Pages

December 26, 2006

ဇာဂနာ - မြန်မာပြည်ရဲ့ ချာလီချက်ပလင်

လူထုစိန်ဝင်းပြော သော ဇာဂနာ အကြောင်း....

ဇာဂနာကို စတင်တွေ့ဖူးတဲ့အချိန်က သူဟာ ရှက်တတ်ပြီး စကားနည်းတဲ့ တကိုယ်တော် လူငယ်လေးတဦး ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၀ ခုနှစ်အတွင်း ကျွန်တော့် စာသင်ခန်း ကျဉ်းကျဉ်းလေးထဲမှာ ထပ်ပြီး တွေ့ဆုံတဲ့အချိန်မှာတော့ ရှက်ရွံ့ရွံ့နဲ့ စကားနည်းတဲ့ ကောင်လေးတယောက် မဟုတ်တော့ပါဘူး။ အဲဒီ အချိန်မှာ သူဟာ လူသိများတဲ့ အကျဉ်းသားဟောင်းတဦးဖြစ်သလို အလွန် ကျော်ကြားတဲ့ လူရွှင်တော်တဦးလည်း ဖြစ်နေပါပြီ။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်က ပြန်လွတ်ပြီး ရက် အနည်းငယ် အကြာမှာ ဆရာဟောင်းကို သူ လာတွေ့ပါတယ်။ အဲဒီအချိန်မှာတော့ သူဟာ စကားအိုး တယောက် ဖြစ်နေပါပြီ။ အားရပါးရရယ်မောပြီး ဘေးနားမှာရှိတဲ့ အတန်းဖော်ဟောင်း တွေနဲ့ ပြက်လုံးတွေ တခုပြီးတခု ထုတ်နေပါတယ်။ အဲဒီလို ရှက်တတ်ပြီး စကားနည်းတဲ့ ကောင်လေးကနေ အာဝဇ္ဇန်းရွှင်တဲ့ လူရွှင်တော်တယောက် ဘယ်လိုများဖြစ်သွားပါလိမ့်။ သူ့ပြက်လုံးတွေက ဘာကြောင့်များ သူ့ကို နှစ်ပေါင်းများစွာ ထောင်ကျအောင်လုပ်လိုက်တာလဲ ဆိုတာကို ကျွန်တော် စဉ်းစားနေမိပါတယ်။

သူငယ်ချင်းတွေနဲ့ သူ ရယ်မောပြီး ပြက်လုံးထုတ်နေတာကို ကျွန်တော် ကြည့်နေမိပါတယ်။ ဒါပေမယ့် သူ အမှန်တကယ် ရယ်မောနေ တာဟုတ်ရဲ့လား။ သူ့ရယ်မောသံမှာ နောက်သံစဉ်တခုကို ကျွန်တော် ကြားရတယ်လို့ ထင်ပါတယ်။ အမှန်တော့ သူဟာ နှလုံးခုန် လိုက်တိုင်း ငိုကြွေးနေတာပါ။ သေသေချာချာ ကြည့်တဲ့အခါ သူ့ရဲ့ရယ်မောနေတဲ့ မျက်လုံးတွေမှာ မျက်ရည်စတွေ တွေ့ရပါတယ်။ ဟုတ်ပါတယ်။ သူ့ရဲ့မျက်လုံးတွေက ငိုကြွေးနေတယ်။ နာကျင်မှု ဝေဒနာတွေနဲ့ ငိုကြွေး နေပါတယ်။ သူကိုယ်တိုင်အတွက်တော့ မဟုတ်ပါ။ သူ့တိုင်းပြည်အတွက် ငိုကြွေးနေခြင်းသာ ဖြစ်ပါတယ်။

မြင်မြင်သမျှ အရာရာတိုင်းကို ပြက်လုံးထုတ်တတ်တဲ့ လူရွှင်တော်တယောက်ဖြစ်လာအောင် အဲဒီလို ငိုကြွေးခြင်းက ဖန်တီး လိုက်တာပါ။ သူဟာ သာမန်လူရွှင်တော် တယောက်သာ မကပါ။ သူဟာ မြန်မာပြည်သူတွေအတွက် ချာလီချက်ပလင် ဖြစ်ပါတယ်။ သူဟာ လူမှု ဝေဖန်ရေးသမား ဖြစ်တယ်။ ပြည်သူလူထုရဲ့အသံ ဖြစ်တယ်။

သူ့ပြက်လုံးတွေဟာ တိတ်ဆိတ်နေတဲ့ ပြည်သူသန်းပေါင်းများစွာရဲ့ ပြောမထွက်တဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ နေရာ တိုင်းမှာ အမြဲ စောင့်ကြည့်နေတဲ့ “အကိုကြီး” ကို ကြောက်တဲ့အတွက် ကိုယ်တိုင်မပြောရဲပေမယ့် ကြားချင်တဲ့စကားတွေ ပြည်သူများမှာ ရှိပါတယ်။ ဒီလို ပြည်သူတွေကြားချင်တဲ့ စကားတွေကို ဇာဂနာက ကျယ်ကျယ်လောင်လောင် ပြောပေးပါတယ်။

ပြည်သူတွေရဲ့ကိုယ်စား ဇာဂနာဟာ မျက်ရည်ပြည့်နေတဲ့ မျက်လုံးတွေနဲ့ ရယ်မောနေပါတယ်။ သူ့ပြက်လုံးတွေဟာ ဓားသွားလို စူးရှတယ်။ ဟာသပါတဲ့ စကားတွေက မြားတစင်းလို လျင်မြန်တယ်။

ဒါပေမယ့် သူ့ဆရာဟောင်း ကျွန်တော်ကတော့ တမင်ဖန်တီးထားတဲ့ သူ့ရဲ့ရယ်မောခြင်းထဲမှာ နာကျင်မှုဝေဒနာအပြည့်နဲ့ သံစဉ်တခုကို ကြားနေရပါတယ်။
===============================================================
ဒီစာပုဒ်ကို ဧရာဝတီ -၂၀၀၆ ခုနှစ်၏ ထူးခြားထင်ရှားပုဂ္ဂိုလ်များ မှာ ဖတ်လိုက်မိတာပါ။ အဲ့ဒီ စာရင်းမှာ ပါဝင်သူတွေနဲ့  အဖွဲ့ အစည်း တော်တော်များများကို သဘောကျမိပေမယ့်၊ တချို့ သောသူတွေကိုတော့ ဘာလို့ ထည့်ထားတာလဲဆိုတာ ကျွန်မ နားမလည်နိုင်ပါဘူး။

No comments: