Pages

July 31, 2008

Candle Light Dinner and Movie

Candle Light Dinner and Movie ဆိုလို့  ဘာ အတွေ့ အကြုံတွေများ ရေးတော့မှာလဲ ဆိုပြီး အရမ်းစိတ်ဝင်စား မနေပါနဲ့ ။ မထူးဆန်းပါဘူး။ ရှေ့ အပတ်က သူငယ်ချင်းတွေ နဲ့  ဒင်နာစားပြီး ရုပ်ရှင်သွားတုန်း ပြောဖြစ်ခဲ့၊ ကြုံခဲ့တဲ့အထဲက တချို့ ကို ဒိုင်ယာရီပုံစံ ရေးမလို့ ပါ။

ရုပ်ရှင်လက်မှတ်ဝယ်ပြီး ဒင်နာ ဘယ်မှာ စားမလဲ ရွေးတာ နောက်ဆုံး ဂျပန်၊ ကုလား၊ တရုတ်၊ ကိုရီးယား စားတွေ မစားချင်ဘူး ပြောတဲ့ ကျွန်မ စားလို့  အဆင်ပြေအောင် ဆိုပြီး ယူရိုပီယမ် အစားအသောက် သွားစားဖြစ်တယ်။ မှောင်နဲ့ မည်းမည်း.. ဖယောင်းတိုင်လေးတွေ ထွန်းလို့ ။ ပထမဆုံး စားဖူးတဲ့  Candle Light Dinner လို့ ပြောရမယ်။ ဒီဆိုင် တစ်ခါမှ မစားဖူးဘူး၊ ဒါပထမဆုံးပဲလို့  ပြောလိုက်တာ၊ ဘယ်လို ထင်လဲ ကြိုက်လား၊ ဘာညာတွေ ၀ိုင်းမေးကြရော။ လေဟာပြင်လို နေရမျိုးမှာ လေးတဖြူးဖြူး ဖြစ်နေတာတော့ သဘောကျပါတယ်။ မီးရောင်လင်းလင်းနဲ့  စားရတာမျိုးမှ မကြိုက်တာတွေ ဖယ်ပြီး ကြိုက်တာတွေ ရွေးစားလို့ ရမှာ၊ ဒီလို မှောင်နဲ့ မည်းမည်း စားရတာကို မနှစ်သက်ဘူး၊ Candle Light Dinner မှာ အရိုးများတဲ့ ငါးဟင်းမျိုး ကျွေးမယ်ဆို ဘယ်လို နေမလဲမသိဘူးလို့  မေးလိုက်တာ၊ Romantic မဖြစ်လိုက်တာဆိုပြီး ၀ိုင်းအားပေးကြတယ်။ ကျွန်မတို့ တိုင်းပြည်မှာ သာမန်ပြည်သူတိုင်းဟာ ညစာစားတဲ့ အချိန်တိုင်း ဖယောင်းတိုင်မီးနဲ့  စားနေရလို့  Candle Light Dinner ဆိုတာမျိုးဟာ ရိုးနေပြီ၊ အထူးအဆန်း မဖြစ်တော့ဘူး ဆိုတဲ့အကြောင်း သူတို့  တွေ ဘယ်သိနိုင် မလဲ။

နောက်တော့ အစားအစာတွေ စောင့်ရင်း Mount Faber ကနေ Sentosa အသွား Cable Car ပေါ်မှာ ဒင်နာ စားလို့ ရတဲ့ အကြောင်း ရောက်သွားတယ်။ Sky Dining အကြောင်းသိချင်ရင် ဒီမှာ ဖတ်လို့ ရပါတယ်။ ဘယ်သူတွေ စားဖူးလဲပေါ့။ သူငယ်ချင်းတွေ အားလုံး တစ်ယောက်မှ မစားဖူးကြဘူး။ ကျွန်မလည်း မစားဖူးဘူး မြင်ပဲ မြင်ဖူးတယ် ပြောလိုက်တယ်။ အဲဒီ ပင်လယ်ပြင်အထက် အမြင့်ပေ ၇၀ မီတာကျော် Cable Car ပေါ်မှာ Sky Dining ဒင်နာ စားရင်း propose လုပ်ကြတယ် ဆိုတဲ့အကြောင်း စကားရောက်သွား ပြန်တယ်။ သူတို့  အပြောအရတော့ အဲလို လုပ်တာမျိုး ကောင်မလေးတွေ သိပ်ကြိုက်တယ်ပေါ့။ မကြိုက်ဘူး ကြိုက်တယ် ငြင်းကြရင်း မေးခွန်းက ကျွန်မစီ ရောက်လာ ပြန်တယ်။ အတူသွားတဲ့ အထဲ ပါတဲ့ မိန်းကလေး ၃ ယောက်မှာ ၁ ယောက်က ကလေးတောင် ၁ နှစ်ကျော်ပြီ၊ တစ်ယောက်က ဒီလအတွင်းပဲ ROM မှာ Register လုပ်ပြီး လက်ထပ်ပြီးသား။ ကျွန်မလည်း စိတ်ပေါက်ပေါက်နဲ့  သူများတော့ မသိဘူး ငါသာဆို အဲလိုစီးရင် အခန့်  မသင့်ရင် မူးတတ်တယ်၊ မူးနေရတဲ့ အထဲ မှောင်မှောင် မည်းမည်းမှာ ထမင်းကျွေးပြီး propose လုပ်တယ် ဆိုရင်တော့ အဲဒီလောက်တောင် ငါ့အကြောင်း မသိရကောင်းလား ဆိုပြီး လက်ခံဖြစ်မှာ မဟုတ်ဘူး ပြန်ပြောလိုက်တယ်။ ဒါတောင် မလျှော့ကြသေးဘူး။ နင့်ချစ်သူက အဲလိုလာ လုပ်ရင်ရောတဲ့၊ သူကလည်း ဒါမျိုး တစ်သက်လုံး လုပ်မှာ မဟုတ်ဘူးလို့  ပြောဖြစ်တယ်။ နင်တို့ ရော နင်တို့ ကောင်မလေးတွေကို ဒါမျိုးတွေလုပ်ပြီး propose လုပ်မှာလား ဆိုတော့ မလုပ်ဘူးတဲ့။ ကိုယ်တောင် မလုပ်တဲ့ကိစ္စကို ဘယ်လို ထင်လဲဆိုတာ သူတို့ မို့  အလကား အချိန်ကုန်ခံ မေးရတယ်။ ဒါပေမယ့် တခြား ကောင်မလေးတစ်ယောက်က သူဆို ဒါမျိုးလေးတွေ ကြိုက်တယ်လို့  ၀င်ပြောလာလို့  ဆက်မငြင်းတော့ပဲ ဖြစ်တော့ဘူး။ စိတ်ဝင်စားမှု့  ပြောင်းသွားတာလဲ ပါတယ်။
အစားအသောက်တွေ မချခင် soup နဲ့  ရေအရင်လာချပေးတဲ့အခါမှာ ရေခွက်တွေကိုကြည့်ပြီး အားလုံးသဘောကျသွားလို့ ပါ။ ခြောက်ထောင့် ပုလင်းတွေ။ ဒါတောင် ခွက်မရှိလို့ လား၊ ဆေးရမှာ ပျင်းလို့ လား၊ ဒါ style လုပ်တာလား၊ ဒီပုလင်းတွေကို ဆေးတာ ပြောင်ပါ့မလား ဆိုပြီး ငြင်းကြသေးတယ်။ တခြားသူတွေက ကော်ဖီပဲမှာပေမယ့် ကျွန်မကတော့ ထုံးစံအတိုင်း Coke ပဲ မှာဖြစ်တယ်။ အအေးခွက်လည်း လာချရော အအေးခွက်ကို ကြည့်ပြီး ပိုလို့  သဘောကျသွားတာကြောင့် ဓာတ်ပုံရိုက်ဖို့  စိတ်ကူး ရသွားခဲ့ကြတယ်။ Camera မပါတာနဲ့  သူငယ်ချင်း တစ်ယောက်ရဲ့ ဖုန်းကို ယူပြီးရိုက် ဖြစ်တယ်။ စားနေတဲ့ သူတွေ အားလုံးမှာ ကျွန်မတို့ အုပ်စုပဲ သောင်းကျန်နေကြတာ။ ခွက်တွေက အရမ်းမိုက်တယ်။ မရိုက်ပဲ မနေနိုင်ဘူး။

ခွက်တွေကို ရိုက်ပြီးမှာ ကျွန်မ မှာထားတဲ့ အစားအသောက်တွေ ရောက်လာတာနဲ့  တခြားသူတွေ ကို စောင့်ရင်း ဖယောင်းတိုင်မီးနဲ့  ကိုယ့်စားမယ့် အစားအစာကို အမှတ်တရဖြစ်အောင် ဓာတ်ပုံရိုက်ခဲ့သေးတယ်။
ဒင်နာစားပြီး ကြည့်တဲ့ ရုပ်ရှင်က Batman ရုပ်ရှင် "The Dark Knight"။ မဆိုးပါဘူး ကြည့်လို့ ကောင်းပါတယ်။ ဒင်နာစားတာ များသွားပြီး ဗိုက်တင်း အိပ်ငိုက်နေတာ၊ ဇာတ်လမ်း အရမ်း မဆိုးလို့ သာ ရုံထဲမှာ အိပ်ပျော်မသွားပဲ အပြီးအထိကြည့် ဖြစ်ခဲ့တာပါ။ ရုပ်ရှင်က ၃ နာရီနီးပါး (153 mins) တောင်ကြာတယ်။ မကြည့်ခင်က Batman ရုပ်ရှင်ဆိုတော့ PG လို့  ဆိုထားပေမယ့် ကလေးတွေအတွက် ဖြစ်မယ်လို့  ထင်နေတာ၊ ကြည့်ပြီးမှာ ကလေးတွေ ထက်စာရင် လူကြီးတွေအတွက် ပိုပြီး ရည်ရွယ်တာမှန်း သိလိုက်ရတယ်။ အတူကြည့်တဲ့ သူငယ်ချင်းတွေကတော့ အဲ့ဒီထဲက အတွေးအခေါ်တွေ ကြိုက်တယ်တဲ့။ ကျွန်မတော့ မသိဘူး၊ စိတ်မ၀င်စားပါဘူး လို့ ပဲ ပြောလိုက်တာ။ မသိဘူးလို့ ပဲ ပြောလို့ ဖြစ်တယ် နားမလည်ဘူးလို့  ပြောလိုက်ရင် နားလည်အောင် ရှင်းပြမယ်ဆို စကားကြောရှည် နေအုံးမယ်။ စိတ်မ၀င်စားဘူး ဆိုတော့ ဘာမှ ထပ်မပြောကြတော့ဘူး။ ဒါမှပဲ နားအေးပါးအေး နေရတော့တယ်။ ထူးထူးဆန်းဆန်း ဆိုလို့  ဇာတ်လမ်းထဲမှာ Burma ဆိုတာ ကြားတာနဲ့  နင်တို့  နိုင်ငံဆိုပြီး အားလုံးဝိုင်းအော်လို့  ပတ်ဝန်းကျင်က သတိပြုမိသွားတယ်။ အမှတ်မရပါပဲ။ ရုံထဲက ပြန်ထွက်လာကြတော့ Burma က အတော်နာမည် ကြီးတယ်။ Rambo ထဲမှာ လဲပါတယ်၊ အခု ရုပ်ရှင်မှာလည်း ကြားလိုက်ရတယ် ဆိုပြီး လာပြောနေကြလို့  ကောင်းသော နာမည်ကြီးခြင်း မဟုတ်ပါဘူးလို့  ပြန်ပြောဖြစ်ခဲ့တယ်။
BURMA - Memorable quotes for The Dark Knight (2008)
-----
Bruce Wayne: That man in Burma, did you ever catch him?
Alfred Pennyworth: Oh yes.
Bruce Wayne: How?
Alfred Pennyworth: We burned the forest down.
-----
Alfred Pennyworth: When I was in Burma, a long time ago, my friends and I were working for the local Government. They were trying to buy the loyalty of tribal leaders, bribing them with precious stones. But their caravans were being raided in a forest north of Rangoon by a bandit. We were asked to take care of the problem, so we started looking for the stones. But after six months, we couldn't find anyone who had traded with him. One day I found a child playing with a ruby as big as a tangerine. The bandit had been throwing the stones away.
Bruce Wayne: Then why steal them?
Alfred Pennyworth: Because he thought it was good sport. Because some men aren't looking for anything logical, like money. They can't be bought, bullied, reasoned or negotiated with. Some men just want to watch the world burn.
Source: Memorable quotes for The Dark Knight (2008)

No comments: