ဒီနေ့  Zoo ကိုသွားဖြစ်ခဲ့တယ်။ သူငယ်ချင်းတွေနဲ့  နောက်နေ့ ကြအတိုင်း ပြောရမယ်ဆိုရင်တော့ ဒီနေ့  အမျိုးတွေ သွားကြည့်ဖြစ်ခဲ့တယ်ပေါ့လေ။ ဒီနေ့ နဲ့ ဆို အဲဒီကို ရောက်တာ ၂ ခေါက်ရှိပြီပေါ့။ လွန်ခဲ့တဲ့ ၃ ကျော်က ပထမ တစ်ခေါက် ရောက်ခဲ့ဖူးတယ်။ ဒီနိုင်ငံက ကျဉ်းရတဲ့ အထဲ သွားစရာ နေရာကလည် များများ စားစားမရှိဘူး။ ဟိုလတွေထဲက တစ်နေရာရာ သွားဦးမယ် စိတ်ကူးနေတာကနေ zoo သွားဖို့  admission tickets အလုပ်ကနေ လျှောက်လို့ ရသွားတယ်လေ။
ဇွဲကြီးတယ်ဆိုရမလား မိုးတွေရွာနေတဲ့ အကြားက ထီးဆောင်းပြီး အနှံ့ လျှောက်ကြည့်ခဲ့ပါတယ်။ ဆိုးလိုက်တဲ့မိုး ၊ မနက်တည်းကစပြီး တနေ့ လုံး တဖွဲဖွဲ ရွာနေလိုက်တာ ညနေပိုင်း အိမ်ပြန်ခါနီးမှပဲ မိုးစဲသွားတော့တယ်။ ဓာတ်ပုံတွေလည်း အတော်များများ ရိုက်ဖြစ်တယ်။ မိုးရွာထဲဆိုတော့ သိပ်တော့ အဆင်မပြေဘူးပေါ့။ မိုးရွာနေလို့  လူရှင်းနေတယ် မထင်ပါနဲ့ ၊ သွားစရာမရှိ၊ ရတဲ့ အားလပ်ရက်လေး အချိန်လုပြီး လာကြရတယ် ထင်ပါတယ်၊ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတာပါပဲ။
အချိန်ရတယ်ဆိုရင်တော့ ကျွန်မသူငယ်ချင်း ရိုက်ထားတဲ့ ဓာတ်ပုံတချို့ နဲ့  ကျွန်မ မြင်သမျှလေးတွေ မှတ်မိသလောက် ချရေးထားတာကို ဖတ်ကြည့်နိုင်ပါတယ်။
A Day at the Singapore Zoo - 13 October 2007 Singapore Zoo ဆိုတာ တကယ်တော့ ရနိုင်သမျှ မြေကျဉ်းကျဉ်းလေးမှာ အကန့် လေးတွေလို့ နေရာတွေ ကန့် သတ်ပြီး အကောင်တွေကို စုပြုံထဲထားတဲ့ နေရာတစ်ခုပါ။ ဒီနိုင်ငံမှာ ငါတို့ လူတွေမှ ကျဉ်းကျဉ်းကျပ်ကျပ် နေရတာ မဟုတ်ဘူး၊ ဒီထဲက အကောင်တွေလဲ ရေပတ်လယ်ဝိုင်းနေတဲ့ နေရာ ကျဉ်းကျဉ်းလေးတွေမှာ နေနေရတာပါလားလို့  တွေးမိပြီး ကိုယ့်ကိုကိုယ်ပဲ သနားရတော့မလိုလို၊ အဲ့ဒီအကောင်တွေပဲ သနားရတော့မလိုလို၊ ကိုယ်တွေနဲ့  သူတို့ နဲ့  တစ်ခုခု လာတူနေသလိုလို စိတ်ထဲ တမျိုးကြီးတောင် ဖြစ်ခဲ့သေးတယ်။
ဒါနဲ့  စင်္ကာပူက တိရစ္ဆာန်ရုံမှာ အများဆုံးရှိနေတာ မျောက်တွေပါပဲ။ ချန်ပန်စီ၊ မျောက်ဖင်နီ၊ မျောက်ညို၊ မျောက်မဲ၊ မျောက်လွှဲကျော် နဲ့  တခြား အမျိုးပေါင်း တော်တော်လေးရှိတာတွေ့ ရတယ်။ ကျွန်မ အမှတ်မမှားဘူးဆိုရင် "Colourful world of the Monkeys" ဆိုတာတောင် မြင်မိသလိုပါပဲ။ သူတို့  နေရာ ချထားပုံအရ ဘယ်နေရာ ကြည့်ကြည့် အဲ့ဒီမျောက်တွေပဲ မလွဲအောင် ဖြစ်နေတယ်။ မယုံရင် ဒီ
Singapore Zoo Map မှာ ကြည့်ကြည့်ပါ။ မျောက်တွေ ဘယ်လောက်များလဲ တွေ့ ရမယ်။
စိတ်ဝင်စားစရာဆိုလို့  ကျားဖြူ ( White Tiger) 3 ကောင်တွေ့ ခဲ့တယ်။ အဲ့ဒီအချိန်မှာ မိုးတွေက သည်းကြီးမည်းကြီး ရွာချလိုက်တော့ မိုးရေထဲမှာ စိတ်ပျက်နေတဲ့ ကျားဖြူကြီးတွေ တွေ့ ခဲ့ရတာပေါ့။ ထိုင်ရာမထ အပျင်းထူ နေကြတယ်။ ကြည့်နေတဲ့ ခနမှာ ခေါင်းလေးတွေ နည်းနည်းလှုပ်တာကလွဲရင် အမြှီးတောင် မလှုပ်၊ ဘယ်နေရာမှလည်း မရွေ့ ကြဘူး။ လှတာတော့ အတော်လေး လှတယ်။ ၀လည်း ၀တယ်လို့ ပြောနိုင်ပါတယ်။ လှလှ၀၀ ဖြူဖြူကျားကျား ကြီးတွေပေါ့။
Polar Bear နှစ်ကောင်၊ ( အမေ (Sheba)နဲ့ သားလို့ သိရတယ်) ကိုလည်း တွေ့ ခဲ့ပါတယ်။ အဖြူရောင် အမွှေးတွေက သိပ်မဖြူပဲ ၀ါတာတာဖြစ်နေတယ်။ အမေဖြစ်တဲ့အကောင်က ငြိမ်နေပြီး သားဖြစ်တဲ့ အကောင်ကတော့ ရေထဲမှာ ဟိုဘက်ကူလိုက်၊ ဒီဘက်ကူးလိုက် လုပ်နေတာ တွေ့ ခဲ့ရတယ်။ နေရတာက ကျဉ်းရတဲ့အထဲ ရာသီဥတုပူလို့ နဲ့ တူပါတယ် အမွှေးတွေက ကွတ်တိကွတ်ကြား ကျွတ်နေတာ မြင်ရတော့ သူတို့ ကို ကြည့်ပြီး သနားတောင်လာတယ်။ ရေမြင်း အကြီး ၂ကောင် ပေါက်စလေးတစ်ကောင် ၃ ကောင်လည်းတွေ့ ခဲ့တယ်။ ရေမြင်းပေါက်စလေးဆိုပေ့မယ့် သူ့ အရွယ်အစားက ကျွန်မထက်တော့ ကြီးပါသေးတယ်။
ကျား၊ ကျားသစ်၊ မြေခွေ၊ ဒရယ်တို့  တခြားဘာမှန်းမသိတဲ့ အကောင်တွေလည်း ကြည့်တော့ကြည့်ခဲ့တယ်။ အချို့  အကောင်တွေက သိပ်မမြင်ရဘူး။ မိုးရွာလို့  မိုးလွတ်ရာမှာ ခိုအောင်နေကြတယ် ထင်ပါတယ်။ အသေအချာ အနီးကပ်ကြည့်ခဲ့ နိုင်တာကတော့ မြွေတွေပါပဲ။ စင်္ကာပူ တိရစ္ဆာန်ရုံမှာ အဲ့လို အသေအခြာ မြင်နိုင်တာဆိုလို့  မြွေပဲရှိမယ်ထင်ပါတယ်။ ကြည့်နိုင်မှာပေါ့ သူတို့ ကိုက မှန်အိမ်တွေထဲ ထည့်ထားတာလေ။ အချို့ မြွေကြီးတွေက အကြီးကြီးတွေ၊ တချို့ မြွေတွေကတော့ အတော်သေးတယ်၊ မှန်ပုံးနားကပ်ပြီး ဘယ်ဟာမြွေလည်းဆိုတာ အတော်လေးလိုက်ရှာ လိုက်ရသေးတယ်။ ကျွန်မ မျက်စိဘယ်လောက်ကန်းလဲဆိုတာ ပြောပြရဦးမယ်။ မြွေတွေလိုက်ကြည့်ရင်း တစ်နေရာမှာ ပုံးထဲက မြွေဘယ်မှာလည်းဆိုပြီး အသည်းအသန် အနီးကပ်ကြည့်ပြီး လိုက်ရှာတာ ဘေးကလူက ဒီမှာလေဆိုပြီး ပြမှပဲ မြွေက ကျွန်မမျက်နှာတည့်တည့် သစ်ကိုင်းပေါ်မှာ ရှိနေတာ တွေ့ လိုက်ရတယ်။ တိရိစ္ဆာန်ရုံမှာမို့ တော်သေးတယ်။ အပြင်မှာ တကယ်သာဆို ကျွန်မ အခုလို ဘယ်လျှောက်ရေး နေနိုင်တော့မလဲ။ အဲ့ဒီမြွေပေါက်လိုက်လို့  ဘ၀တပါးသို့  ပြောင်းရွှေ့ သွားလောက်ပြီ။
ကြည့်ရတာ အားအရဆုံးကတော့ ကြံ့ကြီးတွေပါပဲ။ ကြံ့ဖြူကြီးတွေ၊ နည်းတဲ့အကောင်ကြီးတွေ မဟုတ်ဘူး။ အကြီးကြီးတွေ။ လမ်းလျှောက်တာ မိန့် မိန့် ကြီးနဲ့  သူတို့ ကို ကြည့်ရတာ အားရပါးရ ရှိလှတယ်။ အားလုံးပေါင်း ၅-၆ ကောင်လောက်ရှိမယ် ထင်တယ်။ အစားကျွေးချိန်နဲ့  တိုက်ဆိုင်သွားလို့  တစ်ကောင်နဲ့ တစ်ကောင် အပြိုင်အဆိုင်တိုးလို့  အစာလုစားနေကြတာကို တွေ့ ခဲ့တယ်။ သူတို့ အကြား ကျွန်မ ၀င်တိုးရင်တော့ အရိုးတောင် ပြန်ရှာလို့ တွေ့ ပါ့မလား မသိဘူး။
ခြင်္သေ့ကြည့်မယ်ဆိုပြီး အတော်လေး လိုက်ရှာလိုက်ရသေးတယ်။ နောက်ဆုံး တွေ့ လည်းတွေ့ ရော စိတ်ပျက်သွားတယ်။ ရေလယ်ကောင် ကုန်းကျဉ်းလေးပေါ်က စိုစွတ်စွတ်နေရာမှာ ပျင်းရိပျင်းတွဲ ထိုင်နေတဲ့ (African Lion) ခြင်္သေ့ထီးတစ်ကောင် နဲ့  ခြင်္သေ့မ ၃ ကောင်။ နည်းနည်းဝေးတော့ အကောင်တွေကိုလည်း ကောင်ကောင်းမမြင်ရဘူး။ ခြင်္သေ့တွေနဲ ပတ်သက်လို့  သဘောကျတာဆိုလို့  အဲ့ဒီနားမှာ ရိုက်ထားတဲ့ ကိုယ့်ဓာတ်ပုံပဲရှိတယ်။ ခြင်္သေ့နဲ့ လူ ၊ နောက်ကခြင်္သေ့ကိုတော့ ကောင်းကောင်းမတွေ့ ရဘူး၊ အရှေ့က လူကတော့ ပြူးနေတာပဲ။ ရိုက်ပေးတဲ့ သူငယ်ချင်းတော်လို့ လား ကိုယ်ကပဲ လှနေလို့ လား မသိဘူး အဲ့ဒီဓာတ်ပုံက ကြည့်လို့ တော့ အတော်ကောင်းသား။ (ကြည့်ကောင်းတယ်လို့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ခြင်းသာဖြစ်ပါသည်။ :D)
