Pages

June 11, 2015

Rambutan

From Nature

From Nature

လမ်းလျှောက်သွားရင်တွေ့ တဲ့ ကြက်မောက်သီး စိမ်းစိမ်းလေး တွေ။ အသီးသီးနေတဲ့ ကြက်မောက်သီးပင်ကို ပထမဆုံး အပြင်မှာ မြင်ဖူးတာပါပဲ။ လှတယ်။ မှည့်တာလဲ မြင်ဖူးချင်တယ်။ အသီးမှည့်တဲ့ အချိန်ဆို နီရဲပြီး ပိုလှမယ်ထင်တယ်။ နောက်တစ်ခေါက်လာ ပြန်ကြည့်အုံးမယ် စိတ်ကူးမိတယ်။

June 01, 2015

Rose

May your day bloom with happiness ~

From Nature

May 01, 2015

A donation

လှူမယ် စိတ်ကူးတဲ့ အလှူတစ်ခုကို ဒီနေ့  လှူဖြစ်သွားတယ်။

I just made a donation to Nepal Earthquake Relief Fund via DBS iBanking

April 30, 2015

Home Cooked Food

ပထမဆုံး စားဖူးတဲ့ အိမ်မှာချက်သော ငါးခေါင်းဟင်း။

ငါးခေါင်းဟင်း စားလေ့မရှိဘူး။ မကြိုက်ဘူး။ ရန်ကုန်မှာတုန်းက အလွန်ဆုံးစား ငါးရံ့ခေါင်းချဉ်ဟင်း၊ ဒါတောင် အမေက ငါးခေါင်းကို သူ့ ပန်းကန်ထဲဆယ်ထည့်ပြီး ကိုယ့်ပန်းကန်ထဲက အသားထွင်ပြီးသား လာထည့်ပေးမှ စားဖြစ်တာမျိုး။ ခုလို ငါးခေါင်းအကြီးကြီးကို ချက်တာမျိုး လုံးဝ မစားခဲ့ဘူး။ မဆလာနံ့၊ curry ဟင်းနံ့ မျိုးကို လုံးဝမကြိုက် စားလေ့မရှိ၊ ငါး သိပ်မကြိုက်တာကြောင့် လည်းပါမယ်။ စင်္ကာပူရောက်မှ ရှောင်လို့ မကောင်းတဲ့ အခါတွေမှသာ စားဖြစ်တယ်။ တစ်ခါတလေ ရှားရှားပါးပါးဆိုသလို လူအများနဲ့  မလွဲမရှောင်သာ အပြင်ဆိုင်မှာ စားတဲ့အချိန် ပဲ စားဖြစ်တာပါ။ မှတ်မှတ်ရရ ဆိုင်မှာ နောက်ဆုံးစားဖြစ်တာ မမွန်ဒီလာလည်တုန်းက ဆိုတော့ အတော်ကြာပြီ။ အဲဒီတုန်းက စားနေရင်း အရိုးဆူးသွားတဲ့အတွက် နောက်ပိုင်း ငါးခေါင်းဟင်းဆို ဝေးဝေး ပိုရှောင်ဖြစ်တယ်။ :D

ခုလို အိမ်မှာချက်တဲ့ ငါးခေါင်းဟင်းတော့ စားလို့ ရတယ်။ ဟင်းချက်တဲ့သူက ဟင်းချက်ကောင်းတယ်။ ပြီးတော့ ကိုယ့်အကြောင်းသိနေတဲ့အတွက် ကိုယ်မစားတတ်၊ မကြိုက်တဲ့ အနံ့တွေ အများကြီးမပါပဲ ငါးခေါင်းဟင်းအရသာလည်းမပျက်၊ စားလို့ လည်းရအောင် ချက်ပေးထားလို့ ထင်တယ် အရသာရှိပြီး စားလို့ ရတယ်။

အဲ့ဒီနေ့ က ငါးခေါင်းဟင်းတစ်ခုတည်းဆို စားဝင်မ၀င် မသေချာလို့  (ချက်တဲ့သူ လက်ယာကို မယုံတာ မဟုတ်ပါ) ကြက်သားလေးပါကြော်ဖြစ်တယ်။

ငါးခေါင်းဟင်းချက်တဲ့သူက ချက်တဲ့သူက စိတ်ရှည်တယ်။ သေချာ အဆင့်ဆင့်ချက်တာ။ ဒါက ပထမဆုံး ဟင်းလုံးတုန်း ရိုက်ထားတာ။ ဓာတ်ပုံရိုက်ဖို့ မနည်းဖယ်ခိုင်းရတယ်။

From Food

နောက်ပိုင်းတော့ တားမရမှန်းသိလို့ လားမသိဘူး၊ ဓာတ်ပုံရိုက်ခွင့် ပေးတယ်။ ရိုက်ချင်လွန်းလို့ ရယ်တော့ မဟုတ်ပါဘူး။ သူများချက်တာဆိုတော့ ဒီတိုင်းကြီး ဘာမှမလုပ်ပဲ စားတာမျိုးဆို သိပ်မကောင်းဘူးထင်တာနဲ့  ဘေးကနဲ့  ဓာတ်ပုံရိုက်ပြီး စားကောင်းအောင် အားပေးခဲ့တာပါ။

လုံးပြီနောက် အိုးထဲပြောင်း ချက်နေတုန်း အဆင့်ဆင့်ရိုက်ထားတာ။

From Food
ဒါကတော့ ငါးခေါင်းကြီး အိုးထဲကနေ ပန်းကန်ထဲ ရောက်သွားတဲ့အခါ ရိုက်ထားတဲ့ ပုံပါ။

From Food
ကြက်သားကြော်လေးလည်း ဓာတ်ပုံရိုက်ဖို့ မမေ့ခဲ့ပါဘူး ... သေချာ ဒီလို အရောင်ရအောင် စိတ်ရှည်လက်ရှည်ကြော်ရတာ (တခါတလေမို့  စိတ်ရှည်တာ :D ) ဓာတ်ပုံရိုက်ဖို့ မေ့လို့ မဖြစ်ဘူးလေ။

From Food

အားလုံးချက်ပြီး  စားရန် အသင့် ထည့်ပြီးပုံ.. နှစ်မျိုးလုံးကို  တစ်ရက်တည်းချက်တာမှန်း  မှတ်မိအောင်  ခုလို  တွဲရိုက်ပေးခဲ့ရတယ်..... 

From Food

မနွယ်ချက်တဲ့ ငါးခေါင်းဟင်းကလည်း ကောင်း၊ ကိုယ့်ဘာသာ ကြော်တဲ့ ကြက်သားကြော်ကလည်း ကောင်းဆိုတော့ အဲဒီနေ့ က သာမာန်ထက် ထမင်းပိုစားဖြစ်ခဲ့တယ်။ ဒီဟင်းတွေ  ချက်စားဖြစ်တာကြာပြီ အလုပ်ရှုပ်နေတာနဲ့  ခုမှပဲ ဒီမှာလာမှတ်ထားဖြစ်တယ်။

April 10, 2015

Singapore’s Favourite Dessert: Ice Kachang

ဒီနေ့ ညနေစာ ထမင်းစားပြီး စားဖြစ်ခဲ့တဲ့ အချိုပွဲ။ ညနေစာ ဘာစားရင်ကောင်းမလဲ လိုက်ကြည့်ရင်း သူများတွေ ၀ယ်နေတာတွေ့ ပြီး စားချင်စိတ်ပေါက်သွားတာနဲ့  ၀ယ်စားဖြစ်ခဲ့တာ။

From Singapore Food
Ice Kachang ကို စင်္ကာပူမှာ hawker ဆိုင်းတိုင်းမှာ ရောင်းတာ များတယ်။ တချို့ ဆိုင်တွေက စားမကောင်းဘူး။ ဒီနေ့ ၀ယ်စားတာတော့ စားလို့ ကောင်းတယ်။ ကြိုက်တယ်။ ခုရက်ပိုင်းတော့ ရာသီဥတုက ပူလို့ လားမသိဘူး ထမင်းစားပြီးရင် အေးအေးစိမ့်စိမ့် ရှိတာမျိုးလေး ထပ်စားရတာကို အရသာတွေ့ နေတယ်။

စားလို့ ကောင်းသလို အရောင်စုံလေးဆိုတော့ ကြည့်လို့ လည်းလှတယ်။ အစာပလာတွေ ဘာတွေပါလဲ သေချာမြင်ရအောင် မစားခင်မှာ ဟိုဘက်ဒီဘက် နှစ်ပုံရိုက်ဖြစ်တယ်။  ရေခဲခြစ်ပေါ်မှာ အချိုရည်ဆမ်းပြီး၊ ကျောက်ကျော နဲ့ ပဲ ပါတယ်။ ဒူရင်းသီး ဒါမှမဟုတ် သရက်သီး နှစ်မျိုးမှာ တစ်မျိုးရွေးပါဆိုတာနဲ့  သရက်သီးထည့် စားခဲ့တယ်။ SGD 3.30 ပေးရပါတယ်။
From Singapore Food

March 31, 2015

Shan Noodles

ပုံမှန်ဆို ရှမ်းခေါက်ဆွဲ စားလေ့မရှိဘူး။ မကြိုက်ဘူး။ မဖြစ်မနေ စားရတောင် တစ်ဇွန်း၊ နှစ်ဇွန်းထက်ပို မစားဖြစ်ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေ့ နေ့ က စားခဲ့ရတဲ့ ဒီရှမ်းခေါက်ဆွဲကိုတော့ ကြိုက်တယ်။ စားလို့ ကောင်းလို့  တစ်ပန်းကန်လုံး ကုန်အောင်စားဖြစ်ခဲ့တယ်။ ချက်ပြုတ် ပြင်ဆင်ကျွေးတဲ့သူ စေတနာကောင်းလို့  စားလို့  ပိုကောင်းတာလည်း ဖြစ်မယ်။

From Burmese Food


ပထမဆုံးအကြိမ် ရှမ်းခေါက်ဆွဲကို နှစ်သက်စွာနဲ့ တစ်ပန်းကန်လုံးကုန်အောင် စားဖြစ်ခဲ့ခြင်း အမှတ်တရ ဒီမှာလာမှတ်ထား လိုက်တယ်။

သေချာနှံ့အောင်နယ်ပြီးမှ စားရတယ်ဆိုလို့  အားပါးတရ (တူ သုံးပြီး) နယ်လိုက်တာ ဒီပုံထွက်သွားတယ်။ အစုံပါအောင်ထည့်ထားပေးတာလို့ ပြောတယ်။ ဆီတို့ ဖူးတော့ လုံးဝ မစားတတ်လို့ ထည့်မပေးဘူး။ ဂျူးမြစ်ချဉ်လည်း ပါတယ်။ ဓာတ်ပုံထဲမှာ မမြင်ရဘူး ဖြစ်နေတယ်။

From Burmese Food

March 29, 2015

Pay last respect to Singapore's founding father Lee Kuan Yew

Lee Kuan Yew (1923-2015)
ဒီနေ့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ( the founding father of modern Singapore ) လီကွမ်ယု ကိုနောက်ဆုံး အနေနဲ့  နှုတ်ဆက် ဂါရ၀ပြုဖို့  Singapore Poly နားမှာ သွားစောင့်ဖြစ်တယ်။ Dover MRT ကို ရောက်သွားချိန်က နေ့ လည် ၁၂ ကျော်ကျော်လေး။ လူတွေအတော် များနေပြီ။ ဒါပေမယ့် ကံကောင်းတယ်ဆိုရမယ် ကားလမ်းဘေး ဖြတ်သွားရင် သေချာမြင်ရနိုင်တယ့် နေရာမှာ နေရာရတယ်။ ခဏစောင့်ပြီး သိပ်မကြာဘူး မိုးတွေက ရွာလာရော။ ရပ်နေသူအားလုံးပဲ မိုးရွာထဲ ထီးတွေ ဖွင့်ဆောင်းပြီး ဆက်စောင့်ကြတယ်။ စောင့်နေရင်းနဲ့  "Farewell to Lee Kuan Yew" တိုက်ရိုက်ထုတ်လွှင့်နေတာကို ဖုန်းတွေကနေ ကြည့်ကြတယ်။ လူတိုင်း ကိုယ်စီကိုယ့်ဖုန်းကို ထုတ်ကြည့်နေ စရာမလိုဘူး။ ဘေးနားမှာ ကြည့်နေသူတစ်ယောက်က လက်ကို ခပ်မြင့်မြင့်ထားပြီး အနားတစ်ဝိုက်မှာ ရှိတဲ့ လူတွေ မြင်နိုင်အောင် ပြပေးတယ်။ အဲ့လို ပြပေးနေတဲ့သူ လက်ညောင်းသွားတာ၊ ဆက်ပြဖို့  အဆင်မပြေတော့တာကို မြင်ရင် နောက်တစ်ယောက်က သူ့ ဖုန်းကို ထုတ်ပြီး ပြပေးတယ်။ အဲလို့ နဲ့  စောင့်နေတဲ့ ၁ နာရီခွဲကျော်ကျော်အတွင်း YouTube ကနေ တိုက်ရိုက်လွင့်နေတာကို တစ်ချက်မှ လွတ်မသွားပဲ ကြည့်ခွင့်ရခဲ့တယ်။ မိုးကလည်း အဆက်မပြတ် ရွာနေတော့ ထီးတွေ ဘယ်လိုထီးဆောင်း  ထီးတွေက ထပ်နေတော့ ထီးတွေအကြားက ရေတွေကျ မိုးတွေစိုကြတာပဲ။ တစ်ယောက်ယောက်ပေါ် ထီးအစွန်းက ကျတဲ့ရေတွေ တိုက်ရိုက်ကျတာတွေ့ တယ်ဆို အဆင်ပြေအောင် ထီးတွေရွှေ့ပြီး ညှိပေးကြတယ်။ ဒီနေရာမှာ စောင့်နေသူ အားလုံးဟာ ဒီနိုင်ငံရဲ့ ခေါင်းဆောင် လီကွမ်ယူကို နောက်ဆုံး နှုတ်ဆက် ဂါရ၀ပြုကြမယ်ဆိုတဲ့ တစ်ခုတည်းသော တူညီတဲ့ စိတ်နဲ့  ရောက်နေကြသူတွေကြီးပဲဆိုတော့ တစ်ယောက်နဲ့  တစ်ယောက် အငြင်းမပွါး၊ တွန်းတိုက်မှု့  မရှိတာတွေ့ ရတာ စိတ်ချမ်းသာမိတယ်။ တစ်ခြားနေရာတွေမှာတော့ မသိဘူး၊ ကိုယ်တွေ စောင့်တဲ့ နေရာကလူတွေကတော့ လီကွမ်ယုကို သယ်ဆောင်လာတဲ့ ကား ဖြတ်သွားဖို့  နီးကပ်လာချိန်မှာ လေးစားစွာ ဂါရ၀ပြုကြမယ်ဆိုပြီး တညီတညွတ်ထဲ ထီးတွေ အားလုံးပိတ် စောင့်နေခဲ့ကြတယ်။ ခေါင်းကနေ ခြေအဆုံး စိုရွှဲခဲ့ကြတယ်။ ဒါပေမယ့် ဘယ်သူမှ မိုးစိုလို့ ဆို မငြီးငြူခဲ့ကြဘူး။ လီကွမ်ယုကို သည်ဆောင်လာတဲ့ ကားဖြတ်သွားချိန်မှာ သူ့ နာမည်ကို ထပ်ခါထပ်ခါ ကြွေးကျော်ရင်း နောက်ဆုံး နှုတ်ဆက်ကြတယ်။ ကျေးဇူးတင်တယ်ပြောရင်း နှုတ်ဆက်ကြတယ်။ နောက်က ကားတွေဖြတ်သွားချိန်မှာ လက်ခုပ်တီးပြီး အားပေးနှုတ်ဆက်ကြတယ်။

ဒီနေ့  ပြည်သူချစ်တဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့ နောက်ဆုံး ခရီးဟာ ဘယ်လိုလဲဆိုတာကို ပထမဆုံး ကိုယ်တိုင် ကြုံတွေ့ ခံစား သိရှိခဲ့ပါတယ်။

ပုံမှန်ဆို ဓာတ်ပုံတွေ ဟိုရိုက်ဒီရိုက်လုပ်တတ်ပေမယ့် ဒီနေ့ တော့ဘာပုံမှ မရိုက်ဖြစ်ပါဘူး။ ဒီနေ့  သွားတဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်က လီကွမ်ယုကို ဂါရ၀ပြုဖို့ ဆိုတဲ့ စိတ်တစ်ခုပဲရှိတယ်။ ဒီတော့ မြင်သမျှကို စိတ်နဲ့ ပဲ ခံစား မှတ်သားရင်း၊ လီကွမ်ယုကို လေးစားစွာဖြင့် နှုတ်ဆက် ဂါဝရပြုဖြစ်ခဲ့ပါတယ်။

February 08, 2015

Art of Salad

အသုပ်သုပ်စားဖို့  အဆင်သင့် ပြင်ဆင်ထည့်ထားတဲ့ ဗန်းလေးက အရောင်စုံလေးနဲ့ လှနေလို့  ဓာတ်ပုံရိုက်ထားလိုက်မိတယ်။

From Everything

ကျောက်ပွင့်၊ ပဲကြာဇံ၊ မုန်လာဥနီ၊ ဗိုလ်စားပဲ၊
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပရာသီး၊
ပုဇွန် နဲ့  ကင်မွန် ပါတယ်။

ပြင်ဆင်ထားတုန်းကပုံနဲ့ အကုန်ရောနယ်သုပ်လိုက်တဲ့အခါ ဘာကွာသွားလည်း မှတ်တမ်းတင်တဲ့အနေနဲ့ အားလုံးရောနယ်ပြီးပုံလေးကိုလည်း ဆက်ရိုက်မိပြန်တယ်။

From Everything

ပထမပုံထဲက အစာပလာ အကုန်လုံးဆို စားလို့ မကုန်မှာ စိုးရိမ်ကြတာနဲ့ ကြာဇံနဲ့  ကျောက်ပွင့်နည်းနည်း ဖယ်ထားပြီး ကျန်တာတွေတော့ အကုန်ရောနယ်သုပ်လိုက်တာ ဒီလို တစ်ပန်းကန် ရတယ်။
From Everything

မနေ့ က နေ့လည်စာပါ။
ချဉ်ချဉ်စပ်စပ်လေးနဲ့  စားလို့ ကောင်းတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင်ဆိုတော့ ဆီဆားမပါ သုပ်တယ်လို့  ထင်တာပဲ။
ကိုယ်တင်သုပ်စားတာ မဟုတ်ပါဘူး။ သူများကျွေးတာကို သွားစားတာ။ ပြင်ဆင်ရာမှာတော့ နည်းနည်းပါးပါး တောက်တိုမယ်ရ ကူညီပေးပါတယ်။ ဒီတိုင်းဘာမှ မလုပ်ပဲ သူများချက်ကျွေးတာ စားလို့ မကောင်းဘူးလေ။ :D

ကျွေးတဲ့သူက စေတနာ အလွန်ကောင်းတယ်။ ဒီတစ်မျိုးထဲ ချက်လေ့မရှိဘူး။ ကျောက်ပွင့်သုပ်အပြင် အောက်ပုံထဲက ဟင်းလည်းချက်တယ်။
From Everything

February 02, 2015

The Fruit I Eat

ကြိုက်လို့  ထပ်ဝယ်စား ဖြစ်နေတဲ့ အသီး။

Clementi Mall အနောက်က အသီးရောင်းတဲ့ဆိုင်က ၀ယ်လာတာ။
တစ်လုံး SG$ 2။ သုံးလုံးယူရင် SG$ 5။
မနေ့ က ၀ယ်တဲ့ ၃ လုံးကုန်လို့  ဒီနေ့  ၃ လုံးထပ်ဝယ်လာခဲ့တယ်။
From Everything
သစ်သီးမြင်မိရင် စားတာမစားတာ အသာထား ၀ယ်ချင်တဲ့ စိတ် အရင်ပေါ်တာ ဘာအကျင့်မှန်းတော့မသိဘူး။ မနေ့ မနက်စောစောကပေါ့..

ခုအသီးတွေက လမ်းဘေးဆိုင်မှာရောင်းနေတာကို အဝေးကမြင်လိုက်တဲ့အခါ အစိမ်းရောင်ဖျော့ဖျော့၊ ၀ါတာတာ ဆိုတော့ ရှောင်သီးလား၊ ကျွဲကောသီးတွေလားဆို အနားကပ် သွားကြည့်ဖြစ်တယ်။ ရှောက်သီးလဲ မဟုတ်ဘူး။ အရွယ်က ကျွဲကောသီးလောက်လဲ မကြီးဘူး။ grapefruit သီးအရွယ်လောက်ပဲ ရှိတယ်။ ကိုင်ကြည့်တော့ ကျွဲကောသီး မဟုတ်တာ သေချာတယ်။ ဒီအသီးကို ဘယ်လိုခေါ်လဲ မေးတော့ တရုတ်လိုဖြေတယ်။ ကိုယ်လည်း နားမလည်။ ဘေးမှ ၀ယ်နေတဲ့ အန်တီကြီးတွေကို မေးကြည့်တော့ ချိုတယ်၊ စားကောင်းတယ်လို့ ပြောတယ်။ သူတို့ တွေလည်း အများကြီးဝယ်ကြတာတွေ့ တယ်။ ဈေးလည်းကြီးတာ မဟုတ်ဘူး၊ စမ်းစားကြည့်မယ်၊ grapefruit လိုခါးမယ်ဆိုရင်သာ မစားနိုင်တာ၊ မချိုပဲ ချဉ်ရင်ကတော့ နွယ်ချိုမှုန့်နဲ့ တို့ စားလည်းရတယ်၊ ဒါမှမဟုတ် ရှောက်သီးသုပ်သလို သုပ်စားလိုက်လည်း ဖြစ်တာပဲလို့  စဉ်းစားပြီး ၀ယ်ဖြစ်သွားခဲ့တယ်။

From Everything
စားကြည့်တော့ စားလို့ ကောင်းတယ်။ အရသာက ကျွဲကောသီးနဲ့  စားရသလိုပဲ။ ချိုတယ်လို့ တောင်ပြောလို့ ရမယ်။ ချဉ်ရင် နွယ်ချိုမှုန့် နဲ့ တို့ စားမယ်ဆိုပြီး အမှုန့်တွေပြင်ထားတာတောင် အပိုဖြစ်သွားတယ်။ ဒီတိုင်းပဲ ကုန်အောင်စားပစ်လိုက်တယ်။

From Everything
မြန်မာလို့  ဘယ်လိုခေါ်လဲ မသိဘူး။ ခုအသီးစားရင်  ဒီအသီးကို English လိုဘယ်လိုခေါ်သလဲ လိုက်ရှာဖတ်ကြည့်တော့ Gold Sweetie ( Sweetie grapefruits from Israel ) ဆိုတာ ဒီအသီး ဖြစ်နိုင်တယ်။ ဒါမှမဟုတ် 'Oro Blanco' pummelo-grapefruit hybrid ဆိုတဲ့အသီးလည်း ဖြစ်နိုင်တယ်။ 

'Oro Blanco' or 'Sweetie' တစ်ခုခု ဖြစ်မှာတော့ သေချာပါတယ်။ :D

February 28, 2014

လူ

ဇော်ဝင်းထွဋ် - လူ
အစတုံးက မြှောက်ပင့်ပေးတယ်..
ငါသွေးနဲ့  သီချင်းသစ်ရေးမယ်..
တကယ် ဒုက္ခရာက်တော့ ပြေးတယ်...... လူတွေ လူတွေ...

အမှောင်ထဲငါ ရောက်သွားရော...
တစ်ယောက်မှ သတိမရဘူး ... ဘယ်သူမှ မရှိကြဘူး..
သြော် လူတွေ .. လူတွေ ...

ကျဆုံးတော့ ၀မ်းနည်းရမယ်.. အနိုင်ရတော့ နှစ်သက်ကြတယ် ...
လွန်ကဲတဲ့ အတ္တစိတ်နဲ့ .. လူတွေ လူတွေ ...

ခဏတာ ဘ၀ခရီးကို...
ပြိုင်ဆိုင် တိုးဝှေ့ ရင်းနဲ့ ပဲ.. နေ၀င်မိုးချုပ်သွားကြတယ်.. လူတွေ လူတွေ ...

အမှားတွေလုပ်ရင်း.. အမှားကြီး မှားကြတယ်...
ရက်စက်တတ်ကြတယ်.. မသိကြသေးဘူးလား...
မကောင်းရင်နေကြ.. အဆိုးများတော့ အားမပေးနဲ့ ...
နောက်ဆုံးတော့ လောကကို .. အမှန်တရားက နိုင်လိမ့်မယ်...

