Pages

March 06, 2009

Dinner - 20090306

ဒီနေ့  ညစာ။ ထမင်း မစားဘူး။ ခုနောက်ပိုင်း ညစာဆို ထမင်းမစား ဖြစ်တာများတယ်။ ၀ိတ်ချတာ မဟုတ်ပါဘူး။ ချစရာ ပိုနေတဲ့ အလေးချိန်လည်း မရှိဘူး။ ဒါပေမယ့် နောက်ပိုင်း အကျင့်ဖြစ်အောင် ညစာ လျှော့စားတယ်။ ဗိုက် အရမ်းဆာတဲ့ နေ့ တွေ လောက်၊ တစ်ပတ် ၃ ရက်လောက်ပဲ ညစာကို ထမင်းစား ဖြစ်တယ်။ မနက်စာကို နေ့ စဉ် မနက်တိုင်း စားဖြစ်အောင် ကြိုးစားပြီး၊ နေ့ လယ်စာများများ စားတဲ့ အကျင့်လုပ်တယ်။

ဒီနေ့ အတွက် ညစာအဖြစ် နန်းကြီးသုပ် စားဖြစ်တယ်။ ကောင်းလားဆို မဆိုးပါဘူး။ ရန်ကုန်ကလောက်တော့ မကောင်းဘူးပေါ့။ ပုံမှာတွေ့ တဲ့ အတိုင်း အသား သိပ်မပါဘူး။ ဟင်းအနှစ်လည်း သိပ်မပါဘူး။ အနှစ်မကြိုက်တဲ့ ကျွန်မ အတွက်တော့ အတော်ပဲ။ အအေးက Coke မသောက်ပဲ Ice Lemon Tea သောက်ဖြစ်တယ်။ ညနေပိုင်းဆိုတော့ Coke မသောက်တာ ကောင်းတယ်လေ။

ဒါနဲ့  နန်းကြီးသုပ်က ကျွန်မ ငယ်ငယ်က မစားတဲ့ အစားအသောက်ထဲ မှာပါတယ်။ ပုံစံကြည့်ပြီး မစားတာ။ စားချင်စရာမရှိလို့  ဆိုပြီး မစားဘူး။ ကျွန်မတို့ အိမ်နားမနီးမဝေးမှာ နန်းကြီးသုပ် နာမည်ကြီးဆိုင် ရှိတယ်။ အဖေက အရမ်းကြိုက်တော့ သွားသွား စားဖြစ်တယ်။ တစ်အိမ်လုံးနဲ့  တစ်ယောက်၊ ကျွန်မ ဆိုင်ကို လိုက်သွားတယ်။ ဒါပေမယ့် မစားဘူး။ ဒါပဲကျွေးမှ တခြားဟာ မရှိဘူးဆိုတောင် အဆာပဲခံမယ်၊ မစားဘူးဆို လုပ် တတ်တာ။ အိမ်က အတင်းကျွေးရင် စားပြီး ခေါင်းတွေ မူးနေရော။ ငယ်ငယ်က ခေါက်ဆွဲ စားရင် ခေါင်းမူးတတ်တဲ့ အကျင့်လည်း ရှိတယ်။ ဒါကြောင့် ကျွန်မ ငယ်ငယ်က ခေါက်ဆွဲကြော် မစားဘူး၊ ကြာဇံကြော်၊ ထမင်းကြော်ပဲ စားတယ်။ နိုင်ငံခြားရောက်မှ နည်းနည်းခြင်း စားနိုင်အောင် လုပ်ယူ ရတယ်။ အခုတော့ တိုးတတ်လာ ပါပြီ။

မှတ်မှတ်ရရဆို ဒန်ပေါက်လိုပဲ နန်းကြီးသုပ် ကို နိုင်ငံခြားရောက်ပြီး မြန်မာပြည် အလည်ပြန်တဲ့ အချိန်ကမှ စပြီး စားမယ်ဆို စားကြည့်ဖြစ်ခဲ့တာ။ ကြိုက်လားဆို အရမ်း မကြိုက်ဘူး။ စားလို့ တော့ ဖြစ်ပါတယ်။ ဒါပေမယ့် ခုအချိန်အထိ ခေါင်းနည်းနည်း မူးနေတဲ့ အချိန်၊ လူက နုံးနေတဲ့ အချိန်တွေဆို နန်းကြီးသုပ် စားလို့  မရသေးဘူး။

ဒီနေ့ စားတဲ့ နန်းကြီးသုပ် က S$ 3 ပေးရတယ်။ မုန့် ဟင်းခါး ဟင်းရည်ပေးတယ်။ ကျွန်မ စိတ်ထဲ ဟင်းရည်က နည်းနည်း ငံသလိုပဲ။ ဈေးတန်လား မတန်လားဆို ကိုယ့်ဟာကိုယ် ဘာမှ မလုပ်စားဖြစ်တဲ့ ကျွန်မ အတွက်တော့ ဒါ တန်တယ်ပြောရမယ်။

Other Related Post : နန်းကြီးသုပ်၊ နန်းပြားသုပ်၊ လက်ဖက်ရည်

8 comments:

MrDBA said...

