Pages

November 14, 2007

မိုး နှင့် အမ်စီ

မနေ့ ညနက်ပိုင်းကတည်းက ရွာတဲ့မိုး အလုပ်သွားချိန်အထိ သည်းကြီးမည်းကြီး ရွာနေတုန်းပါပဲ။ မိုးတွေ ဒီလောက်တောင် ရွာနေမှတော့ အလုပ်မသွားချင်တော့ဘူး။ ပြန်အိပ်ချင်တဲ့စိတ်၊ ပျင်းနေတဲ့စိတ်ကို အသာထိန်းလို့  ရေအမြန်ချိုး၊ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး မိုးရွာထဲမှာ အလုပ်ကို ထွက်လာခဲ့တယ်.. အခန်းတံခါးဖွင့် အထွက်မှာ အိမ်ရှေ့မှာ ထိုင်နေတဲ့ သူငယ်ချင်းက မိုးတော်တော်ရွာနေတယ်၊ အလုပ်သွားမလို့ လား၊ အမ်စီမယူဘူးလားတဲ့။ မယူဘူး၊ အလုပ်သွားလိုက်ဦးမယ် ဆိုတော့ မိုးရွာထဲ အလုပ်သွားလို့ နေမကောင်းရင် ဘယ်သူမှ ဆေးကုပေး၊ ဘယ်သူမှလည်း ဂရုလာစိုက်မှာ မဟုတ်ဘူးနော်လို့  သတိပေးတယ်။

အလုပ်အလာ လမ်းမှာတင် sms တစ်ခုရတယ်။ အလုပ်က သူငယ်ချင်းတစ်ယောက်က သူ ဒီနေ့  အလုပ်မလာဘူး၊ အမ်စီ ဆိုတဲ့အကြောင်း လှမ်းအကြောင်းကြားတာပါ။ အနားယူလိုက်အုံးမယ်တဲ့။ အလုပ်ရောက်တော့ နည်းနည်းနောက်ကျနေပြီ။ ၉း၂၀ လောက် ရှိနေပေမယ့် ကိုယ့်အနားမှာ ထိုင်တဲ့သူတွေ ထဲမှာ ကိုယ်ထက်စောပြီး အလုပ်ရောက်နေတာဆိုလို့  တစ်ယောက်ပဲ ရှိကြောင်း တွေ့ လိုက် ရတယ်။ ပရော့ဂျက် မန်နေဂျာက ၃ ပတ် ခွင့်ယူထားတာကြောင့်လည်း ပါမှာပေါ့။ မိုးအေးအေး ချမ်းစိမ့်စိမ့်လေးမို့  ရေးနွေးတစ်ခွက် သွားယူသောက်ပြီး ပြန်စရာရှိတဲ့ အီးမေးတွေ ပြန်ပို့ နေတာ၊ ၁၀ ကျော်လို့  ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခုနကတစ်ယောက်ပဲ အနားမှာရှိကြောင်း သတိထားမိလိုက်တယ်။ ဒီအချိန်မှ မရောက်သေးတာ မဖြစ်နိုင်တာကြောင့် ကျန်တဲ့သူတွေ မီတင်များ သွားနေကြလားလို့  မေးကြည့်လိုက်တော့ ဒီနေ့  မနက် ဘာမီတင်မှ မရှိပါဘူးတဲ့။ ဒါဆို သေချာပြီပေါ့။ အားလုံး မိုးအေးအေးနဲ့  အမ်စီယူပြီး အိမ်မှ ကွေးကုန်ကြပြီ။ ဒီနေ့  အလုပ်မှာ ကျွန်မရဲ့ ရှေ့၊ နောက်၊ ဘေးတွေမှာ ထိုင်တဲ့ လူ ၄ ယောက် အပါအ၀င် အမ်စီယူတာ ကျွန်မတို့  အဖွဲ့  တစ်ခုတည်းကတင် ၆ ယောက် ရှိပါတယ်။

တွေးမိတယ်။ ဒီနေ့ မိုးရွာထဲအလုပ်လာရင် ဘယ်လိုလာလာ မိုးနည်းနည်းတော့မိမှာပဲ၊ ပြီးတော့ ခြေထောက် ရေစိုနဲ့  အေးစိမ့်နေတဲ့ အဲယားကွန်းခန်းတွေ ထဲမှာ တစ်နေကုန် အလုပ်လုပ်ရမယ်ဆို နောက်နေ့ မှ နေမကောင်းဖြစ်ဖို့ က ၈၀% သေချာနေပြီ။ ဒါဆို နောက်တစ်နေ့ မှာ အမ်စီရတော့မယ်။ တစ်ရက် အမ်စီယူရတာချင်း အတူတူ တစ်နေ့ ကြိုယူလိုက်တော့ လူလည်း မပင်ပန်း ဆေးသောက်စရာမလိုပဲ အနားရတာပေါ့။ အင်း... ဒီနေ့ လို မိုးသည်းကြီးမည်းကြီး ရွာတဲ့ မနက်ခင်းတွေမှာ အလုပ်မသွား၊ အမ်စီ ယူသူများကို အမျှော်အမြင်ကြီးသူများလို့  ခေါ်ရမယ်။ အခု အနွေးထည် ထူထူဝတ်ထားပြီး ရေနွေးပူပူတွေ သောက်နေတဲ့ကြားက ချမ်းစိမ့်စိမ့်နဲ့  သိပ်ပြီး နေလို့ မကောင်းတော့ဘူး။ မနက်ဖြန်ဆို ဖျားတော့ မလားမသိ။ မဖျားချင်ဘူး။ မိဝေးဖဝေး တစ်ယောက်တည်း နေတဲ့အချိန် ဖျားနာနေရင် ဘယ်လောက် ဒုက္ခရောက်တယ် ဆိုတာ ခံစားဖူးမှ သိကြမှာ။ အင်း... နောက်ဆို မနက်အလုပ်သွားချိန် မိုးရွာရင် အမ်စီယူဖို့  စဉ်းစားမှ ဖြစ်တော့မယ်။ ကျန်းမာရေးက အရေးကြီးတယ် မဟုတ်လား။ ဒီလိုနဲ့ ပဲ ဒီနိုင်ငံမှာ မနက်စောစော အလုပ်သွားချိန် မိုးသည်းကြီးမည်းကြီးရွာရင် အမ်စီယူပြီး အလုပ်မလာကြတာ ထုံးစံတစ်ခုလို ဖြစ်လာတာ ထင်ပါတယ်။

2 comments:

JulyDream said...

မှတ်သားစရာ တစ်ခုပါပဲဗျာ။ MC ယူဖို့ကို လက်တွန့် နေသေးတာ ဘာကြောင့်လဲ မသိဘူး။ ဖျားနေတာတောင် ရုံးကို တက်ဖြစ်အောင် တက်နေပေး ပါတယ်။ အဲဒီလို မဖျားသေးခင် MC ယူဖို့ ဆရာဝန်ကို ဘယ်လို ပြောရမှန်း မသိသေးဘူး ခင်ဗျ။ တကယ်ကို တုံးတယ်နော်။

Nay Nay Naing said...

အနေကြာရင် အလိုလို တတ်သွားမှာပါ။ ကိုယ့်ရှေ့ က စီနီယာတွေကို တိုးတိုးတိတ်တိတ်မေးကြည့်ပေါ့။