သတိထားမိလိုက်တာ တစ်ခုရှိသေးတယ်။ Tropical crops plantation ဆိုပြီး နေရာတစ်ခုယူလို့  အပင်တွေစိုက်ပြထားတာပါ။ ဘယ်အသီးက ဘယ်အပင်ကထွက်တယ်ဆိုတာ သိအောင်ဖြစ်မယ် ထင်တယ်။ ဒီနိုင်ငံက စိုက်ပျိုးရေးနိုင်ငံမဟုတ်သလို စိုက်စရာနေရာကမရှိတော့ လူတွေက အပင်တွေအကြောင်း စာတွေ့ လောက်ပဲသိလို့ ၊ အပင်နဲ့ ပါ တွဲပြီး မြင်ဖူးအောင် ရှိတဲ့ နေရာကျဉ်းလေးမှာစုပြီး စိုက်ပြထားတာ ဖြစ်မယ် ထင်ပါတယ်။ ဘယ်လိုပြထားလဲဆိုတော့ ဥပမာ မင်းဂွတ်သီးပင် တစ်ပင်ရှိတယ်၊ အဲ့ဒီ အောက်မှာဆို ဘာအပင်လည်းဆိုတာ စာရေးပြထားပြီး မင်းဂွတ်သီးပုံ အရုပ်တစ်ခု အပင်အောက်မှ လုပ်ပေးထားတယ်။ အသေအချာ အပင်ကို မော့ကြည့်ခဲ့တယ်။ ဘာသီးမှ မတွေ့ ခဲ့ဘူး။ အဲ့လိုပဲ နာနတ်သီးပင်၊ သြဇာသီးပင်၊ ငရုတ်သီးပင် (ဒါကတော့ အသီးတွေ သီးနေပါတယ်)၊ ငှက်ပျောပင် ၊ကဘလာသီးပင် နဲ့  တခြား အပင်လေးတွေ အတော်များများ တွေ့ ရတယ်။
သစ်ခွ ပန်းပင်တစ်ချို့  စိုက်ပြထားတဲ့ နေရာကိုလည်း တွေ့ ရတယ်။ အဲ့ဒီထဲက ဒန်းစီးလေဒီလို့  ကျွန်မတို့ ခေါ်ကြတဲ့ အ၀ါရောင်ပန်းလေးတွေနဲ့  အမျိုးတူ အရောင်ကွဲတဲ့ ပန်းတွေလည်းတွေ့ ရတယ်။ အရမ်း ထူးထူးခြားခြားတော့ မရှိပါဘူး။ ပန်းတွေ ကြည့်ချင်တယ်ဆို Orchid Gardens ကိုသွားကြည့်ရမယ် ထင်ပါတယ်။ သူငယ်ချင်းက ပန်းနဲ့ အပြိုင် လူပါပါတဲ့ ပုံတချို့ ရိုက်ပေးပေမယ့် ပန်းကလှပြီး လူကမလိုက်နိုင်တော့ လူနဲ့ ပန်းနဲ့ တွဲရက်ပုံတွေကို စိတ်နာလွန်းပြီး ကျွန်မသူငယ်ချင်း ပန်းပွင့်လေးတွေကြီးသာ သီးသန့်  ရိုက်ထားတဲ့ ပုံတချို့ ကို ပဲ ကြည့်ပါတော့။
