မျက်မှန် - ၀င်းဖေ ( ၀တ္ထုတို ) - Click here to read short story
“ ဟော… အတော်ပဲ။ မောင်ချူး လာ။ တို့ ဒီမှာ ဘယ်နှယောက်လဲ။ မောင်သန်းပါနဲ့ ၊ နေပါဦး၊ အင်း… အားလုံးခြောက်ယောက်။ ပေးလိုက်ပိုက်ဆံ၊ လက်ဖက်ရည်ဖိုး။ မောင်ရင်မှာလိုက်တဲ့ မျက်မှန် ၀ယ်ခဲ့ပြီ”
ဝမ်းသာလိုက်တာ။ ကျုပ်မျက်စိ အဝေးမှုန်နေတာကြာပြီ။ ဒီတုန်းက မိုးညှင်းမှာ မျက်မှန်ဝယ်မရလို့  မန္တလေးက ၀ယ်ခဲ့ဖို့  ဘကြီးသိန်းဆီ မှာလိုက်တာလေ။ ကျုပ် ဘကြီးသိန်းဆီက မျက်မှန်ကိုယူပြီး ကပ်ကြည့်လိုက်တော့ ဆိုက်က အတော်ပဲ။ အံကိုကျလို့ ။ အိမ်ပြင်ခပ်ဝေးဝေးကို လှမ်းကြည့်လိုက်တော့လည်း အလျင်က ၀ါးဝါးနေတဲ့ အမြင်ဟာ တခါတည်းကို ကြည်လင်သွားတာပဲ။
“ဘကြီးသိန်း ကျွန်တော်ပေးလိုက်တဲ့ ငွေတရာနဲ့  လောက်ရဲ့လား၊ စိုက်ခဲ့ရသေးလား၊ မျက်မှန်ကတော့ သိပ်ကောင်းတာပဲဗျာ၊ ဘကြီးသိန်းကို ကျေးဇူးတင်လိုက်တာ”
“ သိတယ်၊ သိတယ်၊ မင်းပေးလိုက်တဲ့ ဒီဂရီနဲ့  မလွဲရအောင် ငါသေသေချာချာ ဂရုစိုက်ပါတယ်ကွာ၊ ငါကိုယ်တိုင် မျက်မှန်ဘုရင် ကိုချစ်ဆီမှာ အခေါက်ခေါက် အခါခါ သွားပြီး စိတ်ကြိုက်ရွေး၊ စိတ်ကြိုက်ဆစ်ပြီး လုပ်ခဲ့တာကွ၊ ရှစ်ဆယ်ပဲ ကျပါတယ်၊ အေး ကျန်တဲ့ ငွေနှစ်ဆယ်တော့ မေ့လိုက်တော့၊ ငါ သုံးပစ်လိုက်ပြီ”
“ ရပါတယ် ဘကြီးသိန်းရာ၊ ဟေ့ မောင်သန်း၊ ရော့ပိုက်ဆံ၊ လက်ဖက်ရည် သွားဝယ်ကွာ”
ကျုပ် ဘကြီးသိန်းကို တကယ် ကျေးဇူးတင်တယ်ဗျာ။ မျက်မှန်နဲ့  ကျွန်တော့် မျက်လုံးနဲ့ က တကယ့်ကွက်တိပဲ။ ပတ်ဝန်းကျင်ကို ကြည့်ရတာ တကယ့်ကို ခုမှ အားရပါးရ ပြန်ဖြစ်လာတယ်။ အဲဒီအချိန်မှာ ဘကြီးသိန်းကတော့ တဖွဲ့ လုံးကို ဒီမျက်မှန်ရအောင် သူဘယ်လို ဘယ်လို အပင်ပန်းခံပြီး သွားခဲ့လာခဲ့၊ ပြောခဲ့ဆိုခဲ့ရတဲ့ အကြောင်း အကြီးအကျယ် ရှင်းပြနေပါတယ်။ ကျုပ်လည်း ဘကြီးသိန်းကို ကျေးဇူးတင်ကြောင်း၊ သိပ်ကျေးဇူးတင်ကြောင်း၊ အများကြီး ကျေးဇူးတင်ကြောင်း၊ အလွန်လည်း အားနာပါကြောင်း ပြောပြပါတယ်ဗျာ။
