Pages

November 16, 2008

ညစာ

ဒီနေ့ စားတဲ့ ညစာ မဟုတ်ပါဘူး။ ဟိုပြီးခဲ့တဲ့ တစ်နေ့  က ညစာ။ အခု ဗိုက်ဆာတာနဲ့  သတိရပြီး ရိုက်ထားတဲ့ ပုံလေးတွေ တင်လိုက်တာပါ။ အလုပ်က သူငယ်ချင်း တစ်ယောက်က ညစာ အတူသွားစားကြရအောင် အကြံပြုတာကို အားလုံးထောက်ခံပြီး သွားစားခဲ့ကြတယ်။ အဲဒီနေ့ က မိုးတွေ အရမ်း ရွာနေခဲ့တယ်။


အဲဒီဆိုင်က China Square Central အရှေ့ မှာ ရှိတယ်။ မိုးတွေ ရွာနေတော့ ဆိုင်နာမည်ကို သေချာမကြည့်လိုက်မိဘူး။ Menu က ပုံ ကိုတော့ ဓာတ်ပုံရိုက်ထား လိုက်တယ်။ ဆိုင်နာမည်လား၊ ဘာလား မသိဘူး။ အဲဒီဘာသာစကား မတတ်တဲ့အတွက် ဘာရေးထားတယ်ဆိုတာ မပြောပြနိုင်ပါ။ နောက်ပိုင်း အချိန်ရမှ နေ့ လယ်ပိုင်း အဲဒီဆိုင်မှာ ထပ်သွားစား ကြည့်အုံးပြီး ဆိုင်နာမည်မှတ်လာခဲ့မယ်။


ပထမဆုံးစားတာက ပုဇွန်။ အဲဒီ ပုဇွန်က အေးရင် မာသွားပြီး စားရခက်မှာစိုးလို့  ဘာမှ မစားခင် ပုဇွန်ကင်ကို အရင်စားလိုက်ကြတယ်။ မလေး နဲ့ စလုံး သူငယ်ချင်းတွေက သူတို့ စားဖူးတဲ့ ပုဇွန်မှာ ဒီပုဇွန်က တော်ကြီး တယ်တဲ့။ ကျွန်မ အတွက်တော့ မဟုတ်ဘူးလို့ ပြောလိုက်တယ်။ ရန်ကုန်က ပုဇွန်ချိုချို ကွေးကွေးကြီးတွေကို သတိရပြီး အရမ်းစားချင်သွားတယ်။ အဲဒီဆိုင်မှာ မှာစားတဲ့ အစားအစာတွေမှာ Duck Soup က အတော်လေး သောက်လို့ ကောင်းတယ်။ Coffee Pork Rip ကို အဲဒီနေ့ ကမှ ပထမဆုံး အကြိမ်စားဖူးခဲ့တာ။ ၀က်နံရိုးကို ကိုက်လိုက်တိုင်း ကော်ဖီအနံ့ လေးရပြီး၊ နည်းနည်းခါးသက်သက် အရသာလေးရတာ တမျိုးလေးပဲ၊ စားလို့ ကောင်းတယ်။ ကြိုက်တယ်။ ဂျပန် တို့ ဖူးခေါ်မှလား တို့ ဖူး ၀ိုင်းဝိုင်းလေးတွေ ကိုတော့ အရင်ကတည်းက မကြိုက်လို့  နည်းနည်းပဲ စားဖြစ်တယ်။ ကိုက်လန်ကြော်၊ ကြက်ကင်၊ ပုဇွန်ကင် နဲ့  ဟင်းတွေ အားလုံး ကောင်းပါတယ်။

November 15, 2008

ဖတ်မိသော ကဗျာတစ်ပုဒ်

ရေခဲတောင်တွေက
နေကို
ဆီးကြိုနေချိန်မှာ
သဲကန္တာရကား
နေအား
ထွက်ရန်နှင်ထုတ်နေ၏။

ကန္တာပင်တွေက
ရေကို
လိုလားတောင်းတနေချိန်မှာ
ကမ်းနာသစ်ပင်ကား
ရေအား
ခါးသီးစွာမုန်းတီးနေ၏။

မီးပုံပျံတွေက
လေကို
မျက်နှာချိုသွေးနေချိန်မှာ
ဖယောင်းတိုင်မီးများက
လေအား
ကြုံးဝါးမာန်ဖီနေ၏။

ဒါပေမဲ့
စစ်မြေမှာ၊ ငါ နဲ့  ရန်သူ
တူသော ဆန္ဒ ရှိကြ၏။

ဒီကဗျာ ကို ရေးသားသူက "မောင်ချစ်မြတ်" ဖြစ်ပြီး ကဗျာနာမည်က "ငြိမ်းချမ်းရေး" ဖြစ်ပါတယ်။

November 14, 2008

World of Warcraft: Wrath of the Lich King

ဒီနေ့  စင်္ကာပူမှာ WoW ရဲ့ Second expansion ( World of Warcraft:Wrath of the Lich King ) ထွက်တယ်။ သူငယ်ချင်း တစ်ယောက်က အဲဒီဂိမ်းအခွေကို (pre-order) ကြိုဝယ်ထားခဲ့ပြီး၊ ဒီနေ့  စထွက်တဲ့ နေ့  နေ့ လယ် ၁၂- ညနေ ၆ နာရီအတွင်း သူသွားထုတ်ဖို့  အဆင်မပြေတဲ့ အတွက် ကူညီပါဆိုလာတာနဲ့  နေ့ လယ်စာ စားချိန်မှာ AsiaSoft expects ကို သွားဖြစ်ခဲ့တယ်။
အရှေ့ မှာ ထောင်ထားတဲ့ ပိုစတာကို ရိုက်ထားတာပါ။
အားပါး... နည်းတဲ့ လူတန်းကြီး မဟုတ်ဘူး။ WoW ကို လူတော်တော် များများ ကစားကြတာ သိပေမယ့် ဒီလောက်များများမယ် ထင်မထားဘူး။ အတူသွားတဲ့ သူတွေ အားလုံး အံ့သြသွားကြတယ်။ တန်းနေတဲ့ လူတန်းကြီးက မရှိဘူးဆို လူ ၃၀၀-၄၀၀ အသာလေးပဲ။ ကျွန်မတို့ တွေ ရောက်သွားတဲ့ အချိန်က နေ့ လယ် ၁၂ စွန်းစွန်းလေးပဲ ရှိသေးတယ်။ အဲဒီ လူတန်းကြီးနဲ့  ၀င်တန်းစီလို့  ဘယ်လိုမှ မဖြစ်နိုင်တာနဲ့  ညနေမှ တစ်ခေါက်လာတော့မယ် ဆုံးဖြတ်လိုက်ကြပြီး ထမင်းသွားစားလိုက်ကြတယ်။ ထမင်းစားပြီး ပြန်အထွက်လာ လူတန်းကြီးက ခုနကထက် ၂ ဆလောက် ပိုများပြီး Hong Lim Park နားရောက်လုနီးပါး ရှိနေပြီ။
ညနေ ၅ နာရီလောက်မှာ နောက်တစ်ခေါက်သွားကြည့်တော့ လူနည်းနည်းပဲ ရှိတော့တာနဲ့  ဂိမ်အခွေလေးနဲ့  လက်ဆောင်ပစ္စည်းကို အောင်မြင်စွာ ထုတ်ယူရရှိခဲ့ ပါတယ်။ ပစ္စည်းထုတ်ဖို့ အတွက် ၆ ထပ်ကို ရိုရိုး လှေခါးနဲ့  တတ်လိုက်ရ အတော်လေးပင်ပန်းသွာတယ်။ လူများလွန်းလို့ လားမသိဘူး၊ ဓာတ်လေးခါးကို ပိတ်ထားတယ်။ အဲဒီက လှေခါးက ကျဉ်းပြီး မတ်တော့ တတ်တဲ့သူတိုင်း အပေါ်ရောက်ရင် အတော်လေး မောနေကြပြီ။ ဂိမ်းဝယ်တဲ့ သူငယ်ချင်းကတော့ ပြောပါတယ်၊ အဲဒီလို အပင်ပန်းခံပြီး သူရဲ့ ဂိမ်းခွေကို သွားထုတ်ပေးတဲ့ အတွက် ကျွန်မတို့ အားလုံးကို ညစာ လိုက်ကျွေးမယ်တဲ့။ ဘယ်တော့ ကျွေးမှာ လည်းတော့ မသိဘူး။

ဂိမ်းခွေထုတ်ပြီး အလုပ်ကို အပြန်လမ်းမှာ ကိုယ်လည်းမကစားရပဲနဲ့  အပင်ပန်းခံ သွားထုတ်တာနဲ့  တန်အောင်ဆိုပြီး Game Box နဲ့  အတူ ပုံစံမျိုးမျိုးနဲ့  ဓာတ်ပုံတွေ ရိုက်ကြတယ်။ အပေါ်နဲ့  အောက်ကပုံက Game ၀ယ်တဲ့ သူငယ်ချင်းကို ပြဖို့ ချက်ချင်း ရိုက်ထားတဲ့ပုံတွေပါ။

အဲဒီက အပြန် မဆော့တာကြာပြီ ဖြစ်တဲ့ Computer Game ပြန်ဆော့ချင်စိတ် ပေါ်သွားတယ်။ ဒါပေမယ့် စပြီးရင် ပြန်ရပ်ဖို့ က မလွယ်ဘူး။ အအိပ်ပျက်၊ အစားပျက်၊ အားတာနဲ့  ဂိမ်းပဲ ဆော့နေမိမှာ သေချာတယ်။ ဂိမ်းမဆော့ပဲနဲ့ တောင် တစ်နေ့  ၂၄ နာရီက သိပ်ပြီးလောက်ချင်တာ မဟုတ်ဘူး။ ဝေးလက်စနဲ့  ဆက်ပြီး ဝေးဝေးနေတာပဲ ကောင်းပါတယ် ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်ဆုံးမနေပါတယ်။

November 13, 2008

Unnecessary Knowledge

ဟိုအချက်အလက်ဆိုလည်း သိထားမှဖြစ်မယ်၊ ဒီသတင်းဆိုလည်း မှတ်သားထားမှဖြစ်မယ်... နေရာတကာ သိမှတ်စရာတွေ များနေတဲ့ ခေတ်ကြီးမှာ မှတ်သားထားဖို့ မလိုတဲ့ အချက်အလက်တွေ စုထားတဲ့ တစ်ခု..

မသိလည်းဖြစ်တဲ့ အချက်အလက်တွေ စုထားတဲ့ နေရာဆိုတော့ သွားဖတ်ကြည့်ရင် အချိန်ကုန်မှာစိုးလို့ သတိပေးတာပါ။ နောက်ထပ် နေရာတစ်ခုရှိသေးတယ်... အပေါ်က တစ်ခုလောက်တော့ မများသေးဘူး... အဲဒီနေရာကိုလည်း သွားမကြည့်နဲ့ .. အချိန်ကုန်လိမ့်မယ်..
Unnecessary Knowledge တွေထဲက English Language နဲ့  ပတ်သက်ပြီး မှတ်မိလိုက်တဲ့ အရာတချို့ ..
  • Goddessship is the only word in the English language with a triple letter. (Source)
  • "Quisling" is the only word in the English language to start with "quis.".(Source)
  • "Bookkeeper" and "bookkeeping" are the only words in the English language with three consecutive double letters.(Source)
ဒါမျိုးတွေ ရေးထားတာတယ်..

November 12, 2008

Voice and Video Chat in Gmail

ဒီမနက် အိပ်ယာထ သတင်းတွေ လိုက်ကြည့်ရင် Gmail Chat မှာ Voice နဲ့  Video သုံးလို့ ရပြီဆိုတဲ့ အကြောင်း ရေးထားတာ တွေ့ လိုက်ရတယ်။ Gmail ထဲ ၀င်ပြီး Chat ထဲကို sign in ၀င်ယုံနဲ့  အသုံးပြုလို့  မရဘူး။ Plugin တစ်ခု Install လုပ်ဖို့ လိုတယ်။ Plugin install လုပ်ပြီး စမ်းကြည့်ဖြစ်တယ်။ Plugin Install လုပ်ပြီး၊ Browser Restart လုပ်ပြီးရင် Gmail ရဲ့ Setting --> Chat --> Voice and video chat ဆိုတာလေး ပေါ်လာတယ်။ Gmail Chat ထဲမှာ ကိုယ့်နာမည်ရဲ့ ဘေးမှာလည်း Video Icon လေးပေါ်တာတယ်။ ဒါဆို Microphone, Speaker နဲ့ Camera သာရှိမယ်ဆို Voice-Video Feature ကို သုံးလို့ ရပြီ။ နည်းနည်းပဲ စမ်းကြည့်ရသေးတယ်။ Video ကို Full Screen ပြောင်းလို့ရတယ်။အသေးစိတ် သိချင်တယ်ဆို Gmail Official Blog မှာ ဖတ်ကြည့်ပါ။
Official Gmail Blog: Say hello to Gmail voice and video chat
"Gmail voice and video chat" in YouTube
Download Gmail Voice and Video Chat Plugin

Plugin သွင်းထားရက်နဲ့  မမြင်ရဘူးဆိုရင် Tools --> Add-ons ကိုသွားပြီး Plugins မှာ Google Talk ၀င်မ၀င် ကြည့်လို့ ရပါတယ်။ မ၀င်သေးဘူးဆို ပြန်ထပ်သွင်းဖို့ လိုပါတယ်။
ကျွန်မ မနက်ပိုင်း အိမ်မှာစမ်းကြည့်တုန်းက Plugins လည်း Install လုပ်ပြီးသား ဆိုတာ တွေ့ ရက်နဲ့  VDO Chat သုံးမရဘူး။ ရှိသမျှ Browsers (IE,Firefox,Safari,Opera,Chrome) အကုန်စမ်းတယ် မရဘူး။ နောက်တော့ ရှုပ်ပါတယ် ဆိုပြီး ကွန်ပြူတာ restart လုပ်ပြီး Gmail ပြန်ဝင်ကြည့်တဲ့အခါမှာတော့ VDO chat သုံးလို့ ရသွားပါတယ်။ ကျွန်မ ကြုံခဲ့ရတဲ့ အတွေ့ အကြုံပါ။ ကျွန်မ နဲ့ တူတူ စမ်းကြည့်တဲ့ သူငယ်ချင်း ကွန်ပြူတာမှာတော့ Plugins Install လုပ် Browser တွေအကုန် ပိတ်ပြီး ပြန်ဝင်ယုံနဲ့  အဆင်ပြေပါတယ်။

November 11, 2008

နီးခြင်းဝေးခြင်း အဓိကမကျဘူး

အတော်လေးကြိုက်တဲ့ သီချင်းတစ်ပုဒ်။ ၂၀၀၁ လက်ဆောင်အခွေထဲက။ အဲလက်စ် နဲ့  Kids For Future ဆိုထားတဲ့ သီချင်း။ သီချင်းရေးသူက ဆောင်းဦးလှိုင်၊ ကိုယ်ပိုင်သံစဉ်သီချင်းလို့ ပြောတယ်။ ဆောင်းဦးလှိုင် ဆယ်စုနှစ်ဂီတ မှာ အဲလက်စ်၊ ထရေစီ ပြန်ဆိုထားတယ်။ ဒါပေမယ့် ၂၀၀၁ လက်ဆောင်အခွေက သီချင်းကို ပိုကြိုက်တယ်။
အလွမ်းခါးခါး
Alex + Kids For Future

ပေါင်းစည်းခွင့်မရှိတဲ့ နှလုံးသားတွေလား ... အသွင်ပြင်လည်း ခြားနားလို့  ...
အချစ်ရေ.. တို့ နှစ်ယောက်ဆိုတာ .. အိပ်မက်လေး ခဏလောက်မက်ကြ..
အဆုံးသတ်တော့ အလွမ်းကခါးခါး...

ဒါတွေသိတော့သိပါတယ်... ကိုယ်ချုပ်ထိန်းလို့ မရနိုင်ခဲ့တော့ အချစ်ရေ..
နီးခြင်းဝေးခြင်း အဓိကမကျဘူး.. ကိုယ်တိုင်က ပေးဆပ်ဖို့  အမိုက်ခံဆုံးဖြတ်တာပါ..
အိပ်မက်လေး ခဏပဲမက်ကြ... အဆုံးသတ်တော့ အလွမ်းကခါးခါး...

ဒါတွေ သိတော့ သိပေမယ့်... ကိုယ်ချုပ်ထိန်းလို့ မရနိုင်ခဲ့တော့ အချစ်ရေ..

ဒီအချစ်တွေ တစ်သက်လုံး ကိုယ့်အတွက် လုံလောက်သွားပြီ..
ကမ္ဘာကြီးပေါ်တစ်ယောက်တစ်ကွဲ ဝေးသွားခဲ့ရင်လည်း (oh baby...)
အစားထိုးလို့ မရတဲ့ အချစ်ကို အမြဲတမ်းအတွက် သိမ်းဆည်းပြီးတော့
ယုံနိုင်အုံးမလား... ကိုယ်ထပ်ပြီးတော့ အချစ်သစ်လိုက်မရှာ..


ပေါင်းစည်းခွင့်မရှိတဲ့ နှလုံးသားတွေလား ... အသွင်ပြင်လည်း ခြားနားလို့  ...
အချစ်ရေ.. တို့ နှစ်ယောက်ဆိုတာ .. အိပ်မက်လေး ခဏပဲမက်ကြ..
အဆုံးသတ်တော့ အလွမ်းကခါးခါး...

ဒါတွေသိတော့သိပါတယ်... ကိုယ်မြိုသိပ်လို့မရနိုင်တော့လည်း အချစ်ရေ..
နီးခြင်းဝေးခြင်း အဓိက မကျဘူး.. ကိုယ်တိုင်က ပေးဆပ်ဖို့  အသည်းအသန် ချစ်ခဲ့တာပါ..
အိပ်မက်လေး ခဏပဲမက်ကြ... အဆုံးသတ်တော့ အလွမ်းကခါးခါး...

ဒါတွေ သိတော့ သိပေမယ့်... ကိုယ်မြိုသိပ်လို့ မရနိုင်တော့လည်း.. အချစ်ရေ..

ဒီသီချင်းကို စနားထောင်ကတည်းက အခုအထိ တော်တော်လေး ကြိုက်တယ်။ ဒီသီချင်းစနားထောင်တဲ့ အချိန် ၂၀၀၁ လောက်က လွမ်းတယ်ဆိုတာ ဘာမှန်းမသိ၊ အချစ်ဆိုတာကိုလည်း အနှစ်ရဲ့ တွဲဖက် သူငယ်ချင်း အနေနဲ့ ပဲ သိထားတာ။ အခုရော.. ဒီထက်ပို သိလို့ လားဆို မသိဘူး။ စဉ်းစားတယ် ဒီသီချင်းကို ဘာလို့ ကြိုက်တယ်။ သီချင်းစာသားတွေက လှလို့  ကြိုက်သွားတာလား၊ နားထောင်ကောင်းလို့ လားမသိဘူး။ ဒီသီချင်းကို ကြိုက်သာ ကြိုက်တာ သီချင်းထဲကလို ပုံစံမျိုး အပြင်ဘ၀မှာ မဖြစ်နိုင်ပါ။ ခဏပဲ ဆိုတဲ့ အိပ်မက်တွေကို မကြိုက်ဘူး။ ဘယ်တော့ မဆို ဖြစ်နိုင်တာကိုပဲ အစလုပ်တယ်။ နောက်မှ မဖြစ်သွားတာက တပိုင်းပဲလေ။ နီးခြင်းဝေးခြင်း အဓိကကျတယ်။ တကယ်ဆို နီးအောင် ကြိုးစားရမယ်။ နောက်ပြီး မဖြစ်နိုင်လို့  တစ်ယောက်နဲ့  တစ်ယောက် ဝေးသွားပြီးမှ အတိတ်ဟောင်းကို တမ်းတ လွမ်းဆွေးနေတယ် ဆိုတာမျိုးကြီး လက်မခံနိုင်ဘူး။ ဒီအတိုင်းကြီး အချစ်သစ်လိုက် မရှာတာတော့ ဟုတ်ပါပြီ၊ စိတ်ကုန်လို့ ပေါ့... သူဟာသူ သက်ဆိုင်လိုသူတွေ ရောက်လာ သဘောလည်း ကျတယ်ဆို အဆင်ပြေသွားကြမယ် ထင်တယ်....အဟောင်းကို အစားမထိုးဘူး.. အသစ်တည်ဆောက်လိုက်တာပေါ့... အင်း.. တကယ်ဆို.... ဟိုသီချင်းထဲကလို ဘယ်သူရှိမလဲ ....

Credit to NativeDJ (၂၀၀၁ သီချင်းခွေကို မမေ (EmotionalCorner) မှ ရရှိပြီး၊ ပုံတွေကို နေးတစ် DJ များစီမှ ကူးယူထားခြင်းဖြစ်ပါသည်။)

၁၁ ရက် ၁၁ လ

ဒီနေ့  မနက်ထဲက မိုးအုံ့ နေခဲ့တာ၊ နေ့ လယ်စာ စားချိန်ရောက်တော့ မိုးတွေ ရွာနေပြီ။ ဒါနဲ့  Orchard မှာ ထမင်းစားပြီး Shopping လုပ်မယ့် သူတွေနဲ့  ထမင်းလိုက်မစားတော့ပဲ နီးနီးနားနား မိုးမစိုနိုင်တဲ့ နေရာမှာပဲ တစ်ယောက်တည်း နေ့ လယ်စာ သွားစားလိုက်တယ်။ ဟိုတစ်ခါ ဒီနေရာမှာ ရေးဖူးတဲ့ ပုဇွန်ဝက်နံရိုးခေါက်ဆွဲ သွားစားတယ်။ အခု အသစ်ပြောင်းလိုက်တဲ့ နေရာက အလုပ်နဲ့ တောင် ပိုနီးသွားသေးတယ်။ အခု ဆိုင် အသစ်က အရင်နေရာထက်စာရင် နည်းနည်း ပိုကျဉ်းသလိုပဲ၊ ထိုင်ခုံတွေက တစ်ခုခုနဲ့  တစ်ခု ကပ်နေတယ်။ ခုံများများ ဆန့် အောင်သွင်းထားတယ် ထင်ပါတယ်။ အဲဒီဆိုင်က တစ်ယောက်တည်း သွားစားလည်း သက်တောင့်သက်သာရှိတယ်။ စားရတာလဲ မြန်လို့  တစ်ယောက်တည်း အမြန်စားချင်တဲ့အခါ သွားစားဖြစ်တယ်။
ထိုင်ခုံနေရာယူပြီး ကောင်တာမှာ ခေါက်ဆွဲတစ်ပွဲနဲ့  Coke တစ်ဘူး မှာပြီး ပိုက်ဆံပေးတဲ့အခါ ပြန်အမ်းတဲ့ ငွေက များနေတယ်။ မှားနေလား မသိဘူးလို့ ပြောလိုက်တာ ကောင်တာက အမျိုးသမီးက အအေးဖိုး မယူဘူးတဲ့။ သူ့ ဘေးက အမျိုးသမီးတစ်ယောက်ကို ညွှန်ပြပြီး ဆိုင်ပိုင်ရှင် Lady Boss ရဲ့ မွေးနေ့ ဖြစ်လို့  အအေး အလကား တိုက်တာပါလို့  ရီပြီ ခပ်တိုးတိုး ပြန်ပြောတယ်။ လူတိုင်းတော့ ဟုတ်မယ် မထင်ဘူး။ ကျွန်မလည်း ကျေးဇူးတင်ပါတယ် လို့  ခပ်မြန်မြန်ပြောပြီး ထွက်ခဲ့လိုက်တယ်။ နောက်မှာ တန်းစီနေတဲ့ သူတွေက အများကြီး မဟုတ်လား။ Happy Birthday တွေ ဘာတွေတောင် မလုပ်လိုက်ရဘူး။ မွေးနေ့ ရှင် ခေါက်ဆွဲဆိုင်ပိုင်ရှင် Lady Boss ကျန်းမာပျော်ရွှင် သက်ရာကျော်ရှည်စေကြောင်း ဆုတောင်းလိုက်ပါတယ်။

အခု စဉ်းစားနေမိတယ်။ ကျွန်မ သိတဲ့ သူတွေ ထဲမှာ ၁၁ ရက် ၁၁ လမှာ မွေးတဲ့ သူ ၂ ယောက် ရှိတယ်။ တစ်ယောက်က လွန်ခဲ့တဲ့ ၂ နှစ်လောက်က စသိခဲ့တဲ့ ညီမငယ်တစ်ယောက်။ သူက ဘလော့လည်း ရေးတယ်။ မနက်က ဒီနေ့ သူမွေးနေ့ ဆိုတာ သတိရတာနဲ့  အီးမေးပို့ ပြီး မွေးနေ့ ဆုတောင်း လုပ်လိုက်သေးတယ်။ နောက်တစ်ယောက်ကလည်း စာတွေ ရေးတယ်။ ဘလော့ရေးတာ မဟုတ်ဘူး။ နာမည်ကြီး အင်တာနက် သတင်းဆိုဒ်တွေမှာ ရေးတာ။ ကျွန်မနဲ့  အရမ်းတရင်းတနှီး၊ တိုက်ရိုက် အဆက်အသွယ် သိပ်မရှိပေမယ့် ကျွန်မ ချစ်သူ နဲ့ သာမက၊ ကျွန်မရဲ့ တခြား ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ပါ အတော်လေး ရင်းနှီးသူ တစ်ယောက် ဖြစ်နေတာကြောင့် သတင်းတွေ အမြဲကြားသိနေရတော့ စိတ်ထဲမှာတော့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် လိုပါပဲ။ ဒီသူငယ်ချင်းရဲ့ မွေးနေ့ ကို သာမန်ဆို မမှတ်မိ၊ မသိရှိနိုင်ပေမယ့် ပြောတဲ့သူတွေက အမြဲပြောနေတာ့ မှတ်မိနေခဲ့တာပါ။ ဒါပေမယ့် မွေးနေ့ ဆုတောင်းတော့ တခါမှ မလုပ်ဖြစ်ဘူး။ ဒါကြောင့်လည်း လူမှု့ ဆက်ဆံရေးမှာ အတော်လေး လိုသေးတယ်လို့  ပြောခံရတာ ထင်တယ်။

အခု ၁၁ ရက် ၁၁ လမှာ မှတ်မှတ်ရရ ဖြစ်အောင်၊ ကျွန်မ သူတို့ မွေးနေ့ တွေကို အမြဲအမှတ်ရ၊ သိရှိနေတယ် ဆိုတာလည်း သိရအောင် ဒီနေရာကနေ မွေးနေ့ ရှင် နှစ်ယောက်လုံးကို ကျန်းမာပျော်ရွှင်ပါစေကြောင်း မွေးနေ့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ပျော်ရွှင်ဖွယ်ကောင်းသော မွေ့ နေ့ ရက်မြတ်ကို ပိုင်ဆိုင်ကြပါစေ။

November 10, 2008

Free DNS Servers

ပြီးခဲ့တဲ့ အားလပ်ရက်က DNS service အကြောင်း နည်းနည်း လိုက်ဖတ်ဖြစ်တယ်။ Free သုံးလို့ ရတဲ့ DNS Server IP Address တချို့ ကို လိုအပ်တဲ့အခါမှာ အသုံးပြုနိုင်ရန်အတွက် မှတ်သားဖြစ်ခဲ့ပါတယ်။

ကိုယ်အသုံးပြုတဲ့ DNS Server down နေလို့  ဘာမှ လုပ်မရ၊ အဆင်မပြေ ဖြစ်တာတွေ ကြုံဖူးလိမ့်တယ်။ အဲဒီလို အခြေအနေမျိုးတွေ ကြုံလာရင် အောက်မှာ ဖော်ပြထားတဲ့ DNS Server IP တွေကို အလွယ်တကူ အသုံးပြုပြီး ဖြေရှင်းလို့ ရတယ်။ နောက်ပြီး ကိုယ် လက်ရှိ အသုံးပြုနေတဲ့ Service Provider ရဲ့ DNS ကို အသုံးမပြုလိုတဲ့ အခါများမှာ၊ အဲဒီဆိုဒ်တွေက စကားလုံးတွေကို အသုံးပြုပြီး ပြောရမယ် ဆိုရင် ပိုပြီး စိတ်ချ၊ ယုံကြည်၊ တည်ငြိမ်၊ မြန်ဆန်တဲ့ အင်တာနက်ကို အသုံးပြုချင်တဲ့ အခါတွေမှာ သူတို့ ရဲ့ DNS Services တွေကို ကိုယ့်ရဲ့ ကွန်ပြူတာ၊ Router မှာ configure လုပ်ပြီး အသုံးပြုချင်တယ်ဆို သုံးလို့ ရပါတယ်။

Free DNS Servers from DNSAdvantage
156.154.70.1 (Virginia)
156.154.71.1 (Virginia)

Free DNS Servers from OpenDNS
208.67.222.222 (New York)
208.67.220.220 (San Fancisco)
208.67.222.220 (New York)
208.67.220.222 (San Fancisco)

အဆိုပါ DNS Servers တွေဟာ Anycast technology ကို အသုံးပြုထားပြီး နေရာ အနှံ့ အပြားမှာ ဖြန့် ထိုင်ထားတဲ့ အတွက် response time နဲ့  availability အရမ်းကောင်းပါတယ်။ DNS Advantage ဟာ UltraDNS မှ ပေးတဲ့ Free Service တစ်ခုဖြစ်ပြီး UltraDNS ဟာ Amazon, Oracle, Juniper,... စတဲ့ နာမည်ကြီး ကုမ္ပဏီတွေ လက်ရှိ သုံးစွဲနေတဲ့ Managed DNS Service ဖြစ်ပါတယ်။ OpenDNS ကိုလည်း သုံးစွဲသူတွေ အတော်များများ ရှိကြောင်းလည်း တွေ့ ရတယ်။ OpenDNS မှာ Free Account ဖွင့်သုံးမယ်ဆိုရင် Content Filtering လုပ်တဲ့ service ကို အသုံးပြုနိုင်ပါတယ်။

DNS ဘယ်လို ပြောင်းရမလဲ သိချင်တယ် ဆိုရင် ဒီအောက်မှာပေးထားတဲ့ လင့်တွေကို ကြည့်ပါ။
How to change DNS
in your Computer
in your Router
in your DNS Server
Video Tutorial

November 09, 2008

သစ်သီးစားသော နေ့ များ

မနေ့ က ဈေးဆိုင်ရောက်တယ်။ အသီးတွေ အများကြီးတွေ့ တယ်။ အသီးတွေ ကြည့်ရတာ အရုပ်တွေ ကြည့်ရသလိုပဲ စိတ်ချမ်းသာတယ်။ လူမသိအောင် ဓာတ်ပုံရိုက်တယ်။ ဖုန်းပြောလိုက်၊ ဓာတ်ပုံရိုက်လိုက်နဲ့  အဲ့ဒီ သစ်သီးတွေနားမှာ အတော်လေးကြာသွားတယ်။ ဒါတောင် လူသိပ်မလစ်တာနဲ့  ရှိသမျှ သစ်သီး အကုန် ဓာတ်ပုံမရိုက်ခဲ့ရဘူး။ စားဖို့  အသီး တချို့  ၀ယ်လာတယ်။ ဒီရက်ပိုင်း ညစာကို ထမင်းမစားပဲ ၀ယ်လာတဲ့ အသီးတွေပဲ စားဖြစ်တယ်။



သြဇာသီးကြီးတွေက အကြီးကြီးတွေပဲ။ နှင်းသီးတွေကလည်း လှတယ်။ ၀ယ်ချင်တာက အားလုံးပဲ။ တစ်ယောက်တည်း ဘယ်လိုမှ စားကုန်မှာ မဟုတ်တော့ စားချင်တဲ့ အသီး ၃-၄ မျိုးကို နည်းနည်းစီပဲ ၀ယ်လာလိုက်ရတယ်။ ရန်ကုန်မှာ တစ်အိမ်လုံးစာ ဈေးဝယ်နေကြမို့ လားမသိဘူး တစ်ခုခု ၀ယ်မယ်ဆို များများ ၀ယ်ရမှ ကျေနပ်တယ်။ ဟိုတစ်ယောက်ကို သတိရတယ်။ သူ နဲ့  သာဆို ကိုယ်ဝယ်သမျှ သူအကုန် စားပေးမှာ သေချာတယ်။

ပုံသေးသေးလေးတွေ ကြည့်ရတာ အားမရလို့  နည်းနည်းကြီးတာတွေ ကြည့်ချင်တယ်ဆို အပေါ်က လင့်ကို နှိပ်ပြီး ကြည့်လို့ ရတယ်။ စားချင်တယ် ဆိုရင်တော့ အိမ်လာစား။ ဒါပေမယ့် နည်းနည်းပဲ ကျန်တော့တယ်။ ဒီနေ့  ၀ယ်ထားသမျှ ကုန်အောင်စားမယ် ဆုံးဖြတ်ထားပါတယ်။