Pages

August 07, 2007

ရွှေဘုန်းလူ၏ ကဗျာများ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေစောင်းမှာ သတင်းတွေလိုက်ဖတ်ရင်း အဲ့ဒီနေ့ မနက်က စာရေးဆရာ တာရာမင်းဝေ ဘ၀တပါး ကူးပြောင်းသွားကြောင်း သတင်းကို ဖတ်လိုက်ရတယ်။ နောက်ပိုင်းခေတ်ပေါ်စာရေးဆရာတွေထဲမှာ ရှားရှားပါးပါး နှစ်သက်မိတဲ့၊ ဖတ်လေ့ရှိတဲ့ စာရေးဆရာ တစ်ယောက်မို့  စိတ်မကောင်း ဖြစ်မိပါတယ်။ အင်တာနက်ပေါ်မှာ သူ့ အကြောင်း သတင်းတွေနဲ့  ၀မ်းနည်းစကားသံတွေကို ရေးသားကြသလို၊ တာရာမင်းဝေရေးသားခဲ့တဲ့ စာအုပ်တွေ၊ ကဗျာတွေကို နေရာအနှံ့ မှာ မျှဝေနေကြတာကို တွေ့ ရတယ်။ တာရာမင်းဝေရဲ့ ၀တ္ထုတွေကို ကြိုက်နှစ်သက်ပါတယ်။

တာရာမင်းဝေ ဘ၀နဲ့  ရေးခဲ့တဲ့ ကဗျာတွေကိုလည်း ကြိုက်ပေမယ့် ဒီနေ့  မိုးမခမှာ အမှတ်တရ တင်ထားတဲ့ ရွှေဘုန်းလူ အမည်နဲ့ ရေးခဲ့တဲ့ ဒီကဗျာ နှစ်ပုဒ်ကို အကြိုက်ဆုံးပါပဲ။ ဒီလိုကဗျာတွေကို စာတွေကို သူ ဘယ်တော့မှ ထပ်ရေးနိုင်တော့မှာ မဟုတ်ဘူး။ မိုးမခနဲ့  ဒီကဗျာတွေ မျှဝေတဲ့သူတွေကို ကျေးဇူးတင်မိတယ်။ တခြား ရွှေဘုန်းလူရဲ့ ကဗျာတွေ ကို ဖတ်ချင်ပါသေးတယ်။
မျှော်

မြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်

ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။

ပိတ်မထားရသေးတဲ့
သားကြီးတို့ ရဲ့ ကျောင်းစာအုပ်မှာ
ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
မေမေ မျက်ရည်ဝဲရော့မယ်။

ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့
လက်နက်နဲ့  လွယ်အိတ်တိုက်ပွဲများ
မှုန်ဝါးပြာဝေ
ကမ္ဘာမကြေဘူး
ဘီလူးတခေတ်၊ ဒေါင်းတခေတ်။

တနေ့ နေ့ လေ
မသေသေးရင် ပြန်လာချင်တယ်
ရင်ခွင်မှာ ထွေးလို့ ကြိုပါမေမေရယ်။

မြန်မာပြည်ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့် အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့  တိုက်ပွဲဝင်နေပါတယ်။ ။

ဥဒါန်း

ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့ ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် ခယွင်းတဲ့
သွေးနှင်းစက်တွေ
တို့ မြေမှာ မှိုင်းမှိုင်းဝေရော့မယ်။

သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရ မယ်လို့ 
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့ ဆိုရမယ်။

ရာဇ၀င်ဆိုးရဲ့
အရိုးတွန်သံ
ဘယ်သူ့ ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ ရယ်။

ဒီဘက် ကမ္ဘာခေတ်ရဲ့ 
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို့ ပြည်က ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ်။

သားပျောက်ရှာနေတဲ့ အမေကို
သူ့ အောက်က မြေက
"မေမေ"လို့  တိုးတိုးလေးခေါ်နေတယ်
မေမေရယ် မေမေရယ် မေမေရယ် ။

ဇာဘုရင်ရဲ့ စနစ်ဆိုးကြောင့်
ပြည့်တန်ဆာဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ရာထဲမှာ ငိုနေတယ်၊

နေ၀င်းရဲ့ စနစ်ကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။

ဒီနေ့ ပွဲဟာ
ရှုံးရှုံး နိုင်နိုင်
ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ ပွဲမဟုတ်ဘူး
သူသေကိုယ်သေ အပြိုင်နွှဲ
ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ ပွဲ ဖြစ်တယ်။

"ဟေ့ ကြိုးစင်"
ငါ ရင်ကော့ပြီး လာခဲ့မယ်။ ။

ဒီ ကဗျာတင်ထားကြောင်း သတင်းပေးပြီး၊ ကဗျာရွတ်ဆိုပြသူတစ်ယောက်ရဲ့ အသံတစ်ခုကို နားထောင်ပြီးတဲ့ အခါ၊ ကဗျာရွက်သံရဲ့ အရေးပါမှုကို သတိထားမိလိုက်ပြီးလိုက်တယ်။ ဒီလို မာန်ပါတဲ့ ကဗျာတွေကို စာတွေနဲ့ ရေးသား မျှဝေနေကြသလို၊ ကဗျာရွက်သံတွေကို နားဆင်နိုင်အောင် ထန်ကရိုင်းကျကျ ပီသရှင်းလင်းတဲ့ အသံရှင်တွေနဲ့  ရွက်ဆို မျှဝေသူတွေရှိရင် ကောင်းမှာပဲ တမ်းတမိတယ်။

နောက်မိုးမခမှာ တင်ပေးထားတဲ့ ရွှေဘုန်းလူရဲ့ ကဗျာရှည် တစ်ပုဒ်ပါ။ "ကျောင်းဖွင့်ချိန်" လို့ အမည်ရတယ်။ လက်ရေးကဗျာကို Scan လုပ်ပြီး Picture ဖိုင်တွေနဲ့  မျှဝေထားတာမို့  သိမ်းထားချင်တာနဲ့  ကျွန်မ ဒေါင်းလုတ်လုပ်ယူထားလိုက်တယ်။ ဒီလိုလုပ်ယူလိုက်တာကို မိုးမခက တာဝန်ရှိသူတွေ နားလည်ခွင့်ပြုနိုင်မယ်လို့  ထင်ပါတယ်။ [ ရွှေဘုန်းလူ - ကျောင်းဖွင့်ချိန်]

Poem Credit to MoeMaKha.com
တာရာမင်းဝေ ရဲ့ မိုးရေစက်များ သို့ 
တာရာမင်းဝေ သို့ အမှတ်တရ ကဗျာ
ရွှေဘုန်းလူး - ကျောင်းဖွင့်ချိန် (PDF) - Credit to Ma May

4 comments:

မေ said...

ကျေးဇူးပဲနေနေ။ ၈၈တုန်းက ငယ်သေးတော့ သိပ်မသိလိုက်ပေမဲ့ ၉၆ တုန်းက အဖြစ်အပျက်တွေကို ဒီ ကျောင်းဖွင့်ချိန် ကဗျာဖတ်အပြီးမှာ ပြန်မြင်ယောင်မိတယ်။ မမေ အဲဒီ ကဗျာလေးကို e-book လုပ်လိုက်တယ်။ နေနေ လိုချင်ရင် အောက်က လင့်ခ်မှာ ယူလို့ရတယ်နော်။

http://www.mediafire.com/?7gaonu1intn

kay said...

တို့လည်းယူထားတယ်...

Nay Nay Naing said...

လင့်မှာ ဒေါင်းလုတ်ယူပြီး e-book ကို သိမ်းထားလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။ :)

yazakyaw said...

နေနေ..ကဗျာတွေအတွက် ကျေးဇူး