Pages

November 24, 2008

စင်္ကာပူမှ ရှမ်းရိုးရာ နှစ်သစ်ကူးပွဲ (၂၀၀၈)

စနေနေ့က ရှမ်းနှစ်သစ်ကူးပွဲ သွားဖြစ်တယ်။ ဒီနိုင်ငံမှာ ရှမ်းတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲလုပ်တာ အခု အကြိမ်နဲ့ ဆိုရင် ၃ ကြိမ် တိတိ ရှိပြီလို့ သိရပါတယ်။ ကျွန်မအတွက်တော့ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်ပါ။ တိုင်းရင်းသား ရိုးရာ နှစ်သစ်ကူး ပွဲတွေမှာ ကျွန်မ သိတာ၊ ကြုံဖူးတာဆိုလို့  ကရင် နှစ်ကူးပွဲတစ်ခုပဲ ရှိခဲ့ပါတယ်။ ရှမ်းနှစ်သစ်ကူးပွဲကို တစ်ခါမှ မကြုံဖူး၊ မသွားခဲ့ဖူးဘူး။ ဒီနှစ်တော့ ကျွန်မတို့ ရဲ့ အစ်ကိုကြီး ရှမ်းတိုင်းရင်သား တဦးဖြစ်တဲ့ ကိုဘွိုင်ဇ်က သူတို့ ရဲ့ ရိုးရာနှစ်ကူးပွဲကို လာရောက် အားပေးပါ ဆိုပြီး ဖိတ်ခေါ်လာတာရယ်၊ ဒီလိုပွဲမျိုး တခါမှ မသွားဖူးတဲ့ အတွက် ရောက်အောင် သွားကြည့်သင့်တယ်လို့  တစုံတယောက်ကလည်း တိုက်တွန်းလာတဲ့ အတွက် လက်မှတ် ၂ စောင် ၀ယ်ပြီး သူငယ်ချင်း တစ်ယောက်နဲ့ အတူ သွားဖြစ်ခဲ့ပါတယ်။

ပထမတော့ ရှမ်းနှစ်ကူးပွဲသွားတဲ့ အတွေ့ အကြုံကို ဘာမှ မရေးတော့ဘူးလို့ စိတ်ကူးခဲ့ပါတယ်။ ပွဲတစ်ခုခု သွားဖြစ်တယ်ဆို မြင်တာ၊ တွေ့ တာ၊ ကြားတာ၊ သတိထားမိတာ၊ စိတ်ထဲပေါ်တာ အကုန်ချရေးဖြစ်တယ်။ ခုလိုပွဲမျိုးက ရိုးရာပွဲ တစ်ခုအနေနဲ့  အခက်အခဲတွေကြားက မဖြစ်ဖြစ်အောင် လုပ်ရတာဆိုတော့ ပြည့်စုံမှု့ က မရှိနိုင်ဘူးလေ။ ဒါတွေကို သိနေတဲ့အခါမှာ ကိုယ်မြင်တဲ့အတိုင်း ရေးမိတယ်ဆို ကောင်းပါ့မလားလို့  စဉ်းစားနေမိတာ။ ရေးပြီဆိုလည်း မြင်သမျှကို မချွင်းမချန်ရေးချင်တယ်။
ကျွန်မရယ်၊ ကျွန်မ သူငယ်ချင်းရယ်၊ ဂူးဂူးရယ် လာဗဲန်းဒါး ဘူတာမှာ ဆုံကြပြီး ပွဲတော်ကျင်းပမယ့် နေရာ ဖူချောင်းခန်းမကို အတူသွားဖြစ်တယ်။ ၃ ယောက်လုံး တခါမှလည်းမရောက်ဘူး၊ ဘယ်လို သွားရမယ်ဆိုတာ မသိတာနဲ့  (လက်မှတ်နောက်ကျောမှာ လမ်းညွှန်မြေပုံ ပါတာ သိပေမယ့် အပြင်းထူပြီး တစ်ယောက်မှ မကြည့်ဘူး) ရှေ့ ကသွားနေတဲ့ ရှမ်းနှစ်ကူး ပွဲသွားမယ် ထင်ရတဲ့ လူတွေ နောက်ကို နောက်ရောင်ခံ လိုက်သွား ခဲ့ကြတယ်။

ကျွန်မတို့  ဖူချောင်းခန်းမ ရောက်တဲ့အချိန်က ၅ နာရီ ခွဲနီးပါးရှိပြီ။ လက်မှတ်နဲ့  ထိုင်ခုံနံပါတ်တွေလဲပြီး အစားအသောက ယူရတယ်။ လက်မှတ်တစ်စောင်ကို အစားအသောက် တဗူးစီ ပေးတယ်။ ထမင်း ယူမလား ကောက်ညှင်း ယူမလား မေးတာနဲ့  ထမင်းမစားချင်တဲ့အတွက် ကောက်ညှင်း စားမယ် ပြောလိုက်တယ်။ တခြား သူ ၂ ယောက်ကတော့ ထမင်းယူကြတယ်။ ထမင်းနဲ့ ဆို ငှက်ပျောဖက်နဲ့ ထုတ်ထားတဲ့ အထုတ်ကလေးတစ်ခု ပါတယ်။ မီကင်းထား သလိုပဲ။ စားမကြည့်ဖြစ်တော့ ဘာမှန်းမသိဘူး။ ကောက်ညှင်း စားမယ်ပြောတဲ့ ကျွန်မကိုတော့ တို့ ဖူးကြော်ထုတ်လေး ပေးတယ်။ ကျန်တာတွေကတော့ ကောက်ညှင်းနဲ့ ထမင်း ကွာခြားတာကလွဲရင် ပါတဲ့ဟင်းတွေက အတူတူပါပဲ။
ငါးကို အရွက်တမျိုးနဲ့ ပေါင်းထားတာ။ Keng Tung Sausage ပါတယ်။ ပထမဆုံးအကြိမ် စားဖူးတာ ဖြစ်ပြီး သိပ်မကြိုက်ဘူး။ နည်းနည်းမာ သလိုပဲ။ အရသာကို မသိရဘူး။ ငရုတ်သီးအစပ်လို ထောင်းထားတာရယ် နည်းနည်းရယ်၊ နောက်တမျိုး ဘာမှန်း မသိတဲ့ အရွက်လိုလို ချဉ်တာလေး တစ်ခုလည်းသေးတယ်။ ငါးပေါင်းက အရသာရှိပါတယ်။ Dessert ကလည်း မုန့် လက်ဆောင်နဲ့  ခပ်ဆင်ဆင်၊ နည်းနည်းအချိုကဲတာက လွဲရင် စားလို့ ကောင်းတယ်။
အောက်က ထမင်းဗူးမှာတော့ ငါးကုန်သွားလို့ ထင်တယ်.. ငါးပေါင်း မပါတော့ဘူး

ကျွန်မ ရှမ်းတိုင်းရင်းသူတွေကို သိပ်မတွေ့ ဖူးဘူး။ တိုင်းရင်းသားဆို ကရင် နဲ့  ချင်းလူမျိုးတွေကိုပဲ အနီးကပ် မြင်ဖူးတယ်။ ရှမ်းနှစ်ကူးပွဲမှာ တွေ့ ရတဲ့ တချို့  ရှမ်းမလေးတွေဆို အတော်လေးကို လှကြောင်း သတိထားမိ လိုက်တယ်။ ချစ်စရာလေးတွေ။ သူတို့ လေးတွေကိုကြည့်ပြီး ကျွန်မ သူငယ်ချင်းတချို့  တိုင်းရင်းသား ချစ်ကြည်ရင်းနှီးမှု့ ကို တည်ဆောက်နိုင်အောင် ဘာအတွက်ကြောင့် ကြိုးစားကြတယ် ဆိုတာ သဘောပေါက် သွားခဲ့ရပါတယ်။ ရှမ်းပျိုဖြူများဖြင့် အထူးတလည် ရင်းနှီးကျွမ်းဝင်ချင်သော သူငယ်ချင်းများသို့  ....

ပထမဆုံး အနေနဲ့  ပွဲတွေမှာ လုပ်မြဲ ထုံးစံအတိုင်း ဖွင့်ပွဲ လုပ်တယ်။ ဖဲကြိုးဖြတ်ပြီး ဖွင့်တာ မဟုတ်ပါဘူး၊ အဖွင့်တီးလုံး (ရှမ်းရိုးရာ တီးလုံး) သံနဲ့  အစီအစဉ် တင်ဆက်သူတွေက အခန်းအနားကို စတင်ပြီဖြစ်ကြောင်း ရှမ်းလို၊ အင်္ဂလိပ်လို၊ မြန်မာလို ပြောပြီး ဖွင့်တာပါ။ အစီအစဉ် တင်ဆက်သူ အနေနဲ့  ယောက်ျားလေး ၂ ယောက်၊ မိန်းကလေး ၂ယောက်က ဆောင်ရွက်ပါတယ်။ ၄ ယောက်မှာ တစ်ယောက်ပဲ အသံကျယ်ကျယ် ထွက်တယ်။ တခြား ၃ ယောက် စကားပြောရင် ဘာပြောမှန်း မကြားရဘူး။ ကျွန်မ တစ်ယောက်တည်း မကြားတာလားလို့  ဘေးကသူတွေ မေးတော့လည်း ဘာပြောတာမှန်း မသိဘူးတဲ့။ ဒါတောင် ကျွန်မတို့ ရတဲ့ ထိုင်ခုံက စင်နဲ့ဆို ၄-၅ တန်းပဲ ကွာတာပါ။ ကျွန်မတို့ တောင် သေချာ ရှင်းရှင်းလင်းလင်း မကြားရင် နောက်ကလူတွေဆို ဘာမှ ကြားရမယ် မထင်ဘူး။ တော်ပါသေးတယ် အသံကျယ်တဲ့ တစ်ယောက်က အင်္ဂလိပ်လို ပြောတဲ့သူ ဖြစ်နေတာကြောင့်သာ ဘာအစီအစဉ်တွေ လာမယ်ဆိုတာ သိနေရတာပါ။ တခြား သူတွေက ရှမ်းလို ပြောတာ များတယ်။ မြန်မာလိုလည်း ပြောတယ် ထင်တယ်။ မကြားရတော့ သူတို့  ဘာစကားနဲ့  ပြောမှန်း မသိဘူး။ အဲ… ကြားရသမျှ ပြောရရင် အစီအစဉ် တင်ဆက်တဲ့ သူတွေ မြန်မာစကား ပြောတဲ့အခါ အသုံးအနှုန်း မှန်မှန် မသုံးတတ်တာ သတိထားမိလိုက်တယ်။ မြန်မာလို့  ပြောကျင့် မရှိလို့  ထင်ပါတယ်။ နှလုံးသားရပ်ဝန်းက ကိုဘွိုင်းဇ် နဲ့ တော့ ကွာတယ်.. တကယ်ဆို သူကို စင်ပေါ်တတ်ပြီး အစီအစဉ် တင်ဆက်သူလုပ်ခိုင်းရမှာ.. ရှမ်းလို၊ အင်္ဂလိပ်လို မွှတ်နေယုံ မက.. ဗမာလိုပြောတတ်ပုံ၊ အသုံးအနှုန်းတတ်ပုံများ တခါတလေ ဗမာစစ်စစ်ဖြစ်တဲ့ သူတွေတောင် လိုက်မမှီပဲ လက်မှိုင်ချ ငိုရလောက်အောင် အပြောကောင်းတယ်...

ပထမဆုံး အစီအစဉ်အစမှာ ပြောသွားလို့  ရှမ်းလူမျိုးတွေကို မြန်မာနိုင်ငံမှာဆို ရှမ်းလူမျိုး အနေနဲ့ သိပြီး တခြားနိုင်ငံတွေမှာလည်း တခြားလူမျိုးတွေ အနေနဲ့ ရှိနေကြကြောင်း သိလိုက်ရတယ်။ တခါတည်း မြန်မာပြည်က ရှမ်းလူမျိုးတွေ ဒီနိုင်ငံ သေးသေးလေးမှာလည်း အတော်များများရှိကြောင်း သတိထားမိ လိုက်တယ်။ လူများများရှိလို့ သာ ဒီလို ရိုးရာ နှစ်သစ်ကူပွဲမျိုး လုပ်နိုင်တာပေါ့။ ဒုတိယ အစီအစဉ် အနေနဲ့  Sao Ku Damasami စီက ပေးပို့ တဲ့ ရှမ်းနှစ်သစ်ကူး သ၀ဏ်လွှာကို ရှမ်း၊ အင်္ဂလိပ် နှစ်ဘာသာနဲ့  ဖတ်ကြားတယ်။ မြန်မာလိုပါ ဖတ်ပြရင် ပိုကောင်းမယ်။ မလိုလို့  မြန်မာလို ဘာသာ ပြန်မပြတာလို့  ဖြစ်ပါလိမ့်မယ်။ မြန်မာလိုသာ ဖတ်ပြခဲ့မယ်ဆို အဲဒီ နှစ်သစ်ကူးသ၀ဏ်လွှာ မှာ ဘာတွေ ဘာတွေပါတယ် ဆိုတာကို လုံးစေ့ပတ်စေ့ ပိုနားလည်ပြီး ဒီမှာ ပြန်ရေးပြလို့ ရမှာ။ ခုတော့ ရေးမပြနိုင်တော့ပါဘူး။

တတိယ အစီအစဉ်အနေနဲ့  ရှမ်းနှစ်သစ်ကူး သီချင်းကို အုပ်စုလိုက် သီဆိုကြပါတယ်။ စင်ပေါ်က လူတွေသာမက စင်အောက်နေ လိုက်ပြီးကူညီ ဆိုပေးနေတဲ့ သူတွေရှိကြောင်း တွေ့ မြင်လိုက်ရပါတယ်။ လူများများဆိုတော့ ပိုမြိုင်တာပေါ့။ ရှမ်းဘာသာနဲ့  သီဆိုကြတာ ဖြစ်တဲ့အတွက် ဘာတွေဆိုတာလည်း ဆိုတာ ကျွန်မ နားမလည်ဘူး။ နားထောင်လို့ တော့ ကောင်းပါတယ်။ ပြီးတော့ ယောက်ျားလေး တစ်ယောက်ရဲ့ ရှမ်းသိုင်းအက။ ကြည့်လို့ ကောင်းတယ်။ ဒါပေမယ့် ခဏလေးပဲ ကသွားတယ်။ ဒီထက် အချိန် နည်းနည်းကြာကြာလေး ကမယ်ဆို ပိုကောင်းမယ်။ နောက်အစီအစဉ်တွေမှာ စိုင်းအောင်ထီးခမ်းနဲ့  တင့်တင်ထွန်းရဲ့ သီဆိုဖျော်ဖြေမှု့  Live Concert ( ၃ကြိမ်) နဲ့  ရှမ်း ရိုးရာအကတွေက တစ်လှည့်စီ တင်ဆက်သွားတယ်။ အစဉ်အလိုက် ရေးမပြတော့ဘူး၊ အဆင်ပြေသလိုပဲ ရေးတော့မယ်။
ရှမ်းရိုးရာ အကတွေမှာ ရှမ်းသိုင်းအက၊ ရှမ်းစုံတွဲအက၊ ကိန္ဒရီ ကိန္ဒရာ အက၊ "Kong Mong Yang" အက၊ ရှမ်းဓားသိုင်း (စုံတွဲ) အက၊ တိုးနယား အက၊ "Sip Song Pan Na" အက၊ ရှမ်းပျိုဖြူ ၇ နှစ်ယောက်ရဲ့ အက.. စုံနေတာပဲ။ ရှမ်းသိုင်းအက အကြောင်းက အပေါ်မှာ ရေးပြီးပြီ။ ကိန္ဒရီ ကိန္ဒရာ အက။ ပထမဆုံး အစီအစင်တင်ဆက်သူက ကိန္ဒရီ ကိန္ဒရာ လို့ ပြောတော့ စိတ်ဝင်စား သွားတယ်။ မြန်မာ ကိန္ဒရီ ကိန္ဒရာ အကကိုတော့ ကြည့်ဖူးပေမယ့် ရှမ်းအကကိုတော့ မကြည့်ဖူးဘူး။ ကြည့်လို့ ကောင်းတယ်။ မထင်ထားဘူး။ ကတဲ့ သူနှစ်ယောက်လုံး တော်ပါတယ်။ ကြည့်ရင်း ကိန္ဒရီအဖြစ်ကတဲ့ ကောင်မလေးကို သနားတောင် သနားတယ်။ နောက်မှာ ဒေါင်းမှီးလို ဟာအလေးကြီး သယ်ပြီးကရတာ အတော်ပင်ပန်းမယ်။ အစီအစဉ် တင်ဆက်သူ ပြောတုန်းက Kainayi & Kainaya Dance လို့ ပြောပြီး Peacock Dance လို့ ထည့် ပြောလိုက်တာ ကြားခဲ့ရတယ်။ အဲဒီတုန်းက ကိန္ဒရီ ကိန္ဒရာ နဲ့  ဒေါင်းနဲ့  ဘာဆိုင်လဲလို့ ထင်နေတာ၊ အဲဒီနောက်က ဒေါင်းမှီးလို ဟာကြီးကြောင့် Peacock လို့ ထည့်ပြောသွားတာ ထင်မိတယ်။ ကျွန်မမြင်ဖူးတဲ့ ကိန္ဒရီ ကိန္ဒရာ အကမှာ အဲလိုမျိုး နောက်ကဟာကြီး ပါမှ မပါတာ။

အဲဒီနေ့ က ကြည့်လိုက်ရတဲ့ "Kong Mong Yang" အကကို အကြိုက်ဆုံးပဲ။ အမျိုးသမီးတွေက ရှမ်းရိုးရာ တူရိယာတွေနဲ့  အတူကတာ။ အဲဒီမှာ တူရိယာ ၃ မျိုးပါတယ်။ ရှမ်းအမျိုးသမီး နှစ်ယောက်က မောင်းအကြီး အသေးနှစ်ခုကို ထမ်းပိုးနဲ့ ရှေ့ နောက်သယ်ပြီး တီးရင်း ကတယ်။ ခပ်တောင့်တောင် ဗလကောင်းကောင်း ရှမ်းအမျိုးသမီး တစ်ယောက်က ရှမ်းအိုးစည်ကိုလွယ်ပြီး တီး၊ နောက်တစ်ယောက်က လကွင်း တီးရင်း တခြား ရှမ်းအမျိုးသမီးတွေနဲ့  အတူ ကကြတယ်။ ဘာသီချင်းမှ မဆိုဘူး။ အတော်လေး မြူးပြီး တီးလုံးသံ နားထောင်ရတာ၊ အကတွေ ကြည့်ရတာ နှစ်သက်မိပါတယ်။ အဲဒီနေ့ ကပွဲမှာ ပရိတ်သတ်ရဲ့ လက်ခုပ်သြဘာ ပေးသံ အရဆုံး ရိုးရာအကလို့ ပြောနိုင်မယ် ထင်ပါတယ်။

တိုးနယားအက ကလည်း ကြည့်လို့ ကောင်းပါတယ်။ တိုးနယားကို ဆုငွေချဖို့ ကြိုးစားတာကိုကြည့်ပြီး ရယ်နေရတယ်။ တိုးနယားမှာ ထဲမှာ ၀င်ကနေတဲ့သူတွေက ဆုငွေပေးမယ့်သူတွေကို မမြင်ရဘူးထင်တယ်။ တိုးနယား ပါးစပ်ထဲကို ဆုငွေထည့်ထားတဲ့ အနီရောင် အိတ်လေး ထည့်ပေးလိုက်နိုင်တော့ ပွဲကြည့်တဲ့သူတွေ အကြားကနေ တိုးနယားလည်း ဒေါ်လာစားတယ်ဟ ဆိုတဲ့ အော်ဟစ်အားပေးသံတွေ ကြားလိုက်ရပါတယ်။

တခြား အကတွေက ရွှေအိုရောင် ၀တ်ထားတဲ့ အမျိုးသမီး လေးယောက်ကတာ။ ဘယ်လို ခေါ်လည်း မမှတ်မိဘူး။ အဲဒီ အကမှာ အမျိုးသမီးတစ်ယောက်က အတော်လေး ကတတ်တယ်။ သူကတာကို သဘောကျတယ်။ နောက်တစ်ခုက အနက်ရောင် ၀တ်ထားတဲ့ အမျိုးသမီးလေးတွေ ထီးရောင်စုံတွေ ကိုင်ပြီးကတတဲ့ အက။ အဲဒီအက နာမည်က "Sip Song Pan Na" အကလို့ ထင်တယ်။ အဲဒီအက ကတဲ့ မိန်းကလေးတွေ အကုန် ပိန်ပိန်သွယ်သွယ် ချောချောလေးတွေ။ လူတွေကလည်းလှသလို ၊ အကလည်း ကောင်းကြပါတယ်။
နောက်တစ်ခုက ရှမ်းပျိုဖြူ ခုနှစ်ယောက်ရဲ့အက။ သူတို့ က မတူညီတဲ့ ရိုးရာ ရှမ်းဝတ်စုံ ၇ မျိုးကို ၀တ်ထားတယ်လို့  အစီအစင်တင်ဆက်သူတွေက ပြောတယ်။ ၇ နှစ်ယောက်လုံး ချစ်စရာလေးတွေ နဲ့  လှလှပပလေးတွေ။ ၀တ်ထားတာတွေလည်း လှတယ်။ သူတို့ ကိုကြည့်ပြီး ရှမ်းမလေးတွေ ချောသလို၊ ၀တ်စုံတွေလည်း ပုံစံ အတော်လှတာပဲလို့  ယူဆလိုက်တယ်။ သူတို့  ၇ ယောက်ကတဲ့ အချိန်မှာ စိုင်းအောင်ထီးခမ်းက ရှမ်းလို သီချင်းဆိုပေးပါတယ်။ အဲဒီအက အပြီး စိုင်းအောင်ထီးခမ်းက ရှမ်းအိုးစည် သီချင်းဆိုတဲ့ အခါ စင်ပေါ်မှာရှိနေတဲ့ ရှမ်းပျိုဖြူ ခုနှစ်ယောက်သာ မက၊ တခြား ရှမ်းတိုင်းရင်းသားတွေပါ စင်ပေါ်တတ်လာ ကြပြီး ၀ိုင်းဖွဲ့ ကကြပါတယ်။ တင့်တင့်ထွန်းလည်း ၀င်ကသလို ၊ ကျွန်မတို့ ရဲ့ အစ်ကိုကြီး ကိုဘွိုင်းလည်း စင်ပေါ်တတ် ၀ိုင်းဖွဲ့ ကသူနဲ့ အတူ ပါဝင်ဆင်နွှဲတာကို တွေ့ လိုက်ရပါတယ်။

ရှမ်းရိုးရာအကတွေ အကြောင်းပြောအပြီး နည်းနည်း ဝေဖန်ရေးလေး လုပ်အုံးမယ်။ ဝေဖန်မှ တိုးတတ်မယ် မဟုတ်လား။ ရှမ်းဓားသိုင်း စုံတွဲအက အပြီးမှာ အစီအစဉ် တင်ဆက်သူနှစ်ယောက်က ဟာသတစ်ခု လုပ်ပါတယ်။ အဲလိုလုပ်ရမှာ စကားထောက်ပြီး ပန့် ပိုးပေးတဲ့သူက လိုနေလို့  မရီရဘူး ဖြစ်သွားတယ်။ သူများကို ဝေဖန်နေလိုက်တာ ရှင်ကိုယ်တိုင် သူ့  နေရာဝင်လုပ် ကြည့်ပါလားဆို ကျွန်မ မလုပ်တတ်ဘူးလို့ ပြောရမှပဲ။ ကျွန်မက ပွဲကြည့်တဲ့သူလေ။ ကြည့်တဲ့သူ တစ်ယောက်အနေနဲ့ ပဲ ပြောမယ်။ အဲဒီတစ်ယောက်သာ အပို့  ကောင်းမယ်ဆို ဟာသ လုပ်တာပီပြင်ပြီး ပရိတ်သတ်က သဘောကျ နှစ်ချိုက်ရယ်မောမယ်လို့ ထင်ပါတယ်။ ခုတော့ တော်တော်များများ ရယ်ရမလို မရယ်ရဘူးလို ဖြစ်ပြီး ရယ်သံတွေ သိပ်မကြားလိုက်ရဘူး။

နောက်တစ်ခုက နေရာအကြောင်း။ ထိုင်ခုံတွေက အတော်လေး သေးပြီး ကပ်နေတယ်။ ဒီထက် အခုထက် နည်းနည်း ချဲပြီး ချထားမယ်ဆို ပိုအဆင်ပြေပမယ်။ ကျွန်မလို ခပ်ပိန်ပိန်လူတောင် ထိုင်ရတာ ဘေးက ခုံအပြည့် လူတွေထိုင်နေတယ်ဆို ထိုင်ရတာ သိပ်အဆင်မပြေဘူး။ နောက်ပိုင်းအချိန်မှာ ဘေးကလူတွေပြန်သွားမှ အသက်ရှူချောင်ပြီး စင်ပေါ်က တင်ဆက်မှု့ တွေကို ကောင်းကောင်းခံစားကြည့်ရှု့လို့  ရတော့တယ်။ စီစဉ်သူတွေ မှာ နေရာ အခက်အခဲ၊ တခြား အခက်အခဲတွေ ရှိမယ်ဆိုတာ နားလည်ပေမယ့် ကိုယ်က ပွဲကြည့်သူဆိုတော့ ကြည့်သူနေရာက ဝေဖန်ရမှာပဲလေ။

ဒီပုံက Camera တွေကြွားတာ မဟုတ်ဘူး၊ ထိုင်ခုံ ဘယ်လောက်ရှိတယ်ဆိုတာ ကိုပြချင်တာပါ။ :-)

အစားအသောက်တွေ ယူတဲ့အချိန်မှာ သတိထား မိလိုက်တာလေး တစ်ခုရှိသေးတယ်။ လက်မှတ်ကို ခုံနံပါတ်နဲ့ ချိန်းတဲ့ အချိန်တုန်းက လက်မှတ်တောင်းကြည့်ပြီ့း  ထိုင်ခုံနံပါတ် sticker ထုတ်ပေပြီး၊ လတ်မှတ်ကို နည်းနည်းဖြဲပြီး ပြန်ပေးတယ်။ အစားအသောက်ယူတဲ့ အချိန်မှာတော့ ဘာမှတောင်း မကြည့်ဘူး။ ဘာစားမလဲ မေးပြီး အစားအသောက် ထုတ်ပေးပါတယ်။ မူရင်း ၀ယ်ထားတဲ့  လက်မှတ်ကို နောက်ထပ်အသုံးပြုဖို့ မှ မလိုတော့တာ၊ ယူသိမ်းထားလိုက်တာ၊ ဒါမှမဟုတ် လက်မှတ်ကို တခြမ်းဖြဲလိုက်တာတို့  လုပ်ပြီး အစားအသောက်ယူပြီး မှန်းသိအောင် တစ်ခုခု လုပ်လိုက်သင့်တယ်။ မဟုတ်လို့  ရှေ့ လူတွေက ၂ ကြိမ်၊ ၃ ကြိမ် ယူသွားရင် နောက်လူတွေအတွက် မကျန်၊ မလောက်မင ဖြစ်ကုန်မှာပေါ့။ လူတွေအရမ်းများလို့  ဂရုမစိုက်နိုင်တော့ တာလား၊ အစားအသောက်တွေ အရမ်းကို ပိုနေလို့ လား ဘာကြောင့်မှန်းတော့ မသိဘူး။ အားလပ်ချိန် ၁၀ မိနစ်ပေးချိန်မှာ ထင်တယ် အစီအစဉ်တင်ဆက်သူ တစ်ယောက်က အစားအသောက်တွေ ရှိပါသေးတယ် ထပ်စားချင်ရင် သွားယူနိုင်ပါတယ်လို့ ပြောသံကြား လိုက်ရပါတယ်။ ကောက်ညှင်းတောင်းတဲ့ ကျွန်မကို ထမင်းပေးပြီး၊ ထမင်းစားမယ်ပြောတဲ့ သူငယ်ချင်းကို ကောက်ညှင်းဘူးပေးလိုက်တဲ့ လွဲမှားမှု့ လေးက သိပ်တော့ အရေးမကြီးပါဘူး... ကျွန်မတို့  အချင်းချင်း လဲစားပြီးပဲ ဖြေရှင်းလိုက် ပါတယ်..

နောက်ပြီး Live Concert (အဆိုတော် နှစ်ယောက် ) သီချင်း သီဆိုချိန်မှာ တင့်တင့်ထွန်းဆိုတဲ့ အခါ အခန်းမီးတွေကို ပိတ်ပေးပေမယ့် စိုင်းထီးအောင်ခမ်း သီဆိုချိန်မှာ မီးမပိတ်တာ ဘာကြောင့်လည်း မသိဘူး။ သီချင်းနားထောင်တဲ့အချိန် မီးတွေ ထိန်လင်းနေတော့ သိပ်အဆင်မပြေဘူး လိုပဲ။ တစ်ယောက်ဆိုချိန်မှာ ပိတ်ပြီး၊ နောက်တစ်ယောက်ဆိုချိန်မှာ မပိတ်တာကလည်း နားလည်ရခက် လှပါတယ်။ ဝေဖန်မှု့ တွေကတော့ ဒီလောက်ပါပဲ။

နောက်ဆုံးပိုင်းအနေနဲ့ Live Concert အကြောင်းလေးရေးပါမယ်။ Live Concert က သုံးကြိမ်ပါ။ ပထမ နဲ့  ဒုတိယ အကြိမ်တွေမှာ စိုင်းအောင်ထီးခမ်း အရင်ဆိုပြီးမှ တင့်တင့်ထွန်း သီချင်းဆိုပါတယ်။ နောက်ဆုံး အကြိမ်မှာတော့ ပွဲပိတ်တာကို စိုင်းအောင်ထီးခမ်းရဲ့ သီဆိုမှု့ နဲ့ ပိတ်မှာ ဖြစ်တာကြောင့်ထင်တယ် တင့်တင့်ထွန်း အရင်ဆိုပြီးမှ နောက်ဆုံး စိုင်းအောင်ထီးခမ်း ဆိုတယ်။

တင့်တင့်ထွန်းရဲ့ သီဆိုမှု့ ကို အရင် ရေးမယ်။ ပထမဆုံး စိုင်းအောင်ထီးခမ်း သီဆိုအပြီး တင့်တင့်ထွန်း စင်ပေါ်တတ်လာတဲ့ အချိန်မှာ အားပေးသံတွေ ဆူညံသွားတယ်။ ၀တ်ထားတာက အပြာရောင်၊ ပုံစံက ရေရေလည်လည် မိုက်နေတယ်။ ဒီလိုပွဲမျိုးမှာ အဲ့ဒီလို ၀တ်မယ် ထင်မထားဘူး။ ကျွန်မပဲ ပွဲတွေ သွားဖူးတဲ့ အတွေ့  အကြုံနည်းတာကြောင့်လား မသိဘူး။ သူ ဘယ်လို ၀တ်ထားတယ်ဆိုတာ အောက်မှာ ကြည့်ပါ။ သီဆိုဖျော်ဖြေရာမှာ သူရဲ့ စတိုင်အတိုင်း မြူတူးလှုပ်ရှား အက များနဲ့  သီဆိုဖျော်ဖြေသွားပါတယ်။ ပထမအကြိမ်မှာ သူရဲ့ နာမည်ကြီး သီချင်းတွေ ဖြစ်တဲ့ "ဒါလေးများ"၊ "လိုတရ"၊ "မခေါ်တော့ဘူး"၊ "မင်းလုပ်သမျှ ကြိုက်တယ်"၊ "သွားတော့ အဝေးဆုံး" .. အားလုံး သီချင်း ၅ ပုဒ် ဆိုတယ်။

ဒုတိယအကြိမ် ထွက်လာတော့ အရင်ကထက်စာရင် ၀တ်ထားတာ နည်းနည်းအဆင်ပြေ သွားတယ်။ အဖြူနဲ့  အနက်။ ဒါတောင် သူ နည်းနည်း ၀နေတယ်ဆိုတာ တချက်တချက် မြင်နေရသေးတယ်။ ဒါပေမယ့် လှတုန်းပါပဲ။ သူငယ်ချင်းတစ်ယောက်က ပြောပြတယ်။ အခု အဆိုတော်က အသက် ၄၀ ကျော်ပြီလို့  ဘေးမှာ ထိုင်နေတဲ့ လူမျိုးခြားတစ်ယောက်ကို ပြောတာ ဟိုက မယုံဘူး ဖြစ်နေတယ်တဲ့။ ဒီအသက်အရွယ်မှာ ဒီလောက် နုပျို အရွယ်တင်နေ သေးတာကတော့ ချီးကျူးစရာ တစ်ခုပါ။

ဒီတစ်ခါ သီချင်း ၄ ပုဒ်ဆိုတယ်။ မနက်ဖြန် ဈေးဝယ်ထွက်မှာဖြစ်တဲ့အတွက် ပါလာတာတွေ အားလုံး ကုန်သွားမှာ ဆိုပြီး "ပါလာတာ အားလုံးကုန်" ဆိုတဲ့ သီချင်းကို စတင်သီဆို ပါတယ်။ နောက်ထပ် ခိုင်ထူးရဲ့ "မကျေနပ်ဘူး"။ နောက် သူ့ ကို အားပေးတဲ့ အသံတွေ သိပ်မကြားရဘူး ဆိုပြီး အားပေးသံတွေ ထွက်လာအောင် လှုံဆော်သီဆိုတဲ့ သီချင်းက... "ကိုကိုယောက်ျား မဟုတ်ဘူး" ။ အားပေးအော်ဟစ်သံတွေ ဆူညံနေအောင် ကြားလိုက်ရပါတယ်။ ဒုတိယပိုင်းအတွက် နောက်ဆုံး သီဆိုတဲ့ သီချင်းက "တောက်ပခဲ့တဲ့ နေ့ ရက်များ"။

နောက်ဆုံး အခေါက်ထွက်လာချိန်မှာ ရှမ်းဝတ်စုံဝတ်ပြီး ထွက်လာတယ်။ သူဆိုမယ့် သီချင်းတွေနဲ့  ၀တ်ထားတဲ့ ၀တ်စုံနဲ့  မလိုက်ပါဘူး။ ဒါပေမယ့် ဒီလိုလေး ၀တ်ပြီး သီဆိုချင်လို့ ပါဆိုပြီး လက်ခုပ်တီးသံတွေ ရယူသွားခဲ့ ပါတယ်။ သူကိုယ် အတိုင်းနဲ့  ဒီဝတ်စုံကို စီစဉ် ချုပ်ပေးထားတာ ဆိုလား မသိပြောသွား သေးတယ်။ ပထမဆုံး ဆိုတဲ့သီချင်းက "နမ်းပါ" ၊ နောက် လွန်ခဲ့တဲ့ နှစ် ၂၀ က သီချင်းသီဆိုခဲ့တဲ့ အရမ်းကြိုက်တဲ့သီချင်းလို့ ပြောပြီး "ပုဂံလမ်းက စောင့်နေမယ" ကို သီဆိုပါတယ်။ အဲဒီမှာ သီချင်းတွေဘယ်တုန်းက ဆိုခဲ့တယ် ဘယ်လောက်ကြာပြီဆိုတာကို မပြောချင်ပါဘူး။ အဲလိုပြောလိုက်ရင် သူ့ အသက် ဘယ်လောက်ဆိုတာ လူတွေသိကုန်မယ်လို့  သူ့ အသက်က အခုမှ ၂၀ ဆယ်ကို နှစ်ထပ် ပဲရှိသေးတယ်ဆိုပြီး သူ့ ရဲ့အသက်ကို ပြောသွားပါတယ်။ နောက်သီိချင်းက စိုင်းထီဆိုင် အသက် ၅၀ ပြည့်ပွဲမှာ သူသီဆိုခဲ့တဲ့ စိုင်းထီဆိုင်ရေးသားတဲ့ သီချင်း "တုံ့ ပြန်ဖို့ မလိုဘူးလား" ဆိုတဲ့သီချင်း။ နောက်တစ်ပုဒ်က "ရှမ်းပဲပုတ်"။ ဒီသီချင်းမှာ နောက်ကနေ ရှမ်းတိုင်းရင်းသူတွေက တင့်တင့်ထွန်းနဲ့ အတူ ကူညီ ကပေးကြတယ်။ ဒီသီချင်းကို ဆိုရာမှာ သီဆိုချင်လွန်းလို သီဆိုခြင်းဖြစ်ပါတယ်။ သီချင်းစာသားမရလို့  ကြည့်ဆိုပါရစေဆိုပြီး စာရွက်ကြည့် ဆိုသွားပါတယ်။ ဒါလည်းဆိုပြီးရော တိုက်ထားတာ ကုန်ပြီ၊ ဆိုပြီး နှုတ်ဆက်ပါတယ်။ ဒါပေမယ့် နောက်ထပ်ဆိုဖို့ တောင်းဆိုတာကြောင့် အချစ်က "တခြားတစ်ယောက် ဆီမှာလား” ဆိုတဲ့သီချင်းနဲ့ ထပ်ပြီးသီဆိုပေး ပါတယ်။ နောက်တခါ တားမှား စိုးလို့ ထင်တယ်။ သီချင်းလည်း ဆိုပြီးရော ချက်ချင်းအထဲ ၀င်သွားတော့တာပါပဲ။

ဒီနေရာမှာ တင့်တင့်ထွန်းကို ချီးကျူးရမှာတစ်ခုက ရှမ်းအ၀တ်အစားနဲ့ တောင် သီချင်းဆိုရင်း နည်းနည်းလေးတော့ ကဖြစ်အောင် ကသွားပါ သေးတယ်။ (ရှမ်းအကကိုပြောခြင်း မဟုတ်ပါ)။ တင့်တင်ထွန်းက ၀ါရင့်အဆိုတော်ပီပီ ပွဲထိမ်း အတော်လေးကောင်းတာ တွေ့ ရပါတယ်။ ဒီပွဲမှာ သူ့ ထက်စာရင် ရှမ်းတိုင်းရင်းသား အဆိုတော်ဖြစ်တဲ့ စိုင်းအောင်ထီးခမ်းကို ပိုပြီး အားပေးကြတာ သိသာနေပေမယ့် သူ့ ကလည်း အပြောလေးတွေကဲပြီး အားပေးလက်ခုပ်သံတွေ ဆူညံလာအောင် လုပ်နိုင်ပါတယ်။

စိုင်းထီးဆိုင်ရဲ့ ညီဖြစ်သူ စိုင်းအောင်ထီးခမ်း၊ သူဆိုတဲ့ သီချင်းတွေကို တခါမှ နားမထောင်ဖူးဘူး။ အခု အကြိမ်က ပထမ အကြိမ် နားထောင်ဖြစ်ခြင်းပါ။ လူကိုလည်း ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ အသက်သိပ် မကြီးသေးဘူးပဲ။ သူငယ်ချင်း တစ်ယောက်နဲ့  တောင် နည်းနည်း ဆင်နေတယ်။ သူ့ ကိုယ်ပိုင် ရှမ်းသီချင်းတွေနဲ့  စိုင်းထီဆိုင် သီချင်းတွေကို သီဆိုသွားပါတယ်။ စိုင်းထီးဆိုင်ကို မမှီပေမယ့် စိုင်းထီဆိုင် သီချင်းတွေ ဆိုသွားတာကို နားထောင်ကြည့်ပြီး လက်ခံနိုင်တယ်။ သူလည်း တင့်တင့်ထွန်းလိုပဲ သုံးကြိမ် သီချင်း ဆိုတယ်။ တင့်တင့်ထွန်း လိုပဲ အ၀တ်လည်း ၃ခါ လဲ သွားပါတယ်။ ရှမ်းအင်္ကျီနဲ့  ရှမ်းဘောင်းဘီ ၀တ်တာပါပဲ။ အရောင် ကွဲတာပါ။ ပထမ အဖြူရောင်၊ နောက် အနက်ရောင်၊ နောက်ဆိုးက ပင်နီရောင်။

ပထမဆုံးအကြိမ်မှာ သီချင်း ၄ ပုဒ် ဆိုသွားတယ် ထင်တယ်။ သိပ်မသေချာဘူး။ ရှမ်းသီချင်း ၂ ပုဒ်နဲ့  စိုင်းထီဆိုင်ရဲ့ သီချင်း ၂ ပုဒ်။ "အမေ့ရုပ်ရည်" သီချင်းနဲ့  နောက်တစ်ပုဒ်က "အချစ်ဆိုသည်မှာ" ဆိုတဲ့ သီချင်း။ ရှမ်းသီချင်းတွေကို လည်း လူတော်တော်များများ လိုက်ဆိုကြတာတွေ့ ရတယ်။ စိုင်းအောင်ထီးခမ်းက ရှမ်းလို သီချင်း ဆိုတဲ့ အဆိုတော်တွေမှာ အတော်လေး နာမည်ရှိတယ်လို့  ထင်ရပါတယ်။

ဒုတိယအကြိမ်မှာ "ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ"။ "ဒီထက်ပိုပြီး မတတ်နိုင်ဘူး" ။ "ကွတ်ခိုင်က ဇာတ်လမ်းတစ်ပုဒ" ။ " နေရာတိုင်းမှာ" ။ "မြင့်မိုရ်မို့ လား"။ "ရွှေဟင်္သာ သီချင်းများ" စတဲ့သီချင်းတွေ သီဆို သွားပါတယ်။ သူ့ အစ်ကိုဖြစ်တဲ့သူ စိုင်းထီဆိုင်လို့  စကားပြော မကောင်းဘူးလို့  သူပြောထားတဲ့ အတိုင်းပဲ ဘာမှ သိပ်မပြောပဲ သီချင်းတွေသာ သီဆိုသွားတာ တွေ့ မြင်ရတယ်။ သူဆိုသွားတဲ့ သီချင်းတွေမှ အားလုံး ကြိုက်တယ်။

တတိယအကြိမ်မှာ "ခြင်္သေ့လည်ပြန်" ၊ ရှမ်းသီချင်းတစ်ပုဒ် .. စိုင်းခမ်းလိပ် သီချင်းလို့  ပြောလိုက်သလိုပဲ။ နာမည်ကြီး သီချင်းထင်တယ်၊ အောက်က ပရိတ်သိတ် အတော်များများ လိုက်ဆိုနိုင်တာ သတိထားမိတယ်။ နောက်တော့ "တို့ တောင်ပေါ်ကို ဖိတ်ခေါ်ပါတယ်" ဆိုတဲ့သီချင်းကို နန်းအေမီ နဲ့  စုံတွဲ သီဆိုသွားတယ်။ နန်းအေးမီကလည်း သီချင်းဆို ကောင်းတယ်။ နောက်ထပ် သီဆိုမယ့် သီချင်းက စိုင်းထီးဆိုင်ရဲ့ အကောင်းဆုံး သီချင်းတစ်ပုဒ် ဖြစ်ပါတယ်လို့  ပြောလိုက်တဲ့ အချိန်မှာ ပရိတ်သတ်ရဲ့ အားပေးသံတွေက ဆူညံသွားခဲ့ပါတယ်။ သီဆိုတဲ့ သီချင်းက "မောင့်လပြည့်ဝန်း"။ နောက်တစ်ပုဒ်က "ချစ်တဲ့ ရှမ်းရိုးမ" ဆိုတဲ့သီချင်း ထင်တယ်။ လူတွေ စင်ပေါ်တတ်ပြီးကကြတဲ့ သီချင်း။ နောက် ရှမ်းသီချင်း တစ်ပုဒ်ဆိုသေးတယ်။ ပြီးတော့ "စိုင်းပြန်ရအုံးမယ်" ဆိုတဲ့ သီချင်းဆိုပါတယ်..

နောက်ဆုံး အစီအစဉ်မှာ ပါဝင်သူ အားလုံးကို ဖိတ်ခေါ်ပြီး ပွဲသိမ်းအနေနဲ့  သီဆိုတဲ့ သီချင်းက "ကုန်းက ကုန်းက သီချင်းသံကြားမှာ ကနေမယ် နှစ်ကိုယ်သူ ယှဉ်ကာ ကနေ ကုန်းက လွမ်းမုန်းကဟန် တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ" ဆိုတဲ့ သီချင်း။ စင်ပေါ်စင်အောက် အားလုံးအတူလိုက်ကဖို့  လည်း ပြောပါတယ်။ အတော်များများ က တာတွေ့  ရတယ်။ ကြည့်ရတာ ပျော်စရာ၊ ကြည်နူးစရာ ကောင်းတဲ့ ပွဲသိမ်းလေး တစ်ခုပါ။ ဖျော်ဖြေမှု့ အားလုံးပြီးလို့  ရှမ်းနှစ်ကူးပွဲက အပြန် အမ်အာတီရောက်တဲ့ အချိန်မှာ ည ၁၁း၃၀ လောက်ရှိနေပါပြီ။
ဒီပိုစ့်မှာ ပုံတွေ နည်းတယ်၊ ကြည့်ရတာ အားမရဘူးဆို စိတ်မကောင်းပါဘူး။ ကျွန်မ ကိုယ်ပိုင် camera မပါတာနဲ့  ဖုန်းနဲ့  ဓာတ်ပုံတစ်ပုံပဲ ရိုက်ဖြစ်တယ်။ အစားအသောက်ပုံပါ။ အခု ဒီမှာတင်ထားတဲ့ပုံတွေကို ကိုတီဇက်အေ စီက ကူးယူထားတာပါ။ ပုံတွေကို Click လုပ်ပြီး ပုံကြီးတွေ ကြည့်နိုင်ပါတယ်။ နောက်ထပ် သူငယ်ချင်း တစ်ယောက်စီကလည်း ဓာတ်ပုံတွေ တောင်းထားပါတယ်၊ ရခဲ့မယ်ဆို ဒီပိုစ့်မှာ ထပ်တင်မယ်။

နောက်နှစ်တွေမှာလဲ ရှမ်းနှစ်ကူးပွဲတော်ကို ထပ်မံ ကျင်းပနိုင်ပါစေ၊ ဒီထက် ပိုမိုကောင်းမွန်သော ဖျော်ဖြေမှု့ များ ပြလုပ်နိုင်ပါစေလို့  ဆန္ဒပြုလိုက် ပါတယ်။ အင်း အစားအသောက် ကောင်းကောင်း ကျွေးနိုင်ပါစေ ဆိုတာထည့် ဆုတောင်းဖို့ မေ့လို့  မဖြစ်ဘူး။ နောက်လာမယ့် နှစ်မှာ ပွဲရှိတယ်ဆို အားလည်းအားတယ် ဆိုရင် ထပ်သွားကြည့် ဖြစ်မယ် ထင်ပါတယ်။ အခု ဒီနေရာမှာ ရေးထားသည်များမှာ ကျွန်မ မှတ်မိသလောက် ရေးထားခြင်းသာဖြစ်သည့် အတွက် ကျန်ရစ်သည်များ ရှိနိုင်သလို၊ အနည်းငယ် လွှဲမှားသည်များလည်း ရှိနိုင်ပါသည်။

Photos Credit to TZA and GuGu

Other Post : "စင်္ကာပူမှ အင်ပါယာဂီတညချမ်း "

14 comments:

khin oo may said...

သေချာဖတ်သွားပါသည်. N2.
မရောက်နိုင်ခဲ့သူအတွက် ရောက်သွားသလိုခံစားရလို့ကျေးဇုး.

ThuHninSee said...

စနေနေ့ညကတည်း ဘယ်တော့တင်မလဲ စောင့်နေတာ။
ကိုဘွိုင်းဇ် က တာကို မကြည့်လိုက်ရတာ နာတာပဲ။
နောင်နှစ်၊ နောက်နှစ်..တစ်နေ့နေ့ပေါ့ကွယ်။
ရှမ်းတွေချောတာ ကိုယ်တွေ့ပါကွယ်။း) မပြောပြဘူး..နော် .. အသေသာသတ်လိုက်။
ပွဲအခြေအနေကို ကြည့်ရတာပျော်စရာကောင်းလိုက်တာ။
နေနေဝေဖန်လိုက်ရင် နောင်နှစ်ဆို ပိုတိုးတက်လာမှာ။ ဝေဖန်ပစ်။ တင့်တင့်ထွန်း ဗိုက်နည်းနည်းပူတာကလွဲလို့ လှတုန်းပဲ၊ တကယ်အရွယ်တင်တယ်။

မီယာ said...

ကိုယ်တိုင်သွားကြည့်ရင်တောင်နေနေ့လိုပြန်ပြောတတ်မှာမဟုတ်ဘူး။

strike said...

အင်း တင့်တင့်ထွန်း ဗိုက်၊ဗိုက် တင့်တင့်ထွန်း

မောင်ပိစိ said...

ဟုတ်ပ မkom ပြောသလိုပဲ.. မရောက်နိုင်တဲ့သူ ရောက်သွားရသလိုပဲ...
အဲ.. ဗိုက်ဗိုက်.. တင့်တင့်.. အဖွားကြီးက လန်းနေတာ..ခစ်ခစ်..
အိပ်ခါဏီး သတိရလို့ လာကျိတာ..
မိုးလင်းသွားတော့မယ်..
လစ်ဘီ... တာတတ်..

sin dan lar said...

N2 က အားကိုးရတယ်။ ဟို ရှမ်းပဲပုတ် ၂ ယောက်က ပြန်မရေးပြသေးဘူး.. (ကွယ်ရာမှာ အတင်းတုတ်ခြင်း)

Anonymous said...

သူက လေးဆယ်ကို တော်တော်လေး ကျော်သေးတယ် နာ့အကိုကြီး တယောက်နဲ့ စိမ်းဘက်ခ်ျ .. ကတာကိုး လှမှာပေါ့..

Anonymous said...

မနေနေနိုင်းကချောတယ်နော်

ဟန်လင်းထွန်း said...

ကိုသွားရ သလိုပဲ။ တော်တယ်။

စိုင်း said...

အင်း ကျေးဇူး တင်တယ်၊ နောက် နှစ်တွေ မှ ပဲစိုင်းလဲ
တတ် နိုင်သလောက် ပွဲဖြစ်မြောက်ရေး မှာပါရမယ်၊ ဆက်ဆက် လာပါ။

Nay Nay Naing said...

ဒီပိုစ့်ကို အစအဆုံး ဖတ်သူများနဲ့  ကွန့် မန့် မှာ အားပေးသူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။

ချစ်သော မမမွန်လည်း.. ဒီပိုစ့်ဖတ်ပြီး ကျေနပ်မယ် ထင်ပါတယ်။

အထူးပြောချင်တာကတော့......
ကိုယ်တိုင်မသွားရပေမယ့် ဒီမှာရေးထားတာတွေ ဖတ်ပြီး ကိုယ်တိုင်သွားလိုက်ရသလို ခံစားရတယ် ဆိုတဲ့သူများ... မကြာခင်လာတော့မယ် IC ပွဲတို့ ၊ တခြား မြန်မာပွဲတွေကို ကျွန်မသွားလို့ ရအောင် လက်မှတ်စပွန်ဆာ လုပ်ပေးချင်စိတ်များ မပေါ်ကြဘူးလား :D. သွားကြည့်ပြီး ဒီမှာ ပြန်ရေး ပေးမယ်လေ..

sin dan lar said...

ဟယ်.... တကယ်နောက်တယ်ဟယ်...
N2 .....သွား .............လူဆိုးလေး

Shinmin said...

ဖတ်မှတ်လေ့လာသွားပါတယ် မနေရေ..
အဲလိုမျိုးပွဲတွေသွားရတာစိတ်ဝင်စားတယ်။
ကိုယ်တိုင်လဲ ရှမ်းမဆိုသလောက်လေးစပ်လို့ :P

Nay Nay Naing said...

အမ်... လက်မှတ်ဝယ်ပေးမယ်လဲ မပြောဘူး... သွား.. sin dan lar လူဆိုးကြီး... :P

ရှမ်းမလေးတွေ ချောသလို ရှင်မင်းလည်း ချောတယ်..
စိတ်သဘောလဲဖြူတယ် ရုပ်လည်းချောတယ် အများကိုလည်း ကူညီတတ်တယ်..
ဘာကျွေးမလဲဟင်.. :D