Pages

July 09, 2007

Recover after the flu!

မနေ့ ညနေက အိမ်ကိုဖုန်းဆက်ပြီး မေမေရေ.. သမီးတော့ မနက်ဖြန်အလုပ်သွားနိုင်ပြီ ထင်တယ်လို့  ပြောနိုင်သွားပါတယ်။ ကျွန်မ ဖျားနေတာကို အိမ်ကိုမသိစေချင်ပေမယ့် အချိန်ကောင်းလေးမှာမှ ဖုန်းဆက်လာတဲ့ Cousin တစ်ယောက်ကြောင့် အိမ်က သိသွားခဲ့တယ်။ ဒါနဲ့  ဆေးခန်းက ပြန်ရောက်တာနဲ့  အိမ်ကိုဖုန်းဆက် နေမကောင်းတဲ့ အကြောင်းပြော၊ စိုးရိမ်စရာမရှိကြောင်း၊ ခုပဲ ဆေးခန်းက ပြန်လာတာဖြစ်ကြောင်း၊ ဆေးခွင့်နှစ်ရက်ရပြီး၊ ဆေးတွေမှန်မှန် သောက်ပါ့မယ် ဆိုတဲ့အကြောင်း၊ ဒီရက်ပိုင်း အိမ်မှာပဲ ရှိနေမယ် ဆိုတဲ့အကြောင်း၊ ဘာမှ စိုးရိမ်စရာ မရှိကြောင်းကိုသာ အဓိက ပြောလိုက်ပြီးထဲက နောက်ထပ် ဆက်မယ့် ဖုန်းကို မျှော်နေမယ်မှန်းသိပေမယ့် ဖုန်းထပ်မဆက်ဖြစ်ခဲ့ဘူး။ အမေဆိုတာ သားသမီး အသံကြားရုံနဲ့ ဘာဖြစ်နေမယ်ဆိုတာ အနည်းနဲ့  အများတော့ မှန်းခန့် နိုင်ကြတာပဲ၊ ပြီးတော့ တစ်ခုခုကို သူတို့  မသိစေချင်တာကိုဆို မပြောပဲသာနေလိုက်မယ်၊ ညာပြီးတော့ မပြောချင်ဘူးလေ။ သားသမီးနဲ့  မိဘ အကြားမှာတောင်မှ ယုံကြည်မှုဆိုတာ တည်ဆောက်ရတာ လွယ်ကူတာ မဟုတ်ဘူး။

ကျွန်မ နေမကောင်းဖြစ်ကြောင်း ရေးလိုက်တဲ့ ပိုစ့်မှာ ဂရုတစိုက် Comment ထားသွားပေးတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ နေးတစ်ဖိုရမ်က PM ပို့ ၊ SMS ပို့ ပြီး သတင်းမေးတဲ့ သူငယ်ချင်းတွေနဲ့  Gtalk ကနေ လှမ်းပြီး သတင်းမေးထားတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါနဲ့  ကြားထဲမှာ တချို့ SMS တွေကို ကျွန်မချက်ချင်း Reply မလုပ်ဖြစ်ခဲ့ဘူး။ တကယ်ဆို ဖျားတယ်ဆိုတာ ဆေးသောက်မှ ပျောက်မယ် ဆိုပေမယ့် အဲ့ဒီ အားပေးစကားတွေ မိသားစုရဲ့ အဝေးမှာ တစ်ယောက်တည်း နေရတဲ့ ကျွန်မအတွက်တော့ အားအင်တွေ ဖြစ်စေပါတယ်။ နောက်ပြီး အနီးမှ မရှိနိုင်ပေမယ့် အဝေးကနေ တကူးတက ဂရုတစိုက်နဲ့  ဖုန်းဆက် အားပေး၊ သတင်းမေးကြတဲ့ အင်္ဂလန်က သူငယ်ချင်းတွေနဲ့  ယူအက်စ်က သူငယ်ချင်းတွေကို အထူး ကျေးဇူးတင်ပါတယ်။ ကျွန်မကိုသိတဲ့ သူတချို့ က အင်္ဂလန်မှာနဲ့  စင်္ကာပူ ဘယ်မှနေရတာကို ပိုကြိုက်လည်းလို့  မေးတိုင်း အင်္ဂလန်မှာ နေရတာကို ပိုပြီးနှစ်သက်တယ်လို့  အမြဲဖြေလေ့ရှိတာ တခြား ဘာအကြောင်း တွေကြောင့်မှ မဟုတ်ပါဘူး၊ အဲ့ဒီနိုင်ငံတွေမှာ ရှိနေတဲ့ ကျွန်မနဲ့  ရင်းနှီးတဲ့ အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်တွေရဲ့ ကွာခြားမှု ကြောင့်သာ ဖြစ်ပါတယ်။ ကျွန်မရဲ့ တစ်ခုခုဆို အကူအညီတောင်းစကားကို ပြောဖို့  ပြောမထွက်၊ မပွင့်လင်းကြောင်းကို နားလည် သိနေပြီး၊ လိုအပ်တာတွေဆို လိုအပ်တဲ့ အချိန်တွေမှာ ထုတ်ပြောနေစရာမလိုပဲ သူတို့  လုပ်နိုင်သမျှ လုပ်ကိုင်ပေး သွားတတ်တဲ့ သူငယ်ချင်းတွေက အဲ့ဒီမှာ ရှိနေတယ်လေ။ မိသားစုနဲ့ ဝေးနေပေမယ့် ကိုယ်ကို ဂရုတစိုက်ရှိနေပြီး၊ သက်သောက်သက်သာ ဖြစ်နေစေမယ့် ပတ်ဝင်းကျင်မှာပဲ နေထိုင်ချင်ကြတာ သဘာဝပါပဲ။ ခုတော့ နေလို့ ကောင်းသွားပြီ။ ဒီတခါ အတော်ခံလိုက်ရတယ်။ ကြာသာပတေးနဲ့  သောကြာနေ့ တွေမှာ ရာသီဥတုကလည်း တအားပူ၊ အဲယားကွန်းကိုလည်း ဖွင့်လို့ မဖြစ်၊ ဆေးတွေက ပြင်းတော့ လူက မလှုပ်နိုင်တော့ဘူး။ တော်ပါသေးတယ်၊ စနေနေ့ မနက် မိုးတွေရွာမှပဲ နဲနဲ အေးလာတော့ ခေါင်းကိုက်သက်သာ၊ နေလို့ ကောင်းပြီး စားဖို့ သောက်ဖို့  ကိုယ်တိုင် ထလုပ်နိုင်တော့တယ်။ ထူးခြားတာက နေမကောင်းလို့  MC 2 ရက်ပါဆိုမှ အိမ်မှာနေပြီး အတော်လေး ပျော်နေမှာပေါ့နော်လို့  အမေးခံလိုက်ရသေးတယ်။ MC 1 ရက်ဆို ဒီမှာ ဒီလိုပဲယူနေကြမို့  အဲ့လိုမေးရင် တော်ပါသေးတယ်။ ခုတော့ နှစ်ရက် ပါဆို၊ ဆရာဝန်ကလည်း လိုအပ်လို့  ပေးလိုက်တာလို့  ထင်ပါတယ်။ ကြာသပတေးနေ့ က အဖျားဟာ စနေနေ့ ညမှပဲ သက်သာပါတော့တယ်။ အင်း.. အမေးခံရတုန်းက ခေါင်းကလည်းကိုက်၊ ဆေးသောက်ဖို့  အစားစားဖို့  မနည်းထလုပ်နေရလို့  စိတ်မကြည်လင် ဖြစ်နေတဲ့ကျွန်မ စိတ်တိုမိပေမယ့် နောက်တော့လည်း ငါ့ကို အတော်လေး ဟန်ဆောင်ကောင်းတဲ့ သူလို့ ၊ အထင်တကြီး ဖြစ်နေကြတာပဲလို့ သာ ဖြေတွေးလေးတွေး လိုက်ပါတော့တယ်။ ခက်ပါတယ်။ ရှိပါသေးတယ်။ ကြာသာပတေးနေ့  ညနေက အသိတစ်ယောက်က ဖုန်းဆက်တယ်။ ကျွန်မ နေမကောင်းလို့  အိမ်မှာ နားနေပါတယ်။ သက်သာရင် ပြန်ဆက်ပေးပါမယ် အသေအချာ ပြောလိုက်ပါတယ်။ ဒါကို နောက်နေ့ မှာ ဖုန်းအခါခါ ထပ်ဆက်နေတယ်။ လူက မထနိုင်တော့ အရမ်းရင်နှီးသူတွေစီက ဖုန်းတွေကလွဲရင် တခြားဖုန်းတွေလည်း မကိုင်ဖြစ်ခဲ့ဘူး။ နောက်နေ့  မနက်စောစော ဖုန်းဝင်လာတာနဲ့  ဟိုနေ့ တွေက နေမကောင်းလို့  ဖုန်းမကိုင်နိုင်လို့  ပြောလိုက်တော့မှ၊ တကယ်ဖျား နေတာလားတဲ့လေ။ သူက တကယ် ဖျားနေတယ်လို့  မထင်ခဲ့ဘူးတဲ့၊ ဒီတိုင်း MC ယူထားတယ် ထင်လို့  ဖုန်းတွေ ဆက်နေတာဖြစ်လို့  တောင်းပန်ပါတယ်တဲ့လေ။ သြော်.. ဒီနိုင်ငံရောက်မှပဲ နေမကောင်းပါဘူးတာကို တကယ်ကြီးကို နေထိုင်မကောင်း ဖြစ်နေတာလားလို့  အခါခါ အမေးခံနေရပါလား။
ဒီရက်ပိုင်းဖျားတာ သူငယ်ချင်းတွေနဲ့ တွေ့ ဖို့  အခွင့်ရေးတွေ အတော်လေး ဆုံးရှုံးသွားရမယ်။ အလုပ်က လုပ်တဲ့ IT Night ကိုလည်း မသွားလိုက်နိုင်ဘူး။ အင်း.. ဒီနှစ်စထဲက လူက အတော်လေး ချူချာနေသလိုပဲ။ လူက ပိန်ပေမယ့် တော်ရုံဆို ဖျားတာနာတာ ဖြစ်လေ့မရှိတဲ့ ကျွန်မ ပြီးခဲ့တဲ့ နှစ်ကုန်က တခါ ဖျားလိုက်သေးတယ်။ ဒီကြားထဲမှာလည်း မအီမသာ နေမကောင်းဖြစ်တာတွေ ခနခန ရှိနေတယ်။ သူငယ်ချင်းတချို့ ပြောသလိုဆို အသက်က စကားပြောလာတယ်ဆိုတာ မှန်နေပြီ ဆိုရမယ်။ ချောင်းဆိုး၊ ဗိုက်နာ၊ ခေါင်းကိုက် ပျောက်ဆေးလေး ဘာလေးတွေလောက်တော့ ဆောင်ထားမှ ဖြစ်တော့မယ်။ အရင်ကဆို ဖျားလေ့မရှိတော့ တခုခုဖြစ်ပြီဆို သောက်ဖို့ ဘာဆေးမှ မရှိဘူး။ အိမ်ကိုလည်း ဘာဖြစ်ရင် ဘာဆေးသောက်ရမယ် ဆိုတာ အသေအချာ မေးထားဦးမှ၊ ဆေးတွေဘာတွေလည်း လိုအပ်တယ်ထင်ရင် ပို့ ပေး ပါဦးလို့  ပြောရဦးမယ်။ အင်း ဟို ကွန်မန့် ရေးထားပေးခဲ့တဲ့ Peti ပြောသလို နိုင်ငံခြားမှာ မိဝေးဖဝေး နေရတော့ နေမကောင်းဖြစ်လဲ ကိုယ့်အား ကိုယ်ကိုးမှသာ ဖြစ်မှာမို့  နောက်ဆို ပေကပ်ကပ်နေတတ်တဲ့ အကျင့်ကို ဖျောက်၊ နေမကောင်းချင်သလို စဖြစ်တာနဲ့  ဆေးလေးဘာလေး ကြိုတင် သောက်သင့်ရင် သောက်ပြီး လိမ်လိမ်မာမာနဲ့  နေတတ်အောင် ကြိုးစားလိုက်ဦးမယ်။

3 comments:

TKLinn said...

Good to hear that you're recover
:D
pls take care

MELODYMAUNG said...

တုပ်ကွေးလား မြန်မြန်နေကောင်းပြီး တုပ်ဆန့် ဖြစ်ပါစေလို့ နော် :)

Angel Thitsa said...

Thank you :)

bar yae ma hote.. 10 q win tin tar ;)