နားထောင်မိရင်း ကြိုက်သွားတဲ့ သီချင်းတစ်ပုဒ်ပါ။ ညနေက ပျင်းပျင်းရှိတာနဲ့  ဟိုငေးဒီငေးလုပ်ရင်း ကွန်ပြူတာထဲမှာ ရှိနေတဲ့ သီချင်းတွေ လိုက်နားထောင်ကြည့်နေတာ.. ဒီသီချင်းလေး နားထောင်မိတော့ ခံစားချက်နဲ့  တိုက်ဆိုင် နေလို့ လား မသိဘူး သဘောကျသွားတယ်။ ဒီသီချင်းကို ဘယ်ကနေ ရထားတာလဲ ပြန်ကြည့်တော့မှ မမေရဲ့ ဘလောခ့်က ရတာမှန်း သတိထားမိလိုက်တယ်။ (ကျေးဇူးပါပဲ မမေ)
ကျွန်မက ညနေစောင်းတွေမှာဆို တိမ်တွေ၊ နေဝင်ချိန်နဲ့  သွား၊လာနေတဲ့ လူတွေကို ထိုင်ငေးကြည့်နေရတာ နှစ်သက်မိတယ်။ အရင် ကျောင်းတက်တုန်းကဆို ညနေစောင်းမှာ city center သွားပြီး အိမ်ပြန်နေတဲ့ လူတွေကို ထိုင်ငေးနေလေ့ ရှိဘူးတယ်။ အဲ့ဒီလူတွေ ကြည့်ရတာ တစ်နေ့ တာ အလုပ်ပြီးလို့  မနားယူဖို့  အချိန် ရောက်ပြီဆိုတော့ စိတ်လက်ပေါ့ပါးစွာနဲ့  အေးအေးချမ်းချမ်း သက်တောင့် သက်သာ သွားလာနေကြတာ ဆိုတော့ ငေးကြည့်ချင်စရာပါ။ ညနေခင်းမှာ ကမ်းခြေကနေ လှိုင်းတွေကိုတော့ တစ်ခါမှ မငေးကြည့်ဘူး ဘူး။ အခွင့်အရေး ရရင်တော့ ကြည့်ချင်မိတယ်။ အင်း.. ခုဆို ဒီလို ညနေခင်း တွေမှာ မငေးရတာ အတော်ကြာပြီပဲ။ ဒီရောက်လို့  အလုပ်ခွင်ဝင်ရ ကတည်းက လို့ ပြောလို့  ရလောက်တယ်။ ဒီမှာက အလုပ်ကနေ ညနေဘက် အိမ်ပြန်ရတဲ့ အချိန်ဆို နေရောင် မရှိတော့တာ များတယ်လေ။ အဲ့ဒီအချိန်ဆို ဒီက အိမ်ပြန်နေကြတဲ့ လူတွေက သုတ်သုတ် သုတ်သုတ်နဲ့  အနောက်က ကျားလိုက်သလို၊ လမ်းလျှောက်နေတာနဲ့  မတူပဲ ပြေးနေတဲ့ အလား သွားလာနေတာ ဆိုတော့ ထိုင်ငေးကြည့်နေချင်စိတ်လည်း မရှိတော့ပါဘူး။ ဒီနေ့ လို အရင်ကလို တိမ်လေးတွေ၊ ညနေခင်း ကျနေရဲ့ အလှ၊ အိပ်တန်းတက်ဖို့  ပြန်နေကျတဲ့ ငှက်လေးတွေကို ငေးကြည့်ခွင့်ရဖို့ ဆိုတာ ရှားရှားပါးပါး အခွင့်အရေး တစ်ခုပါပဲ။ ဒီ သီချင်းလေး နားထောင်ရင်း တစ်ခါတည်း ကျွန်မကြားမိသလောက် သီချင်းစာသားတွေကိုပါ ရေးထားလိုက်တယ်။ တချို့  နေရာလေးတွေမှာ ဘာဆိုသွားလဲ ဆိုတာကို တော်တော်လေး နားထောင်ယူလိုက်ရတယ်။
အပျင်းပြေညနေ - အယ်ဆိုင်းဇီ
ပျင်းနေတဲ့ ညနေခင်းတွေမှာ
ရွေ့ နေတဲ့ တိမ်တွေကိုငေးမလား ...
ပျင်းနေတဲ့ ညနေခင်းတွေမှာ
လှနေတဲ့ နေဝင်ချိန်ငေးမလား ...
နှုတ်ဆက်တဲ့ စကားမျိုးနဲ့ 
လမ်းမက လူတွေကို ငေးမလား ...
အဝေးကြီးလား အနီးလေးလား
ခဏဖြစ်ဖြစ် အိမ်ကိုပြန်ပြေးမလား ...
ပျင်းနေတဲ့ ညနေခင်းတွေမှာ
လှိုင်းတွေနဲ့ ရေပြင်ကို ငေးမလား ...
အားနေတဲ့ သူများတွေရဲ့
ဘေးမှာထွက် ထိုင်နေရင်ကောင်းမလား ...
......
ကမ်းဘေးက တံငါတွေကို ငေးမလား ...
အလွမ်းရေးလား ဝမ်းရေးလား
လမ်းဘေးက ကဗျာတွေကို ငေးမလား ...
ပျင်းနေတဲ့ ညနေပေါ့..
အတွေးနဲ့ ပဲ တွေဝေနေဦးမလား ...
ပျင်းနေတဲ့ ညနေပေါ့..
အတွေးနဲ့ ပဲ အဆင်ပြေအောင်ကြိုးစား ...
နှုတ်ဆက်တဲ့ စကားမျိုးနဲ့ 
လမ်းမက လူတွေကို ငေးမလား ...
အဝေးကြီးလား အနီးလေးလား
ခဏဖြစ်ဖြစ် အိမ်ကိုပြန်ပြေးမလား ...
ပျင်းနေတဲ့ ညနေခင်းတွေမှာ
လှိုင်းတွေနဲ့ ရေပြင်ကို ငေးမလား ...
အားနေတဲ့ သူများတွေရဲ့
ဘေးမှာထွက် ထိုင်နေရင်ကောင်းမလား ...
......
ကမ်းဘေးက တံငါတွေကို ငေးမလား ...
အလွမ်းရေးလား ဝမ်းရေးလား
လမ်းဘေးက ကဗျာတွေကို ငေးမလား ...
ငေးမလား.....
ငေးမလား.....
Pages
September 30, 2006
September 27, 2006
Rose Colors and their "Meaning"
မနေ့ က သူငယ်ချင်းတစ်ယောက်ပို့ ပေးတဲ့ အီမေးထဲမှာ ပါလာတဲ့ နှင်းဆီပန်းပုံလေးပါ။ ဒီပို့ စ်ကိုတွေရင်.. နင်နဲ့  ပန်းနဲ့ ဘာဆိုင်လဲလို့  ပြောချင်တဲ့ သူတွေလဲ ရှိချင်လည်း ရှိနေမှာပေါ့။ အင်း... ဘာမှ မဆိုင်ပါဘူး.. ဒါပေမယ့် ဒီ နှင်းဆီပန်းပုံလေးက လှတယ်လေ။ လှတဲ့ အရာလေးတွေဆိုရင် သဘောကျလေ့ရှိတာ လူ့ သဘာဝပဲ မဟုတ်လား။
ဒီနှင်းဆီပန်းလေးကိုကြည့်ပြီး.. တစ်ချို့ လူတွေက နှင်းဆီပန်းတွေကို အရောင်တွေပေါ် မူတည်ပြီး အဓိပ္ပါယ် အမျိုးမျိုးခွဲခြားလေ့ ရှိကြတယ်ဆိုတော တွေးမိ လိုက်လို့  လိုက်ရှာကြည့်တာ.. ဒါလေးတွေ တွေ့ တယ်..
- Black Roses signify Death
- Coral Rose conveys desire
- Lavender Roses symbolize love at first sight and enhancement
- Orange Roses indicate enthusiasm, desire and fascination
- Pink (Deep) says Thank You
- Pink (Light) Rose conveys admiration, gentleness, grace, gladness, joy and sweetness
- Pink Rose carry the message of happiness, gracefulness and gentleness
- Red Roses symbolize sincere Love, Respect, Courage & Passion
- Red (Dark) Rose reveals unconscious beauty
- Red (Single) means "I Love You"
- Red & White Roses together signify unity
- Single Rose in any color expresses simplicity and gratitude
- White Roses express Purity/heavenly, secrecy, silence, innocence and charm
- White (Bridal) Rose symbolizes a happy love
- Yellow Roses indicate joy, gladness, friendship and "I Care"
- Yellow Rose with Red Tip indicates friendship falling in Love
- Rose leaves are a symbol of hope.
September 25, 2006
25 September 2006 - At New Home
မနေ့ က အိမ်ပြောင်းလိုက်တာ ဒီနေ့  အလုပ်မသွားနိုင်ဘူး ဖြစ်သွားတယ်။ တစ်ကိုယ်လုံးကို ကိုင်ရိုက်ထားသလို နာနေတယ်။ ( တင်စားရေးလိုက်ခြင်း ဖြစ်ပါသည်။ တစ်ခါမှ အရိုက်မခံရဘူးပါ။) ဒါတောင် အိမ်ပြောင်းတာကို mover ခေါ်ပြီးပြောင်းလိုက်တာပါ။ ကိုယ့်ဟာကိုယ် ဘာ တခုမှ သယ်ရသေးတာ မဟုတ်ဘူး။ ပစ္စည်းတွေ ထုပ်ပိုးတာ နည်းနည်းပဲလုပ်ရတယ်။ ဒါတောင် သူငယ်ချင်းတစ်ယောက်က ပစ္စည်းသိမ်းတာကို လာကုပေးသေးတယ်။ အိမ်အသစ်ရောက်တော့လည်း သူငယ်ချင်း နှစ်ယောက်က ပစ္စည်းတွေ နေရာပြန်ချတာ၊ စာအုပ်တွေ ရှင်းတာ၊ ကွန်ပြူတာတွေ ပြန်ဆင်တာ အကုန် လုပ်ပေးသွားခဲ့တာ။ တစ်ယောက်ကဆို သူအိမ်မှာတောင် မုန့် လိုက်စားဖို့ ခေါ်သေးတယ်။ အရမ်း ချစ်ဖို့ ကောင်းတဲ သူငယ်ချင်းတွေပါပဲ။ ( သူတို့ နဲ့  ရင်နှီးချင်ရင် ပြောပါ။ မိတ်ဆက်ပေး ပါ့မယ်။ ဒါပေမယ့် ကောင်မလေး ငယ်ငယ်ချောချော လေးတွေ ဖြစ်ဖို့ တော့ လိုတာပေါ့နော်။ ဟီး ဟီး။ ) ပစ္စည်း သိမ်းတာ၊ နည်းနည်း ပါးပါး ဟိုရွှေ့  ဒီရွှေ့  လုပ်ရတာ၊ အိမ်ဟောင်းကို ရှင်းပေးရတာ၊ အဲ့လောက်လေး လုပ်တာကို ပင်ပန်းနေတယ်။ ဒါနဲ့ ပဲ ဒီနေ့  အလုပ်မသွားပဲ နေလိုက်တော့တယ်။ မနက်စောစောက မိုးရွာနေတာကလည်း အလုပ်မသွားဖြစ်ခြင်းရဲ့ အကြောင်းတစ်ခုပဲပေါ့။
အိမ်အသစ် အကြောင်း နည်းနည်းရေးဦးမယ်။ အရင် အိမ်အဟောင်းက ၃ ထပ်မှာ၊ ခု အသစ်က ၁၁ ထပ်မှာဆိုတော့ ကောင်းကင်ဘုံနဲ့  ပိုနီးစပ်သွားတဲ့ သဘောပေါ့။ လေလည်း ပိုတိုက်တယ်။ အဝေးကြီးကိုလည်း လှမ်းမြင်ရတယ်။ ကျွန်မက တက်ရဆင်းရလွယ်မယ်ဆို အထပ်မြင့်မြင့်က လေ၀င်လေထွက်ကောင်းတဲ့ အခန်း၊ အဝေးကို လှမ်းမြင်ရနိုင်တဲ့ အခန်းမျိုးမှာ နေရတာကို ပိုကြိုက်တယ်။ ဒီအခန်းက အရင် အခန်းထက်တော့ ကျဉ်းတယ်။ အရင် အခန်းက condo က master room လေ။ ခုဟာက HDB က common room ပါ။ ဒီအခန်းကလည်း အရင် ကျွန်မနေတဲ့ အခန်းနဲ့ ယှဉ်ပြောလို့ သာ ကျဉ်းတာပဲ။ သာမန် common room တွေလောက်တော့ ကျယ်တာပဲဆိုတော့ ကျွန်မ အတွက်တော့ အတော်လောက်ပါပဲ။ condo မှာနေတယ်ဆိုတာ ကလည်း သူတို့  ပေးတဲ့ facilities တွေကို အပြည့်သုံးမှ တန်တာ။ ကျွန်မက ရေလည်းမကူး၊ gem လည်းမသွား။ တစ်ခြား facilites တွေလည်းဘာမှ မသုံးတော့ condo မှာပဲ နေ နေ၊ HDB တိုက်တွေမှာပဲ နေ နေ သိပ်မထူးပါဘူး။ အဓိက က သွားရလာရ အစဉ်ပြေမယ်၊ အိမ်ခန်းတွေ သန့် မယ်ဆို ပြီးတာပါပဲ။ ခု အိမ်က HDB တုက်ဆိုပေမယ့် ထောင့်ခန်းဆိုတော့ လူ အသွားအလာ မရှုပ်ဘူး။ သာမန် အခန်းတွေဆို အိမ်ရှေ့ က လူတွေ အမြဲ ဖြတ်ဖြတ် သွားနေကိုတော့ မကြိုက်ဘူး။ ဒီ room မှာ ခု မကြိုက်တာတစ်ခုက ညက aircon ဖွင့်ထားတာကို သိပ်မအေးဘူး၊ ပူနေတယ်။ အိပ်မရဘူး။ ဒီတိုင်း window တွေ ဖွင့်တာက ပိုအေးနေတယ်။ aircon ပဲ မကောင်းတာလား မသိဘူး။ မေးကြည့်ရဦးမယ်။
မနေ့ က ၂၄ နာရီလောက် internet မသုံးပဲနေလိုက်ရတယ်။ ခု room မှာ internet မရသေးဘူး။ ကိစ္စတော့ မရှိပါဘူး။ ညက အင်တာနက် သုံးချင်တာနဲ့  wireless နဲ့ သုံးလိုက်တော့ အစဉ်ပြေသွားတယ်။ night က ကြည့်ရသလောက်တော့ ဒီနားမှာ wireless သုံးတဲ့သူတော်တော်များတာပဲ။ ၂၀ လောက်ရှိတာ router မှာ password ထဲ့ပြီး secure wireless ဖြစ်အောင်လုပ်ထားတဲ့သူက ၅ ယောက်လောက်ပဲရှိနေတယ်။ ဒီတော့ ကျန်တဲ့ ၁၅ ခုကို access လုပ်ပြီး အင်တာနက် သုံးလို့ ရတာပေါ့။ အရင်အိမ်တုန်းကဆို အနားမှာ wireless သုံးတဲ့ သူ ၁၀ ယောက်မှာ ၉ ယောက်လောက်က password ထည့်ထားကြတယ်။ ကျွန်မကိုယ်တိုင်လည်း router မှာ password ထည့်ပြီး သုံးခဲ့တာပါပဲ။ ဟီး.. ခုတော့ သူများ အင်တာနက်ကို ခိုးသုံးနေရတယ်။ ကောင်းတော့ မကောင်းဘူးပေါ့။ ဒီနေ့ တော့ ကိုယ့်အင်တာနက် ကိုယ် သုံးလို့  ရအောင် လုပ်လိုက်တော့မယ်။
ဒါနဲ့  မနေ့ ညက dual monitor စမ်းတာ ပြဿနာတက်သွားသေးတယ်။ နောက်တော့ THKZ ကူညီတာနဲ့  အားလုံး အစဉ်ပြေသွားတယ်။ ခက်တယ်။ ကိုယ်ကလည်း တစ်ခုခုဆို မေးလို့ ရမယ် သူရှိနေမှန်းသိရင် ကိုယ့်ဟာကို စမ်းကြည့်လို့ ရရဲ့သားနဲ့  မလုပ်ချင်ပဲ ရေသာခိုချင်နေတယ်။ ခုတော့ ဒီလောက်ပါပဲ။ အလုပ်မသွားတဲ့ အတူတူ အိမ်မှာ လုပ်စရာရှိတာတွေ ပြီးအောင် လုပ်လိုက်ဦးမယ်။ အဝတ်အစားတွေ နေရာ မချရသေးဘူး။ တခြာရှင်းစရာ ရှိတာ လေးတွေလည်း ပြီးအောင်ရှင်းလိုက်ဦးမယ်။ ညနေမှ ပဲ ရေးချင်စိတ်ပေါက်ရင် ထပ်ရေးတော့မယ်။ ကောင်းသောနေ့  ပါ။

September 22, 2006
An Endless Journey
တစ်ယောက်တည်း အနီးအနားမှာ မိဘ၊ မောင်နှမတွေမရှိပဲ ဘဝခရီးကို စတင်ခဲ့ရတာ ဒီနေ့ ဆို ၆ နှစ်တင်တင်ပြည့်ခဲ့ပြီ..
ကိုယ့်ကိုချစ်တဲ့ မိသားစု နဲ့  ဝေးနေခဲ့တာ ၆ နှစ်ရှိပြီလို့ ဆိုရမှာပေါ့...
၆ နှစ်ဆိုတာ တစ်ကယ်တော့လည်း ဘာမှ မကြာလိုက်သလိုပါပဲလား...
ဘာတွေပဲ ဖြစ်နေပါစေ ရပ်တန့် လို့ မရ ဆက်သွားနေရမယ့် ခရီးရဲ့ ၆ နှစ်ပြည့် အမှတ်တရပေါ့...
တခါတလေတော့လဲ သိခွင့်ရနိုင်မယ်ဆို "ငါ ဘယ်လောက်ထိအောင် သွားရဦးမလဲဆိုတာကို" သိချင်တဲ့စိတ်လေးဖြစ်မိတယ်
22 September 2000 to 22 September 2006
22 September 2006 to ???????????

သတိတရရှိနေမယ့် အကြောင်း အရာများ
ဒီနေ့  Oxford, London , Yangon , Singapore မှာ ရှိနေတဲ့ သူငယ်ချင်းတချို့  နဲ့  ရန်ကုန်က မိသားစုကို သာမန်ထက်ပိုပြီး သတိရနေမိတယ်.
ရန်ကုန် လေဆိပ်မှာ ... နှုတ်ဆက်ရတဲ့ အချိန်တွေ
ဘန်ကောက် လေဆိပ်မှာ .. မိတ်ဆက်ရတဲ့ သူငယ်ချင်း အသစ်တွေ
ဟိသရိုး လေဆိပ်မှာ ... ကြုံတွေ့  ရတဲ့ အကြောင်းအရာတွေ
ကျောင်းကလာကြိုတဲ့ ကားကြီးနဲ့  ကျောင်းရှိတဲ့ မြို့ က.. ကိုယ်နေရမယ့် အဆောင်ကို သွားခဲ့ကြတာ.
အဆောင်ရှေ့မှာ ကြိုရောက်နေတဲ့ သူငယ်ချင်းတွေက စောင့်နေတာ..
အဆောင်မှာ အခန်းတွေ သွားယူကြပြီး .. အခန်း ရွေးခဲ့ကြတာလေးတွေ... ( M11 E )
ပထမဆုံး နေ့ ရဲ့ ညစာကို ကျောင်းက စီနီယာ အစ်ကို တစ်ယောက်က လိုက်ကျွေးတာ.. ( Thank Ko PN )
ကျောင်းရဲ့ မောင်မယ်သစ်လွင် ကြိုဆို ပွဲနေ့ လေး...
လန်ဒန်မှာ ကွန်ပြူတာတွေ သွားဝယ်ခဲ့ကြတဲ့ နေ့ လေးတွေ
ကျောင်း အီးမေးတွေ မစစ်လို့  ပထမဆုံး တက်ရမယ့် အတန်းတွေ လွတ်သွားတာ တွေ ..
တက်ခဲ့တဲ့ အတန်းတွေ ၊ ကြုံခဲ့ရတဲ့  သူငယ်ချင်းတွေ..
ပထမဆုံး မအိပ်မနေ သုံးရက်လောက် လုပ်လိုက်ရတဲ့ အဆိုင်းမန့်  လေး... ( စုစု .. မှတ်မိတယ် မဟုတ်လား )
အိပ်နေလို့ လွတ်ခဲ့တဲ့ မောနင်း လက်ချာတွေ... အသဲအသန် လုပ်ခဲ့ရတဲ့  အဆိုင်းမန့် တွေ..
first term အောင်စာရင်းထွက်တုန်းက ရင်ခုန်ခဲ့ရတာလေးတွေ.. ကြုံတွေ့ ခဲ့ရတာလေးတွေ...
စာကို နီးမှ ကပ်ကြည့်လိုက်လို့  သေချင်စိတ်ပေါက်ခဲ့ ရတဲ့ exams နေ့ လေးတွေ...
အသည်းအသန် လုပ်ခဲ့ရတဲ့ final project လေး..
supervisor ကို သွားတွေ့  ရတဲ့ နေ့ တွေ ( Dr Peter )
project ကိစ္စ သွားမေးပြီး ညမိုးချုပ် အပြန်လမ်းမှာ သူငယ်ချင်းနဲ့  နှစ်ယောက်သား ကြောက်ကြောက်နဲ့  ပြေးခဲ့ကြတဲ့ ညလေးတွေ...
သောင်းကျန်းခဲ့ကြတဲ့ မွေးနေ့ ပွဲလေးတွေ ...
Gispy Lane မှာ Gipsy လုပ်နေကြတာလားလို့  အမေးခံခဲ့ရတာတွေ..
online မှာ ပြန်တွေ့ မှ ရင်းနှီးသွားတဲ့ သူငယ်ချင်းတွေ..
ညနေဘက် ဈေးဝယ်ထွက်ခဲ့ ကြတဲ့ အချိန်တွေ...
တစ်ယောက်တစ်လှည့် မချက်တက် ချက်တက်နဲ့  ဟင်းချက်စားခဲ့ ရတာတွေ....
ရန်ဖြစ်ခဲ့ ၊ ပြန်ချစ်ခဲ့ ကြတဲ့ အကြောင်းအရာလေးတွေ..
ည ည .. မ အိပ်ပဲ တစ်ညလုံး စကားထိုင်ပြောခဲ့ ၊ နောက် တစ်နေ့ လုံးအိပ်နေကြတဲ့ နေ့ လေးတွေ..
အိမ်အကြောင်းသာ ပြောဖြစ်ခဲ့ကြတဲ့ ညတွေ..
နှင်းတွေကျတဲ့ ည၊ တစ်ညလုံး ဆော့ခဲ့ ကြတာတွေ...
City Center မှာ လျှောက်သွားခဲ့၊ ဈေးဝယ်ခဲ့ တာတွေ...
တရုတ်ဆိုင်မှာ ညစာစား ၊ ပြီးတော့ Movie သွားကြည့်ခဲ့တဲ့ နေ့ လေးတွေ..
High way လမ်းမှ မှာ လမ်းပျောက်၊ ၄ နာရီကျော် လမ်းလျှောက်ခဲ့ရတာတွေ...
စာမေးပွဲတွေ အပြီး london မှာ သွားနေခဲ့တဲ့ အချိန်လေးတွေ..
Black House မှာ နေခဲ့ကြတဲ့ အချိန်တွေ..
Walthanstow ကို ဈေးသွားဝယ်ကြတဲ့ အချိန်တွေ...
London မှာ လျှောက်လယ်ခဲ့ ကြတဲ့ အချိန်တွေ...
ညတိုင်း အလုပ်ကပြန်လာတိုင်း မုန့် ဝယ်လာတဲ့ သူငယ်ချင်းတွေ ..
AOL သုံပြီး အင်တာနက်ကို လုသုံးခဲ့ကြတဲ့ ညတွေ..
မမေ့ နိုင်တဲ့ 2001.. Graduration Day!!!
အိမ်က မလာလို့ .. လိုက်လာကြပြီး ပျော်ရွင်အောင် လုပ်ပေးခဲ့တဲ့ သူငယ်ချင်းတွေ. ( ဇာနည်ဝင်းထက်၊ လင်းကျော်ထင်၊ သားငယ်)
တစ်အုပ်စုလုံး ထူးထူးခြားခြား မြန်မာလို ဝတ်ခဲ့ကြတာတွေ..
ကားကို မောင်းချင်သလိုမောင်း၊ လမ်းတွေ ပျောက်၊ ဘယ်ရောက်လို့  ဘယ်ရောက်မှန်း မသိဖြစ်ခဲ့ရတဲ့ အချိန်တွေ..
ကားလမ်း ပြောင်းပြန် မှားဝင်မိတဲ့ အကြောင်းတွေ ( ကံကောင်းလို့  မသေတယ် )
တစ်ယောက်တည်း တက်ခဲ့ရတဲ့ အတန်းတွေ... လုပ်ခဲ့ရတဲ့ အဆိုင်းမန့် တွေ..
(ဒီတခါတော့ ကျောင်း မလစ်တော့ဘူး)
သူငယ်ချင်းပါ ကျောင်းကို လိုက်လာပြီး၊ အတန်းတက်ခဲ့ ကြတာတွေ..
ကိုမျိုးသက် လိုက်ပြတဲ့ ရုပ်ရှင်ကို ကြည့်ပြီး သူ့ ကို အော်ဟစ်ခဲ့တာတွေ... (ကြောက်ဖို့  ကောင်းတဲ့ ရုပ်ရှင်မို့ ပါ)
သူငယ်ချင်းကို လိုက်ပို့  ခွဲခွါရတဲ့ အချိန်တွေ...
တယောက်တည်း ဖြေချင်သလို ဖြေခဲ့တဲ့ exam တွေ..
မတင်လိုက်တဲ့ အဆိုင်မန့် တစ်ခု..
ဘဝမှာ တစ်ခါသာ exam ကျမှာ စိုးရိမ်ခဲ့ရတဲ့ အချိန်လေး...
exam result ထွက်ပြီး ပျော်ရွင်စွာ အိမ်ကို ဖုန်းဆက်ပြောခဲ့တဲ့ အချိန်တွေ..
အဆိုင်မန့် မှန်မှန် လုပ်ဖြစ်တဲ့ အချိန်တွေ..
နေမကောင်းလို့  အိမ်ကို သတိအရမ်းရခဲ့ တဲ့ နေ့ တွေ...
သူငယ်ချင်းတွေရဲ့ 2002 Graduration Day!!
၂ လလောက် တစ်ယောက်ထဲ အသည်းအသန် လုပ်လိုက်ရတဲ့ dissertation...
exam result စောင့်ရင်း အလုပ် လုပ်ခဲ့တဲ့ အချိန်တွေ..
new year night မှာ တညလုံး လျှောက်လယ်ခဲ့တဲ့ အချိန်တွေ..
အမှတ်တရ 2003 Graduration Day!!!!
အဖော်လိုက်ပေး၊ ဓာတ်ပုံတွေ ရိုက်ပေးခဲ့တဲ့ သူငယ်ချင်းတွေ .. (မျိုးနန္ဒကျော်၊ နော်အောင်၊ မျိုးသက်)
graduration dinner သွားစားခဲ့ကြတာတွေ...
မခွဲခွါခင် အားလုံးတူတူ လျှောက်လယ်ခဲ့ ကြတာတွေ...
နောက်တစ်ကြိမ် .. နှုတ်ဆက်ရပြန်တဲ့ အချိန်လေး..
ကြုံရပြန်တဲ့ ပတ်ဝန်းကျင် အသစ်..
အလုပ်စဝင်ရတဲ့ နေရက်တွေ...
ပင်ပန်းလှတဲ့ အချိန်တွေ...
ဖုန်း အမြဲဆက်.. အားပေးခဲ့တဲ့ သူငယ်ချင်းတွေ...
အနားမှာ ရှိနေတဲ့ သူငယ်ချင်း တွေ..
အမြဲ အားပေး၊ ဖြစ်ချင်တာ၊ လိုချင်တာကို အကုန် ပန့် ပိုးပေးနေတဲ့ မိဘတွေ..
.....

September 20, 2006
Yuri Chika - I Cry
Yuri Chika - I Cry
Every night I find it so hard to sleep
Cause I keep thinking of you
And these feelings from deep
Oh baby I try to hide all these feelings for you
I keep them all out of sight
I don't know what else to do
So I cry
But nobody hears me I cry
It's my only solution I cry
To all this confusion I cry
With all of my heart I cry
Sometimes I wonder in the blink of a night
Would you be waiting to love me
Would you give it a try
I don't know how it's to show you
That I'm not good be real
I'll be eternally faithful
Forever I feel
So I cry
But nobody hears me I cry
It's my only solution I cry
To all this confusion I cry
With all of my heart I cry
No one can tell me that I may be wrong
Cause I know in my heart
This feeling still running strong
Can't get you out of my head
Can't get you out of my heart
Can't get you out of my life
No matter it fell apart

September 19, 2006
19 September 2006
ထိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့... အင်း.. ဘာတွေဖြစ်မလဲ မသိဘူး။
ဘာလို့  သိမ်းတာပါလိမ့်။ သူတို့ နိုင်ငံ အခြေအနေ က အရမ်းဆိုးနေတယ်လို့ တော့ တစ်ခါမှ မကြားမိသေးပါဘူး။ ထိုင်းနိုင်ငံ အကြောင်းကို ကိုယ်ကလည်း သိပ်မသိတော့ ဘာမှ မပြောတတ်ဘူး။ ဒါပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဆိုတဲ့ စကားလုံးကြီးကိုတော့ တော်တော် မုန်းမိတယ်။
