Pages

August 05, 2007

05 August 2007

စနေနေ့  မနက်စောစော နိုးလာတယ်။ အလုပ်ပိတ်ရက်မှ နောက်ကျမှထမယ် စိတ်ကူးပေမယ့် အကျင့်ပါနေတဲ့ မျက်လုံးတွေကရယ် ၊ ဆူညံလှတဲ့ ငှက်သံတွေရယ်က ကျွန်မကို စောစောနိုးစေခဲ့တယ်။ ထုံးစံအတိုင်း အိပ်ရာနိုးနိုးချင်း စလုပ်တဲ့ အကျင့်က Idle ဖြစ်နေတဲ့ ကွန်ပြူတာရှေ့ သွားထိုင်မိတာပါပဲ။ အလုပ်သွားရတဲ့ ရက်တွေမှာ မဖတ်ဖြစ်တဲ့ သတင်းတွေကို သောကြာနေ့ ညဆို အတော်လေး ညနက်တဲ့အထိဖတ်လေ့ရှိပေမယ့် စနေနေ့ မနက်အထိ ဖတ်စရာတချို့ က ကျန်နေတတ်တုန်းပါပဲ။ စာဖတ်ရင်း အချိန်တွေကုန်သွားတာကို လူက သတိမထားမိပေမယ့် ခုတလေ မနက်စောစော အလုပ်သွားတိုင် မနက်စာစားဖြစ်လို့  အကျင့်ပျက်နေတဲ့ ဗိုက်က ဆာလာတယ်။ ဘာစားစရာရှိလည်း စဉ်းစားတော့ ဘာမှမရှိဘူး။ အဲ့ဒီတော့မှ သတိထားမိတယ်၊ အိမ်မှာ ကျွန်မ ဘာမှမချက်ပဲ အပြင်မှာပဲ ၀ယ်စားဖြစ်နေတာ သတင်း ၃ ပတ် မကတော့ဘူး။ နာရီကြည့်လိုက်တော့ မနက် ၁၀း၃၀။ ဒီအချိန်ဆို ဈေးသွားမယ်ဆို မှီသေးတယ်။ ချက်စားမလား၊ ၀ယ်စားမလား အမြန်တွေးလိုက်တယ်။ အိမ်မှာပဲ ဟင်းချက်စားဖို့ စိတ်ကူးရတာနဲ့  အ၀တ်လည်းပြီး ကျွန်မတို့ အိမ်နားက Market ကိုသွားဖြစ်တယ်။ ဒီဈေးမှာ ဈေးဝယ်တာ ဒီနှစ်အတွင်းဆို ဒီအကြိမ်ဟာ ဒုတိယမြောက်လို့ ပြောရမယ်။ အရင်တုန်းကဆို ညနေ အလုပ်အပြန် MRT နားက NTUC မှာပဲ ဈေးဝယ်လာလေ့ရှိတာ။ Market မှာ ပစ္စည်းတွေ ဈေးပိုပေါတယ် ပြောကြပေမယ့် တော်ရုံမသွားဖြစ်ဘူး။

ဈေးအသွား လမ်းမှာ ဘာတွေဝယ်ရင်ကောင်းမလည်း တွေးနေမိပေမယ့် နောက်ဆုံးတော့ ထုံးစံအတိုင်း စားနေကြတာတွေပဲ ၀ယ်ဖြစ်မယ်ဆိုတာ သိနေခဲ့ပါတယ်။ အသားဆိုင်တွေရှေ့က မြန်မြန်ဖြတ်ပြီး ပင်လယ်ထွက် ပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ ကျွန်မလိုတာ ရှိမရှိကိုပဲ လိုက်ကြည့်လိုက်တယ်။ တွေ့ ပါတယ်။ လတ်လတ်ဆတ်ဆတ်၊ အကောင်ကြီးတွေ။ 1KG ကို S$ 9 လို့  ရေးထားတဲ့အတွက် ဈေးမေးနေစရာ မလိုတော့ဘူးပေါ့။ မဟုတ်ရင် သူတို့ က တရုတ်လို ပြောတာလည်း ကိုယ်ကနားမလည်၊ ကိုယ်ပြန်ပြောတာလည်း သူတို့ ကနားမလည်ဖြစ်တဲ့ဒုက္ခ ကင်းသွားပြီ။ နောက်တစ်ဆိုင်မှာ ဈေးပိုပေါတယ်၊ 1KG ကို S$7 ဆိုပေမယ့် S$9 တန် အကောင်တွေက အတော်ကြီးလို့  အဲ့ဒီဆိုင်ကိုပဲ ပြန်သွားဝယ် ဖြစ်ခဲ့တယ်။ ဆိုင်ရှေ့ရပ်ပြီး လိုချင်တာကို လက်ညှိုးထိုးပြလိုက်တော့ 1KG လားတဲ့။ No လို့ ပြောတော့ Half လားဆိုမှ Yes လုပ်လို ပြန်ပြောလိုက်ရတယ်။ အဲ့ဒီလိုတွေကြောင့် Market မှာဆို ၀က်သား၊ ကြက်သားနဲ့  တစ်ကောင်လုံးဝယ်လို့ မရတဲ့ ငါးတွေကို ကျွန်မ ၀ယ်လေ့မရှိတာပါ။

နောက်အသီးအရွက်တွေ ရောင်းတဲ့ ဆိုင်တန်းတွေဘက်သွားပြီး လိုချင်တာတွေရှိမရှိ လျှောက်ကြည့်မိတယ်။ ဆိုင်တစ်ဆိုင်မှာ အရွက်တွေ လတ်ဆတ်တာနဲ့ လိုချင်တဲ့ အသီးအရွက် ၃ မျိုးလောက်ဝယ်ပြီး ပေးလိုက်တော့ ဘယ်လောက်ကြလည်း ဆိုတာကို တရုတ်လိုပြောတယ်။ သူပြောတာ ကျွန်မ နားမလည်ပါဘူး။ ကိစ္စမရှိဘူး၊ အသင့်ကြိုထုတ်ထားတဲ့ S$10 တစ်ရွက် ထုတ်ပေးလိုက်တယ်။ သေချာပါတယ်။ ကျွန်မ ၀ယ်တာ 10$ ဖိုးမကျော်ဘူးလေ။ ပြန်အမ်းတဲ့ငွေလေးယူပြီး တွက်ကြည့်မှ ကျွန်မ၀ယ်တာ 3$ ကျော်ကျော်လေးပဲကျတယ်။ နောက်တစ်ဆိုင်မှာ ကြက်သွန်သွားဝယ်တယ်။ ဟင်းချက်မယ်ဆိုတော့ ကြက်သွန်လိုတယ်လေ။ ဒါကတော့ ၀ယ်ရလွယ်ပါတယ်။ Market ထဲကဆိုင်တွေက ကြက်သွန်တို့ ၊ အားလူးတို့ ကို အထုတ်လေးတွေ ထုတ်ပြီးရောင်းတတ်တယ်။ တစ်ထုတ်ကို 1$ ပေးရတယ်။ အားလူးတစ်ထုတ်နဲ ကြက်သွန်တစ်ထုတ် ၀ယ်ခဲ့လိုက်တယ်။

ထမင်းစားပြီး တစ်ခုခုစားမယ် စိတ်ကူးလို့  Market ရဲ့နောက်မှာရှိတဲ့ Chinese Shop ကိုသွားဖြစ်တယ်။ သင်္ဘောသီး စားရမလား၊ မင်းဂွတ်သီးစားရင် ကောင်းမလား၊ ကြက်မောက်သီး စားရင်ကောင်းမလား အတော်ကြာကြာ လျှောက်ကြည့် ဖြစ်တယ်။ အစိမ်းရောင် ကျွဲကောသီးကြီးတွေကို မြင်တော့ အမေ့ကို သတိရမိလိုက်သေးတယ်။ အချဉ်မကြိုက်တဲ့ အမေ့ကို ဆရာဝန်က အချဉ်ဓာတ်လိုတဲ့ ပြောတိုင်း ကျွဲကောသီးတွေ တစ်နေ့ တစ်လုံး အမြဲခွါကျွေးခဲ့ရတယ်။ နောက်တော့ ဘာသီးမှ စားချင်စိတ်မရှိတာကြောင့် ဆိုင်ထဲဝင်ပြီး S$ 2:70 ပေးရတဲ့ Peach ဗူးကြီးတစ်ဗူး တစ်ဗူးပဲဝယ်ဖြစ်တယ်။ တကယ်တော့ ဆိုင်ထဲဝင်သွားတုန်းက ပူတင်းပဲစားတော့မယ် စိတ်ကူးပြီး ၀င်သွားတာပါ၊ ဒါပေမယ့် အာစောင့်နတ် ခရီးလွန်နေတယ် ထင်ပါတယ်၊ ကျွန်မစားနေကြပူတင်းက ကုန်နေတယ်တဲ့လေ။

အိမ်ပြန်လာပြီး ထမင်းချက်၊ ၀ယ်လာတာတွေ တ၀စားပြီး၊ စာဖတ်အုန်းမယ်ဆိုပြီး စာအုပ်လေးကိုင် ကုတင်ပေါ်တက် စာဖတ်လိုက်တာ ဘယ်လို အိပ်ပျော်သွားမှန်းတောင်မသိလိုက်ဘူး။ ကျွန်မ ပြန်နိုးလာချိန်ကြတော့ ညနေ ၅ နာရီကျော်နေပြီ။ ၀တ္ထုစာအုပ်မဟုတ်တဲ့ စာအုပ်တွေဟာ အိပ်ဆေးတမျိုး ဖြစ်တယ်ဆိုတဲ့ စကား တကယ်မှန်တာပဲ။ ဒီနေ့  အပြင်သွားမယ် စိတ်ကူးရှိနေခဲ့တော့ အမြန်ထ၊ ရေးချိုး ခေါင်းလျှော်ပြီး CityHall ဘက်သွားဖြစ်တယ်။ စာအုပ်အပ်၊ အသစ်ငှါးပြီးနောက် အိမ်ပြန်ချင်စိတ် မရှိသေးတာကြောင့် ဈေးဆိုင်တွေ လျှောက်ကြည့်ုဖြစ်တယ်။ CityHall မှာလည်း များလိုက်တဲ့ မြန်မာတွေ။ အရှေ့ မှာ ထိုင်နေတဲ့ သူတွေကလည်း အများကြီးပဲ။ အင်း အဲ့ဒီထဲက တချို့ က မြန်မာမှာလုပ်နေကြ ပုံစံတချို့ ကို ကျင့်သုံးကြတာတွေ့ ရတယ်။ ဒါတွေကြောင့် တချို့ ကောင်မလေးတွေ စနေ၊တနင်္ဂနွေဆို အဲ့ဒီကို တစ်ယောက်တည်း မသွားချင်ကြတာဖြစ်မယ်လို့  တွေးမိသေးတယ်။ ကျွန်မကတော့ ဒီလိုပါပဲ။ ကိစ္စရှိရင် ဘယ်သူမှ မပါလည်း သွားလိုက်တာပါပဲ။ ဖိနပ်ဝယ်ရင်ကောင်းမယ် စိတ်ကူးပြီး လျှောက်ကြည့်ခဲ့ပေမယ့် ကြိုက်တာ မတွေ့ လို့  ဘာမှမ၀ယ်ဖြစ်ဘူး။

နောက်တော့ ဆိုင်တွေကြည့်ရတာ ပျင်းလာပြီး၊ ဗိုက်လည်းသိပ်မဆာသေးတာနဲ့  Esplanade ဘက်ကို လမ်းလျှောက် ဖြစ်တယ်။ အို.. များလိုက်တဲ့လူတွေ။ ညနေပိုင်းဆို အဲ့ဒီနေရာမှာ လူစည်လေ့ရှိတာသိပေမယ့် ၊ လူသိပ်မများဘူး ထင်လို့  လမ်းလျှောက်မယ် စိတ်ကူးပြီး သွားလိုက်တာ။ နောက်မှ Singapore ရဲ့ National Day နီးလို့  ပွဲတစ်ခုခု ရှိနေလို့ လူများနေတာ ဖြစ်မယ်ဆိုတာ တွေးလိုက်မိတယ်။ ဒီနိုင်ငံမှာက အဲ့ဒီလိုပါပဲ။ ပွဲလေးတစ်ပွဲ ရှိတာနဲ့  ရှိတဲ့နေရာကို လူတွေစုပြုံအုံခဲပြီး သွားကြတော့တာပဲ။ အခုဟာက National Day ဆိုတော့ ပိုဆိုးတော့မယ်ပေါ့။ Stage Show စင်တခုကိုလည်း တွေ့ လိုက် ရတယ်။ ဆူညံနေတဲ့ သီချင်းသံတွေကြားမှာ မြူးတူးခုန်ပေါက်နေသူတွေကိုလည်း တွေ့ ရတယ်။ လုံခြုံရေး တွေလည်း အများအပြား ရှိနေတာကြောင့် မထူးပါဘူးဆိုပြီး လူကြားထဲတိုးပြီး ရှေ့ ဆက်သွားဖြစ်ခဲ့တယ်။ ဘာမှ မရှိသေးတဲ့ ကောင်းကင်ကို မော့ကြည့်နေတဲ့ လူတွေကြောင့် ခနနေ Fireworks လွှတ်မှာမို့ လို့ လား ထင်လိုက်မိသေးတယ်။ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်မေးတော့ မသိဘူးတဲ့။ (ကျွန်မ ပြန်လာတဲ့အထိလည်း ဘာ Fireworks မှာ မတွေ့ ရပါဘူး။) ကျွန်မလည်း လူတွေကြားထဲ အရှေ့ အနောက် လျှောက်သွားကြည့် ဖြစ်တယ်။ ကိုယ့်ကို မသိတဲ့ လူတွေကြားထဲ လျှောက်သွားနေရတာ တမျိုးတော့ ပျော်စရာ အကောင်းသား။

နောက်ဆုံး လမ်းလျှောက်ရတာ ခြေထောက်ညောင်းလာမှ CityHall ဘက်ပြန်ပြီး KFC မှာ ဟာဝိုင်အီ ပီဇာ နဲ့  ကြက်ကြော် စားဖြစ်တယ်။ အစကတော့ တမျိုးပဲ စားမလို့ ပဲါ။ နောက်တော့ နှစ်ခုလုံးစားချင်တာနဲ့  နှစ်မျိုးလုံးကို မှာပြီး စားဖြစ်သွားတယ်။ အိမ်ပြန်ရောက်တဲ့ အချိန်က ည ၁၀ နာရီကျော်နေခဲ့ပြီ။ ဘာရယ်တော့ မဟုတ်ပါဘူး၊ စိတ်ဝင်စားစရာ မရှိပေမယ့်၊ ဒီတစ်ပတ် စနေနေ့ ကို ဘယ်လို ကုန်ဆုံးခဲ့လည်းဆိုတာ ချရေးကြည့်လိုက်တာပါ။

မေ့သွားတယ်။ ဒီနေ့ ကျွန်မ အိမ်မှာ ချက်စားဖြစ်တာလေးတွေလည်း ထည့်ရေးဦးမှ ဖြစ်မယ်။ ဘာတွေ ချက်စားဖြစ်လည်း ဆိုတာကို ထည့်မရေးမိရင် ကျွန်မရဲ့ ဟိုအဝေးက သူငယ်ချင်း တစ်ယောက် စိတ်မကောင်း ဖြစ်နေမှာကို ကြိုသိနေတယ်။ ဒီနေ့ လည်စာကို ပုဇွန်ဆီပြန်ဟင်း၊ အားလူကြော်၊ ဘေဘီကိုက်လန်ကြော် တစ်ပန်းကန် နဲ့ ပဲ စားဖြစ်ခဲ့တာပါ။ နေ့ လည်စာ စားပြီး အစားပိတ်အနေနဲ့  Peach 4 ခြမ်း လောက်ပဲ ထပ်စားဖြစ်ပါတယ်။

No comments: