Pages

April 25, 2007

Weird Things

ဒီနေ့  ကျွန်မကို MR.Programmer က Tag Game တစ်ခု ကစားပါဆိုပြီး သူ့ ဘလော့ခ်မှာ Tag လုပ်ပါတယ်။ 10 weird things about me ကို ချရေးရတယ် Game ပါ။ ဟိုနေ့ ကတင် သူငယ်ချင်းတစ်ယောက်က အဲ့ဒီ Game ကို Tag လုပ်လိုက်ရမလားလို့  လာမေးသေးတယ်။ မလုပ်နဲ့  ငါဖြေဖြစ်မယ် မထင်ဘူးလို့ပြောလိုက်တော့ နင်ဒီလိုဖြေမယ်ဆိုတာ သိပြီးသားလို့  ပြောသွားတယ်။ အကြောင်းသိတွေချင်းပဲ. ဒီလောက်တော့သူလည်း သိမှာပါ။

ခု အစ်ကိုကြီး Mr-Programmer က Tag ထားပြီ။ ဂျောက်တွန်းတယ်သွားပြောရင် အဆူခံရနိုင်တော့ မပြောတော့ပါဘူး။ မသိချင်ယောင်ဆောင်နေလို့ လဲ မဖြစ်ဘူး။ သူက အကြီးဆိုတော့ လေးစားရသေးတယ်။ :D ( ညီမလေး လင်းလက်ကလည်း ထပ် Tag လုပ်ထားတာတွေ့ ရတယ် )

10 weird things about me ဆိုတော့ တွေးကြည့်တယ်။ ကျွန်မ့ကိုယ် ကျွန်မ ထူးဆန်းတယ်ထင်တဲ့ ကျွန်မရဲ့ အကျင့်တွေလား။ သူများတွေက ထူးဆန်းတယ်တဲ့ ကျွန်မရဲ့ အကျင့်တွေလား။ စဉ်းစားစရာပဲ။

ခုတလော ဘလောခ့်တွေမှာ အဲ့ဒီ Game ကို ကစားတဲ့အနေနဲ့  ရေးထားတာတွေ အတော်များများ ကျွန်မ ဖတ်ဖူးပါတယ်။ အဲ့ဒီ ထဲက တချို့ သူတွေရေးထားတဲ့ အကျင့်မျိုး ခပ်ဆင်ဆင်တွေ ကျွန်မမှာလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ဒါတွေဟာ မထူးဆန်းသလို ၊ မကောင်းတဲ့ အကျင့်တွေလို့  လည်း မထင်ပါဘူးရှင့်။ ဥပမာ - ကျွန်မ တစ်ယောက်တည်း အစားစားမယ်ဆို ဖတ်စရာ တစ်ခုခုကို အရင်ရှာတယ်။ တွေ့ မှ စာဖတ်နေရင်းနဲ့ ပဲ အစာစားလေ့ရှိတယ်။ အပြင်မှ Lunch တစ်ယောက်တည်း စားရင်တောင် ဖတ်စရာ စာအုပ်တစ်အုပ် လက်ထဲမှာပါ ပါတယ်။ ဒါဟာ ကျွန်မအတွက် ဘာမှမထူးဆန်းလို့ လုပ်ရိုးလုပ်စဉ် လုပ်နေတာပါ။ ဒီလို တခြားအကျင့်လေးတွေ ကျွန်မမှာ အများကြီးရှိပါတယ်။

ကျွန်မကတော့ အကျင့်တစ်ခုဆို ဘယ်သူ့ ကိုမှလည်း မထိခိုက်ဘူး၊ ကျွန်မကို ကျွန်မအတွက်လည်း အကျိုးယုတ်စေတဲ့ အရာမဟုတ်သေးဘူး ထင်နေသမျှ ဆက်လုပ်နေတတ်ပါတယ်။ ကျန်တာကိုတော့ ထူးလား မထူးလား စဉ်းစားလေ့မရှိဘူး။

