Pages

January 14, 2009

ဒီည၊ ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ - မိုဃ်းဇော်

အစက
နင်းထားရတာ မြေကြီဆို
အဆုံးတော့
မော့ကြည့်ရတာလည်း မြေကြီးပဲ
ဒီမြေကြီးပေါ်မှာမှ
တစ်ဦးနှင့်တစ်ဦး မဝေမျှနိုင်ခဲ့ဘူး။
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။

မြေကြွက်တစ်ကောင်လို
ကြုံရာတွင်းမှာ မအောင်းချင်ဘူး.
ငါ့ဝိညာဉ်ကို
ဓာတ်တိုင်ထိပ်မှာ မချိတ်နိုင်ဘူး။
ငန်းဖမ်းနေတဲ့ "ဂျစ်ပစီ" ဟာ
ငါ မဟုတ်ဘူး။
မထူးတော့တဲ့ ဒီည
အာဖရိက ခြင်္သေ့တစ်ကောင်လို အော်ဟစ်ပြီး
ကမ္ဘာကြီးကို ကုတ်ခြစ်ပစ်ချင်ရဲ့။
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။

လူ့ ဘ၀မှာ ကြယ်တွေလတွေ မစုံပေမယ့်
မိုးလုံလေလုံ အိပ်ရာကလေးတော့ လိုအပ်တယ်။
"မေမေရေ"
သော့ခတ်ထားတဲ့ လမ်းတစ်လျှောက်
အိပ်ရာပျောက်ညတဲ့ညများ များပေါ့။
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။

စက်ဝိုင်းထဲ
ညတိုင်းတော့တိုးနေရတဲ့ ဒီည။
တရားထူးရခဲ့ရင်
အရင်ဦးဆုံး ဟောကြားလှည့်ပါ "အရှင်"။
မြေကြီးကို ခင်တွယ်ခဲ့သမျှ
မြေကြီးကို ပစ်ချခဲ့တဲ့ ဒီည
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။ ။

မိုဃ်းဇော်

3 comments:

Anonymous said...

ကဗျာ လေး က ဖတ်လို့ တော်တော်ကောင်းတယ်..
ကဗျာဆရာ နာမည်ကို အဲလိုပေါင်းထားတာကြီးတော့ သိပ်မကြိုက်ဘူး :D

Anonymous said...

ကဗျာလေးက မိုက်တယ်ဗျာ ။ မိုးဃ်းဇော် ကဗျာတွေ
ဘယ်မှာများ သွားဖတ်လို့ ရနိုင်မလဲ ခင်ဗျာ ။

Nay Nay Naing said...

Ko Jurassic >> ကဗျာဆရာက သူရဲ့ နာမည်ကို အဲဒီအတိုင်းပဲ ပေါင်းပါတယ်။

ဒီကဗျာက ကျန်မမှာရှိတဲ့ သေတမ်းစာ ကဗျာစာအုပ်ကပါ။ မိုဃ်းဇော် ရဲ့ ကဗျာတချို့  နိုင်းနိုင်းစနေ ဘလော့မှာလည်း ရှိတယ်။ နောက်ပြီး MMCP Forum မှာလည်း တော့ပစ်တစ်ခု ဖွင့်ပြီး တင်ထားတာတွေ့ မိတယ်။