၂၀၀၇ အောက်တိုဘာလရဲ့  နောက်ဆုံးနေ့ ...
မိုးလေး တစိမ့်စိမ့်နဲ့  လူက မလန်းဆန်းဘူး။ ညက တညလုံး မိုးတွေ သည်းကြီးမဲကြီးရွာနေခဲ့တယ်။ ပုံမှန်ဆို အဲ့လိုညမျိုးမှာ ချမ်းချမ်းနဲ့  ကွေးလို့ ကောင်း၊ အိပ်လို့ ကောင်းဖြစ်ရမှာ။ အိပ်မက်တွေ မက်လိုက် လန့် နိုးလိုက်နဲ့ .. ခုတော့ အိပ်ရေးက မ၀၊ ရာသီဥတုက အေးအေးလေးနဲ့  အလုပ်ကောင်းကောင်း လုပ်လို့  မရတော့ဘူး။ လုပ်စရာ အလုပ်တွေက စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ပြီးအောင်လုပ်ရမှာပဲ။
ခုချိန်မှာ ဒီနေရာ၊ အလုပ်မှာ မဟုတ်ပဲ၊ ရန်ကုန်အိမ်မှာ စောင်လေးခြုံပြီး နွေးနွေးထွေးထွေး အိပ်နေရရင် အတော်ကောင်းမယ်။ နေ့ လယ်စာ တစ်ခုခု သွားစားရမှာလည်း ပျင်းတယ်။ ထမင်းပူပူလေး ဆီဆမ်းလို့  ငါးရံ့ခြောက်ဖုတ်ရယ် ၊ပုဇွန်ကြော်၊ ငါးသလောက်ဥ၊ ငါးသလောက်ကြော် တစ်ခုခုစားပြီး စာအုပ်လေးဖတ်လို့  နောက်တရေးလောက် ပြန်အိပ်နေချင်တယ်။ ဒါတွေဟာ တကယ်ဆို ခုအချိန်မှာ လုံးဝ မဖြစ်နိုင်တဲ့ အရာတွေ၊ စိတ်ကူးသက်သက်တွေပဲ။ ကဲ.. မဖြစ်နိုင်တာတွေ အသာထားလို့  စားချိန်မှာ စားပြီး၊ လုပ်စရာ ရှိတာလေးတွ ပြီးအောင်လုပ်ဦးမှ။
၃၁ ရက် အောက်တိုဘာ ၂၀၀ရ
နေ့ လယ် ၁၂ နာရီ
နေ့ လယ်စာကို အလုပ်က ဒီနိုင်ငံသား တရုတ်မတစ်ယောက်နဲ့  သွားစားဖြစ်တယ်။ အောက်ထပ်အဆင်း လမ်းမှာ တစ်ယောက်တည်း သွားမှာလား သူနဲ့လိုက်ခဲ့ပါဆိုပြီး ပြောတာနဲ့  အားနာလို့  လိုက်သွားဖြစ်တယ်၊ ၁နှစ်ကျော်အတွင်းမှာ ဒါပထမဆုံး lunch အတူသွားဖြစ်တာလို့  ပြောနေတယ်။ ပြောလဲပြောချင်စရာ၊ သူခေါ်တိုင်း ကိုယ်က အမြဲငြင်းနေတာကို။ ဒါတောင် ဒီကုမ္ပဏီမှာ သူက ကျွန်မရဲ့ အနောက်က စာပွဲမှာ ထိုင်ပြီး personal supervisor ပြီးရင် ကျွန်မနဲ့  စကား အပြောဖြစ်ဆုံး လူလို့  ပြောရမယ်။ ကိုယ် နေ့ လယ်စာကို ဘယ်ဆိုင်တွေမှာ စားလေ့ရှိလည်း မေးတာနဲ့  ပြောပြလိုက်တာ၊ ဈေးကြီးတိုင်း အစားအသောက် ကောင်းတာမဟုတ်ဘူး၊ ပိုက်ဆံစုရမယ်၊ အရသာရှိပြီး ဈေးသက်သာတဲ့ ဆိုင်တွေ သာသွားသင့်တယ်၊ အစားအသောက်အတွက် အများကြီး မဖြုန်းသင့်ဘူးဆိုပြီး Lecture ပေးတာ နားထောင်လိုက်ရတယ်။ ထမင်းစားပြီး ဒီနားက ဆိုင်တွေ မသိဘူး မဟုတ်လား၊ သူလိုက်ပြမယ်ဆိုလို့  မိနစ် ၃၀ လောက် ဟိုလျှောက် ဒီလျှောက်၊ ဟိုကြည့်ဒီကြည့်လုပ် ဖြစ်သွားတယ်။ ဒီနားတစ်ဝိုက်မှာ စားသောက်ဆိုင်တွေ အဲ့လောက်များမှန်း ဒီနေ့ မှ သိတော့တယ်။ တရုတ်၊ ကုလား၊ ဂျပန် အမျိုးကို စုံနေတာပဲ။ ဘယ်ဆိုင်က ဘာတွေကောင်းတယ်ဆိုတာ ပြောပြီး၊ နင့် ချစ်သူလာလယ်ရင် ဒီနားက ဆိုင်တွေ လိုက်ကျွေးလိုက်လို့  အကြံဥာဏ်က ပေးသေးတယ်။ ဂဏန်းကြိုက်လား သူသိတဲ့ အရမ်းကောင်းတဲ့ ဆိုင်လိပ်စာနဲ့  တခြား အစားအသောက် ကောင်းတဲ့ ဆိုင်တွေရဲ့ လိပ်စာတွေပေးဦးမယ်တဲ့။ ကျွန်မ အစားအသောက် နည်းတာနဲ့  ပိန်နေတာကို ကျိတ်သနားပြီး အစားအသောက်တွေ အတော်စားစေချင်နေပုံပဲ။ နောက်တော့ အအေးတစ်ခုခု သောက်ပါလား အတင်းပြောနေတာနဲ့  အားနာလာလို့  သောက်မယ်ပြော လိုက်ရတယ်။ ပုံမှန်ဆို Coke ပဲသောက်လေ့ရှိတာ သူကသိနေတော့ ဒီတစ်ခါ မိုင်လိုဒိုင်နိုဆော သောက်ကြည့်ပါဆိုပြီး သူကောင်းတယ်ထင်တဲ့ ဆိုင်ကို လိုက်ပို့ ရုံမက ပိုက်ဆံလည်း ရှင်းပေးသေးတယ်။ နောက်တော့ အလုပ်ကို လမ်းလျှောက်ပြန်လာတယ်ပေါ့။ ဒီနေ့  Lunch Break ကတော့ ဒီလောက်ပါပဲ။
....
အလုပ်ပြန်ရောက်တော့ ၂ နာရီမထိုးသေးတာကြောင့် ဘယ်သူမှ အလုပ်ပြန်မစကြသေးဘူး။ အအေးလေးသောက်ရင်း သတင်းလေဖတ်မယ် ၀င်ကြည့်တာ အင်တာနက်ကွန်နက်ရှင်က လိပ်ထက်တောင်နှေးနေသေးတယ်။ ဘာဆိုဘာမှ ၀င်လို့ မရ။ အိပ်ငိုက်လာတာလဲ မပြောနဲ့ တော့။ ၃ နာရီလည်း ထိုးရော QA talk ရှိတယ် အားလုံးသွားရမယ်ဆိုတာ သွားလိုက်ရတယ်။ စ၀င်တာနဲ့  Quiz ဖြေဖို့  စာရွက်လေးတွေပေးတယ်။ Master တတ်တုန်းက အတန်းတစ်ခုစပြီးဆို Week 0 (1st class) အခန်းထဲ ၀င်တဲ့ အပေါက်မှာတင် ဒီအတန်းအတွက် တင်ရမယ့် Assignment Q တွေ ပေးတာကို သတိရမိတယ်။ QA talk (Quality Awareness Talk) က ၂ နာရီ ကြာမယ်လို့ ပြောထားပေမယ် ၁ နာရီလောက်ပဲကြာတယ်။ Quiz ကလည်း ဘေးကလူတွေအားလုံးနဲ့  ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဖြေလိုက်ကြတယ်။ စည်းလုံးမှု့ကို ပြတဲ့ နေရာတစ်ခုပါပဲ။ ဒီတစ်ခါတော့ REVIEW အကြောင်းကို အဓိက ပြောသွားတာပါ။ Project တစ်ခု အောင်မြင်ဖို့ ဆို Review ဘယ်လောက် အရေးပါကြောင်းနဲ့  ဘာကြောင့်လိုအပ်တယ်၊ ဘယ်နေရာတွေမှာ လိုတယ်၊ ဘယ်လို review typeတွေ ရှိတယ်၊ ဒီမှာ ဘယ်လို review တွေလုပ်တယ် ဆိုတာတွေ ပြောသွားတယ်။ ကျွေးတဲ့ ချောကလက်တွေ စားပြီး သူတို့  ပြောတာလေးတွေ နားထောင်ခဲ့ပါတယ်။
ကိုယ်နေရာ ကိုယ်ပြန်ရောက်တော့ ၄ နာရီကျော်နေပြီ။ ၆ နာရီထိုးဖို့  ၂ နာရီပဲလိုတော့တယ် ဆိုတော့ အလုပ် မလုပ်ချင်တော့ဘူး။ ဘာမှ မလုပ်ပဲနေရမှာ ပျင်းတာနဲ့  နောက်ရက် Agents တွေ Testing လုပ်ဖို့  လာရင် သုံးဖို့  စီစဉ်ထားတဲ့ notebook တွေမှာ အလုပ်က mobile appliction သွင်းလိုက်တယ်။ တခြားလိုတဲ့ Adobe Acrobat Writer နဲ့  Sign ထိုးဖို့ လိုတဲ့ software တွေလည်း သွင်းရသေးတယ်။ Install လုပ်ပြီးတာနဲ့  တကယ် အလုပ်လုပ်မလုပ် flow တစ်ခုလုံးကို စမ်းရတာဆိုတော့ notebook တစ်လုံးဆို ၁ နာရီကျော်ကြာတယ်။ notebook ၂ လုံး ကို စမ်းပြီးတော့ ညနေ ၅း၄၀ လောက်ရှိနေပြီ။ ကျန်တာတွေ နောက်နေ့ မှလုပ်တော့မယ်ဆိုပြီး အိမ်ပြန်ဖို့  သိမ်းဆည်းရေး စလုပ်တယ်။ မေ့နေတာ။ ဒီနေ့ က လတစ်လရဲ့ နောက်ဆုံးနေ့ ဆိုတော့ Timesheet ဖြည့်ရဦးမယ်။ အားလုံးပြီးလို့  အိမ်ပြန်လာတဲ့အချိန်က ၆ နာရီခွဲလောက်ရှိပြီ။
.....
အိမ်မပြန်ပဲ အပြင်သွားရင် ကောင်းမလား စဉ်းစားမိတာနဲ့  သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ရင်း ဘာအစီအစဉ်ရှိလည်း မေးဖြစ်တယ်။ ဒါပေမယ့် မိုးလေးကလည်းအုံ့ နေတော့ အပြင်သွားဖို့ ပျင်းသွားတာနဲ့  အိမ်ပြန်လာလိုက်တယ်။ အိမ်ပြန်ရောက်တော့ ကွန်ပြူတာဖွင့်၊ အွန်းလိုင်းက သူငယ်ချင်းတယောက်နဲ့  စကားပြောရင်း ထမင်းစားဖို့ ပြင်ဆင်ရတယ်။ ဒီနေ့  ပခုက္ကူမြို့ရှိ သံဃာတော် အပါး ၁၀၀ လောက် ( ၇၃ ပါးလို့ တွေ့ ရတယ်) မေတ္တာသုတ်ရွတ်ဆို လမ်းလျှောက် ဆန္ဒပြကြောင်း ပြောဖြစ်ပြီး မြန်မာပြည်သတင်းတွေ လိုက်ဖတ်တယ်။ နောက်တော့ ထုံးစံအတိုင်းလုပ်စရာရှိတာတွေ လုပ်ပြီး ည ၁၁ နာရီမှာ အိပ်ရာဝင်ဖြစ်တယ်။
ဒီနေ့  ၃၁ အောက်တိုဘာ ၂၀၀၇ တစ်နေ့ လုံးဟာ ဘာမှ အထွေအထူး စိတ်ညစ်ရာမရှိ၊ သာမန်ကုန်ဆုံးသွားတဲ့ နေ့ တစ်နေ့ လို့  ဆိုရမယ်။ ၀မ်းသာပါတယ်။ အခါတလေ ဘာမှမဆိုင် တလွဲတွေးတတ်တယ်ဆိုချင်ဆို ကြုံတွေခဲ့ရတဲ့ နေ့ ရက်တွေကြောင့် ဒီအောက်တိုဘာလကို အမြန်ကုန်ချင်နေတာ ကြာပြီ။ ဒီရက်တွေမှာ ကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ ခံနိုင်ရည်ထက် ကျော်လွန်နေခဲ့ပြီ။ အဲ့ဒီထဲက အဖြစ်အပျက်တစ်ချို့ ကိုမေ့ဖို့  အတော်လေး အချိန်ယူရဦးမယ်။ ပျော်ရွှင်စရာတွေ မကြုံတွေ့  ရရင်တောင် စိတ်ညစ်စရာတွေ ထပ်မကြုံပါရစေနဲ့ တော့။ ဆုတောင်းပြည့်မယ်ဆို အခုလာမယ့် နိုဝင်ဘာလက စလို့  နောက်ကြုံတွေ့ ရမယ် ရက်တွေ၊ လတွေ၊ နှစ်တွေမှာ... အခု အောက်တိုဘာမှ ကြုံတွေခဲ့ရသလို စိတ်ညစ်စရာရက်တွေ မကြုံပါရစေနဲ့  တော့။ မနက်ဖြန်ဆို ကျွန်မ အနှစ်သက်ဆုံးလတစ်လ ဖြစ်တဲ့ နိုဝင်ဘာလ ရောက်ပြီ။ နောက်တစ်လဆို ဒီဇင်ဘာ။ နှစ်သစ်ကူးဖို့  ၊ ၂၀၀၈ ကို ရောက်ဖို့ ဘာမှလိုတော့ဘူး။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ၂၀၀၇ နှစ်ရဲ့ နောက်ဆုံးရက်တွေကို အားလုံး ရရှိနိုင်ကြပါစေ။ :)
No comments:
Post a Comment