လုပ်ပိုင်ခွင့် အာဏာဆိုတာကြီးကို... လူတိုင်းကြိုက်ကြပါလားနော်။ အာဏာနဲ့  အရာရာ အားလုံးနည်းပါးကို ဖန်တီးနိုင်တယ်တဲ့ ။ အာဏာတစ်ခု၊ လုပ်ပိုင်ခွင့်တစ်ခု ကိုယ့်လက်ထဲ ရောက်လာရင် ...လူအများစုဟာ အဲ့ဒီ အာဏာရှင်ဆိုတဲ့ နေရာလေးကို တက်မက်သွားပြီး၊ အဲ့ဒါလေးကို လက်လွတ်ရမှာ ဆိုးလို့  သူတို့  ရထားတဲ့ အာဏာလေး တည်မြဲဖို့  နည်းမျိုးစုံနဲ့  ကြိုးစားကြတယ်တဲ့။ ကြားလည်း ကြားဘူး၊ မြင်လည်း မြင်ဘူး၊ ကိုယ်တိုင်လည်း အာဏာရူးဆိုတော့ လူတွေရဲ့ ဒဏ်ကို ခံရနေ တော့ အာဏာဆိုတာ မကောင်းတဲ့သူ လက်ကို ရောက်ရင်တော့ မလွယ်ဘူးဆိုတာကို သိနေတယ်။
ကိုယ့် ဟာကို စဉ်းစားမိတာ တစ်ခုပါ။ ကျွန်မတို့ တွေ သူများတွေကို အာဏာရူးတွေလို့  သာခေါ်နေကြတာ၊ တကယ်တော့ အာဏာဆိုတာ လူတိုင်း သည်းခြေကြိုက်တဲ့ အရာတစ်ခုပဲ မဟုတ်လား။ အင်း ကိုယ့်လက်ထဲသာ အဲ့ဒီ တစ်နေရာရာမှာ လုပ်ပိုင်ခွင့်ဆိုတဲ့ အာဏာလေး တစ်ခုခုသာ ရလာလိုက်ရင်.. ကိုယ်ရော အာဏာရူးဆိုတာကြီး ဖြစ်သွားမလား။ ( ဒီနေရာမှာ နိုင်ငံရေး အာဏာတခု တည်းကို ဆိုလိုချင်း မဟုတ်ပါဘူး)... စဉ်းစား စရာပဲ။ ကိုယ်လည်း အာဏာနဲ့ တူတာဆိုလို့  တစ်ခါမှ မရဘူးတော့ ကိုယ်သာ အာဏာရခဲ့ရင် အာဏာရူး မဖြစ်ပါဘူးလို့ တော့ တရားသေ မပြောချင်၊ မပြောနိုင်ဘူး။

September 18, 2006
ခင်မောင်တိုး - ကြိုးကြာသံ
ဒါလေးကို ကြည့်ဘူးတဲ့ သူတွေလည်း ကြည့်ဘူးကြမှာပါ။ ဒီဟာလေးကို နှစ်သက်မိလို့  ကျွန်မရဲ့ ဘလောခ့်မှာ သိမ်းထားလိုက်ပါတယ်။ အမှတ်တရ၊ သတိတရ နားထောင်ချင်တဲ့ အခါတွေမှာ နားထောင်လို့  ရအောင်ပါ။
September 16, 2006
ဂျူး - စောင့်နေမယ်လို့  မပြောလိုက်ဘူး
- လူငယ်တွေမှာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်။
- Rich Environment လို့  ခေါ်တာပေါ့။
- ဘဝအောင်မြင်မှု့  အတွက် အရေးကြီးတဲ့ အရာတွေပေါ့။
- စာအုပ်တွေ လိုမယ်။
- ခေတ်ကို အမှီလိုက်ဖို့  သင့်တင့်တဲ့ နည်းပညာတွေ လိုမယ်။
- ပညာကို ကိုယ့်ကို လက်ဆင့်ကမ်းနိုင်မယ့် လူတွေ လိုမယ်။
- အဲ့ဒီ ပတ်ဝန်းကျင်ဆိုတာက တချို့  အတွက် အလိုအလျောက်ရှိနေပြီး
- တချို့ အတွက်တော့ ကိုယ်တိုင် အားထုတ် ဖန်တီးမှ ရတယ်။
- ပညာက ကိုယ့်အနားကို မလာရင် ကိုယ်က ပညာဆီသွားရမှာပဲ။
September 15, 2006
15 September 2006- မ ဘလောခ့် ဖြစ်သော နေ့ များ အကြောင်း
အပြင်မှာ မိုးတွေရွာနေတယ်။ ခုအချိန်မှာ အလုပ်မှာ မဟုတ်ပဲ၊ အိမ်မှာ သာဆို ဘယ်လောက် ကောင်းလိုက်မလဲ။ ဒီနေ့ အဖို့ အချိန်တွေ ကုန်တာ အရမ်းနှေးနေ သလိုပဲ။ ဒီနေ့  သောကြာနေ့  ဆိုတော့ နောက် နှစ်ရက်ကြရင် အလုပ်လာဖို့  မလိုတော့တာ တွေးရင်း အလုပ် လုပ်ဖို့ ကို စိတ်မပါဘူး ဖြစ်နေတယ်။ တစ်မနက်လုံး meeting တက်ရတာနဲ့  လည်းဆိုင်မယ် နဲ့ တူတယ်။ မိုးအေးအေးမှာ meeting room ထဲ ၃ နာရီလောက် ထိုင်နေ လိုက်ရတော့ ပိုအိပ်ချင်သွားတာ ဖြစ်မယ်။ ဒါတောင် အပြန်အလှန် ဆွေးနွေးရတဲ့ meeting မျိုးဖြစ်လို့  တော်သေးတယ်၊ မဟုတ်ရင်တော့ အဲ့ဒီ meeting room ထဲမှာတောင် အိပ်ပျော် သွားနိုင်တယ်။ ခုရက်ပိုင်း အလုပ်တွေ ရှုပ်နေတာနဲ့  ဘလောခ့် မရေးဖြစ်တာ တစ်ပတ်လောက်ရှိ သွားတယ်။ ကိုယ်တိုင်သာ မရေး ဖြစ်တာပါ၊ သူများ ရေးထားတာတွေတော့ ဖတ်ဖြစ် ပါသေးတယ်။
ဒီရက်ပိုင်းရှုပ်နေတာက နှစ်ခု။ တစ်ခုက အိမ်ပြောင်းဖို့  အိမ်ရှာ နေရတာလေ။ တော်တော်ရှုပ်တဲ့ နိုင်ငံ။ ဒီမှာ အိမ်ခန်းတွေ ရှာမယ်ဆို ပွဲစားနဲ့ ရှာရတာ များတယ်။ သတင်းစာထဲက ရှာလည်း ပွဲစားနဲ့  အရင်တွေ့ တာ များတယ်။ ပွဲစားက တဆင့် အိမ်ငှါးမယ်ဆို ငှါးတဲ့ သူက အိမ်လခရဲ့ တစ်ဝက်ကို ပွဲစားခ (agent fee) အနေနဲ့ ပေးရတယ်၊ အိမ်ပိုင်ရှင်ဘက် ကလည်း လခတဝက်စာ ပေးရတယ် ထင်တယ်။ စဉ်းစားတယ် ခုအလုပ် မလုပ်တော့ပဲ ပွဲစားပဲ လုပ်တော့ရင် ကောင်းမလားလို့ ။ သူတို့ က ကိုယ့်ထက်ပိုရ နေသလိုပဲ။ စကားတော့ တော်တော် ပြောရတယ်။ ထားပါ။ ပြောလို့  သာပြောတာပါ ကိုယ်က အဲ့လို အလုပ်မျိုး လုံးဝ လုပ်လို့  မဖြစ်နိုင်ဘူးဆိုတာ သိနေတယ်။
ဒီမှာ အိမ်ငှါးရင် အများအားဖြင့် ၁ နှစ် ၂ နှစ် နေပါ့မယ့် ဆိုပြီး စာချုပ်က ချုပ်ရသေးတယ်။ စာချုပ် ကာလ မပြည့်ခင် ထွက်မယ်ဆိုရင် စပေါ် ပေးထားတာက ပြန်မရတော့ဘူး။ အိမ်ငှါး စာချုပ်ပြည့် ပြီဆို ထုံးစံ အတိုင်း အိမ်လခ တိုးတောင်းတတ် ပါသေးတယ်။ အိမ်ရှင်တွေ အလွန်လို့ လည်း ပြောလို့  မရပါဘူး။ ဒီမှာ အားလုံး ဈေးတွေတက် နေတယ်ဆိုတော့ သူတို့ နေရာမှာ ကိုယ်သာဆိုလည်း အိမ်လခ တိုးတောင်းမှာပဲ။ အင်း... အိမ်ငှါး ဘက်က ကျတော့လည်း အိမ်လခ တိုးမပေးချင်ပြန်ဘူး။ တော်ရုံ တိုးတောင်းတာလောက်ဆိုရင်တော့ တိုးပေးနိုင် ကျမယ် ထင်တယ်။ ခုတလော ကြုံနေရတာ၊ ကြားနေရတာတွေ ကတော့ အိမ်လခတိုးတောင်းပြီဆို ၃၀၀-၅၀၀ လောက်တိုးတောင်း တယ်ဆိုတာပဲ ကြားနေရတယ်။ တစ်အိမ်မှာ လူတွေ အများကြီးနေတယ် ဆိုရင်ကတော့ ဒီလောက် တိုးပေးရတာ သိပ် မသိသာလောက် ပေမယ့်၊ ၃ ယောက်၊ ၄ ယောက်ပဲ နေတယ်ဆို တော်တော် သိသာသွားတယ်။ ပိုဆိုးတာက လက်ရှိ နေတဲ့ အိမ်တွေမှာ ထပ်ပြီး နောက်တစ်နှစ် စာချုပ် ချုပ်မယ် ဆိုရင်တောင် ပွဲစားခက ထပ်ပေးရ သေးတယ်။ ဒီအိမ်မှာပဲ ဆက်နေမှာကို အိမ်ရှင် နဲ့  အိမ်ငှါး ကီစ္စပြီးရင် ပြီးသင့်တာကို၊ ပွဲစားခ ထပ်ပေးရမယ်ဆိုတော့ တစ်မျိုးကြီးပဲ။ ပွဲစားတွေ က အိမ်ငှါးတွေနဲ့  အိမ်ရှင်တွေကို တိုက်ရိုက် ဆက်သွယ်မှာကို အရမ်းကြောက် ကြတယ်။ အိမ်ရှင် လိပ်စာတို့ ၊ ဖုန်းနံပတ်တို့  ကိုဆို လုံးဝ မပေးဘူး။ ဆိုးလိုက်တဲ့ ပွဲစားတွေ။ ကောင်းတဲ့ သူလည်း ရှိချင်ရှိမှာပါ၊ ဒါပေမယ့် တခါမှတော့ မကြုံဘူး သေးဘူး။
ဒီနိုင်ငံမှာ ကျွန်မ အတွက် ထူးဆန်းနေတာ တစ်ခုရှိသေးတယ်။ အိမ်တွေမှာ အိမ်ခန်း ရေတွက်တဲ့ ကိစ္စပါ။ အိမ်တစ်အိမ်ကို 3 rooms flat လို့  ပြောရင် တစ်ခြားနိုင်ငံမှာ ကျွန်မ အမြဲ နားလည်ခဲ့တာ ကတော့ အိပ်ခန်း ၃ ခန်းပါတဲ့ တိုက်ခန်း ကိုပြောတာပေါ့။ ဒီနိုင်ငံမှာ အဲ့လို မဟုတ်ဘူး။ 3 rooms flat ဆိုတာ အိပ်ခန်း ၂ ခန်း ထဲပါ တဲ့ဟာ ကို ခေါ်တာ။ သူတို့ က ဧည့်ခန်းလို အိမ်ထဲ ဝင်ဝင်ချင်းမှာ တွေ့ ရတဲ့ အခန်းကိုပါ ထည့်တွက်ပြီး 3 rooms flat လို့  ပြောနေတာလေ။ မီးဖိုချောင်ခန်းကိုပါ ထည့် တွက်ပြီး 4 room flat လို့  မပြောတာ တော်သေးတယ်လို့  ပြောရမယ်။ ဒါတောင် ဟို တလောက 5 rooms flat ဆိုလို့ သွားကြည့်မိပါတယ်၊ တကယ်ကျတော့ အိပ်ခန်းက ၃ ခန်းပဲပါတယ်။ တိုက်ခန်းက နှစ်ထပ် ပုံစံလေးကို အိပ်ခန်း ၃ ခန်းက အပေါ်ထပ်မှာ၊ မီးဖိုချောင် နဲ့  ဧည့်ခန်းက အောက်ထပ်မှာ ရှိတယ်။ အောက်ထပ်က hall ပုံစံလေး။ အောက်ထပ်မှာ အလှပုံစံ နည်းနည်းလေးပဲ ကာထားတာ ရှိတယ် ဆိုတော့ ဘယ်လိုမှ နှစ်ခန်းလို့  ပြောလို့  မရနိုင်ဘူး။ ဒါကို 5 rooms flat တဲ့လေ။ ဒီမှာ room ဆိုတာကို ဘယ်လို နားလည်ရမှန်း မသိတော့ဘူး။ နောက်တော့ ကျွန်မမှာ အိမ်ကိစ္စ ဖုန်းဆက်တဲ့ အခါတိုင်း အိပ်ခန်း ဘယ်နှစ်ခန်း ပါတာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင် မေးနေရတယ်။ တစ်ချို့  ပွဲစားဆိုတာ တွေကလည်း ငှါးဖို့  အိမ်ရှိတယ်သာပြောတာ၊ ငှါးမယ့် အိမ်ကို မြင်ဘူးတာ မဟုတ်တော့ ကျွန်မ မေးတဲ့ မေးခွန်းဟာ သူတို့  အတွက် တော်တော်တော့ ဖြေရခက်တဲ့ မေးခွန်း ဖြစ်နေတဲ့ပုံတွေပဲ။
ကျွန်မရဲ့ သူငယ်ချင်းတွေက လည်း အားမကိုးရ ပါဘူး။ အိမ်လေးဘာလေး ဝယ်ကြတာ မဟုတ်ဘူး။ သူတို့  တွေ အိမ်ဝယ်ကြမယ်ဆိုရင် အားနေတဲ့ အခန်းမှာ သွားနေလို့  ရတာပေါ့။ ဒီမှာ လူတွေက အိမ်တွေဝယ်ပြီး သူတို့  က တစ်ခန်းနေ၊ ကျန်တဲ့ အခန်းတွေကို ပြန်ငှါးတာ တွေ့ တွေ့ နေ ရတာပဲ။ သူများတွေထက် အခန်းခလေး ပိုပေးဆိုလည်း ပိုပေးပါမယ်။ အိမ်လေးများ ဝယ်ဖို့  စိတ်ကူး မရှိ ကြဘူးလား။ တစ်နှစ် တစ်နှစ် အိမ်ပြောင်းရတဲ့ ဒုက္ခကို မခံချင် လို့ ပါ။ ကျွန်မကို သူများတွေကို ပြောနေမယ့်အစား ကိုယ့်ဟာကို ဝယ်ပါလားလို့  မပြောပါနဲ့ ။ ဝယ်ဖို့  ပိုက်ဆံ မရှိသေးပါဘူး။ ခုနေများ အိမ်ဝယ်ဖို့  ပိုက်ဆံရှိ အုန်းတောင်မှ ကျွန်မ တစ်ယောက်တည်း အိမ်ဝယ်လို့  မရနိုင်ပါဘူး။ ဒီမှာက PR နှစ်ယောက်ပေါင်းမှ အိမ်တစ်ခန်း ဝယ်ခွင့်ရှိတာပါ။ ဒီနိုင်ငံသားတွေ ဘယ်လိုမှ အိမ်ခန်းဝယ်လို့  ရလည်းတော့ ကျွန်မ သေချာ မသိဘူး။ PR ဆိုရင်တော့ နှစ်ယောက်မှ ဝယ်လို့ ရတာ သေချာပါတယ်။ အဲ့ဒီ အိမ်ဝယ်မယ့်သူ နှစ်ယောက်က သူငယ်ချင်းတွေပဲ ဖြစ်နေမယ် ဆိုရင်တော့ တူတူစပ်ပြီး အိမ်ဝယ်လို့  မရနိုင်ပါဘူး။ အဲ့တာတွေကြောင့် ဝယ်နိုင်သူများ အိမ်ဝယ်ကြပါလို့  တိုက်တွန်း နေရတာပါ။ မောင်နှမ နှစ်ယောက် ပေါင်းဝယ်ရင်တော့ ရတယ် ထင်တယ်။ ကျွန်မရဲ့ မောင်နှမတွေကလည်း တစ်ယောက်မှ ဒီနိုင်ငံမှာ မရှိသလို၊ ဒီမှာလည်း မနေနိုင်ပါဘူး ဆိုတော့ကား ဒီနိုင်ငံမှာ အိမ်ဝယ်ဖို့  ဆိုတာ ကျွန်မ နဲ့  တော်တော် အလှမ်း ဝေးတဲ့ အရာတစ်ခုပါ။
ကျွန်မက အိမ်ခန်းရှာတာမှာလည်း နည်းနည်း ဂျီးများသေးတယ်။ ဒီမှာ share room တွေမှာ နေမယ်ဆို ရှာရတာ ပိုလွယ်တယ်။ ကျွန်မက သူများနဲ့  အခန်း တစ်ခန်းတည်းမှာ အတူတူ မနေချင်တော့ အိမ်ခန်း ရှာရတာ ပိုခက်တာပေါ့။ ပြီးတော့ အခန်းမှာ အဲရားကွန်းလေးလည်း ပါစေချင်ပြန်ရော။ အိမ်ကိုလည်း သန့် သန့်  ရှင်းရှင်းလေး ဖြစ်တာကိုမှ နေုချင်တယ်။ ကိုယ့်ဟာကိုသာ အခန်းကို ရှုပ်ချင်ရှုပ်မယ်၊ သူ့  နဂိုအတိုင်း ဆိုရင်တော့ ဖြုဖွေးပြီး သန့် နေမှ ကြိုက်တယ်။ ဒါမှ စိတ်ကူးပေါက်လို့  အခန်းရှင်းရင် အခန်းလေးက သန့် ရှင်း နေမှာ။ ရေးချိုးခန်းမှဆိုလည်း ရေပူ၊ ရေအေး နှစ်မျိုးလုံး ရမှ၊ အိမ်သာဆိုလည်း သန့် ရှင်းနေမှ ကြိုက်တယ်။ ပြီးတော့ အိမ်ရှင်နဲ့ လည်း အတူတူ မနေချင်ပြန်ဘူး။ single room နေမယ်ဆို အိမ်ရှင်နဲ့  နေရတဲ့ အခန်းမျိုးဆို ပိုရှာရလွယ်တယ်။ ပိုက်ဆံလည်း ပိုသက်သာတယ်။ ကျွန်မက ပိုက်ဆံကလည်း တော်ရုံပဲ သုံးချင် ပြန်သေးတယ်။ ပိုက်ဆံ အများကြီးသုံးရင်တော့ တစ်အိမ်လုံးငှါး၊ တစ်ယောက်တည်းနေ။ ရတာပေါ့ ။ ဒါပေမယ့် အိမ်ခန်းခကတင် ကိုယ်ရတဲ့လခရဲ့ တဝက်လောက် ဖြစ်နေမယ်ဆို မဟုတ်ပြန်ဘူး။ အဲ့ဒီလောက် ဂျီးများနေမှတော့ အိမ်ခန်းရှာရ ခက်တာ ဘာဆန်း မလဲ။ ဒါတောင် အလုပ်နဲ့  နီးမှဆိုတာကို ထဲမစဉ်းစား ထားသေးဘူး။ မတတ်နိုင်ဘူး။ ကိုယ်တစ်ယောက်တည်း ကြုံတွေ့ နေရတဲ့ ဒုက္ခမှ မဟုတ်တာ လို့ ပဲ တွေးနေလိုက်တယ်။ ဒီဒုက္ခက တစ်ခါတည်းပြီးမှာ မှ မဟုတ်တာ၊ ဒီနိုင်ငံမှာ နေသမျှတော့ ဒီဒုက္ခနဲ့  အမြဲတွေ့  နေရဦးမှာပဲ။ ဘာပဲ ပြောပြော ခုတော့ အိမ်ခန်း ရသွားပြီ။ စိတ်ပေါ့ သွားတယ်။ အိမ်ခန်း ကူရှာပေးတဲ့ သူငယ်ချင်း အားလုံး နဲ့  အိမ်ခန်း တွေလိုက်ကြည့်ပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်တယ်။ နောက်လိုတဲ့ အခါတွေလည်း ဒီလိုပဲ ကူညီ လိုက်ရှာပေးကြပါဦး။
မလုပ်မဖြစ် လုပ်ရမှာ တစ်ခုပြီးသွားပြီ၊ တစ်ခုပဲ ကျန်တော့တယ် ဆိုတော့ ဒီရက်ပိုင်းတော့ နည်းနည်း အားမယ် ထင်တယ်။ တကယ်တော့ မအားတာ မဟုတ်ပါဘူး။ မလုပ်မဖြစ် လုပ်စရာတွေ ရှိနေတယ်ဆို စိတ်က ရှုပ်နေတာနဲ့  တခြားဟာတွေ မလုပ်ဖြစ်တော့တာ။ အဲ့ လုပ်စရာ ရှိတာ လုပ်လားဆိုတော့လည်း ထုံစံအတိုင်းပေါ့။
ဒီရက်ပိုင်း ဘာတွေ ထူးထူးခြားခြား လုပ်ဖြစ်လဲ။ ဘာတွေ ထူးခြားလည်းဆို အစ်ကိုကြီး ပြန်သွားပြီဆိုတော့ အရင်လို ပြန်ဖြစ်သွားတယ်။ သူပြန်သွားတော့ ကိုယ်လည်း လိုက်ပြန်ချင်သား။ တစ်ယောက်တည်း နေနေကြ ဆိုတော့ သူတို့ တွေ ရှိရင် ရှုပ်နေသလို ဖြစ်နေပေမယ့်၊ ပြန်သွားပြီဆိုတော့လည်း သတိရသား။ ညနေဆို ဖုန်းဆက်ပြီး အိမ်ပြန်မလားသေးဘူးလား မေးမယ့်သူ မရှိ၊ ညနက်လို့ု မအိပ်သေးရင် သွားအိပ်တော့ လို့  ပြောမယ့် ဆိုမယ့် သူမရှိ၊ ထမင်းမစားရင် ဆူမယ့် သူမရှိ။ အင်း.... ဒီလို နေတာ ကောင်းသလိုလို မကောင်းသလိုလိုပဲ။ မသိပါဘူး။ ဒီလိုပဲ နေရမှာပဲ ဆိုတော့ ကောင်းတယ်လို့  စိတ်ထဲမှတ်ထားတော့ စိတ်ထဲ ရှင်းတာပဲ။ ခုဆို အိမ်မှာရှိရင် သီချင်းနားထောင်၊ ရုပ်ရှင်တွေ ဒေါင်းလုတ်လုပ်၊ စာဖတ်၊ ဖုန်းပြောချင်ပြော။ ကိုယ့်ကို ဂရုတစိုက် လိုက်ပြောနေတမယ့် သူမရှိတော့ ကိုယ့်ဟာကို ပို ဂရုစိုက်ရတာပေါ့။ တခါတလေလည်း ဟိုသွားဒီသွားပေါ့။ မထူးခြားတဲ့ ဒီနိုင်ငံက ပုံစံအတိုင်းပေါ့။ ဒီလောက်ပါပဲ။
ခုနားထောင် မိတဲ့ သီချင်းလေး။ အင်္ဂလိပ် သီချင်းလေးပါ။ မိုးအေးအေးမှာ နားထောင်ရင်း နာထောင်ရင်းနဲ့  သဘောကျ သလို ဖြစ်သွားတယ်။ ဒီသီချင်းကို ရင်ဂို က မြန်မာလို ပြန်ဆိုထားတာ နားထောင်ဘူးတယ်။ "နောက်ဆုံး အချစ်" လို့  ထင်တာပဲ။ "နောက်ဆုံး အချစ်ကို ခုတခါ တစ်ကယ်ပဲ အဆုံးသတ်လိုက်ပါပြီ အချစ်" ... ဆိုတဲ့ စာသားနဲ့ ။ ရင်ဂို က ပထမဆုံးဆိုတာလား၊ သူများဆိုတာကို နောက်ထပ် ပြန်ဆိုထားတာလားတော့ မသိဘူး။ ခုခေတ်က သီချင်းတစ်ပုဒ်ဆို ဟိုလူဆိုလိုက် ဒီလူဆိုလိုက်နဲ့ ။ ဘာတွေမှန်း မသိပါဘူး။ ဒီမှာ နားထောင်ချင်ရင် နားထောင်ကြည့်လို့  ရအောင် ပေးထားပါတယ်။
Cascades - Rhythm of The Rain
ဘာဆက်ရေးရင်ကောင်မလည်း စဉ်းစားမရတော့ဘူး။ ဒီနေ့ တော့ ဒီလောက်ပါပဲ။ ကောင်းသောနေ့  ဖြစ်ပါစေ။

September 08, 2006
08 September 2006 - Happy Birthday To My Little Sis
Sis, Thinking of you with love on your birthday and
wishing you everything that brings you happiness today and always!
