Pages

June 10, 2008

အစားအသောက်၊ ကြက်ဥဟင်း

ခုရက်ပိုင်း ဟင်းချက်မစားဖြစ်တာ ကြာပြီ။ ဟင်းချက်ချင်စိတ်မရှိဘူး။ ညစာ အတွက်ဆို အလုပ်က အပြန်လမ်းမှာ တစ်ခုခု ၀ယ်လာလိုက်တာ များတယ်။ စနေ၊ တနင်္ဂနွေ အပြင်ထွက်စားတဲ့ အခါစား၊ KFC တို့ ၊ Pizza မှာစားတဲ့အခါ စားလုပ်တယ်။ အလွန်ဆုံး ကြက်ဥကြော်၊ ငါးမုန့် ကြော်၊ လက်ဖက်လောက်ပဲ အိမ်မှာ လုပ်စားဖြစ်တယ်။ ဒီနေ့ လဲ ညစာကို အပြင်က ၀ယ်လာတယ်၊ Pork Rib and Special Sauce ဆိုလို့  ဘာများလဲ တစ်ခါမှ မစားဖူးတာနဲ့  ၀ယ်စားကြည့်တာ၊ စားလို့ လဲ မကောင်းဘူး။ ပုံမှန်ဆို စားနေကြ အစာတွေပဲ မရိုးမအီးပဲ အမြဲ စားတာများတယ်၊ ခုတလောမှာ ပြောင်းလဲမှလို့  တွေးမိလို့  မစားဘူးတဲ့ အစားသောက်တွေ စမ်းပြီး စားကြည့်နေတယ်။ ဒီနေ့ ဟင်းမှာ ပါတဲ့ Sauce က ချိုချိုကြီး၊ ရန်ကုန်က ချိုချဉ်ကြော် ထဲက အရည်တွေ လိုပဲ။ သူကတောင် ပိုချိုသေးတယ်။ အဲလို ချိုတိုတို အရသာတွေ လုံးဝ မကြိုက်။ ရန်ကုန်က ချိုချဉ်ကြော် ဆိုလည်း မကြိုက်လို့  သိပ်မစားဖြစ်ဘူး။ ကုန်းဘောင်ကြီးကြော်တော့ ကြိုက်တယ်။ ဒီနေ့  ၀ယ်လာတဲ့ ထမင်းနဲ့  ဟင်းကို မကြိုက်ပေမယ့် ကုန်လုနီးပါး စားဖြစ်တယ်။ တိုးတတ်လာတဲ့ သဘောပဲ။
ထမင်းစားပြီး ကွန်ပြူတာထဲက ပုံတွေရှင်းရင်း နောက်ဆုံး ဟင်းချက်ထားတဲ့ ပုံတွေကို ပြန်ကြည့် ဖြစ်သွားတယ်။ အခု ဒီမှာ တင်ထားတဲ့ ဓာတ်ပုံက ၁၇ မေ ၂၀၀၈ က ချက်တဲ့ ကြက်ဥဟင်း။ ကြက်ဥကို ပြုတ်ပြီး ဒီတိုင်း ချက်တာမျိုး မကြိုက်ဘူး။ နံတယ်လို့  ခံစားရတယ်။ ကြက်ဥပြုတ် မကြိုက်လို့  ဖြစ်မယ်။ ကြက်ဥကိုပြုတ်ပြီး ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ကြက်သွန် နည်းနည်းနဲ့  ငရုတ်သီးစိမ်းလေး နဲ့  သုတ်တာ၊ ရှောက်သီး ချဉ်ချဉ်လေး ညှစ်ထားတာတော့ တခါတလေ စားလို့ ရတယ်။ အဲဒါလည်း ရန်ကုန် အိမ်မှာတုန်းကသာ စားဖူးတာ၊ မစားတာကြာတော့ ကြက်ဥပြုတ်သုတ်မှာ ဘာတွေ ပါတယ်ဆိုတာတောင် သိပ်မမှတ်မိတော့ဘူး။

ကြက်ဥဟင်းနဲ့  ဘဲဥဟင်းဆို ဘဲဥဟင်းကို ပိုကြိုက်တယ်။ စားလို့ ကောင်းတယ်။ အလွှာအလွှာနဲ့ ။ ဒီမှာတော့ ဘဲဥဆိုတာ ၀ယ်မရအောင် ရှားတော့ ကြက်ဥဟင်းပဲ ချက်စားဖြစ်တယ်။ ကြက်ဥဟင်းချက်ရင် ပြုတ်၊ ပြီးရင် အခွံခွါ၊ ကြော်ပြီးမှ ပြန်ချက်တာမျိုးပဲ ကြိုက်တယ်။ ကြက်ဥပြုတ်ရင် အက်ကုန်မှာစိုး ရတယ်။ အဲ့ဒီတခါ ကြက်ဥပြုတ်တုန်းကတော့ သူငယ်ချင်းတစ်ယောက် ပြောတဲ့ နည်းအတိုင်း ဆီလေး တစ်စက် နှစ်စက်ထည့်ပြီး ပြုတ်ဖြစ်တယ်။ မကွဲတော့ဘူး။ အရင်က ကြက်ဥတွေ မအက်အောင်ဆို ဆားလေးနည်းနည်း ထည့်ပြုတ်တယ်။ ရန်ကုန်အိမ်မှာတော့ ထမင်းအိုးက ကြီးတော့ ကြက်ဥ နည်းနည်း ပြုတ်မယ်ဆို ထမင်းချက်တုန်း ကြက်ဥတွေကို ရေပြောင်အောင်ဆေးပြီး ထည့်လိုက်တယ်။ ခုထမင်းအိုးကတော့ တစ်ယောက်စာ နည်းနည်းလေး ချက်တာမို့ ထည့် မပြုတ်ဖြစ်ဘူး။ ကြက်ဥ ပြုတ်ပြီး ရေးဆေး၊ အခွံနွာပြီး ပြန်ကြော်တယ်။ အလုံးလိုက် ကြော်တဲ့ အခါလည်း ကြော်တယ်။ နှစ်ခြမ်းခြမ်းပြီး ကြော်တဲ့အခါလည်း ကြော်တယ်၊ စိတ်ကူးပေါက်သလိုပေါ့။ ကြက်ဥ အလုံးလိုက် ကြော်ရင် ဆီပေါက်တယ်။ ခြမ်းပြီး ကြော်ရင် ဆီတွေက အမြှုပ် ထွက်တယ်။ ရန်ကုန် အိမ်မှာ အရင်ကဆို နှမ်းဆီပဲ မမြဲသုံးတော့ ကြက်ဥခြမ်းကြော်ရင် ပိုပြီး အမြှုပ်တွေ များများထွက်တာ မှတ်မိသေးတယ်။ ကြက်ဥပြုတ်ကို တခြမ်း ခြမ်းတာမှာလည်း လှီးတတ်မှ။ ရန်ကုန် အိမ်မှာတုန်းကဆို ခြမ်းကြော်တာကိုတောင်မှ အနှစ်ထွက်တယ်ဆို မကြိုက်ကြတော့ ကြက်ဥပြုတ်ကို အပ်ချည်ကြိုး သန့် သန့်  နဲ့  နှစ်ခြမ်းခြမ်း၊ ကြော်ပြီး ပြန်ချက်ရာမှာလည်း အနှစ်တွေ မထွက်အောင် လုပ်တယ်။ ဖြတ်တဲ့ စက်လေးရှိရင်တော့ ကောင်းတာပေါ့။ ဓားနဲ့  လှီးတာက အဆင်မပြေဘူး။ ခုတော့ ကိုယ့်ဟာကိုယ် ချက်တာဆိုတော့ စိတ်ကူးပေါက်သလို ချက်လိုက်တာပဲ။ ကြက်ဥကို ကြော်၊ ပြီးရင် ကြော်ထားတဲ့ ကြက်ဥတွေကို ဆားနဲ့  အရင်နှံ့ အောင် လိုက်ဖြူးတယ်။ ဟင်းချက်တဲ့အခါမှ ဆားထည့်ရင် ကြက်ဥပြုတ်ထဲ ဆားမရောက်၊ စားမကောင်းဘူး ထင်တာနဲ့ အဲလို့  အမြဲလုပ်တယ်။ ဘာအကျင့် မှန်းတော့ မသိဘူး။ ပြီးရင် ဟင်းချက်တယ်။ ခရမ်းချဉ်သီးနဲ့ ချက်တာ များတယ်။ ၀ယ်ရလွယ်လို့ ။ မရှိရင် ကြက်သွန်နီနဲ့ ပဲ ချက်တယ်။ မကျည်းသီးတွေ ဘာတွေက ရှာရခက်တယ်။ ရှိတာနဲ့ ဖြစ်အောင် ချက်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဆီပြန်ချက်တာပဲ များတယ်။ အဖေနဲ့  တူတာ။ ဟင်းဆို ဆီတွေမြုပ်နေမှ၊ ဆီမပြန်ရင် မကြိုက်ဘူး။ ဆီကျန်ရေကျန် ဆိုတာများ ကိုယ့်ဟာကိုယ်ဆို လုံးဝ ချက်မစားဘူး။ ဆီများများ စားတာ ကျန်းမာရေး အတွက် မကောင်းမှန်းတော့ သိတယ်။ တခါတလေ၊ ငယ်တုန်းလေး စားရတာဆို စားလိုက်တာပဲ။ အသက်ကြီးလာရင် အဲဒီလို စားလို့  ဖြစ်မှာ မဟုတ်တော့ဘူးလေ။ ခုစားတာလဲ အလွန်အကျွံမှ မဟုတ်တာ။ ခုအချိန်မှာ စားလို့  ရတုန်းလေး စားထားရတယ်။ သိပြီး နားမထောင်၊ ကိုယ်လုပ်ချင်တာ လုပ်သူတွေကို ပြောရခက်တယ်ဆိုတာ အမှန်ပဲ။

ဟိုး ကျောင်းတတ်တုန်းက အဆောင်မှာ အတူနေနဲ့  သူငယ်ချင်းတွေ ကြက်ဥဟင်းချက်တာ တွေ့ ဖူးတယ်။ပြုတ်ရတာ ကြာလို့ ဆိုပြီး၊ မပြုတ်ပဲ ကြက်ဥတွေကို အရင်ကြော်ပြီးတော့ ခရမ်းချဉ်သီးဗူးနဲ့  ဟင်းပြန်ချက်တယ်။ ကျွန်မကတော့ အဲဒီလို ချက်တာ မကြိုက်ဘူး။ လုံးဝ မစားတဲ့ အထဲတော့ မပါဘူး။ ဗိုက်ပြည့်ရုံတော့ စားတယ်။ ခရမ်းချဉ်သီးဗူးတွေ အနံ့  ကို မကြိုက်ဘူး။ အဲဒီတုန်းက ကိုယ်ဟင်းချက်တဲ့ အခါမျိုးမှာ ခရမ်းချဉ်သီး ၀ယ်မထားလို့  ဗူးနဲ့ ချက်ရရင် ခရမ်းချဉ်သီးတွေကို အနံ့  ပျောက်အောင် အရင်ဆီသတ်၊ နည်းနည်း ကြာကြာလေး ပြန်ချက်တယ်။ အခုလည်း ဟင်းချက်ရင် တခါတလေ ခရမ်းချဉ်သီးတွေကို ပြုတ်တဲ့ အခါ ပြုတ်တယ်။ သေးသေးလေးတွေ လှီးထည့်တဲ့အခါ ထည့် လုပ်တယ်။ ပြုတ်ရင် စိတ်ကူးပေါက်ရင် အပေါ်ခွံတွေတောင် ခွာပြီးမှ ချက်တယ်။ အခွံတွေနဲ့  စားရတာ မကြိုက်လို့ ။ ပါးစပ်ရှုပ်တယ်။ ရန်ကုန်မှာ တုန်းကဆို ဟင်းတွေကို ဆီသတ်တာ မကောင်းလို့  အနံ့  မပျောက်ဘူးဆို မစားဘူး၊ ချက်တဲ့ပုံ မကြိုက်ရင် မစားဘူး။ အိမ်မှတုန်းက အမေက မီးဖိုချောင်ဝင်ခိုင်းရင် အဖေက သင်ပေးတယ်။ ဟင်းကို ကိုယ်စားတတ်သလို လောက်တော့ ချက်တတ်ရမယ်၊ သူများကို ခိုင်းတတ်ရမယ်။ ဒါဆိုတော်ပြီ၊ မီးဖိုချောင်လည်း အမြဲဝင်နေစရာ မလိုဘူး၊ အများကြီးချက် တတ်စရာလည်း မလိုဘူးတဲ့။ အဖေ့ သမီးလို့  မပြောရဘူး အဖေမှာတဲ့ အတိုင်း ဟင်းကို သူများ စားကောင်းဖို့ တော့ မချက်တတ်ရင် ရှိမယ်၊ ကိုယ်ကြိုက်တဲ့ ပုံစံထွက်အောင်လောက်တော့ ချက်တတ်တယ်။ သူများကို ခိုင်းရမယ်ဆို ထောင့်စေ့အောင်လည်း ခိုင်းတတ်သေးတယ်။ :D နိုင်ငံခြားထွက်လာတော့ အမေ နဲ့  အဖေက အသေအချာ မှာလိုက်တယ်။ ကိုယ်စားချင်တာ ကိုယ်ကြိုက်သလို လုပ်စားနိုင်ရင်စား၊ ကိုယ်မချက်ချင်လို့  သူများချက်တာတွေ စားရမယ်ဆို ဂျီးမများနဲ့  စားတတ်အောင်စား၊ ကိုယ့်အိမ် မဟုတ်ဘူးတဲ့။ ဒီနေရာမှာတော့ မိဘစကား နားထောင်ပါတယ်။ ကိုယ်မချက်ချင်လို့  သူများချက်တာတွေ စားရတဲ့အခါ ဘာမှ ပြောမနေဘူး၊ စားနိုင်ရင် စားလိုက်တယ်၊ မစားနိုင်ရင် မစားပဲ နေလိုက်တာပေါ့။ ဒါဟာလည်း ပိန်ရခြင်း အကြောင်းအရင်းတွေ ထဲက အချက် တစ်ချက် ဖြစ်မယ် ထင်တယ်။

5 comments:

RePublic said...

စာဖတ်ရင်းနဲ့ ဗိုက်တောင် ဆာလာပြီဗျာ ၊ :)

ThuHninSee said...

စားချင်လိုက်တာ..
ဒီနေ့ပဲ ကြက်ဥဟင်းချက်စားလိုက်တယ်။

Nay Nay Naing said...

ဒီပိုစ့်ရေးနေတုန်းက စားချင်စိတ်ပေါ်သလို အခုရက်ပိုင်း ဓာတ်ပုံကြည့်လိုက်တိုင်းလည်း ထမင်း စားချင်စိတ်ပေါ် နေတယ်။ :D

ကိုပေါ said...

ကလေးမ....... ပိန်ခြင်းသည် ကောင်း၏။ ၀ ခြင်း ကို မတောင့်တသင့်။ ၀ ခြင်း၏ ဒုက္ခကို ၀ သောသူများသာ သိ၏။ ပိန်သောသူသည် ၀သော သူ၏ ဒုက္ခကို ဂဃနဏ မသိ။ မိမိနှင့် သင့်တော်သော အ၀တ်အစားကို ရှာဖွေရ ခက်ခဲခြင်း။ လမ်းကြာကြာ မလျှောက်နိုင်ခြင်း၊ ဘတ်စ်ကား၊ မီးရထား စသည်တို့ကို စီးနင်းပါက ဘေးလူ၏ မျက်စောင်းထိုးခြင်းကို ခံရခြင်းတို့မှာ ဒုက္ခ နိဒါန်းမျှသာ ရှိသေး၏။

ဝ၍ ၀ကာ ၀လာပြီးမှ ၀ိတ်ချဘို့ဖြင့် မလွယ်ပါပြီ ဇာတ်ကားကြီးထဲမှ ဇာတ်လိုက်သဖွယ် ခန့်ခန့်ကြီး ၀ လျက်ရှိသော ကျွန်ုပ်သည် ၀ လိုသူများအား မ၀ ချင်ကြပါရန် တိုက်တွန်းလိုက်ပါသည်။ (တီဇက်အေ မရှိတုန်း သူ့လေသံကို ခိုးချထားသည်။)

Nay Nay Naing said...

ကိုပေါ ပြောမှ ၀ တဲ့သူတွေရဲ့ ဒုက္ခကို သိသွားပါပြီ။ ပိန်တာ ဘယ်လောက်ကောင်းတယ် ဆိုတာလဲ သိသွားပါပြီ။ ဒီတော့ ဒီနေ့ က စပြီး အခုလက်ရှိ အနေအထားထက် ပိုပြီး မ၀အောင် အထူးကြိုးစား လုပ်ဆောင်ပါတော့မယ်။ :D အရင်က တမင်လုပ်တာ မဟုတ်ဘူး။ နဂိုပိန်တာ။

ဒါနဲ့  ကို တီဇက်အေ က ဟိုမှာ အတော်ပျော်နေတယ်ကြားတယ်။