သူတို့ စီမှာ နေရာသိပ်မရှိလို့ ထင်ပါတယ်။ တစ်ချို့ အကောင်တွေကို ရောပြီးထားတယ်။ မှတ်မိသလောက် မြင်းကျား ၇-၈ ကောင်နဲ့ ငှက်ကုလားအုတ် ၂ ကောင်ကို ရောထားတာ တွေ့ ရတယ်။ ငှက်ကုလားအုတ်က ဥတွေဥလို့  မြင်းကျားက တတ်နင်းရင် ဘယ်လိုလုပ်မလဲနော်။ အတွေးကြောင်တယ်ဆိုရမယ်။ မျောက်နဲ့  တောင်ဆိတ်လို အကောင်ကို ရောထားတာတွေ့ ရတယ်။ ဒါကတော့ ကိစ္စ သိပ်မရှိဘူး ထင်ပါတယ်။ နောက် ကြံ့တွေနဲ့  ခေါင်းမှာ ဦးဂျိုပါတဲ့ မြင်းလိုလို အကောင်၊ ဘာကောင်မှန်းမဖတ်လိုက်မိဘူး။ တခြား သမင်တွေနဲ့  ဘာငှက်မှန်းမသိတဲ့ ငှက်လေးတွေကိုရောထားတာ လည်း တွေ့ ခဲ့ သေးတယ်။ ရှိသမျှနေရလေးမှာ ရသမျှ အကောင်လေးတွေကို အကုန်စုံအောင် ပြနိုင်ဖို့  ကြိုးစားထားတာ ဖြစ်နိုင်ပါတယ်။
နောက်ပြီး Singapore Zoo မှာ သဘောကျတာတစ်ခုက ထွက်ပေါက် နားက အရုပ်ဆိုင်ပါပဲ။ အရုပ်တွေ အများကြီး ရှိတယ်။ အရုပ်တွေကို လိုက်ကိုင်ကြည့်လို့  သိရသလောက်တော့ အမျိုးအစား ကောင်းတယ် ပြောရမယ်။ အမွှေးပွပွ၊ အိအိလေးတွေ။ ဈေးတော့ကြီးတယ်။ ကိုယ်လက်ခံနိုင်တဲ့ အရုပ်ဆိုဒ်လောက်ဆို ၄၀-၅၀ တော့ အနည်းဆုံးပေးရတယ်။ မ၀ယ်ခဲ့ပေမယ့် အရုပ်တွေနဲ့  ဓာတ်ပုံရိုက်ခဲ့တယ်။ ဓာတ်ပုံရိုက်လို့ လဲ ဘာမှမပြောဘူး။ အပြင်ကအရုပ်ဆိုင်တွေမှာဆို ဓာတ်ပုံရိုက်ခွင့်မရှိဘူးလေ။ ပိုလာဝက်ဝံအဖြူလေးရုပ်လေး၊ ကျားအဖြူလေး၊ ခြင်္သေ့ရုပ်၊ ဖျံရုပ် .. အင်း အဲဒီက အရုပ် အတော်များများကို သဘောကျတယ်။
သူတို့  zoo ကိုကြည့်ပြီး ကျွန်မတို့  နိုင်ငံ ရန်ကုန်မြို့က တိရစ္ဆာန်ရုံကိုတောင် သတိရမိတယ်။ ဟိုးတလော ကတောင် နှစ်၁၀၀ ပြည့်ပွဲဆိုလား လုပ်သွားတယ်လို့ ကြားလိုက်သလိုပဲ။ ရန်ကုန်တိရိစ္ဆာန်ဥယာဉ်ကို မရောက်တာ အတော်ကြာပြီ။ ဟိုးငယ်ငယ်က အိမ်ကလိုက်ပို့ တုန်းက ရောက်ဖူးတာပဲရှိတယ်။ နောက်ပိုင်းတော့ အိမ်မှာ ဘယ်သူမှ မအားတာနဲ့  မရောက်ဖြစ်တော့ဘူး။ မိုမိုရေ ဆို ၀ူးလို့  ထူးတတ်တဲ့ ဆင်ကြီးကို သတိရတယ်။ ဆင်တွေ၊ မွေတွေနဲ့ ကပြတဲ့ ပွဲတွေကို နည်းနည်း မှတ်မိသေးတယ်။ ဆင်တွေကို ကြံတွေ ၀ယ်ပြီး ကျွေးတာ၊ မျောက်တွေကို ငှက်ပျောသီးကျွေးတာ သတိ၇တယ်။ ဒါနဲ့  ဒီစင်္ကာပူမှာ တရိစ္ဆာန်တွေကို အစားကျွေးခွင့် မရှိဘူးနော်။ သူတို့ က စည်းနဲ့ ကမ်းနဲ့  အချိန်နဲ့ ကျွေးတာ။ ဘယ်အကောင်ကို ဘယ်အချိန်မှာ ကျွေးရမယ်ဆိုတာ ရေးထားတာတွေ့ ရတယ်။ အစားကျွေးချိန်မှာရောက်သွားရင်တော့ ၀ယ်ကျွေးလို့ ရလားမရလား ကျွန်မသိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့  ရန်ကုန်မြို့က တိရစ္ဆာန်ရုံက ဒီစင်္ကာပူထက် အများကြီးသာပါတယ်။ နေရာ အကျယ်ကြီးမှာ အကောင်တွေ အများကြီးရှိတယ်။ ကလေးတွေ ကစားဖို့ နေရာ အကျယ်ကြီး ရှိတယ်။ ပြောစရာဆိုလို့  ကျွန်မတို့ စီက အကောင်တွေက အစားကောင်းကောင်း မစားရလို့  ပိန်နေပြီး ဒီက အကောင်တွေက အစာကောင်းကောင်း စားရလို့  ၀နေ၊ လှနေတာ တစ်ခုပဲရှိမယ်ထင်ပါတယ်။ ရန်ကုန်ရောက်လို့ အခွင့်အရေးကြုံရင် တိရစ္ဆာန်ရုံကို တစ်ခေါက်လောက် သွားဖြစ်အောင် သွားကြည့်လိုက်ဦးမယ်။ ရှိသေးတယ်ဆိုရင်ပေါ့လေ။
ဓာတ်ပုံတွေ အားလုံးကို ကျွန်မရဲ့ သူငယ်ချင်းကြီး SMA ရိုက်ထားတာပါ။ သူ ရိုက်ထားတဲ့ ပုံအများကြီးထဲက ကျွန်မ စိတ်ကူးပေါက်ရာ ပုံတွေကို ယူသုံးထားခြင်းဖြစ်ပါတယ်။ ပုံအကြီးတွေ တခြားပုံတွေ ကြည့်ချင်တယ်၊ လိုချင်တယ်ဆို သူစီမှာ တောင်းယူကြည့်ရှု့ နိုင်ပါတယ်။
All Photos Credit to
Soe Moe AungRelated Link:
Singapore Zoo,
Singapore Zoo (Wiki)
4 comments:
လွန်ခဲ့တဲ့ ၁လခွဲလောက်က Zoo ကိုရောက်သေးတယ်။ ခြေထောက်ညောင်းလိုက်တာ :P
နေနေ ပေးထားတဲ့ A Day at the Singapore Zoo - 13 October 2007 လင့်ခ်က ၀င်လို့မရဘူး။ ဓာတ်ပုံတွေလား။ ဟိုတခေါက် ရိုက်တာ သစ်ကုလားအုတ်နဲ့ ပိုလာဘဲ မပါလို့ သူတို့ပုံလေးတွေ လိုချင်လို့။
I also really want to go.
And I'm really sorry about that Nay Nay! :(
လည်လည်တွေသွားလို့ တယ်ဟုတ်နေပါလား။
မမေ ပုံတွေကြည့်လို့ ရမယ် ထင်ပါတယ်။
မထက် စိတ်မကောင်းမဖြစ်ပါနဲ့ ။ အဆင်မပြေလို့ မလိုက်နိုင်ဘူးဆိုတာ နားလည်ပါတယ်။ နောက်ရက်ပိုင်း အားလုံးအားမှ တခြားတစ်နေရာရာ သွားကြတာပေါ့။
clef ရေ... ပျင်းတာနဲ့  ဟိုသွားဒီသွား လုပ်မယ် စိတ်ကူးနေတာကြာနေပေမယ့် အခုမှပဲ တကယ်သွားဖြစ်တော့တာပါ။ နောက်ပိုင်း အားရင် လျှောက်သွားဦးမယ်။ :D
Post a Comment