Pages

August 22, 2007

မလိုချင်ဘူး ဒီဧည့်ဆိုး

ဒီနေ့  အင်တာနက်ပေါ်က မြန်မာပြည်နဲ့  ပတ်သက်တဲ့ သတင်းတချို့ ကို ဖတ်ရင်း၊ စိတ်မကောင်းဖြစ်မိသလို၊ တချိန်တည်းမှာ သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ကြားယောင်လာသလိုပဲ။ ဒီလိုတွေ မဖြစ်လာပါစေနဲ့ လို့  စိတ်က တိတ်တခိုး ဆုတောင်းနေမိပေမယ့် ဒီလိုပဲဖြစ်လာမယ်ဆိုတာကို သိနေခဲ့တယ်။ ဒီစစ်အစိုးရက ဟိုးအရင် အကြိမ်ပေါင်းများစွာမှာလည်း ဒီလိုနည်းကိုသုံးလို့  ဖြေရှင်းနေကျပဲ။

ကိုမင်းကိုနိုင် ၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော် တို့ နဲ့  ကျောင်းသား ခေါင်းဆောင် တချို့ ကတော့ အဲဒီဧည့်ဆိုးတွေခေါ်ဆောင်ချင်းကို ခံလိုက်ရပြီတဲ့။ ကိုထင်ကျော်နဲ့  ကျောင်းသားခေါင်းဆောင် တချို့ ကတော့ ဒီဧည့်ဆိုးတွေ လက်က ရှောင်တိမ်း နေနိုင်တုန်းပဲတဲ့။ Mizzima (Breaking News) ကသတင်းအရကတော့ ကိုကိုကြီး ကိုလည်း ဧည့်ဆိုးတွေ လာခေါ်သွားတာမှာ ပါသွားတယ် ဆိုထားပေမယ့်၊ DVB သတင်းမှာတော့ ကိုကိုကြီး က ဧည့်ဆိုးတွေလက်က ရှောင်တိမ်းနေနိုင်ပြီး ကိုထင်ကျော်တို့ နဲ့  ပူပေါင်းလုပ်ဆောင်နေတယ်တဲ့။ ခေါ်ဆောင်ရာ လိုက်ပါသွားရတဲ့ သူတွေကို ဘယ်တော့များမှ ပြန်လွှတ်မယ် ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ ဟင်း.. ကိုကိုကြီး လွတ်မြောက်နေတုန်းပဲဆိုတဲ့ သတင်းမှန်ပါစေလို့ ဆုတောင်းပြီး .. နောက်ထပ် ဘယ်သူမှ ထပ်ပြီး သူတို့ ခေါ်ရာ လိုက်မသွားရပါစေနဲ့ လို့  ဆုတောင်းနေပါတယ်။

ဘာပဲဖြစ်ဖြစ် ပြည်သူတွေ လျှောက်စရာရှိတဲ့ လမ်းကို ဆက်လျှောက်နိုင်ကြပါစေ။

မွန်းအောင် - ဧည့်ဆိုး
အိမ်ရှေ့ မှာ ကားတစ်စီးရပ်ကာ တံခါးကို ဖွဖွခေါက်ကာ လမိုက်ညရဲ့ အို ဧည့်သည်
မမြင်ဖူးတဲ့ မျက်နှာစိမ်းရယ် ငါ့ကို စကားစကြတယ် ခနလောက် လိုက်ခဲ့ပါအုံးတဲ့...
လူ ...လူ... ဧည့်ဆိုး.. မကြုံချင်တဲ့ ဧည့်ဆိုး
လူ....လူ... ဧည့်ဆိုး.. မကြုံချင်တဲ့ ဧည့်ဆိုး

နွေရက်တွေ နှောင်းခဲ့ပေါ့ကွယ် ၀ဿန်တစ်ညရဲ့ မိုးဖွဲနဲ့ အတူ ဆောင်းတွင်းရက်နဲ့  ဆုံခဲ့တယ်
ချစ်ဇနီးကို တမ်းတရင်းနဲ့  ရင်သွေးရဲ့ ချစ်စရာ့ မျက်နှာ ငါ့မျက်စိထဲပေါ်ခဲ့တယ်
လူ....လူ.... ဧည့်ဆိုး...
လူ....လူ... ဧည့်ဆိုးရဲ့ အကျဉ်းအိမ်ထဲ

[ Update: ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုဇေယျ၊ ကျော်ကျော်ထွေး၊ ကိုအံ့ဘွယ်ကျော်၊ ကိုပဏ္ဏိထွန်း၊ ကိုဇော်ဇော်မင်း၊ ကိုသက်ဇော်နှင့် ကိုဥာဏ်လင်းထွန်း တို့ကို ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြသည်။]
Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Related Links:
ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသာလူငယ် (၂၀) ခန့် အဖမ်းခံရ- ဒီဗွီဘီသတင်း
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ထိန်းသိမ်းခံရ - ခေတ်ပြိုင်သတင်း
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အဖမ်းခံရ - ဧရာဝတီသတင်း

No comments: