Lady Fingers ဆိုလို့  ကောင်မလေးတွေရဲ့ လက်ချောင်းတွေအကြောင်း ရေးမယ် မထင်ပါနဲ့ ။ ရုံးပတေသီး (Okra) အကြောင်း ရေးမလို့ ပါ။ Okra ဆိုလို့  လည်း မြန်မာပြည်က "မ" သီချင်းနဲ့  နာမည်ကြီးတဲ့ အဖွဲ့ အကြောင်းရေးမှာလို့ လည်း မထင် ကြပါနဲ့ ။ စားတဲ့၊ ဟင်းချက်စားတဲ့ ရုံးပတီသီး အကြောင်း ရေးမှာပါ။ ရုံးပတီသီးကို Okra လို့ လည်း ခေါ်တယ်၊ Lady Fingers လို့ လည်း ခေါ်တယ်၊ Gumbo လို့ လည်း ခေါ်ကြသေးတယ်။
မစားချင်ဘူးဆိုပြီး လုံးဝ မစားဘူး။ အမေခွံ့ ကျွေးတောင် မစားဘူး။ ငယ်ငယ်က အဲလိုပဲ။ မလုပ်ဘူး၊ မစားဘူးဆိုလို့  ဆုံးဖြတ်လိုက်တဲ့ အရာတွေကို ဘာအကြောင်းကြောင်းနဲ့ မှ မစားဘူး၊ မလုပ်ဘူး။ ခုတော့ အဲဒီအကျင့် သိပ်မရှိတော့ဘူး။ အသက်ကြီးလာတာနဲ့ အမျှ လိုက်လျောညီထွေနေမှ ဆိုပြီး အဲလိုအကျင့်တွေ ဖျောက်ဖို့  ကြိုးစားရတယ်။ ထားပါ။ ကျွန်မကသာ မစားတာ၊ အမေက ရုံးပတီသီး ကြိုက်တယ်။ ကြော်စားလေ့ ရှိတယ်။ အဖေက ချဉ်ပေါင်းဟင်း ကြိုက်တယ်။ အိမ်မှာက ချဉ်ပေါင်ဟင်းချက်ရင် မျှစ်၊ ခရမ်းသီးနဲ့  ရုံးပတီသီး ထည့်လေ့ ရှိတယ်လေ။ ဒီတော့ ဈေးသွားတဲ့ အခါတွေမှာ အသီးအရွက် ၀ယ်တိုင်းနီးပါး ရုံးပတီသီးလည်း ၀ယ်ရတာ များတယ်။ တခါတလေ အိမ်မှာ အကိုဝမ်းကွဲတွေလာနေတဲ့ အချိန်ဆို အပင်တောင် စိုက်ထားသေးတယ်။ ကျွန်မ မျက်စိထဲတော့ ရုံးပတီသီးအပွင့်က ချဉ်ပေါင်ပွင့်နဲ့  ဆင်ဆင် တူတယ်။
မှတ်မိသေးတယ်။ ရုံးပတီသီး ရွေးရင် အဖျားကို လက်နဲ့  မသိမသာလေး ချိုးကြည့်လိုက်။ ကျိုးတယ် ဆိုနုတယ်။ ငယ်ငယ်တုန်းက မှတ်ထားတာ။ အဲလိုလုပ်ရင် ဈေးသည်က မျက်စောင်းထိုးတယ်။ ရင့်လို့ မကျိုးပဲ အမျှောင်းလိုက် ကွဲသွားရင် တခြားဝယ်တဲ့သူတွေလည်း မယူတော့ဘူးလေ။ နောက်ပိုင်း aဈးဝယ်သက် ရင့်လာတော့ ရုံးပတီသီး အဖျားကို ကျိုးအောင် ချိုးကြည့်ဖို့ မလိုတော့ဘူး။ လက်နဲ့ မသိမသာလေး ထိုးကြည့်ပြီး ရင့်လား၊ နုလား သိနိုင်တယ်။ နောက်တစ်နည်းက အရောင်အနုအရင့် နဲ့ ခွဲတာ။ အကြမ်းဖျင်းတော့ နည်းနည်း သွယ်သွယ်ရှည်ရှည်လေးဖြစ်နေပြီး အရောင်ရင့်နေတယ်ဆို မယူဘူး။ ဒါက တခါတလေ အလုပ် မဖြစ်ဘူး။ ရုံးပတီသီးက အမျိုးအစားကွဲတွေ ရှိတယ်လေ။ နည်းနည်းသွယ်ပြီး အရောင်နုတာ၊ နည်းနည်းပုပြီး အရောင်ရင့်တာ။ ဒီတော့ အရောင်ရင့်တိုင်း ရင့်တယ်လို့  သတ်မှတ်လို့ မရပြန်ဘူး။ ချိုးကြည့်တာ အကောင်းဆုံးပဲ။ ပလတ်စတစ်အိပ်နဲ့ ထုတ် ရောင်းတာ ဆိုရင်တော့ အဲလိုလုပ်ကြည့်လို့ မရဘူးပေါ့။
ပုံမှန်ဆို အသီးအရွက်တွေကို မလှီးခင်တခါနဲ့  လှီးပြီးတခါ ရေဆေးလေ့ရှိတယ်။ လှီးပြီးမှ ဆေးလို့  အဟာရတွေ လျော့သွားမယ်ဆိုလည်း မတတ်နိုင်ဘူး၊ သန့် ရှင်းဖို့ လိုတယ်ဆို ဆေးတာပဲ။ ရုံးပတီသီးကို ကြတော့ ချက်ဖို့ ပြင်တဲ့အခါဆို မလှီးခင် တခါတည်း သန့် စင်အောင် (ဒီကိုလာကို ပြောခြင်းမဟုတ်) ဆေးရတယ်။ လှီးပြီးမှ ရေဆေးတယ်ဆို အချွဲတွေ ထွက်လာရော။ ဆော့ချင်တယ်ဆို ဆီလုပ်တန်း ဆော့လို့ တော့ ရတာပေါ့လေ။ မသိခင်ကဆို လှီးပြီး ရေးတခါထပ်ဆေးတော့ အချွဲတွေ ထွက်၊ တခြား အသီးတွေလို အစေးထွက်တာလားဆို အချွဲတွေ ပြောင်အောင်ဆို ရေးထပ်ဆေး၊ ရေဆေးလေ ပိုထွက်လေနဲ့  ရှုပ်ရှက်ခပ် သွားတာပဲ။ နောက်မှ မေမေ ပြောပြလို့ မှတ်ထားလိုက်တယ်။
ရုံးပတီသီး အကြောင်း နည်းနည်း လေ့လာကြည့်တဲ့ အခါ ရုံးပတီသီး ရဲ့ အစက အာဖရိက ကလို့  သိရတယ်။ ခုတော့ နေရာတကာ တကမ္ဘာလုံး စားနေကြတာပဲ။ အိန္ဒိယမှာ အစားများတယ်။ အစိမ်းရောင်တင်မကဘူး၊ အနီရောင်လည်း ရှိတယ်လို့  သိလိုက်ရတယ်။ အနီရောင် ရုံးပတီသီး အပြင်မှာ တခါမှ မမြင်ဖူးဘူး။
ရုံးပတီသီးစားတာ ကျန်းမာရေးအတွက် ကောင်းတယ်။ ပြောကြတာပဲ။ ဗိုက်တာမင် အေနဲ့  စီပါတယ် သိရတယ်။ မိန်းကလေးတွေ အတွက် သင့်တော်တယ်လည်း ပြောကြတယ်။ အသားအရည် လှတယ်တဲ့။ နောက်ပြီး ရုံးပတီသီးမှာ fiber ပါတာများတဲ့အတွက် ၊ ပိန်အောင်လုပ်တဲ့ အချိန်တွေမှာလည်း ရုံးပတေသီး စားကြတယ် လို့  သိရတယ်။ ၀ိတ်လျှော့ချင်တဲ့သူတွေ စားသင့်တယ်ပေါ့။ နောက်တစ်ခုက မနက်ပိုင်း ရုံးပတေသီးကို လှီးထားတာကို ရေစိမ်သောက်မယ်ဆို ဘာရောဂါ ပျောက်တယ် ဆိုလား။ ဒါကတော့ အတိအကျ မသိလို့  မရေးတော့ဘူး။ အိန္ဒိယက ဆေးမှီးတို နည်းလား မသိဘူး။ ရုံးပတီသီး ရေစိမ်သောက်တဲ့ အကြောင်းသိချင်ရင် အင်တာနက်ပေါ် လိုက်ရှာဖတ်ကြည့်လို့ ရတယ်။
ထူးထူးခြားခြားသိလိုက်ရတာက ရုံးပတီသီး အစေ့ကို ကော်ဖီစေ့အစား သုံးကြတယ်ဆိုတာပဲ။ ကာဖင်း ရှောင်ချင်သူတွေ အတွက်။ အရင်က တခါမှ မသိခဲ့ဘူး။ ကျွန်မကလည်း ကော်ဖီမှ မကြိုက်တယ်။ ကောင်းမကောင်းလည်း မသိဘူး။ မသောက်ဖူးဘူး။ ဖတ်မိသလောက်တော့ WWII မှာလည်း ကော်ဖီစေ့ကို ရုံးပတီသီး စေ့နဲ့ အစားထိုး သုံးခဲ့ကြတယ် သိရတယ်။ အဲဒီ အကြောင်း စိတ်ဝင်စားလို့  သိချင်တယ်ဆို
Google : Okra Seeds as Coffee အားကိုး ကြည့်လိုက်ပါ။
ဒီနေ့  အမေ့ကို သတိရတဲ့ စိတ်နဲ့  ထမင်းစားတာမှာ ရုံးပတီသီး ကြော်ချက်မှာ စားဖြစ်တယ်။ စားနေရင်း ရုံးပတီသီး အကြောင်း ရေးဖို့  စိတ်ကူးပေါ်ခဲ့တာနဲ့  ခုလို သိတာလေးတွေ ချရေးဖြစ်သွားခဲ့ပါတယ်။ ဟိုတလောက ရနံ့ သစ်မှာ ထမင်းစားတုန်းတော့ ရုံးပတီသီး တို့ စရာ ချပေးထားတာတွေ့ လို့ နည်းနည်း ယူစားကြည့် ဖြစ်တယ်။ ဟင်းအနေနဲ့ တော့ ဒီနေ့ စားတာဟာ ပထမဆုံး စားဖြစ်ခြင်းပါပဲ။ ကြိုက်လားဆို အဲဒီလောက်ကြီး မကြိုက်ဘူး။ ဒါပေမယ့် စားလို့ တော့ ဖြစ်ပါတယ်။ နောက်ပိုင်း အခွင့်သင့်တဲ့ အခါတွေမှာလည်း ရုံးပတီသီး စား ဖြစ်တော့မယ် ထင်ပါတယ်။ အမေကိုလည်း ပြောပြရအုံးမယ်။
Other Related Post :
Citrus Fruits
9 comments:
အမတော့ ရုံးပတီသီး အရမ်းကြိုက်တယ်.. သီးစုံပဲကုလားဟင်း၊ ချဉ်ပေါင်ဟင်း၊ တို့စရာ၊ ကြော်၊
ရေနွေးဖျောပြီး လှီးပြီး ဆီချက်နဲ့ ပုဇွန်ခြောက်မှုန့်နဲ့သုတ်စားရင်လည်းကောင်းတယ်။ မွှေးချင်ရင် နှမ်းလှော်နည်းနည်းထည့်။ ကောင်းမှကောင်း
Diabetes ပျောက်တယ်ဆိုလား ကြားဖူးတယ်။
ရုံးပတီသီးရဲ့ အညှာကို စားရင် စုန်းမပြုစားဘူးဆိုပြီး အစ်မဝမ်းကွဲက ခဏခဏ ပြောဖူးတယ်။
ရုံးပတီသီးကို ကင်တာတော့ အရမ်း ကြိုက်တယ်။ ကျန်တဲ့နေရာတွေမှာတော့ သိပ်မကြိုက်သလိုပဲ။
ဘီယာ သောက်ရင် ရုံးပတီသီးကင် နဲ့ မြည်းနေကြ...ဖတ်နေရင်းနဲ့မြည်းချင်စိတ်တွေပေါက်လာပြီ..:D
စာရေးဟန်လေးက
ချစ်စရာကောင်းလိုက်တာ။
ရုံးပတီသီးအကြောင်းလေး
စိတ်ဝင်တစားဖတ်သွားတယ်၊
ရုံးပတီသီး အနီရှိမှန်းမသိဘူး။
သီးစုံဟင်းမှာတော့ သူ့ကြောင့်အရည်ပိုပျစ်ပြီး ပိုကောင်းသလားပဲ။
လေဒီဖင်ကား (အဲလေ)ဖင်းဂါးအကြောင်းကတော့ ရီစရာလေးတွေရှိသေးသဗျ။ ကြုံမှ .. ကြုံမှ။
အမေအရမ်းကြိုက်တယ်။ ငယ်ငယ်တုန်းက အတင်ေးကျွးရင် ပတ်ပြေးတာပဲ။ စင်ကာပူရောက်လာတော့ စားဖြစ်သွားတယ်။
ခပ်ပါးပါးလှီးပြီး ကုလားလို မဆလာလေးနဲ့ ကြော်ရင်ကောင်းတယ်။
ကွန်မန့် တွေဖတ်ပြီးမှ BBQ တွေမှာ ကင်စားကြတယ်ဆိုတာ ပြန်သတိရတယ်။
မထက်ပြော သလို သုပ်စားတာတော့ မြင်တောင်မမြင်ဖူးဘူး။ နောက်အားရင် ရုံးပတီသီး သုပ်ကျွေးနော်။
ကိုဖြိုး .. ကျေးဇူး။ ပျောက်တယ်ပြောကြတာသာ ကြားဖူးတာ။ ဘာရောဂါ မှန်းမသိဘူး။
Dawn .. ကင်တာ တခါမှမစားဖူးသေးဘူး။ ကြုံတဲ့အခါ အသေအချာ စားကြည့်အုံးမယ်။
Dawn အစ်မ ၀မ်းကွဲပြောတဲ့ စုန်းကိစ္စကတော့ ဟုတ်မဟုတ် စမ်းကြည့်ချင်လို့ ရမယ်မထင်ဘူး။ စမ်းတော့ စမ်းကြည့်ချင်သား။
jurassic .. ဘီယာသောက်ချင်သွားတာ မဟုတ်ဘူးလား.
အပြုံးပန်း ... ကျေးဇူးပါ။ အိမ်မှာလည်း သီးစုံဟင်းချက်ရင် ထည့်တယ်။
Mr DBA.. အမြန်ကြုံပါစေ..
မမွန် .. တူတာပေါ့။ ပါးပါးဆိုတာ ဘယ်လောက် ပါးတာလဲ။ ဒီမှာ ကုလားဆိုင်တွေမှာ ရောင်းတာ မြင်ဖူးတာတော့ အလယ်က ပိုင်းထားတာနော်။ မမွန်ပြောတာနဲ့  မတူဘူးထင်တယ်။
ရုံးပတီသီး ကို ငြုပ်သီးနဲ့ မွန်ထွန်နေအောင်ကြော် တာလည်း စားလို့ သိပ်ကောင်းပါတယ်။
Post a Comment