Pages

January 08, 2008

ပြာသိုလဆန်း ၁ ရက်နေ့ 

ဒီနေ့  ပြာသိုလဆန်း ၁ ရက်နေ့ ဆိုတာကို သတိမထားမိလိုက်ဘူး။ ညနေဘက် အိမ်က အီးမေးဝင်လာမှပဲ ဒီနေ့  ဟာ ပြာသိုလဆန်း ၁ ရက်နေ့  ဖြစ်ကြောင်း သိလိုက်ရတယ်။ ကိုယ်ကလည်း ကရင်မ မဟုတ်၊ ကိုယ်နဲ့  သက်ဆိုင်သူကလည်း ကရင်ထီးကြီး မဟုတ်လေတော့ ဒီရက်စွဲကို မြန်မာပြက္ခဒိန် မကြည့်ပဲနဲ့  ဘယ်လိုလုပ်ပြီး စိတ်ထဲမှာ မှတ်မိနေနိုင်ပါ့မလဲ။ ကိုယ့်ဘလော့မှာ တင်ထားတဲ့ မြန်မာရက်စွဲဆိုတာကိုလည်း သတိထားပြီး မကြည့်ဖြစ်တာ အတော်လေး ကြာနေပါပြီ။ ဟိုတလောက မြန်မာလိုမွေးနေ့ ကိုတောင်မှ သတိထားနေတဲ့ကြားက ရက်အတော်လေး ကျော်သွားမှ၊ ကျော်သွားပြီဆိုတာ သိလိုက်ရတယ်လေ။

တကယ်တော့ ကျွန်မ မြန်မာပြည်မှာ မရှိနေလို့ သာ ဒီနေ့ ဒီရက်ကို မေ့နေလို့ ရတာပါ။ ခုချိန်မှာ မြန်မာပြည်က မိဘတွေရဲ့ အိမ်မှာသာ ရှိနေပါလား၊ ပြာသိုလဆန်း ၁ရက်နေ့ ဆိုတာကို သတိမထားမိပဲ ကုန်ဆုံးသွားတယ် ဆိုတဲ့ အဖြစ်မျိုး ဘယ်လိုမှ မရှိနိုင်ဘူး။ အဲ့ဒီရက် မတိုင်ခင် ၁ ပတ်လောက်အလို ထဲက အကြာခင် လာတော့မယ်ဆိုတာ ကြိုသိ၊ သတိထားမိ နေမှာပါ။ ကျွန်မမှ မဟုတ်ပါဘူး၊ ကျွန်မတို့ တစ်အိမ်သားလုံးမှ လည်း မဟုတ်ပါဘူး၊ ကျွန်မတို့  အိမ်နားမှာ နေတဲ့သူတွေအားလုံး ကလေး နဲ့ ခွေးက အစ၊ လူကြီးတွေ အဆုံး ရှိသမျှ လူအားလုံး ဒီရက်ကို သတိမထားမိပဲ ကျော်ဖြတ်လို့ မရပါဘူး။ ဒီရက်မတိုင်ခင် ၁ ပတ်လောက် အလိုထဲက ပွဲတော်အတွက် ဆိုင်ခန်းတွေ ကြိုဆောက်တာတို့ ၊ နေရာချတာတို့  ကြိုတင်လုပ်ကိုင်နေကြပြီလေ။ ခုရက်ပိုင်းလို ရက်တွေဆို အိမ်နားက ကားမောင်းသူတွေ အားလုံး ညနေ ၄-၅ နာရီလောက် အိမ်အရောက် ပြန်မှာ ကိုယ့်အိမ်ထဲ၊ ကိုယ့်ခြံထဲ ကိုယ့်ကား ရောက်အောင် မောင်းသွင်းလို့ ရနိုင်တယ်။ ၄လမ်းသွား လမ်းမဟာ ညနေစောင်းပြီဆို ကားမပြောနဲ့  လူတောင် တိုးဖို့  သိပ်မလွယ်ဘူး။ ဈေးဆိုင်တန်းတွေက အသွားလမ်း နဲ့  အပြန်လမ်းဆိုပြီး ၄ တန်းတောင် ရှိနေတယ်လေ။ အသံတွေကလည်း ဆူသလား မမေးနဲ့ ။ ည ၁၂ ကျော်မှ အသံတွေ တိတ်တာ။ တီတီတွမ်တွမ်ဆိုပြီး အသံစုံမှုတ်တဲ့ဟာတွေကလည်း ပွဲခင်းထဲမှာ ရောင်းတယ်လေ။ ကျွန်မနောက်ဆုံးကြုံခဲ့ရတဲ့ ပွဲတုန်းကတော့ ပွဲခင်းထဲ လာသမျှ လူတိုင်းနီးပါး အသံထွက်တဲ့ ကျွဲဂျိုလိုဟာတွေ ၀ယ်ပြီး အပြိုင်အဆိုင် မှုတ်ကြတာ ဆူလို့  ညံလို့ ။ ခုလည်း အရင်ကလိုပဲ စည်ကား၊ ဆူညံသေးတုန်းပဲလား အသေအချာတော့ မသိဘူး။ အိမ်က အီးမေးအရတော့ ထုံးစံအတိုင်း ဆူညံနေတာပဲလို့  သိရတယ်။

ခုနက အိမ်က အီးမေးဖတ်ပြီး အိမ်ပြန်ချင်စိတ် ပေါ်သွားတယ်။ မိဘကို အရမ်း လွမ်းသွားလို့ တော့ မဟုတ်ဘူး။ ဒီရက်ပိုင်း ပွဲဈေးတန်းမှာ ရောင်းနေတဲ့ မုန့် တွေကို စားချင်သွားလို့ ပါ။ ဒီလိုရေးထားသာ အဖေနဲ့ အမေ ဖတ်မိရင်တော့ သမီးအလိမ္မာလေးလို့  ပြောအုံးတော့မယ်။ :D ထမိန်မပါ ဖြူဖြူ၊ နီနီ၊ နက်နက် ကရင် ၀တ်စုံရှည်တွေ ၀တ်ပြီး ပွဲခင်းထဲ လျှောက်ကြမယ့် ကရင်မလေးတွေကိုလည်း မမြင်ရတာကြတော့ မြင်ချင်မိတယ်။ ကရင်မလေးတွေကသာ ထမိန် မပါတာ များတာပါ၊ ကရင်လေးတွေကတော့ ပုဆိုးဝတ်လာကြတာ များပါတယ်။ အိင်္ကျီဆိုလည်း ကရင်မလေးတွေလို မဟုတ်ဘူး၊ ကရင်လေးတွေက အောက်က အဖြူရောင် လက်ရှည်တစ်ထပ် ၀တ်ပြီးမှာသာ အပေါ်က ဂျိုင်းပေါက်ကျယ်တဲ့ ကရင်အိင်္ကျီ ထပ်ဝတ်ကြတယ်လေ။ ကရင်ဒုံး ယိမ်းကတာကိုလည်း ကြည့်ချင်တယ်။ သီချင်းသံတွေနဲ့  တခြားအသံတွေတော့ နားမထောင်ချင်ဘူး။ နားမှ မလည်တာ။ နားမထောင်ချင်လည်း သူတို့ ဆိုသမျှ၊ ပြောသမျှ အိမ်ထဲကနေပြီး အကုန် ကြားနေရမှာပါပဲ။ အဲဒီပွဲမှာ ဆိုတဲ့ သီချင်းတွေထဲက နားလည်တာဆိုလို့  စိုးလွင်လွင်ရဲ့ သီချင်း တစ်ပုဒ်ပဲရှိမယ်။ ခုနေများ ရန်ကုန်မှာ ရှိနေမယ်ဆို ပွဲခင်းထဲ လျှောက်ကြည့်ရင်း မုန့် တွေ အစုံဝယ် စားနေလောက်ပြီ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ နေ့ လယ်က သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ ပုံတွေကြည့်ပြီး မုန့် တွေ စားချင်နေခဲ့တယ်။ ပွဲဈေးတန်းမှာဆို အဲဒီမုန့် တွေရှိမှာ အသေအချာပဲ။ ခုချိန်ပွဲခင်းထဲ ရောက်သွားလို့ ကတော့ ပွဲဈေးကမုန့် တွေ သန့် မှာ မဟုတ်ဘူး၊ မစားနဲ့ လို့  မေမေ တားလည်း အရင်လို နားမထောင်ဘဲ တစ်ခုခုဖြစ်ကာမှ ဆေးသောက်တော့မယ် ဆိုပြီး ၀ယ်စားမိမယ် ထင်တယ်။ ခုတော့ မုန့် တကယ်စားဖို့  အခွင့်အရေး မရလို့  ရှိတဲ့ ပုံလေးတွေကြည့်ပြီး မျက်စိအစားကျွေး၊ စိတ်အလွမ်းဖြေ လုပ်နေလိုက်ပါတယ်။

မုန့် လင်မယားကို ပဲပြုတ်လေး၊ ကြက်သွန်မိတ်လေး နဲ့ စားချင်တယ်။ ငုံဥထည့်ထားတာလည်း စားချင်တယ်။

ပုဇွန်ခွက်ကြော်ကို ကြာဇံကြော်နဲ့  မကျည်းမှည့်အချဉ်လေးနဲ့ စားချင်တယ်။

ဒီလို ဂဏန်းလက်မတွေတော့ ခွါပေးမယ့်သူရှိရင်စားချင်တယ်။

ပွဲဈေးတွေမှာရတဲ့ ရေမုန့် လည်း စားချင်တယ်။ကောက်ညင်း ကျည်တောက်လည်း စားချင်တယ်။ အကြော်စုံလည်း စားချင်တယ်။ ဘယာကြော်လည်း စားချင်တယ်။ တခြား စားချင်တာတွေလည်း အများကြီး ရှိသေးတယ်။ နောက်နှစ်ရောက်ရင်.. အေးပြီး နေလို့ ကောင်းတဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလိုအချိန်တွေမှာ အိမ်ပြန်လာပါလား ဆိုတဲ့ အမေ့စကားကို နားထောင်ပြီး ကရင်နှစ်ကူးပွဲနဲ့  ကြုံအောင် အချိန်ကိုက်ပြီး ပြန်အုံးမယ် စိတ်ကူးနေမိတယ်။

Photo Credit to Su

5 comments:

ToMMyGiRL said...

they look so yummy and i want to eat them all :D
when i went bac YGN last month, i ate mote lin ma yar, bane mote, shwe yin aye and a few more..

AungKyawThein said...

GaNann LattMa kywar pay mae thuu shi yin sarr chin tal so loh...
imm now thinking back.. and feel bad abt that Ganann LattMa :D

Ka Daung Nyin Thar said...

စီဗုံးမတွေ့လို့ ဒီမှာ အော်သွားတယ်နော်

ကျနော့် အိမ်အသစ်လေးကို အလည်လာပါဦး.. လုလုဆီက ဟင်းလျာများနဲ့ ဧည့်ခံထားပါတယ်။

kadaung.iblogger.org

Nay Nay Naing said...

ToMMyGiRL >>
ဘိန်းမုန့် စားချင်တယ်။ တော်မီ ရန်ကုန်ပြန်တဲ့အကြောင်းကို Blog မှာနဲ့  Forum မှာရေးထားတာတွေ တွေ့ တယ်။ နေရာအနှံ့ ရောက်လို့  ပျော်ခဲ့တယ် မဟုတ်လား။ ရေးထားတာတွေဖတ်ပြီး မနာလိုတောင်ဖြစ်ရတယ်။ :D ဓာတ်ပုံတွေ တင်ပါအုံး။

AungKyawThein>>
အဲ့ဒီနေ့ က ဂဏန်းလက်မ အကြောင်းတော့ မပြောပါနဲ့ တော့။ လက်မ အကြီးကြီး။ နှမြောစရာကြီးဟာ။

Ka Daung Nyin Thar>>
ကိုကဒေါင်းရဲ့ အိမ်အသစ်ကစာတွေကို ဖတ်ကြည့်ပြီးပါပြီ။ နောက်လည်း လိပ်စာအသစ်ကိုပဲ လာလယ်ပါမယ်။ ခုလို့  လိပ်စာ အသစ်ကို update လုပ်တာ ကျေးဇူးပါပဲ။

Anonymous said...

နေနေ-အာလိန်ငါးဆင့်နားက နှစ်ကူးပွဲအကြောင်း ပြောတာလား။ တစ်ခြားတစ်နေရာက ပွဲခင်းလား။ အာလိန်ငါးဆင့်နားက ပွဲဆို နှစ်ကူးတိုင်း အမြဲရောက်တယ်။