတာနဲ့  ပထမဆုံး ရေးတဲ့ပိုစ့်ပဲ)