အဲဒါက ဘကြီးသိန်း ရောက်တဲ့နေ့ က အဖြစ်။ နောက်နေ့ ကျတော့ ဒေါ်လှမယ်တို့ အလှူမှာ ဘကြီးသိန်းနဲ့  ပြန်ဆုံတယ်။ ကျုပ်ကလည်း သူဝယ်လာတဲ့ မျက်မှန်နဲ့  စတိုင်ကို ကျလို့ ပေါ့။ အလှူလာတဲ့ ဧည့်သည်တွေ ကလည်း အတော်ကို စည်သဗျ။ ဘကြီးသိန်းက ကျုပ်ကိုလည်းမြင်ရော ၀မ်းသာအားရ လှမ်းခေါ်ပြီး မျက်မှန်ကို ခဏ ချွတ်ခိုင်းပြီး သူ့ ဘေးမှာ ၀ိုင်းနေတဲ့သူတွေကို ပြတယ်။ အားလုံးကလည်း မျက်မှန်ကောင်းကြောင်း၊ ပုံသွက်ကြောင်း၊ မှန်သားလည်း အကောင်းစားဖြစ်ကြောင်း ပြောကြတယ်၊ ဘကြီးသိန်းကလည်း ကျုပ်အတွက်မို့  သူဘယ်လို ကြိုးစားပမ်းစား အပင်ပန်းခံ၊ အချိန်ကုန်ခံပြီး ၀ယ်ခဲ့ရကြောင်း ပြောပြတယ်။ ကျုပ်မှာလည်း ကျေးဇူးတင်ကြောင်းတွေ အထပ်ထပ် ပြောရပြန်တာပေါ့ဗျာ။ ဟုတ်လည်း ဟုတ်ပေတာပဲ။ ကျုပ်အတွက် သူလုပ်ခဲ့ ကိုင်ခဲ့တာက သေသေသပ်သပ် နဲ့  ကွက်တိ၊ စိတ်တိုင်းကျ ဖြစ်နေခဲ့တယ် မဟုတ်လား။ ဒါကို ဘကြီးသိန်းကလည်း ဂုဏ်ယူလို့  မဆုံးဘဲ ခင်ဗျ။
အဲဒီညနေက မန္တလေးက ဧည့်သည်နှစ်ယောက်နဲ့  အတူ ဘကြီးသိန်း ကျုပ်အိမ်ရောက်လာတယ်။ ညနေစာ ကျုပ်ဆီမှာ စားမယ်တဲ့။ ဒါလေးများ အဆန်းလား၊ ရတယ်။ သိပ်ရတာပေါ့။ ချက်ချင်းပဲ ကျုပ် ဆိုင်ဟင်း ဆိုင်ထမင်းတွေမှာပြီး စီစဉ်လိုက်ပါတယ်။ ဒါပေမယ့် အချိန်ကိုက်ကလေးလို ဖြစ်နေလို့  “ရမ်” တပုလင်းလောက် ရရင် သိပ်ကောင်းမယ်လို့  ဘကြီးသိန်းက ပြောတယ်။ ရတယ်။ ရပါတယ်။ အားလုံး ပျော်ပျော်ပါးပါးပေါ့။ ကျုပ် ချက်ချင်းပဲ ပြေးအ၀ယ်ခိုင်း လိုက်ပါတယ်။ အမြည်း တောင် ထပ်ဝယ်လိုက်သေး။ ရေခဲ၊ ဆော်ဒါလည်း အပြည့်အစုံ။ ဒါပေမယ့် သောက်ခါနီးကျ ကျုပ်စိတ်ထဲမှာ တခု အောင့်သွားတယ်။
“ ကဲ… ကိုယ့်လူတို့  ချကြ။ ဘာမှ အားမနားနဲ့ ။ မောင်ချူးဆိုတာက ကျုပ်နဲ့  သိပ်ရင်းပါတယ်။ ပြီးတော့ ဒီတခေါက် သူ့  အတွက် ကျုပ်က မျက်မှန်တလက် ၀ယ်ခဲ့ရတယ်ဗျ။ ဒီမျက်မှန်မရှိရင် ဒီလူက အကန်းပဲ။ ဘာမှ ကောင်းကောင်း မြင်ရတာ မဟုတ်ဘူး။ တနေ့ တနေ့  ကားတိုက်ခံရမလား၊ စက်ဘီးတိုက်ခံရမလားနဲ့  တထိတ်ထိတ် နေခဲ့ရတာ။ ဟုတ်တယ် မဟုတ်လား မောင်ချူး”
ကဲကြည့်၊ လုပ်လာပြန်ပြီ။ ကျုပ် သူ့ ကို ထမင်းကျွေးတယ်ဆိုတာက ကျုပ်တို့  မိုးညှင်းသားတွေရဲ့ စေတနာ စရိုက်ဗျ။ ဒီလိုပဲ ကျုပ်တို့ ဆီက ဖော်ရွေကြပါတယ်။ သူလည်း အသိပါဗျာ။ ခုတော့ မျက်မှန်ဝယ်ပေးလို့ ပဲ ကျွေးရ သလိုလို၊ မှန်တာပြောရရင် ကျုပ်က နည်းနည်းတော့ အောင့်တယ်ဗျ။
အဲဒီနောက်မှာ အရက်သောက်ရင်း ဒီမျက်မှန်ကို သူ ဘယ်လို ဘယ်လို ခက်ခက်ခဲခဲ ၀ယ်ခဲ့ရကြောင်း ပြောပြန်ရောဗျာ၊ ဧည့်သည်နှစ်ယောက်ကလည်း မန္တလေးသားတွေပဲဗျ။ ဘကြီးသိန်းကို ထောက်ခံကြတယ်။ မန္တလေးမှာကို ခုတလော မျက်မှန်ရှားကြောင်း၊ ၀ယ်ရခက်ကြောင်း၊ ဈေးကြီးနေကြောင်း၊ ကျုပ်အနေနဲ့  အရတော်ကြောင်း၊ ကံကောင်းကြောင်းပေါ့ဗျာ။ လုပ်ကြတာလေ၊ ကျုပ်ကလည်း အိမ်သည် မဟုတ်လား။ ခေါင်းတညိမ့်ညိမ့်နဲ့  မပြုံးချင်လည်း ပြုံးထားရ၊ ကျေးဇူးတင်ကြောင်းတွေလည်း ထပ်ပြောရနဲ့  စိတ်မပါဘဲ လုပ်နေရတယ်ဗျာ။ ကျုပ်ဒုက္ခကို ခင်ဗျားတို့  စဉ်းစားကြည့်ရင် သိပါတယ်။
နောက်နေ့  အဖြစ်ကတော့ ပိုဆိုးတယ်ဗျို့ ။ ကျုပ်က လက်စွပ်ကလေး တကွင်း ရောင်းဖို့  ပွဲစားနဲ့  ထည့်လိုက်တာ။ ပေးတဲ့သူက ခုနှစ်ထောင် ပေးတယ်ဗျ။ အဲဒါကို ဘကြီးသိန်းက သူ ကြိုက်တယ်ဆိုပြီး ခြောက်ထောင်နဲ့  ဖြတ်ယူလိုက်သတဲ့။ ပွဲစားက ကျုပ်သဘောကို ပြန်မေးပါဦးမယ် ပြောတော့၊ ပြောနေစရာ မလိုပါဘူးတဲ့။ မောင်ချုးကို ပိုင်ပါတယ်တဲ့။ ဒီတခေါက် မောင်ချူး အတွက် မျက်မှန်ဝယ်ခဲ့လို့ ၊ မောင်ချူးက သူ့ ကို ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိအောင် ဖြစ်နေတာတဲ့။ ကဲ…။
ထားတော့။ ကျုပ်က အဲဒီလက်စွပ်ကို လေးထောင်နဲ့  ၀ယ်ထားတာပါ။ ခြောက်ထောင်ဆိုလည်း သူကြိုက်တယ်ဆိုရင်၊ သူ့  အတွက်ဆိုရင် ဖြစ်ပါသေးတယ်။ ခုတော့ ပစ္စည်းကို မန္တလေးရောက်အောင်တောင် မစောင့်ဘူး၊ မိုးညှင်းမှာတင် ရှစ်ထောင်နဲ့  ပြန်ရောင်းလိုက်သတဲ့ဗျာ။ ကဲ… ကောင်းကြရော။
အဖိတ်နေ့ ကတော့ ဈေးထိပ်က လက်ဖက်ရည်ဆိုင်မှာ ဘကြီးသိန်းနဲ့  ကျောက်ပွဲစားတစ်သိုက် ထိုင်နေကြတာမြင်လို့  ကပျာကယာ ဈေးမြောက်ဘက်က ပတ်ပြီး လစ်ခဲ့ရတယ်။ ကျုပ်ကို မြင်သွားရင် သိတယ် မဟုတ်လား၊ ဘယ်လွယ်လိမ့်မလဲ၊ မျက်မှန်အကြောင်းပြောဦးမယ်၊ ကျုပ်က ကျေးဇူးတင်ကြောင်း ပြောရဦးမယ်။ သူ့ ကိုမပြောနဲ့  ကျုပ်ကိုကျုပ်တောင် နားကြားပြင်း ကပ်တယ်ဗျာ။
ကျုပ် ရှောင်ပါတယ်။ ဘကြီးသိန်းနဲ့  မတွေ့ အောင် အလွန်သတိထားပါတယ်။ ကျောက်ပွဲစားပီပီ သူက တစ်မြို့  လုံး လျှောက်သွားနေတာဗျ။ ကျုပ်လည်း မြို့ပတ်ပြေး နေရတာပဲ။
ဒါပေမယ့် သတင်းတွေက ကြားနေရတယ်ဗျာ။ ရောက်လေရာရာမှာ သူ ကျုပ်အတွက် မျက်မှန်ဝယ်လာလို့  ကျုပ်က သူ့ ကို အလွန်ကျေးဇူးဆပ်နေတဲ့ အကြောင်း၊ ဘယ်လို ကျေးဇူးဆပ်ရမလဲ စဉ်းစားနေတဲ့ အကြောင်း။ တကယ်တန်း တွေးကြည့်မယ်ဆို ကျုပ်အသက်ကို ကယ်ထားတယ်လို့ တောင် ပြောနိုင်ကြောင်း၊ သူသာ မျက်မှန်ဝယ် မလာရင် ကျုပ် တစ်နေ့ မဟုတ် တစ်နေ့  ကားတိုက်ခံရမယ့် အကန်းဖြစ်ကြောင်း စုံလို့ ပါပဲဗျာ။
ကျုပ် မျက်စိမှုန်တာ မှန်ပါတယ်။ ဒါပေမယ့် သူ့ ကိုယ်သူ သိကြားမင်းလောက် ဖြစ်အောင် ပြောပြောနေတာတော့ လွန်လာပြီဗျာ။
နောက် ခံပြင်းတဲ့ ကိစ္စက ကျုပ်စောစောက ပြောခဲ့တယ် မဟုတ်လား၊ သူပြောတဲ့ စကားလေ။ သူ့ ကို ကျုပ်က ဘယ်လို ကျေးဇူးဆပ်ရမလဲလို့  စဉ်းစားနေတယ် ဆိုတဲ့ ကိစ္စလေ။ ဘယ်လိုလဲဗျာ။ ဒီမျက်မှန်ဝယ်လာတဲ့ ကိစ္စကို ကျုပ်က စပယ်ရှယ် ကျေးဇူးဆပ်ရဦးမတဲ့လား။ ကျုပ် သူပြောလို့  ကျွေးလည်း ကျွေးပြီးပါပြီ။ တိုက်လည်း တိုက်ပြီးပါပြီ။ ကျေးဇူးတင်ကြောင်းလည်း အထပ်ထပ် ပြောပြီးပါပြီ။ ဒီမျက်မှန်အတွက်နဲ့  သူ့ ကိုပဲ ကျုပ်က တသက်လုံး ကျေးဇူးဆပ်နေရတော့မလိုလို၊ သူအလကား ၀ယ်ခဲ့တာလည်း မဟုတ်ဘူးဗျ။ မျက်မှန်ဖိုးကို ကျုပ်က လုံလုံလောက်လောက် ပေးလိုက်တာပါ။ ပိုတဲ့ နှစ်ဆယ်တောင် သူသုံးပစ်လိုက်သေးတယ် မဟုတ်လား။ ကျုပ် သူတပါးကို ကျေးဇူးတင်ရမှာ မနှမျောပါဘူး။ မတွန့် တိုပါဘူး။ ဒါပေမယ့် ဒီကိစ္စမှာတော့ လွန်ပြီဗျာ။ ဟိုနေရာလည်း ဒီမျက်မှန်အကြောင်း၊ ဒီနေရာလည်း ဒီမျက်မှန်အကြောင်း၊ လူစုမိတိုင်း ဒီအကြောင်း ပြောပြောပြသတဲ့ဗျာ။ နေရာတကာမှာ ကျုပ် ကြားကြားနေရတယ်။
ကုန်ကုန်ပြောမယ်၊ ကျုပ် အိပ်မက်ထဲမှာတောင် အများရှေ့မှာ ကျုပ်မျက်မှန်ကို ချွတ်ခိုင်းပြီး သူဝယ်ခဲ့တဲ့ အကြောင်း ပြောတယ်ဗျာ၊ ကျုပ်အိပ်မက်က လန့် နိုးတယ်၊ ဇောချွေးတွေတောင် ပြန်တယ်။
အဲ… အဲဒီနေ့ ကတော့ ဘူတာရုံက ပြန်လာတဲ့ ကျုပ်တူ မောင်သောင်းရွှေက ကျုပ်ကို တကူးတက ၀င်ပြောတယ်။
“ လေးချူး၊ ဒီနေ့ ရထားနဲ့  ဘကြီးသိန်း မိတ်ဆွေ ခြောက်ယောက်ပါလာတယ်။ တလမ်းလုံး သောက်လာကြတယ်နဲ့  တူတယ်၊ ဘူတာရုံမှာ ဘကြီးသိန်း လာကြိုတော့ ဆူညံနေတာပဲ၊ အဲဒါ ဘကြီးသိန်းက ပြောနေတယ်၊ တည်းခိုစရာ အခက်အခဲရှိနေရင်ပြောတဲ့၊ သူ့ အဖွဲ့  မောင်ချူးဆိုတာ ရှိတယ်တဲ့၊ အဲဒီမှာ တည်းနိုင်အောင် လိုက်ပြောပေးမယ်တဲ့၊ သူလည်း အိမ်ပြောင်းပြီး လိုက်တည်းမယ်ဆိုပဲ၊ ဟိုလူတွေက အင်တင်တင်လုပ်နေတာကို ဘကြီးသိန်းက အားနာစရာ မဟုတ်ဘူးတဲ့၊ မောင်ချူးဆိုတာ သူ့ ကျေးဇူး အများကြီး ရှိပါတယ်တဲ့”
“ အေး… ကိစ္စ မရှိဘူး၊ လာကြပါစေကွာ”
ကျုပ်အတွက် အန္တရယ်ရှိလို့  လာပြောရှာတဲ့ သောင်းရွှေတောင် အတော်အံ့သြသွားတယ်။ ပြီးတော့ နှုတ်ဆက်ပြီး ထွက်သွားတယ်။ ရထားဆိုက်ပြီးလို နှစ်နာရီလောက်ကြာတယ်၊ ဘကြီးသိန်းတို့  ပေါ်မလာကြဘူး။ နောက်မှ သိရတာပါ၊ အရက်ဆိုင်မှာ ၀င်သောက်နေကြတာတဲ့။ ဘယ်လောက် ကြည်ညိုစရာကောင်းတဲ့ လူတွေလဲ။
ညနေ လေးနာရီလောက်ကျမှ ဘကြီးသိန်းနဲ့  ဧည်သည့် ခြောက်ယောက် ကျုပ်အိမ်ရှေ့ကို ရောက်လာကြတယ်၊ အတော်မူးနေကြပြီ၊ ကျုပ်ကတော့ အိမ်ရှေ့က ထွက်ပြီး စောင့်နေတာပါ။
ကျုပ်နဲ့  ဘကြီးသိန်း မျက်နှာချင်းလဲ ဆိုင်မိရော ကျုပ် သူဝယ်လာတဲ့ မျက်မှန်ကို တပ်ထားရာက ချွတ်ပြီး မြေကြီးပေါ်ချပြီး ဖနောင့်နဲ့  လေးချက်လောက် ပေါက်ပစ်လိုက်တယ်။
ဘကြီးသိန်းတို့ အဖွဲ့  ကျက်သေ သေနေကြတယ်။
“ ကဲ ဘကြီးသိန်း တွေ့ ပြီ မဟုတ်လား၊ ခင်ဗျားကို မျက်မှန် ၀ယ်ခိုင်းမိတဲ့ အတွက် ကျုပ်တောင်းပန်ပါတယ်၊ နောက်လည်း ဘယ်တော့မှ ဘာမှ အ၀ယ်မခိုင်းဝံ့တော့ပါဘူး၊ ကျုပ် အိမ်လည်း ဘယ်တော့မှ မလာပါနဲ့ တော့၊ ဒါပါပဲ”
ကျုပ် စိတ်ကို ချုပ်ပြီး ဒါလောက်ပဲ ပြောပါတယ်။ စကားလည်းဆုံးရော အိမ်ထဲဝင်ခဲ့ပြီး တံခါး ပိတ်ထားလိုက် ပါတယ်။
ဘကြီးသိန်းတို့  တယောက်တပေါက် ဘာတွေပြောကြမှန်း မသိဘူး၊ ပြောကြပြီး ကျုပ် အိမ်ရှေ့ က ထွက်သွားကြတယ်။
အဲဒါ ကျုပ်နဲ့  ဘကြီးသိန်းရဲ့ နောက်ဆုံး ဆက်ဆံရေးပါပဲ။ ဒါတောင် မန္တလေးပြန်ရောက်တော့ ပြောနေသေးသတဲ့။
“ ဗျာ…. မိုးညှင်းက မောင်ချုးဆိုတဲ့သူ အတော်ဆိုးတယ်၊ သူ့ အတွက် စေတနာနဲ့  ၀ယ်ပေးတဲ့ မျက်မှန်ကို သူနဲ့  လည်း ကိုက်လျက်နဲ့  ဘာစိတ်ကူးပေါက်သွားတယ် မသိဘူး၊ ရိုက်ခွဲပစ်လိုက်တယ်။ ဒီလူ ရူးသွားပြီး ထင်တယ်… “ တဲ့။
တကယ်တရားရဖို့  ကောင်းတယ် ဗျာ။

ဝင်းဖေ
၁၉၈၉ သြဂုတ်၊ ရွှေအမြူတေ။
၁၉၈၉ သြဂုတ်၊ ရွှေအမြူတေ။
ဒီ "မျက်မှန်" လို့ အမည်ရတဲ့ ဒီဝတ္ထုတိုဟာ ၁၉၈၉ သြဂုတ်၊ ရွှေအမြုတေ မှာ ပထမဆုံးပါဝင်ခဲ့တာ ဖြစ်တယ်သိရပါတယ်။ ကျွန်မကတော့ ၂၀၀၆ ခုနှစ်က ခေတ်ပြိုင်စာပေတိုက်က ထုတ်ဝေတဲ့ "ဒိုင်ယာလော့နှင့် တခြား ၀တ္ထုတိုများ - ၀င်းဖေ" စာအုပ်မှာ ဒီဝတ္ထုတိုကို တွေ့ ရှိ ကြိုက်နှစ်သက်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်မှာ ဆရာဦးဝင်ဖေရဲ့ ၀တ္ထုတို ၃၉ ပုဒ် ကို စုစည်းဖော်ပြထားပါတယ်။ ဒီစာအုပ်ကို စင်္ကာပူက လမ်းပြကြယ် စာကြည့်တိုက်မှ ငှါးယူဖတ်ရှု့နိုင်သလို ကိုယ်ပိုင် ၀ယ်ယူသိမ်းထားချင်တယ်ဆို ခေတ်ပြိုင်စာပေတိုက်ကို ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။
စာအုပ်အမည် - ဒိုင်ယာလော့နှင့် အခြားဝတ္ထုတိုများ
စာရေးသူ - ၀င်းဖေ
စာအုပ်တန်ဖိုး - (၄၀၀) ဘတ်၊ အမေရိကန်ဒေါ်လာ (၁၅)
ဆက်သွယ်ရန် - ခေတ်ပြိုင်စာပေတိုက်
ခေတ်ပြိုင်စာပေတိုက်မှ ထုတ်ဝေပြီးစာအုပ်များ
ဒီဝတ္ထုကို ရေးသားသူကတော့ ပန်းချီ၊ ဂီတ၊ စာပေ နဲ့  ရုပ်ရှင် စွယ်စုံရ အနုပညာရှင်တစ်ဦးလို့  ခေါ်ဆိုရမယ့် ပန်းချီဝင်းဖေ (ဦးဇော်ဝိတ်) ပါ။ ရွှေပြည်ဦးတင်ရဲ့သားဖြစ်ပြီး ကျွန်မတို့  အားလုံးသိကြတဲ့ အဆိုတော် မီမီဝင်းဖေရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
Other Links: Win Pe - Art Gallery - မိုးမခ
4 comments:
ဒီဝတ္ထုကို ကျော်ဟိန်းနဲ့ ဇာဂနာ ကိုယ်တိုင်သရုပ်ဆောင်ပြီး ဇာတ်လမ်းတို အဖြစ် ရိုက်ထားတာ DVB ကနေ ကြည့်ဖူးတယ်။ ၀တ္ထုတော့ ခုမှ ဖတ်ဖူးတာ။ ကျေးဇူးပဲ နေနေ။
a very nice article to read :)thanks 4 sharing...
မမေ --- သတင်းပေးတာ ကျေးဇူးပါပဲ။ မမေ ပြောတဲ့ ဇာတ်လမ်းတိုကို ကြည့်ဖူးလား မသိဘူး။ အဲ့ဒီ ၀တ္ထုတို ဖတ်တော့ ဇာတ်လမ်းကို သိသလိုလိုခံစားရတာ ဒါကြောင့် နဲ့ တူတယ်။ သေချာ မမှတ်မိတော့ဘူး။ ဖြစ်နိုင်ရင် ပြန်ကြည့်ချင်တယ်။
သဉ္ဇာ --- နှစ်သက်တာနဲ့  သူများတွေလည်း ဖတ်နိုင်အောင်၊ ကိုယ်လည်းပြန်ဖတ်လို့ ရအောင် မှတ်ထားလိုက်တာ။
ူလူ့စရိုက်သဘာဝကို ပေါ်လွင်စေတဲ့ ဝတ္တုလေးပါပဲ.. လောကမှာ အဲလိုပဲ တစ်ခါပြုဖူးတာတဲ့ မတန်အောင် ဂုဏ်ဖော်ချင်ကြတဲ့ လူတွေလည်း ရှိတာပဲလေ..
Post a Comment