Pages

February 02, 2015

The Fruit I Eat

ကြိုက်လို့  ထပ်ဝယ်စား ဖြစ်နေတဲ့ အသီး။

Clementi Mall အနောက်က အသီးရောင်းတဲ့ဆိုင်က ၀ယ်လာတာ။
တစ်လုံး SG$ 2။ သုံးလုံးယူရင် SG$ 5။
မနေ့ က ၀ယ်တဲ့ ၃ လုံးကုန်လို့  ဒီနေ့  ၃ လုံးထပ်ဝယ်လာခဲ့တယ်။
From Everything
သစ်သီးမြင်မိရင် စားတာမစားတာ အသာထား ၀ယ်ချင်တဲ့ စိတ် အရင်ပေါ်တာ ဘာအကျင့်မှန်းတော့မသိဘူး။ မနေ့ မနက်စောစောကပေါ့..

ခုအသီးတွေက လမ်းဘေးဆိုင်မှာရောင်းနေတာကို အဝေးကမြင်လိုက်တဲ့အခါ အစိမ်းရောင်ဖျော့ဖျော့၊ ၀ါတာတာ ဆိုတော့ ရှောင်သီးလား၊ ကျွဲကောသီးတွေလားဆို အနားကပ် သွားကြည့်ဖြစ်တယ်။ ရှောက်သီးလဲ မဟုတ်ဘူး။ အရွယ်က ကျွဲကောသီးလောက်လဲ မကြီးဘူး။ grapefruit သီးအရွယ်လောက်ပဲ ရှိတယ်။ ကိုင်ကြည့်တော့ ကျွဲကောသီး မဟုတ်တာ သေချာတယ်။ ဒီအသီးကို ဘယ်လိုခေါ်လဲ မေးတော့ တရုတ်လိုဖြေတယ်။ ကိုယ်လည်း နားမလည်။ ဘေးမှ ၀ယ်နေတဲ့ အန်တီကြီးတွေကို မေးကြည့်တော့ ချိုတယ်၊ စားကောင်းတယ်လို့ ပြောတယ်။ သူတို့ တွေလည်း အများကြီးဝယ်ကြတာတွေ့ တယ်။ ဈေးလည်းကြီးတာ မဟုတ်ဘူး၊ စမ်းစားကြည့်မယ်၊ grapefruit လိုခါးမယ်ဆိုရင်သာ မစားနိုင်တာ၊ မချိုပဲ ချဉ်ရင်ကတော့ နွယ်ချိုမှုန့်နဲ့ တို့ စားလည်းရတယ်၊ ဒါမှမဟုတ် ရှောက်သီးသုပ်သလို သုပ်စားလိုက်လည်း ဖြစ်တာပဲလို့  စဉ်းစားပြီး ၀ယ်ဖြစ်သွားခဲ့တယ်။

From Everything
စားကြည့်တော့ စားလို့ ကောင်းတယ်။ အရသာက ကျွဲကောသီးနဲ့  စားရသလိုပဲ။ ချိုတယ်လို့ တောင်ပြောလို့ ရမယ်။ ချဉ်ရင် နွယ်ချိုမှုန့် နဲ့ တို့ စားမယ်ဆိုပြီး အမှုန့်တွေပြင်ထားတာတောင် အပိုဖြစ်သွားတယ်။ ဒီတိုင်းပဲ ကုန်အောင်စားပစ်လိုက်တယ်။

From Everything
မြန်မာလို့  ဘယ်လိုခေါ်လဲ မသိဘူး။ ခုအသီးစားရင်  ဒီအသီးကို English လိုဘယ်လိုခေါ်သလဲ လိုက်ရှာဖတ်ကြည့်တော့ Gold Sweetie ( Sweetie grapefruits from Israel ) ဆိုတာ ဒီအသီး ဖြစ်နိုင်တယ်။ ဒါမှမဟုတ် 'Oro Blanco' pummelo-grapefruit hybrid ဆိုတဲ့အသီးလည်း ဖြစ်နိုင်တယ်။ 

'Oro Blanco' or 'Sweetie' တစ်ခုခု ဖြစ်မှာတော့ သေချာပါတယ်။ :D

No comments: