အခု နေရာသစ်မှာ။ အရင်ရက်တွေက အလုပ်မှာကလည်း အတော်လေးပင်ပန်း၊ တခြားကိစ္စတွေမှာလည် အဆင်မပြေမှု့  တွေကြုံရ၊ အိမ်ပြောင်းဖို့  ကိစ္စကလည်းရှိ ဆိုတော့ အတော်လေး ကသီသွားတယ်။ အခုတော့ အားလုံးပြီး သွားပါပြီ။ အလုပ်မှာလည်း ပုံမှန် အလုပ်လောက်ပဲ ရှိတော့တယ်။ ကိုယ်မတတ်နိုင်တာတွေ အတွက် စိတ်ဒုက္ခ ဆက်မရောက်ချင်တော့လို့  ကိုယ့်ကိုကိုယ် ပြောင်းလဲနိုင်အောင်ပဲ ကြိုးစားနေတယ်။ တခြား လုပ်စရာတစ်ခု ဖြစ်တဲ့ အိမ်ပြောင်းဖို့ ကလည်း ပြောင်းပြီးသွားပြီ။
သောကြာနေ့ က အိမ်ပြောင်းဖြစ်တယ်။ အရင်နေတာက condo ဆိုတော့ ကြားရက်တွေမှာ မနက် ၉ နာရီက ညနေ ၅ နာရီ ကြား နဲ့  စနေ မနက်ပိုင်းပဲ အိမ်ပြောင်းလို့  ရတဲ့အတွက် အတော်လေး စိတ်ပင်ပန်းသွားတယ်။ ပြောင်းချင်တာက စနေ မနက်ပိုင်း၊ ကားငှါးတာ အဆင်မပြေတာနဲ့  သောကြာနေ့ မှာ အိမ်ပြောင်း လိုက်တယ်။ အဲဒီနေရာကို ပြောင်းတုန်းကလဲ စိတ်မောရတာပါပဲ။ အခုပြန်ထွက်တော့လည်း စိတ်မောရတယ်။ condo တွေထုံးစံ အိမ်ပြောင်းဖို့ အတွက် deposit S$500 ပေးပြီး ပြောင်းမယ်ဆိုတာကို register အရင်လုပ်ရတယ်။ ပစ္စည်းတွေ ရွှေ့ တဲ့နေရာမှာ ဓာတ်လှေခါးတွေ ထိခိုက်မိလို့  ပျက်စီးကုန်တယ် ဘာညာဆို အဲဒီပိုက်ဆံ က ဖြတ်မယ် ထင်တယ်။ deposit ပေးရတာ ကိစ္စမရှိပေမယ့် condo ရဲ့ management office က မနက် ၉ နာရီက ညနေ ၅ နာရီအတွင်းပဲ ဖွင့်တယ်ဆိုတော့ အတော်ဒုက္ခရောက်တယ်။ ကိုယ်က အလုပ်ရှိတဲ့ရက်ဆို မနက် ၈ နာရီလောက် အိမ်က ထွက်ပြီး ညနေ ၇ နာရီလောက်မှ အိမ်ပြန်ရောက်တာ ဆိုတော့ register သွားလုပ်ဖို့  ဘယ်လိုမှ အဆင်မပြေဘူး။ အကူအညီ တောင်းစရာ လူကလည်း မရှိ။ နောက်ဆုံး အလုပ်ကလည်း ခွင့်ယူဖို့  မဖြစ်နိုင်တော့ နေ့ လယ် ထမင်းစားချိန်မှာ အသည်းအသန် အိမ်ပြန်ပြေးပြီး deposit ပေး၊ register လုပ်လိုက်ရတယ်။ ကိုယ်သွားတာ နေ့ လယ်ထမင်းစားချိန်ဆိုပေမယ့် အဲဒီ office မှာ လူရှိနေလို့  တော်သေးတယ်။ မဟုတ်ရင် စိတ်မောလူမော ဖြစ်နေရအုံးမယ်။ နောက်ဆို ကိုယ်ပိုင်အိမ် မ၀ယ်နိုင်သေးသမျှ ပိုက်ဆံရှိတောင်မှ condo တွေမှာ အခန်းငှါးနေဖို့  အတော်လေး စဉ်းစားရတော့မယ်။
ပြောင်းဖို့ စီစဉ်၊ ကားငှါးပြီးတော့ ပစ္စည်းသိမ်းဆည်း ရတယ်။ ပင်ပန်းလိုက်တာ မပြောပါနဲ့ ။ ဒါတောင် အပြောင်းအရွှေ့ က mover ခေါ် ပြောင်းတာပါ။ ဒါပေမယ့် သူတို့ မလာခင် ပစ္စည်းတွေ ထုတ်ပိုးပြီး၊ ဧည့်ခန်းထဲ ရွှေ့ ပေးထားရတာပေါ့။ ကူမယ့်သူကလည်း မရှိတော့ တစ်ယောက်တည်း တစ်ညလုံး ဖြေးဖြေးချင်း လုပ်လိုက်တာ မနက်စောစော mover မလာခင် အားလုံး ထုတ်ပိုးပြီးသွားတယ်။ သူငယ်ချင်းတွေက လိုအပ်ရင်ပြော၊ လာကူမယ် တော့ပြောပါတယ်။ ဒါပေမယ့် ဘယ်သူမှ ဒုက္ခမပေးချင်တော့ဘူးလေ။ အရင်တစ်ခါတွေတုန်းကလိုပဲ ကားရော၊ ပစ္စည်သယါမယ့် သူတွေရော ငှါးလိုက်တယ်။ ကားအတွက် 60 - လူတစ်ယောက်ကို 30 နဲ့  လူနှစ်ယောက်စာ 60၊ အားလုံး S$120 ပေးရပါတယ်။ မြန်မာ mover နဲ့  ပြောင်းလိုက်တာပါ။ ပစ္စည်းသယ်တာက ကုလားလူမျိုးနှစ်ယောက်။ ဒီတစ်ခါ mover က ဈေးကြီးတယ် ပြောရမယ်။ အရင်တစ်ခေါက် အိမ်ပြောင်းတုန်းက တရုတ် mover နဲ့ ပြောင်းတာ ဒီထက် အများကြီး သက်သာတယ်။ ပစ္စည်းက ဒီထက်တောင် နည်းနည်း ပိုများသေးတယ်။ အဲဒီတုန်းက အိမ်ပြောင်းတာ ကားရော၊ လူရော အပြီးအစီး S$ 45 ပဲ ပေးရတယ်။ အခုရက်ပိုင်း အဲ့ဒီ mover ကို ဖုန်းဆက်ကြည့်တော့ သူတို့ က နောက် ၄-၅ ရက် NUS?NTUS ကကျောင်းသားတွေ ပြောင်းရွှေ့ နေတဲ့အတွက် အချိန်တွေ ပြည့်နေပြီတဲ့။ ကျွန်မကလည်း ကိုယ်အလုပ်နဲ့ ကိုယ်ရှုပ်နေတော့ ကြိုဖုန်းမဆက်မိဘူး။ ကျွန်မလိုတာပါ။ အခုပြောင်းခဲ့တဲ့ အိမ်မှာက လူမရှိတော့ ပစ္စည်းတွေ ထားပြီး အခန်းသစ်ကို လူပဲ အရင်ပြောင်းသွားရင် ရပေမယ့်၊ မစောင့်ချင်တော့တာနဲ့  အဆင်ပြေတဲ့ မြန်မာ mover ကိုပဲ ဖုန်းဆက်ပြီး ပြောင်းဖြစ်သွားခဲ့တယ်လေ။ တခြား တရုတ် mover တစ်ချို့ ထက် စာရင် ဈေးကြီးပေမယ့် မဆိုးပါဘူး။ ခုလို အားလုံး အဆင်ပြေပြေ ပြောင်းရွှေ့ ပြီးသွားတဲ့ အတွက်တော့ ကျေးဇူးတင်ပါတယ်။
ဘယ်အချိန်အထိ ပြောင်းရရွှေ့ ရ လုပ်နေရ အုံးမလဲ မသိဘူး။ အခု အိမ်ခန်းအသစ်က ဘယ်နေရာမှာလဲ ဆိုတာတော့ ဒီမှာ မရေးတော့ဘူး။ ဒါပေမယ့် အရင်နေခဲ့တဲ့ နေရာမှ camera စမ်းရင်း ရိုက်ထားတဲ့ပုံတချို့ ကို ဒီမှာ မှတ်ထားလိုက်တယ်။ ပုံတွေ ကြည့်ရင် ဘယ်နေရာလဲ တချို့ တွေတော့ သိကြမယ် ထင်တယ်။ ဒီပုံတွေကို ဧပြီ ၁၀ ရက်နေ့  ရိုက်ဖြစ်ခဲ့တာပါ။ ခေတ္တခန ခိုနားခဲ့တဲ့ နေရာတစ်ခုအတွက် အမှတ်တရ..

2 comments:
အိမ် ခဏ ခဏ ပြောင်းတယ်နော်...
အင်း.. ဒီနိုင်ငံမှာ အိမ်တွေက ၁ နှစ်စာချုပ်နဲ့  ငှါးကြတာတွေဆိုတော့ ပုံမှန်ဆို တစ်နှစ်တစ်ခါ ပြောင်းဖြစ်တယ်။ ဒါပေမယ့် အခု တစ်ခါတော့ ၁ နှစ်မပြည့်ပဲ ပြောင်းဖြစ်သွားတယ်။ ပုံမှန်အတိုင်းဆို ၁ နှစ်လောက်နေမှ အိမ်လခဈေးတိုးတောင်းတတ်တာ။ အခု စပြောင်းထဲက market ပေါက်ဈေးမှာ မနည်းတဲ့ ဈေးနဲ့  ငှါးနေရတာကို ၆ လကျော်မှာ ဈေးတိုးတောင်းတာ ကြုံလိုက်ရတယ်။ ကိုယ်က သူတို့ တိုးတောင်းသလောက် မပေးနိုင်တော့ဘူးလေ။ အရင် ဘယ်လောက်ပေးနေတာကို အခု ဘယ်လောက်ထိ တိုးတောင်းတယ်ဆိုတာတော့ နောက်တွေ့ မှ ပြောပြတော့မယ်။ :)
Post a Comment