ဒါတွေကြောင့်လည်း ကျွန်မဟာ ဆိုဆုံးမရ ခက်သူ တစ်ယောက်လို့  တစ်စုံတစ်ယောက်က ပြောတာထင် ပါတယ်။ သူပြောတာ ကျွန်မ မငြင်းချင်ပါဘူး။ ကျွန်မ လုပ်လေ့ရှိတဲ့ အကျင့်တွေမှာ မကောင်းဘူးထင်တာတွေကို ကျွန်မ့ လက်ခံနိုင်အောင် ပြောနိုင်ရင် အဲ့ဒီအကျင့်တွေကို ကျွန်မ ပြင်လိုက်မှာပါပဲ။ တချို့ ဟာတွေတော့ သူတို့ အမြင်တွေနဲ့  ကျွန်မအထင်နဲ့  မကိုက်သေးတော့လည်း ကိုယ့်စိတ်ကြိုက်ကိုပဲ ဆက်လုပ်တုန်းပေါ့။ ကိုယ်တိုင်က ပြင်ချင်ရင် ပြင်မရပဲ ဖြစ်နေတဲ့ အကျင့်ဆိုတာရှိမယ် မထင်။

ဒီတော့ ကျွန်မကိုယ်ကျွန်မ ထင်တဲ့ ထူးဆန်းတာတွေဆိုရင်တော့ ဘာမှ ချရေးဖြစ်မယ် မထင်ဘူး။ မရှိလို့ ပါ။ weird ဆိုတာ informal very strange and unusual, and difficult to understand or explain လို့  Dictionary မှာလည်းတွေ့ တယ်လေ။ ကျွန်မရဲ့ အကျင့်တွေဟာ ကျွန်မကိုယ် ကျွန်မအတွက်တော့ ထူးဆန်းတယ်လည်းမထင်၊ မကောင်းဘူးလို့ မထင်ပဲ၊ဘယ်လိုမှလည်း မထင်၊ ကျွန်မလက်ခံနိုင်နေတဲ့ လုပ်ရိုးလုပ်စဉ်တွေမို့  ကျွန်မလုပ်နေတာတွေလေ။

ကျွန်မ စဉ်းစားမိတယ်။ ကျွန်မရဲ့ ထူးဆန်းတဲ့ အကျင့်တွေကို ကျွန်မ ချရေးမယ့် အစား ကျွန်မနဲ့  ရင်းနှီးသူတွေကို ရေးခိုင်းတာကမှ အမှန်ရမယ် ထင်တယ်။ ကျွန်မမှာ ဘယ်လို အကျင့်ဆန်းတွေ၊ အကျင့်ဆိုးတွေ ရှိတယ်ဆိုတာကို ကျွန်မနဲ့  ရင်းနှီးသူတွေပဲ သိကြမှာပါ။ သိတာလေးတွေ ရှိရင် Comments ပေးသွားလဲ ရပါတယ်။ ဖုန်းဆက်ပြောလည်း ရတယ်။ ဘာပဲဖြစ်ဖြစ် သိရတာပေါ့။ ဒါပါပဲလေ...

တွေးမိသေးတယ်.. ဒီလို ကိုယ်လုပ်ချင်ရာ၊ ကိုယ်ထင်တာ ကိုယ်လုပ်တာကိုပဲ weird လို့ ပြောချင်ကြမလားပဲရယ်...... မဟုတ်ပါဘူး.. ဒါမျိုးတွေ သူများတွေလည်း လုပ်လေ့ရှိပါတယ်..

7 comments:

Anonymous said...

အင်း ကိုယ်သိသလောက်ဆိုရင်တော့ အခုပဲကြည့်ပါလား 10 weird things about me ဆိုကာမှ သူရေးချင်တာရေးသွားပြန်ပြီ။ အဲ့ဒါ သူ့ရဲ့ 10 weird things ထဲကတစ်ခုပဲ။

Mr.Pooh @ မောင်ပွတ် said...

အိုအေစစ်ကို လာလည်တဲ့အတွက် ကျေးဇူးပါ။ ကျွန်တော့် Wire တွေလာနားထောင်ပါဦးဗျာ။ ကိုတက်စလာ စတဲ့စနက်တွေပေါ့လေ။

Thiha Kyaw Zaw said...

You can say that again Ko OK. :(

Unknown said...

အင်း . . .နင့်ကိုအလုပ် ပေးတာ သူများကို ပြန်ပြီး ကော်မန့်ရေးပေးကြပါ၊ ဖုန်းဆက်ပြောပါ လုပ်နေသေးတယ်။ ဖုန်းဆက်တော့ မပြောနိုင်ဘူးဟေ့၊ ပိုက်ဆံကုန်တယ်။ လက်အညောင်းခံပြီး ကော်မန့်ပဲ ရေးတော့မယ်။ သေပြီသာ အောက်မေ့။

၁) တစ်ခုခုဆိုရင် ဘယ်တော့မှ စိတ်မရှည်တတ်ပါဘူး။ (ပြီးတော့ သူ့ကိုယ်သူလဲပြောပါသေးတယ် `လူပုစိတ်တို´တဲ့)

၂) အလုပ်သုံးခုလောက်ကို တပြိုင်နက်တည်း လုပ်တတ်ပါတယ်။ ဖုန်းပြောရင်း စာအုပ်ဖတ်ပြီး ရုပ်ရှင်ကြည့်တတ်တယ်။ (ပြီးရင် စာအုပ်အကြောင်း ရုပ်ရှင်အကြောင်းပါမက ဖုန်းပြောခဲ့တဲ့အကြောင်းတွေကိုပါ ပြန်မေးကြည့် သူအကုန်သိပါတယ်)

၃) KFCအပါအ၀င် တခြားကြက်ကြော်၊ ကြက်ကင်တွေကို မယုံကြည်နိုင်ဖွယ် နေ့တိုင်းစားနိုင်သူပါ။ (စင်္ကာပူက ကြက်တွေစားပြီး မ၀လာတာ သူတစ်ယောက်ပဲရှိတယ်)

၎) စကားတစ်ခွန်း ပြောရင် သူ့ရည်းစား အကြောင်း တစ်ခါပါတတ်ပါတယ်။ (Ko THKZရေ ခင်ဗျားအတင်းတွေ တုတ်နေတယ်ဗျို့)

၅) ပိုက်ဆံကို ပိုက်ဆံလို့ မထင်ပါဘူး။ (ဘာလို့ ထင်သလဲလို့ မမေးပါနဲ့၊ ဘာလို့မှကို ထင်တဲ့ သဘောမှာ မရှိပါဘူး)

၆) ကိုရီးယား၊ ဂျပန်၊ ကုလားအစားအစာတွေကို မကြိုက်ဘူး။ (သူ့ကို Sushiနဲ့ ချဉ်ဖတ်နဲ့ နယ်၊ မဆလာဖြူးပြီးကျွေးမယ်)

၇) အလကားနေ အလကား ခြေထောက်ဆေးလိုက်၊ မျက်နှာသစ်လိုက် လုပ်တတ်ပါတယ်။ (သူ့အိမ်က ရေဖိုးတွေတက်ရခြင်းရဲ့ တရားခံပါ။)

၈) တစ်ခုခု စိတ်နဲ့ မထင်တာတွေ့ပြီဆိုရင် စကားလုံးတစ်လုံးပဲ အမြဲပြောတတ်ပါတယ်။ `စိတ်လေတယ်´တဲ့။ (သူ့စိတ်က လေပဲ လေနိုင်လွန်းပါတယ်)

၉) တခါတလေ အရမ်းအငြင်းသန်ပါတယ်။ (မယုံသောသူများ စမ်းကြည့်နိုင်ပါတယ်)

၁၀) နောက်ဆုံးတစ်ခုကတော့ သူရေးထားသလိုပါပဲ။ ထင်ရင် ထင်သလို လုပ်တတ်ပါတယ်။ (ခြေသလုံးတွေ လုံအောင်ဖုံးထားကြပါ)

Nay Nay Naing said...

Comments တွေအတွက် ကျေးဇူးတင်ပါတယ်။ ကိုဇင်ကိုလတ်ရေ.. တစ်ခုတော့ ပြောချင်တယ်.. ငါ အငြင်းသန်တယ်ဆိုတာ သူငယ်ချင်းတွေနဲ့  ယှဉ်ရင်တော့ နောက်ဆုံးအဆင့်မှာပဲ ရှိပါသေးတယ်။ နောက်ပြီး လူတိုင်းနဲ့ လည်း မငြင်းတတ်ပါဘူး :D

Mr. White said...

အဟီး.. တခါလောက် အစ်မနဲ့ ငြင်း ကြည့်ချင်တယ်.. ဟဲဟဲ.. :P

Nay Nay Naing said...

Mr. White ကိုတော့ ပြိုင်ပြီး နိုင်အောင်ငြင်းနိုင်မယ် မထင်ပါဘူး :P