Pages

August 11, 2007

Papaya and I

ခုတလော ချူချာတာများနေတယ်။ ကျန်းမာရေးနဲ့  ညီညွတ်အောင် အသီးအနှံများများ စားရမယ်၊ ဒီနိုင်ငံမှာ လွယ်လွယ်ရတဲ့ သင်္ဘောသီးလေး စားပါလားဆို တဲ့ မေမေ့စကားကြောင့် ခုတလော သင်္ဘောသီးစားဖြစ်ပါတယ်။ နေ့ လယ်စား စားပြီးတိုင်း သင်္ဘောသီး တစ်စိတ်နဲ့  နာနတ်သီး တစ်စိတ်လောက် အနည်းဆုံး စားဖြစ်အောင် ကြိုးစားပြီး စားနေရပါတယ်။
ရန်ကုန် အိမ်မှာနေတုန်းကဆို ကျွန်မ လုံးဝနီးပါး မစားတဲ့ အသီးတွေထဲမှာ သင်္ဘောသီးလည်း ပါတယ်။ ကျွန်မ တစ်ယောက်ကလွဲရင် တစ်အိမ်သားလုံး သင်္ဘောသီး စားကြတယ်။ တခြားအသီးအနှံတွေလည်း စားကြပါတယ်။ ကျွန်မကို မေမေက နည်းနည်းလောက် စားကြည့်လိုက်ပါ၊ တစိတ်လောက်လေး စားကြည့်ပါ၊ အရမ်း ချိုတယ်၊ ကျန်းမာရေးအတွက် ကောင်းတယ်၊ ဘာတွေ ဘယ်လောက် ပြောပြော သင်္ဘောသီး စားဖို့ ကို အမြဲငြင်းနေခဲ့တယ်။ တခါတလေ ဘေးနားလာပြီး တတွတ်တွတ်ပြောလွန်း၊ အတင်းလာခွံကျွေးနေမှသာ မေမေ စိတ်ကျေနပ်အောင် နည်းနည်းလောက် စားဖြစ်တတ်တယ်။ ကျွန်မ ဘာကြောင့် သင်္ဘောသီး မစားတာလဲ၊ အရသာ မကြိုက်လို့  မစားတာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဘာရယ်မဟုတ်၊ စားချင်စိတ်မရှိလို့  မစား ဖြစ်ခဲ့တာပါ။

အခု ဒီမှာ စားဖြစ်တော့မှ၊ ဒီက သင်္ဘောသီးတွေ အရသာမရှိမှန်း သိလိုက်ရတယ်။ အသီးတွေကတော့ ကြီးပါရဲ့၊ လှပါရဲ့ ဒါပေမယ့် အရသာ မရှိတာက များနေတယ်။ ဒီက အရသာသိပ်မရှိတဲ့ သင်္ဘောသီး လှလှကြီးတွေကို ကြည့်ရင်း၊ ရန်ကုန်အိမ်မှာ သင်္ဘောသီးဝယ်တိုင်း အသီးလှလှ အလုံးကြီးကြီး ဓာတ်မြေသြဇာနဲ့ စိုက်ထားတဲ့  နိုင်ငံခြားမျိုး ဆိုတာတွေထက် စာရင်၊ အလုံးသေးသေး ပိန်ညောင်ညောင် သဘာဝအတိုင်း သီးတာပါလို့ ပြောရောင်းတဲ့ မြန်မာမျိုးဆိုတဲ့ အသီးတွေကို မေမေလိုက်ရှာပြီး ၀ယ်တတ်တာကို သတိရမိတယ်။ ကျွန်မတို့ အမေက ဘယ်ကိုပဲသွားသွား လမ်းမှာ သူလိုချင်တဲ့ သစ်သီးရောင်းနေတဲ့ ဆိုင်တွေတွေ့ ရင် ကားရပ်ခိုင်းပြီး ဆင်းဝယ်တတ်တယ်။ အဲ့ဒီလို ၀ယ်တဲ့အခါတိုင်းမှာ ကျွန်မတို့ တွေက အမြဲပူညံပူညံ လုပ်တတ်ပါတယ်။ ပူညံပူညံသာ လုပ်ကြတာပါ၊ အိမ်ပြန်ရောက်တော့လည်း အမေ၀ယ်လာတဲ့ သစ်သီးတွေကို အားလုံး ၀ိုင်းပြီး ကုန်အောင် စားကြတာပါပဲ။
ကျွန်မတို့  ခြံထဲမှာလည်း စိုက်လေ့ရှိတဲ့ အပင်တွေထဲမှာ သင်္ဘောသီးပင်တွေ လည်းပါတယ်။ ခြံထဲမှာ အနည်းဆုံး သင်္ဘောသီးပင် ၃၊ ၄ ပင်တော့ ရှိနေ တတ်တယ်။ အိမ်မှာ သီးတဲ့ အသီးတွေက အသီးသိပ်မကြီးပေမယ့် အရမ်းချိုတယ်လို့  အမေပြောတာ အမြဲကြားနေခဲ့ဖူးတယ်။ အသီးတွေကို အပင်မှာပဲ အမှည့်ခံပြီး စားလေ့ရှိတာကြောင့် ပင်မှည့်သီးမို့ များ သာမန်ထက် ပိုချိုနေတာလားတော့ ကျွန်မ မပြောတတ်ဘူး။ ကျွန်မတို့ အိမ်မှာ စိုက်ထားတဲ့ တချို့ အပင်တွေဆို တစ်နှစ်ပတ်လုံး ပြွတ်သိပ်နေအောင် သီးလေ့ရှိတာကို ပြန်ပြီး မြင်ရောင်မိတယ်။ အမေက နွေရာသီမှာ သီးတဲ့အသီးတွေက မိုးရာသီမှာသီးတဲ့ အသီးတွေနဲ့  နှိုင်းယှဉ်ရင် အလုံးသေးပေမယ့် ပိုချိုတတ်တယ်လို့ ပြောတယ်။ မိုးရာသီမှာ ရေများမျာရလို့  အသီးတွေ အချိုပေါ့တာ ဖြစ်မယ်ထင်တယ်။ တခါတလေ မိုးတွင်းဆို မိုးအရမ်းများရင် သင်္ဘောပင်တွေ ပုတ်တတ်ပါတယ်။ နောက်ပြီး မိုးတွင်းဆို ခရုတွေတတ်ပြီး အသီးတွေသာမက အပင်တွေပါ ပုတ်ကုန်တတ်လို့  အမြဲသတိထားပြီး ခွါချရတယ်။ မိုးရာသီဆို ရန်ကုန်မှာ အရမ်းပေါတဲ့ ၊ တိုင်တွေ အပင်တွေပေါ်မှာ တတ်နေတတ်တဲ့ အဲ့ဒီ ခရုကြီးတွေကို အရမ်းရွံပါတယ်။
သင်္ဘောသီးပင်မှာ အဖိုပင်နဲ့  အမပင်ဆိုပြီး နှစ်မျိုးရှိတာကို အမှတ်ရမိတယ်။ တကယ်ဆို သင်္ဘောအမပင်ကသာ အပွင့်ကြီးကြီးနဲ့ တစ်ပွင့်ခြင်း ပင်စည်မှာကပ်ပွင့်ပြီး အသီးသီးတာပါ။ အဖိုပင်က အပွင့်သေးသေးနဲ့  အခိုင်လိုက် ပွင့်ပြီး အသီးတော့ မတင်ပါဘူး။ ကျွန်မတို့ နဲ့  ရင်းနှီးသူ တချို့ ရဲ့ အိမ်တွေမှာဆို ပေါက်လာတဲ့ သင်္ဘောပင်က အဖိုပင်ဆိုရင် ကြီးလာတဲ့အထိ မထားဘူး၊ နှုတ်ပစ်တတ်ကြတယ်။ တချို့ ကလည်း အဖိုကို အသီးသီးတဲ့ အမပင်ဖြစ်အောင် လုပ်လို့  ရတယ်ဆိုလား၊ ပြောတာကြားဖူးတယ်။ ကျွန်မ စိတ်ဝင်စားတဲ့ အရာမဟုတ်လို့  ဘယ်လို လုပ်တာလည်း ဆိုတာကိုတော့ မှတ်မထားမိဘူး။ ကျွန်မတို့ အိမ်မှာတော့ ဖေဖေက သင်္ဘောပင်က အရွက်နုလေးတွေကို လက်ဖက်နဲ့ စားလေ့ရှိတာကြောင့် အဖိုပင်ဆိုလည်း နှုတ်မပစ်ပဲ စိုက်ထားလေ့ ရှိပါတယ်။ ဖေဖေစားသလို ကျွန်မလည်း တခါလိုက် စားကြည့်ဖူးပါတယ်။ တခါပါပဲ၊ သင်္ဘောရွက်ဟာ ခါးတဲ့အရာသာရှိပြီ့း ကျွန်မကလည်း အခါး မကြိုက်တာကြောင့် နောက်ပိုင်းတော့ လုံးဝ မစားဖြစ်တော့ပါဘူး။ နောက်ပြီး အိမ်က တချို့ လူတွေက သင်္ဘောအဖိုပင်က အပွင့်တွေကို ပြုတ်ပြီး သုတ်စား၊ အတို့  အမြှုတ် အဖြစ် စားတာ တွေးဖူးတယ်။ အဲ့ဒီလိုမျိုးတွေတော့ ကျွန်မ တခါမှ စားမကြည့်ဖူးဘူး။
သင်္ဘောပင်နဲ့  သင်္ဘောသီး အကြောင်းရေးနေရင်းကမှ စဉ်းစားမိတယ်။ ကျွန်မတို့ အိမ်မှာ တခြားအိမ်တွေမှာလို သင်္ဘောသီး အစိမ်းသုတ်တို့ ၊ သင်္ဘောသီးထောင်းတို့ လုပ်စားလေ့မရှိကြဘဲ သင်္ဘောသီး အမှည့်ကိုသာ စားလေ့ရှိကြောင်း သတိထားမိလိုက်တယ်။ အိမ်မှာစားလေ့သာ မရှိတာ၊ ဖေဖေကတော့ သူငယ်ငယ်က စားလေ့ရှိတဲ့၊ စားခဲ့ရတဲ့ တောင်တွင်းကြီးက သင်္ဘောသီးသုတ်ဟာ အရမ်းကောင်းကြောင်းကို တိုက်ဆိုင်တိုင်း ပြောနေတတ်တယ်။ ဖေဖေပြောသလို တကယ်များ ကောင်းနေမလားဆိုပြီး တောင်တွင်းကြီးရောက်တိုင်း စားကြည့်ဖြစ်ပါတယ်။ အဲ့ဒီက သင်္ဘောသီးသုတ်ကို တစ်ဇွန်း၊ နှစ်ဇွန်းထက်ပိုပြီး မစားနိုင်ပါဘူး။ ဒီနိုင်ငံကို ရောက်တော့ သူငယ်ချင်းတွေနဲ့  အတူ ထိုင်းအစားအစာ သွားစားဖြစ်တဲ့ အခါတွေမှာ သင်္ဘောသီးသုတ်နဲ့  တုန့်  ရမ်းဟင်းကို တခါတလေ မှာစားလေ့ ရှိပါတယ်။ ဒါပေမယ့် စားကျင့်မရှိလို့ ဖြစ်မယ် ထင်ပါတယ်၊ လူတွေ တော်တော်များများက ကြိုက်တယ်ဆိုတဲ့ ချိုသလိုလို၊ စပ်သလိုလို ထိုင်းသင်္ဘောသီးသုတ်ကို ကြုံရင် စားလိုက်ပေမယ့် အရမ်း စားချင်လိုက်တာဆိုပြီး တမ်းတမ်းတတ ဖြစ်နေရလောက်အောင်တော့ မကြိုက်မိဘူး။

5 comments:

မေ said...

မမေလဲ အသီးအနှံ အစားအရမ်းနည်းတယ်။ မကြိုက်လို့။ ဖရဲသီး၊ မင်းဂွတ်သီး၊ စပျစ်သီးလောက်ပဲကြိုက်တယ်။ ဒါတောင် အရမ်းကြိုက်လှတယ် မဟုတ်ဘူး။ သင်္ဘောသီးတော့ မကြိုက်ဘူး။ ပိန်တာ အဲဒါကြောင့် လားတော့ မသိဘူး။ အခု အရွက်စားဖို့ ကြိုးစားနေတယ်။ ကန်စွန်းရွက်လောက်တော့ စားနိုင်တယ်။ ကျန်တာ စားလို့ မရဘူး။ အသီးအနှံ များများစားရင် အသားအရေ စိုပြေပြီး ၀တယ်တဲ့။ များများစားမှ :P

Soe Moe said...

လုပ်ပြန်ပြီ အစားအသောက်တွေ၊ ဗိုက်စာလာပြီ၊ ထမင်းသွားစားလိုက်အုံးမယ်။ နောက်နေ့မှပဲ သင်္ဘောသီသုတ်သွားဝယ်စားတော့မယ်

နိုင်းနိုင်းစနေ said...

သဘောင်္သီးစားရင် ၀မ်းကောင်းတယ်တဲ့ နေနေ..
နိုင်းနိုင်းက အသီးဆို အကုန်ကြိုက်..
ဒါကြောင့် သွားရည်တမျှမျှနဲ့ လာဖတ်သွားပါတယ်။း)

MYO HAN HTUN said...

အသီးအနှံစားတာကို အားပေးပါတယ်။

ဟို .. သစ်သီးပွဲရုံပိုင်ရှင် မနိုင်းနိုင်းကတော့ သင်္ဘောသီးအကြောင်း ကြော်ငြာဝင်သွားသေးတယ်။

ကိုတိုး

Nay Nay Naing said...

မမေ>> အသီးအနှံ သိပ်မစားလို့ ပိန်တာဖြစ်မယ်ဆိုတာ ကိုယ်တွေ့ လိုဖြစ်နေတာကြောင့် ထောက်ခံပါတယ်။ :D နေနေလည်း မင်းဂွတ်သီးကြိုက်တယ်။ ကျန်တဲ့အသီးတွေတော့ သိပ်မကြိုက်ဘူး။ အရွက်ကတော့ ခုနောက်ပိုင်း လူကြီးတွေစကား နားထောင်ပြီး စားဖြစ်အောင်ကြိုးစားနေပါတယ်။

နိုင်းနိုင်း>> ၀ိုးတိုးဝါးတားမြင်ရတဲ့ ပုံလေးတွေထဲမှာတောင် စိုစိုပြည်ပြည် လှလှပပလေး ဖြစ်မယ်ဆိုတာ မှန်းလို့ ရနေတော့ အသီးကြိုက်တယ်ဆိုတဲ့ စကားကို အကြွင်းမဲ့ ယုံလိုက်ပါတယ်။

ကိုတိုး >> စားလုံးလေးတွေနဲ့  အားပေးမယ့်အစား အသီးအနှံ့ တွေဝယ်ပို့ ပေးရင် ပိုပြီး ထိရောက်မယ် ထင်တယ်။ အဲ့ဒီမှာ အသီးအနှံ အရမ်းပေါတယ်လို့ ကြားဖူးတာပဲ။ တခါမှတော့ မရောက်ဖူးသေးဘူး။ ဒီကို ပို့ မပေးနိုင်လည်း ဟိုကို လာလည်တဲ့အခါ ၀ယ်ကျွေးမယ်ဆိုတဲ့ ကတိမျိုးပေးရင်လည်း ရပါတယ် :D