Happy Birthday Sister
I hope your day is special just like you!
September 05, 2006
The Lion Sleeps Tonight
ခုလေးတင် ပြန်နားထောင် ဖြစ်လိုက်တဲ့ သီချင်းတစ်ပုဒ်။ NSync - The Lion Sleeps Tonight ဒီသီချင်းကို Lion King ရှပ်ရှင်မှာ စနားထောင်ဘူးထဲက သဘောကျတယ်။ Disney က ကာတွန်း ရုပ်ရှင်တွေကို အရမ်း သဘောကျလို့  ဒေါင်းလုတ်လုပ် သိမ်းထားပြီး အမြဲ ကြည့်လေ့ရှိတယ်။ ပြီးတော့ အဲ့ဒီထဲက သီချင်းတွေကိုလည်း နားထောင်လေ့ရှိတယ်။ ဒီနေတော့ The Lion Sleeps Tonight ကို ပြန်နားထောင်ဖြစ်ရင်း Lion King I, II and III သုံးခွေလုံးကို ပြန်ကြည့်ချင်စိတ်ပေါက်သွားတယ်။ Lion King ကို ကြည့်ချင်တာနဲ့  သူငယ်ချင်း တစ်ယောက်ပို့ ပေးဘူးတာလေးကို သတိရသွားလို့  ပြန်ရှာကြည့်လိုက်တာ ...
အရင်ကရှိခဲ့ဘူးတဲ့ ကာတွန်းကား စာရင်း၊ အားလုံး DVD ကွာလတီကို ရှာထားခဲ့တာ။ ဟိုတလောက အရှင်းကောင်းလိုက်တာ moive တွေ အကုန်ပါသွားတယ်။ ပြန်စုဖို့ က လည်း စိက်မရှည်တော့ဘူး။ အခွေ ဝယ်ရင် ရနိုင်ပေမယ့် ဝယ်ပြီးရင်၊ သိမ်းထားရတဲ့ ဒုက္ခက ရှိသေးလို့  မဝယ်ချင်ဘူး။ ဒေါင်းလုတ်မလုပ်ပဲ အကုန်ပြန်ရချင်လိုက်တာနော်။ ဟီး...
Snow White And The Seven Dwarfs
Bambi
Cinderella
Sleeping Beauty
The Jungle Book
The Many Adventures Of Winnie The Pooh
Beauty And The Beast
The Lion King I,II,III
Pocahontas I,II
Mulan I,II
Tarzan
Ice Age
Brother Bear
Madagascar

September 03, 2006
03 September 2006 - ဖတ်မိသော ကဗျာ အပိုင်းအစလေး
သိလည်း သိလျက်၊
မသိရက်သို့ ၊
သိုဝှက်ရင်တွင်း၊
အံကိုတင်း၍၊
သက်ပြင်းရှိုက်ကာ။
ဒီနေ့  ဖတ်မိတဲ့ ဝတ္တုတစ်ပုဒ်ထဲက ကဗျာ အပိုင်း အစလေးတစ်ခုပါ။ ဘယ်သူရေးတဲ့ ဘယ်ကဗျာကလည်း ဆိုတာကိုတော့ ပြောမထားပါဘူး။ ဒါလေးဖတ်မိမိချင်း စိတ်ထဲမှာ တွေးမိတာက ကျွန်မတို့  ဘဝမှာ ဒီကဗျာထဲကလို သက်ပြင်းရှိုက်ပြီး နေခဲ့ရတဲ့ အကြိမ်တွေ ဘယ်လောက်များနေခဲ့ပြီလဲ ဆိုတာကိုပါ။
တချို့ ကိစ္စတွေမှာ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်မယ်ဆိုရင်တော့ သက်ပြင်းရှိုက် အသာလေး နေလိုက်တာ ပိုကောင်းမှန်းသိပေမယ့်၊ တခါတလေတော့လည်း စိတ်ထဲ ရှိတာတွေ ထုတ်ပြောလိုက်ချင်သား။

September 02, 2006
Wake Me Up When September Ends
အလုပ်ပိတ်ရက် ရောက်ပြန်ပြီ။ ဒီလမှာ မလုပ်မဖြစ် လုပ်ရမဲ့ အလုပ်တွေ ရှိနေတယ်။ မလုပ်လို့  မရမှန်း သိပေမယ့် မလုပ်ပဲ နေချင်တယ်။ ငါ့ရဲ့ စိတ်ကလည်း တော်တော့်ကို မဟုတ်တာပဲ။ မလုပ်မဖြစ်လို့  အမည်တပ်လာရင် နဂိုက လုပ်ချင်တဲ့စိတ်လေး ရှိနေခဲ့ဦးတောင်မှ အဲ့ဒီစိတ်လေး ဘယ်ပျောက်သွားမှန်မသိ၊ ဘာမှ မလုပ်ပဲသာ နေလိုက် ချင်တော့တယ်။
ခုချိန်မှာ စိတ်ထဲရောက်လာတဲ့ သီချင်းက
Green Day's Wake Me Up When September Ends
တစ်လလုံး အိပ်ပျော်နေပြီး လကုန်မှပဲ နိုးလာရင်ကောင်းမယ်။ သြော် ငါ တော်တော်လေးကို အပျင်းထူလာ ပါလား။ ဆေးမမှီတော့ဘူး ထင်ပါရဲ့။

September 01, 2006
September - စက်တင်ဘာ
ဒီနေ့  စက်တင်ဘာလ တစ်ရက်နေ့ ..
လွန်ခဲ့တဲ့ နှစ်တွေက ဒီလို စက်တင်ဘာလတွေမှာ ကျွန်မ ဘဝ အတွက် ထူးထူးခြားခြား ပြောင်းလဲ မှု့ တွေ ဖြစ်ခဲ့ဘူးတယ်။ ပြောင်းလဲမှု့  အများစုဟာ ကောင်းသောပြောင်းလဲမှု့ တွေ လို့ ပြောနိုင်ပါတယ်။
ဒီစက်တင်ဘာလရဲ့ ရက်တစ်ရက်မှာ
- ကျွန်မ ရဲ့ မိသားစုကို ခွဲခွါပြီး ဟို... အဝေးက နိုင်ငံတစ်ခုကို သွားခဲ့ ဖူးတယ်။
- မိသားစုဝင်တွေ မဟုတ်တဲ့ ကျွန်မ ဘဝမှာ အရေးပါမယ့် လူပေါင်းများစွာနဲ့  စတင်တွေရှိခဲ့ရ ဖူးတယ်။
- လောကမှာ လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း စတင်သိခဲ့ရ ဖူးတယ်။
- ဘဝမှာ ထမင်းစား လက်မှတ်လို့  ပြောနိုင်တဲ့ အရာနှစ်ခုကိုလည်း ရခဲ့ဖူးတယ်။
- ပိုက်ဆံရှာရတဲ့ အလုပ်ဟာ မလွယ်ပါလား ဆိုတာကို စတင်သိခဲ့ရ ဖူးတယ်။
- လောကမှာ ပိုက်ဆံမျက်နှာ တစ်ခုတည်း ကြည့်တတ်တဲ့ သူတွေ ရှိကြောင်းကိုလည်း သိခဲ့ရ ဖူးတယ်။
- သာရာ ပေါင်းပြီး၊ နိမ့်ရာ ဖိထောင်းတတ်တဲ့ လူတွေလည်း အများကြီးရှိပါလား ဆိုတာကိုလည်း သိခဲ့ရ ဘူးတယ်။
- စကားမချိုသာပေမယ့်၊ စိတ်ထား ဖြူတဲ့ လူတွေလည်း ရှိသေးတယ်ဆိုတာကို သိခဲ့ရ ဖူးတယ်။
- အပြင်ပန်းအရ လှပပေမယ့်၊ အတွင်းမှာလှိုက်စား ပုတ်အဲ့နေတဲ့ အရာတွေ အများကြီး ရှိပါလားဆိုတာကို စတင်သိခဲ့ရ ဖူးတယ်။
- .....

Subscribe to:
Posts (Atom)