တို့များကတော့ နန်းကြီးသုပ် နန်ပြားသုပ် အကုန်ကြိုက်။ နန်းကြီးသုပ်ကို ပဲမှုန့်စေးစေးလေးနဲ့ သုပ်ထားတာဆိုလွှတ်ကောင်း။ ခေါက်ဆွဲစားရင် ခေါင်းမူးတယ်ဆိုတော့ အစာမကျေချင်တဲ့ သဘောမှာရှိတယ်။

Anonymous said...

ဝိတ်ချစရာမလိုဘူးဆိုရင် ဘာဖြစ်လို့ ညစာ မစားတဲ့အကျင့်လုပ်ရတာလဲ???

khin oo may said...

ရှင်းပါ။

Anonymous said...

အစားအသောက်ဂျီးများသူဖြစ်ရမည်။ ခေါင်းမာသူဖြစ်မည်။

ကြည်

ZT said...

ကြည့်ရတာ Clementi မန္တလေးဆိုင် က နန်းကြီးသုတ်နဲ့ တူတယ်။ တခြား မြန်မာဆိုင်ဆိုရင် Ice Lemon Tea ကို အဲဒီလို ခွက်မျိုးနဲ့ ထည့်မပေးဘူး။ မုန့်ဟင်းခါး ဟင်းရည် ထည့်ပေးတာလဲ တူတယ်။ စားပွဲကလည်း အဲဒီလို စားပွဲမျိုးပဲ။ စုံထောက်ကြီး မဂွိစ် ၏ တပည့် Analysis လုပ်သွားပါတယ်။

မီယာ said...

စားချင်စဖွယ်ပဲ.. နန်းကြီးသုပ် ပွဲက ခါတိုင်း နေနေစားနေကျ ထမင်းပွဲတွေရဲ့ တ၀က်ပဲ ရှိမယ်နော်.. ညနေစာမို့လို့ ထင်တယ်

:P said...

တို့လည်းမနေ့က နန်းကြီးသုတ်နဲ့ ကြာဆံချက်
(သူများအိမ်ကဖိတ်လို့ သွားစားတာ)

Nay Nay Naing said...

MrDBA ပြောသလို အစာမကျေတာလည်း ဖြစ်နိုင်တယ်.. ခေါက်ဆွဲလုပ်တာမှာ ပါတဲ့ ဘာနဲ့ မတည့်လဲ မသိဘူး.

Ko jurassic နဲ့  Ma KOM က ဘာတွေရှင်း ခိုင်းနေတာလဲ.. ကျွန်မ ရေးထားတာ တချို့ ရက်တွေမှာ ညစာကို ထမင်းမစားဘူး ပြောတာလေ.. ညစာ မစားဘူးမှ မပြောတာ.. ထမင်း မဟုတ်တာတွေ စားပါတယ်။
နေ့ တိုင်း ညစာဆို ထမင်းလုံးဝ မစားဘူးလို့  လည်း မဟုတ်ဘူး။ တချို့ ညစာတွေ ထမင်း စားပါတယ်။
ခုနောက်ပိုင်း အစားအသောက် နည်းနည်း ဂရုစိုက်တဲ့ သဘောပါ။ ဒါမှ အကျင့်ဖြစ်မှာ။ ကိုယ်အကျင့်ရှိမှ သူများကို လိုက်လုပ်ခိုင်းလို့ ရမှာ။

ကြည် ပြောတာ မှန်မမှန် ကျွန်မကို အပြင်မှာ သိသူတွေ မေးကြည့်လေ။ :P

စုံထောက်ကြီး ZT အား လေးစားပါ၏။

မီယာ .. ကျွန်မအတွက်ဆို ဒီနန်းကြီးသုတ်က နည်းတယ်လို့  မဆိုနိုင်ဘူး။ ဗိုက်ပြည့် ပါတယ်။ ထမင်းမဟုတ်တာပဲ တစ်ခုပဲ ရှိတယ်။