အမှားတွေလုပ်ရင်း.. အမှားကြီး မှားကြတယ်...
ရက်စက်တတ်ကြတယ်.. မသိကြသေးဘူးလား...
မကောင်းရင်နေကြ.. အဆိုးများတော့ အားမပေးနဲ့ ...
မျှမျှတတပေါ့.. အသက်ရှင်ချိန်လေးမှာ...

January 06, 2014

Happy and Healthy Year

Get enough sleep - အိပ်ရေး ၀၀ အိပ်ရန်။

ခုနောက်ပိုင်း ညဆို စောစောအိပ်ရာဝင် ဖြစ်တဲ့ အကျင့်ကို ဆက်ထိမ်းထားရမယ်။ အားလပ်ရက်တွေမှာ အပြင်မသွားဖြစ်ဘူးဆို နေ့ လည်ပိုင်း ခဏဖြစ်ဖြစ် တရေးတမော အိပ်ဖြစ်အောင်လည်း ကြိုးစားရမယ်။ 


Eat Healthy - ကျန်းမာရေးနဲ့  ညီညွတ်အောင် စားရန်။

စားချင်တာတွေ ဆက်ပြီး အမြဲစားနေနိုင်အောင် စားချင်တာတွေကို မျှတယုံ စားရင်း၊ စားသင့်တာတွေကိုလည်း စားပေးရမယ် ဆိုတာကို လက်ခံကျင့် သုံးနေတယ်။

Coke လျှော့သောက်တာကို ဆက်ထိမ်း ထားရမယ်။ အသီးအရွက် များများ စားရမယ်။  အသီးအနှံ ပိုစားရမယ်။  တန်ဆေး လွန်ဘေး ဆိုတာကို အစားစားချိန်တိုင်းမှာ သတိရနေဖို့  ပိုကြိုစားရမယ်။


Drink lots of water - ရေများများ သောက်ရန်။

ရအတော်ကြီးဆာမှ ရေသာက်တတ်တဲ့ အကျင့် ရှိနေတယ်။ ခုနောက်ပိုင်းတာ့ ရေမဆာလည်း သောက်ဖြစ်အောင်ကြိုးစားတယ်။
အိမ်မှာရှိနေချိန် မနက်ပိုင်း ရေ နှစ်ခွက်၊ ညနေပြန်လာရင် ရေ နှစ်ခွက် အနည်းဆုံး သောက်ဖြစ်ပေမယ့် နေ့ လည်ဆို ရေသောက်ဖို့  မေ့နေတတ်တယ်။ နေ့ ပိုင်း အလုပ်မှာ ရှိနေချိန်အတွင်းမှာ ရေ ၁ လီတာ ကုန်အောင် သောက်မယ့် စိတ်ကူးပေမယ့် တခါတလေ ရေသောက်ဖို့ မေ့ပြီး မကုန်ဘူး ဖြစ်နေတတ်တာမျိုး ဆက်မဖြစ်နေအောင် ကြိုစားရမယ်။


Do more exercises - ကိုယ်လက်လှုပ်ရှားခြင်းများ ပြုလုပ်ရန်။

အဓိကက စိတ်ဓာတ်ပဲ။ ပျင်းနေတတ်တဲ့ စိတ်ကို ဖျောက်ဖို့ ပဲလိုတာ။
အချိန်လေးနည်းနည်းပေးပြီး လေ့ကျင့်ခန်းတစ်ခု၊ နှစ်ခုကို မှန်မှန် ပြုလုပ်ရမယ်။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမှာ။ စဉ်းစားကြည့်တော့ တစ်ခါမှ မစမ်းဖူးသေးတဲ့ အားကစားနည်းတွေ အများကြီးပဲ။ ဒီနှစ်ကစပြီး ကိုယ်ပုံမှန် အမြဲလုပ်နိုင်မယ့် အားကစားနည်းတွေ မှန်မှန် ဆက်လုပ်ရင်း မလုပ်ဖူးသေးတဲ့ အားကစားနည်းထဲ့ ကိုယ်လုပ်နိုင်သမျှ လက်လှမ်းမှီသမျှကို စမ်းကြည့်မယ်။

Have goals and dreams, and achieve them

ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာမျိုးကို သေချာစိတ်ကူးပြီး ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ ဖြစ်အောင် လုပ်ရမယ်။ အပျင်းခိုတယ်ပြောမလား ဘာမှ ဖြစ်ချင်လှရဲ့လို့  စိတ်မထားပဲ သက်တောင့် သက်သာလေး နေပြီး ဖြစ်လာတာတွေကို အဆင်ပြေအောင်လုပ်နေတာ သိပ်မကောင်းဘူး။ ကြိုးစားအားထုတ်မှု့ ဆိုတာရှိနေမှ ဘ၀က နေပျော်မှာ။

December 31, 2013

The last lunch of 2013

၃၁-၁၂-၂၀၁၃..
ထုံးစံအတိုင်း ဒီနေ့  နေ့ တစ်ဝက် အလုပ်လုပ်ရတယ်။ အလုပ်က အပြန်မှာ အထက်လူကြီးဟောင်းက နေ့ လည်စာ လိုက် ကျွေးမယ်ဆိုခေါ်တယ်။ တကယ်ဆို မသွားချင်ဘူး။ ဒါပေမယ့် လူမှု့ ပေါင်းသင်းဆက်ဆံရေး ဆိုတာကြီးက ရှိသေးတော့လည်း သွားချင်တာ မသွားချင်တာ အသားထား လိုက်သွားစားရတော့တာပေါ့။ အသက်ကြီးလာလေလေ လုပ်ချင်တာ မလုပ်ရ၊ လုပ်သင့်တာ လုပ်နေရတာများလာ လေလေ ဖြစ်မယ်ထင်တယ်။

စားသောက်ဆိုင်ကို နေ့ လည် ၁၂း၃၀ လောက် ရောက်သွားတာ ပြောရင်းစား၊ စားရင်းပြော လုပ်ရတာ ဆိုင်ကထွက်လာတော့ ၃ နာရီ ရှိပြီ။ စားဖို့ ထက်စာရင် စကားပြောဖို့ က အဓိကလို့ ပြောရင် ရမယ် ထင်တယ်။

From Everything


From Everything

အများကြီး မစားနိုင်ဘူး။ ဒါပေမယ့် ပုဇွန်ကြိုက်လို့  ပြန်ခါနီးမှာ နောက်တစ်ခေါက်သွားယူစားရင်း လှတပတလေး ဖြစ်အောင် ထည့်လာတယ်။ ဒီလိုပဲ စိတ်ကူးတည့်ရာလုပ်ပြီး စိတ်ချမ်းသာအောင်နေရတယ်။ ပုဇွန် နှစ်ကောင်ဆို အသည်းပုံ တစ်ခုရတယ်။လေးကောင်ဆိုတော့ အသည်းနှစ်ခု။
From Everything

ကျန်းမာရေးနဲ့  ညီညွတ်အောင် အသီးအနှံလေး စားလိုက်အုံးဆို တိုက်တွန်းတာကြောင့် ဒီလောက်သွား ယူစားလိုက်ရတယ်။ ဗိုက်ပြည့်နေပြီ။ လူကြီးတွေနဲ့  ထမင်းစားရတာ မလွယ်ဘူး။

From Everything
ဒီညနေ အသိတစ်ယောက် အိမ်မှာ ညစာ သွားစားရအုံးမယ် ဆိုတော့ ဗိုက်ထဲ နေရာ ချန်ထားရသေးတယ်။ ညစာကလည်း ကောင်းမယ် ထင်တယ်။ Spaghetti ကို လက်စွမ်းပြပြီး special ချက်ကျွေးမှာတဲ့။

နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကြိုတဲ့ အနေနဲ့  ဒီနေ့  တစ်နေကုန် အစားများများပြီး စိတ်ချမ်းသာ လူကျန်းမာအောင်နေရမယ်။

December 30, 2013

The fruit called Star Apple

သစ်သီး တစ်မျိုး။ အရင်က တစ်ခါမှ မသိ၊ မစားခဲ့ဖူးဘူး။ သူငယ်ချင်းတစ်ယောက် ယူလာပေးလို့ မြင်ဖူး စားဖူးသွားကြတယ်။ အားလုံး စားရအောင်ဆို အများကြီး ယူလာပေးတယ်။

တကယ်ဆို စားနေတုန်း မျက်နှာအမူအယာ ဘယ်လိုပြောင်းလဲသွားတယ် သိအောင် လေးရိုက်ထားလိုက်ရမှာ။ ခုတော့ ရိုက်ဖြစ်ခဲ့တဲ့ အသီးဓာတ်ပုံတွေပဲ မှတ်ထားလိုက်တယ်။

အသီးက အနီနဲ့  အစိမ်းမျိုးဆိုပြီး အရောင်နှစ်မျိုးရှိတယ်ပြောတယ်။ ခုစားကြည့်တာကတော့ အစိမ်းရောင် အသီးမျိုး။

From StarApple

ပုံကြည့်ပြီးတော့ အခွံမာ အသီးလို ထင်တာ မဟုတ်ဘူး။ ကိုင်ကြည့်တော့ အခွံက ခပ်ပျော့ပျော့ပဲ။ အထဲက အသားကလည်း ခပ်ပျော့ပျော့ဆိုတော့ အသီးကို သရက်သီးစတဲ့တခြားအသီးတွေစားသလို အခွံနွာပြီး စားလေ့မရှိဘူး ပြောတယ်။ ဘယ်လိုစားလေ့ရှိကြလည်းဆို အသီးကို နှစ်ခြမ်းခွဲပြီး ဇွန်းနဲ့ ခြစ်စားတယ်။ ဒါမှမဟုတ် လေးစိတ်စိတ်ပြီး အထဲက အစားကို ကိုက်စားတယ်။ ရှောက်ချိုသီး စားသလိုမျိုး။ အခွံ မစားရဘူး။

နှစ်မျိုးလုံး စားကြည့်ဖြစ်တယ်။ နှစ်ခြမ်းခြမ်းပြီး ဇွန်းနဲ့  ခပ်စားရတာကို ပိုကြိုက်တယ်။ စားလည်းပြီးတော့ အခွံက ခွက်လေးပုံစံ ကျန်ခဲ့တယ်။

From StarApple

အရသာက ချိုတယ်။ ကျွန်မ အတွက်တော့ အဲ့ဒီအသီးအရသာက သြဇာသီး အရသာနဲ့  ဆင်တယ် ခံစား ရတယ်။ အဖြူရောင် အစေးနေရာစားမိရင် နည်းနည်း ဖန်တယ်။ တခြား သူတွေ ကတော့ ကြိုက်ကြတယ်။ စားကောင်းတယ်လို့  ပြောတယ်။

အစေ့ယူပြီး အပင်စိုက်ကြည့်ရင်ကောင်းမလား စိတ်ကူးမိကြတယ်။ ဒီနိုင်ငံမှာ အဲဒီစိတ်ကူး အကောင်အထည်ဖော်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ ရန်ကုန်မှာဆိုရင်တော့ အစေ့ကို ပျိုးထားဖြစ်မှာ သေချာတယ်။

From StarApple
Google ကနေ လိုက်ရှာဖတ်ကြည့်တော့ ဒီအသီးက Central America ကလို့ သိရတယ်။ ဖတ်မိသလောက် အာရှမှာ ဗီယက်နမ် (Vietnam) နဲ့  ဖိလစ်ပိုင် (Philippines) ထင်ရှားတယ်လို့  စားလေ့ရှိတယ် သိရတယ်။ တခြားနိုင်ငံတွေမှ ရှိမရှိ မသိဘူး။

Reference:
YouTube မှာတွေ့ တဲ့ Star Apple ဘယ်လို စားရလဲဆိုတာ How to Eat A Star Apple by Big Island Farm Fresh Foods
ဗီယက်နမ်တွေ ပြောလေ့ရှိတဲ့ Vú Sữa အကြောင်း Vú Sữa-Milky fruit-a thoughtful story
Wiki: မှာတွေ့ ရတဲ့ အချက်အလက်တွေ Chrysophyllum cainito
Scientific Name:Chrysophyllum cainito
Common Names: Star Apple, Vú Sữa (Vietnam), Swarnapathry(Malayalam), Golden-leaf tree (English), Caimito, Estrella, Caimo morado, Caimito maduraverde, (Spanish), Cainito, Ajara (Portuguese), Caimite, Caimitier (French)
Family: Sapotaceae
Relatives of Caimito: mamey sapote, green sapote, abiu, and canistel.
Origin: West Indies and Central America.
Distribution: Caimito is found throughout the Caribbean Region, Central America, northern South America, Australia, and some countries of Southeast Asia and Africa. History: Caimito was observed growing by Spanish explorers in Peru during the 1500s. Seeds were introduced into Hawaii in 1901 and into Florida around 1887. During the 20th century it was distributed to parts of Asia and Africa.

December 04, 2013

Myanmar - 2nd most generous country in the world

ဒီမနက် စင်္ကာပူနိုင်ငံမှာ အလကားဝေပေးတဲ့ သတင်းစာတစ်ယောက်ဖြစ်တဲ့ MyPaper သတင်းစာ မှာ ပါတဲ့ Lim Yi Han ရေးသားတဲ့ စင်္ကာပူနိုင်ငံသူ နိုင်ငံသားတွေအကြောင်း "Sorry, stranger, can't help you" ဖတ်ရင်းကနေ ဘေးမှာဖော်ပြထားတဲ့ ကို သတိထားမိလိုက်တယ်။ ဘေးမှာ ကိုယ့်လိုပဲ သတင်းစာဖတ်နေတဲ့ သူငယ်ချင်းကလည်း မြန်မာ ကို သတိထားမိပြီး ကိုယ့်ကို "Congratulations" လို့  ၀မ်းသာအားရ ပြောတယ်။ မြန်မာတွေ ကူညီတတ်တယ်၊ စိတ်သဘောထားကောင်းတယ် ဆိုတဲ့ ကောင်းသတင်းတွေကို အမြဲတမ်း ထိမ်းသိမ်းနိုင်ပါစေလို့ လည်း ဆက်ပြောသေးတယ်။

ကောင်းသတင်းမို့  ဒီနေရာမှာ အားလုံးသိအောင် ရှယ်ယာလုပ်ရင်း မှတ်ထားလိုက်တယ်။

The World Giving Index 2013 has ranked Myanmar as the most generous country in Aisa and second most generous country in the world.

Myanmar - WGI Ranking 2
World Giving Index score - 58%
1) Helping a stranger - 46%
2) Donating money -68% 3)
Volunteering time - 43 % 

Source: https://www.cafonline.org/publications/2013-publications/world-giving-index-2013.aspx

The World Giving Index score is based on an average of three measures of giving behaviour - the percentage of people who, in a typical month, donate money to charity, volunteer their time, and help a stranger.
From World Giving Index 2013

From World Giving Index 2013

From World Giving Index 2013

From World Giving Index 2013

From World Giving Index 2013

From World Giving Index 2013

November 18, 2013

Happy Birthday Mother!

ဒီနေ့  မေမေ့ မွေးနေ့ ။

2013-11-18
အိမ်ကို ဖုန်းခေါ်ပြီး မေမေ့ကို ကန်တော့ဖြစ်တယ်။ ဒီလအတွက် ဘာကုသိုလ်ကောင်းမှု့ တွေပြုလုပ်ပြီးပြီ၊ ဘာတွေ လုပ်ဖို့ ပြင်ဆင်ထားတယ်ဆိုတာတွေကို ပြောပြတာကို နားထောင်ရင်း သာဓုခေါ်ဖြစ်တယ်။

မေ့မွေးနေ့ မှာ မေမေ့ သားငယ်လေး စာမေးပွဲအောင်တယ် ဆိုတာ သိရတယ်တဲ့။ မောင်လေးတို့  အောင်စာရင်းတွေ ဒီနေ့ ထွက်တယ်။ အောင်စာရင်း သွားကြည့်တဲ့ မောင်လေးက အိမ်ပြန်မရောက်သေးဘူး။ ဒါပေမယ့် သူစာမေးပွဲ အောင်တယ်၊ ခုအိမ်ပြန်လာနေပြီ ဆိုတာကို ခုနကလေးတင် ဖုန်းဆက်ပြောသွားတယ်တဲ့။ မေမေ စိတ်ချမ်းသာနေတာ ကြားရတာ ၀မ်းသာမိတယ်။

November 15, 2013

Fruits Party

လက်ရှိအလုပ်မှာ တစ်နှစ်မှာ တစ်ပတ်ကို Healthy Lifestyle Week လို့ သတ်မှတ်ပေးပြီး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အစီအစဉ်တွေ ပြုလုပ်ပေးလေ့ ရှိတယ်။ အဲ့ဒီ ရက်သတ္တပတ်မှာ တနင်္လာနေ့ ကနေပြီး ကြာသပတေးအထိက တစ်နေ့ ကို အသီးတစ်မျိုးဝေပေးလေ့ရှိတယ်။ နောက်ဆုံး အလုပ်လုပ်ရက်ဖြစ်တဲ့ သောကြာနေ့ မှာတော့ Fruits Party ဆိုပြီး သစ်သီးစုံကို ခင်းကျင်း ကျွေးမွေးလေ့ရှိပါတယ်။

ဒီနှစ် Fruits Party မှာ ကျွေးမွေးဖို့ ခင်းကျင်းထားတဲ့ သစ်သီးဗန်းတွေကို ဓာတ်ပုံရိုက်ဖြစ်တာ။ ကျွေးတဲ့နေရာက ကိုယ်တွေရဲ့အလုပ်ခန်းနဲ့ ဆို နည်းနည်းလေးဆိုတော့ တခြားသူတွေ မရောက်ခင် စောရောက်သွားတာနဲ့  ဗန်းတွေကို ကူပြီးဖွင့်ပေးရင် ဓာတ်ပုံတွေ ရိုက်ဖြစ်တာ။ ကျွေးတဲ့ သစ်သီးတွေက အစုံပါပဲ။
From Everything


စတော်ဘယ်ရီ (Strawberry)၊ မင်းဂွတ်သီး (Mangosteen)၊ နှင်းသီး (Rose Apple)၊ စပျစ်သီး (Grapes)
သရက်သီး (Mango)၊ နာနတ်သီး (Pineapple) ၊ တည်သီး (Persimmon)၊ လုံငန်းသီး (Longan)
နဂါးမောက်သီး (Dragon Fruit)၊ ငှက်ပျောသီး (Banana)၊ ဗလူးဘယ်ရီ (Blueberry)၊ ဆီးသီး (Plum)

Longan Fuirt ကို မြန်မာလို ဘယ်လိုခေါ်မှန်းမသိဘူး။ မြန်မာပြည်မှာတော့ အဲဒီသစ်သီးကို မစားဖူးဘူး။ အသီးကရှိမှာပါ၊ ကိုယ်က မသိတာ ဖြစ်မှာဆိုပြီး လိုက်ရှာကြည့်တော့ Longan = လုံငန်းသီး (နဂါးမျက်စေ့သီး) လို့ တွေ့ မိတယ်။

နောက်တစ်မျိုး မသိတာက Blueberry။ ဗလူးဘယ်ရီ ကလည်း မြန်မာနာမည် သီးသန့် မရှိဘူး ထင်တယ်။ စတော်ဘယ်ရီလိုပဲ သူ့ အသံအတိုင်း မြန်မာမှု့ပြုခေါ်လိုက်ကြတယ်ထင်ပါတယ်။

From Everything

From Everything

From Everything


P.S : ဒီနေ့  အလုပ်မသွားဘူး။ နေလို့ သိပ်မကောင်းတာနဲ့  ခွင့်ယူပြီး အိမ်မှာနေတယ်။

November 04, 2013

Chair Yoga and Lucky Draw

အလုပ်မှာ ဒီတစ်ပတ်လုံးက "Healthy Lifestyle Week [4 to 8 Nov 2013]"။ တစ်ပတ်လုံး ညနေ ၅ နာရီဆို အလုပ်က Gym မှာ သွားပြီး အားကစား လုပ်ခွင့်ပြုတယ်။ နေ့လည် ထမင်းစားချိန်မှာ Aerobics, Zumha, Chair Yoga စတဲ့ ၁ နာရီကြာ သင်တန်းတွေစီစဉ်ထားကြောင်း၊ ပါဝင်ချင်တယ်ဆိုရင် register လုပ်လို့ ရကြောင်းကို HR က အီးမေးတွေပို့ အကြောင်းကြားတယ်။ ကိုယ့်ဘာသာ အလုပ်တွေရှုပ်နေတာနဲ့  ဘာသင်တန်းမှ register မလုပ်ဖြစ်ဘူး။ ဒီနေ့ လည် ထမင်းစား ထွက်လာရင်း Seminar Room ရှေ့ ကအဖြတ် HR က အမျိုးသမီးတစ်ယောက်က လှမ်းခေါ်ပြီး ဒီနေ့  session က Chair Yoga၊ လာ join ပါ၊ နေရာတွေ လွတ်နေတာရှိတယ် ဆိုတာနဲ့ join ဖြစ်သွားတယ်။ Chair Yoga ဆိုတာ ဘာလဲ၊ အတော်များများသိကြမှာပါ။ ကိုယ်တွေ ကတော့ ဒီနေ့ မှ စမ်းဖူးတာ။ Beginner တွေဆိုတော့ ပုံစံ ၇-၈ မျိုးလောက်ကို instructor ကပြပေးတယ်။ လုပ်ရတာ လွယ်ပါတယ်။ အချိန်လည်း သိပ်မကုန်ဘူး၊ ဘာမှလည်း ထွေထွေထူးထူး မလိုဘူးဆိုတော့ လုပ်ဖြစ်ဖို့ ကြိုးစားရမှာပေါ့။ :-)

အားလုံးပြီးတော့ HR ကနေ ဒီနေ့ အတွက် ကံစမ်းမဲဖောက်မယ် တဲ့။ ဖောက်ပေါ့၊ ကိုယ်တွေက Register လုပ်ထားတာ မဟုတ်တော့ အဲဒီကံစမ်းမဲ ဖေါက်တဲ့ထဲ ပါမှာ မဟုတ်ဘူး ဆိုပြီး ဘေးနားကလူကိုတောင် ပြောဖြစ်သေးတယ်။ နံပါတ်တွေရွေးပြီး ဆုရတဲ့သူတွေကို ပြောတယ်။ အိန္ဒိယလူမျိုး အမျိုးသားတစ်ယောက်နာမည်။ ပြီးတော့ တစ်ဆုတည်း မဟုတ်ဘူး၊ ဒီနေ့ အတွက်က နှစ်ဆု ဖောက်ပေးမှာဆို နောက်ထပ်ကြော်ငြာတာက "နေ" တဲ့။ ပထမတော့ ကိုယ့်နာမည် လို့ မထင်မိဘူး။ register မှ မလုပ်ထားတာ။ နောက် ၂ ခါ-၃ခါ လောက် ခေါ်မှ ကိုယ့်နာမည်ခေါ်မှန်း သိတော့တယ်။ ဒါတောင် တစ်လုံးတည်းခေါ်တာ၊ full name သာခေါ်ရင် သိမှာကို မဟုတ်ဘူး :)).. နောက်မှ သိရတာက HR က အမျိုးသမီးက နာမည်တွေ ရေးထည့်လိုက်တာလို့ ပြောတယ်။ သူ့ ကိုလည်း ဆုခွဲပေးနော်တဲ့ :D
 
ဘာရခဲ့လည်းဆိုတော့ Healthy Lifestyle Week ဆိုတော့ ကျန်းမာရေးနဲ့  ညီညွတ်အောင် သစ်သီးများများ စားပေးရမယ်ဆိုတဲ့ သဘောနဲ့  ပေးတဲ့ သစ်သီးခြင်း...

From Everything

အထဲမှာ သရက်သီး၊ သစ်တော်သီး နှစ်မျိုး၊ လိမော်သီး၊ ကီဝီ၊ ပန်းသီး၊ မက်မွန်သီးတွေ တမျိုးကို ၂ လုံးစီ ပါတယ်ထင်တယ်။ အပြင်က မြင်ရတာကို ပြောပြတာ။ သစ်သီးခြင်းကို ဖွင့်မကြည့်ရသေးဘူး။ နောက်နေ့ မှ ဘုရားဆွမ်းတော်တင်ဖို့  အရင်ဖယ်မယ်။ ပြီးမှ မျှသင့်တာ မျှဝေပေးရမယ်။ ဒါတွေအကုန် တစ်ယောက်တည်း စားလို့  ကုန်မှာ မဟုတ်ဘူး။

သူငယ်ချင်း၊ မိတ်ဆွေများအားလုံး...  ကံကောင်းခြင်းများ နဲ့ ပြည့်စုံတဲ့ ပျော်ရွှင်ဖွယ်ကောင်းသော နိုဝင်ဘာ ၊ မင်္ဂလာရှိသော ဒီဇင်ဘာလ တွေကို ဖြတ်သန်းရင်း နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေ။