ခုတလော ဟိုးအရင်ရက်ပိုင်း ထက်စာရင် အလုပ်နည်းနည်း ပါးတယ်။ ဒါလည်း ခနပါ၊ နောက်ပိုင်း အလုပ်ပြန်များဦးမှာ။ ၄ လပိုင်း ကုန်လောက် ရန်ကုန်ပြန်ရင် ကောင်းမလား စဉ်းစားဖြစ်ပါတယ်။ ကွက်တိအလား၊ ကိုယ်ပြန်မယ့် စဉ်းစားတဲ့ ရက်တွေ၊ ဖြစ်နိုင်ရင် အဲဒီရက်တွေ ခွင့်မယူကြပါနဲ့ ဆို အီးမေး ရောက်လာတယ်။ ကိုယ်အရင်မပြောခင် သူတို့ ပြောတာ ဦးသွားတယ် ဆိုရမယ်။ ကိစ္စ မရှိပါဘူး၊ ခွင့်မယူကြပါနဲ့ ဆိုလည်း အဲဒီရက်တွေ မပြန်ပဲနေတာပေါ့။ အထွေအထူးလည်း လုပ်စရာမှ မရှိတာ။ အဆင်ပြေတဲ့ အချိန်မှ ပြန်တော့မယ်။
ဒီရက်ပိုင်း အစ်ကို လာမယ် ဆိုလို့  သူနေဖို့  အခန်းလိုက်ရှာ နေရတယ်။ မတွေ့  သေးဘူး။ တစ်ယောက်တည်း တစ်ခန်း ကလည်း ရှာရခက်တယ်။ ၁ လ အလွန်ဆုံး ၂ လ လောက်ပဲနေမှာ ဆိုတော့ ပိုခက်တယ်။ စင်္ကာပူမှာ အိမ်ခန်းရှာရတဲ့ ဒုက္ခ ဘယ်တော့ မသေးဘူး။ ကိုယ့်အတွက်ရှာရ သူများအတွက် ရှာပေးရတာနဲ့ ။ မလွယ်ပါဘူး။ ဒါဆို အိမ်ဝယ် လိုက်ပါလားလို့ မပြောနဲ့ ။ အိမ်ပိုင်တဲ့ ဒုက္ခကလည်း နည်းမယ် မထင်ဘူး၊ နောက်ပြီး ၀ယ်ဖို့  ကိုယ်ပိုင် ပိုက်ဆံလည်း အလုံအလောက် မရှိဘူး။
ခုတလော လောကကြီး ကြည့်ရတာ ပိုပြီး မရှင်းမရှင်း ဖြစ်ချင်နေတယ်။ မျက်မှန်ပါဝါ သွားစမ်း ရအုံးမယ်။ အလုပ်မှာဆို တစ်ချိန်လုံး ကွန်ပြူတာရှေ့ မှာ၊ အိမ်ရောက်တာနဲ့  ကွန်ပြူတာဖွင့်၊ ကွန်ပြူတာရှေ့ မနေရင် TV ကြည့်၊ TV မကြည့်တဲ့ အချိန် စာဖတ်ဆိုတော့ကား ဒီမျက်လုံးလည်း ခံနိုင်ရည် မရှိတော့ဘူး ထင်ပါတယ်။
ဒါနဲ့  ဟိုတလောက သူငယ်ချင်းတချို့ နဲ့  အပြင်ထွက်ဖြစ်လို့  ဓာတ်ပုံတချို့ ရိုက် ဖြစ်တယ်။ မရိုက်ချင်ပါဘူး ပြောတာကို ရိုက်ပါပြောနေလို့  အားနာတာနဲ့  ဓာတ်ပုံ တစ်ပုံ ၂ ပုံလောက် အရိုက်ခံ လိုက်တယ်။ သူတို့ ပို့ ပေးတဲ့ ပုံတွေကြည့်ပြီး ပိန်သွားပါလား သိလိုက်ရတယ်။ ဒါနဲ့ ပုံတွေ အကုန် ဖျက်ပစ်လိုက်တယ်။ စိတ်ချမ်းသာ သွားတာပေါ့။ အခုပိန်သွားတယ် ပြောတော့ အရင်ကရော ၀လို့ လားဆို မ၀ပါဘူး။
အဲဒီနေ့ က အပြင်ထွက်တာ ပစ္စည်း သွားယူတာ့ပါ။ သွားတယ်၊တွေ့ တယ်၊ စားတယ်၊ လျှောက်သွားတယ်၊ ဓာတ်ပုံတွေ လျှောက်ရိုက်တယ်၊ စကားတွေ ပြောတယ်၊ ပြီးတော့ အိမ်ပြန်လာတယ်။ ပစ္စည်း ယူဖို့ မေ့သွားတယ်။ အဲလိုမေ့တာကို အိမ်အပြန် ရထားပေါ်ရောက်မှ သတိရတယ်။ ကိုယ် မေ့တတ်လာပြီပဲ။ အဲဒီ ပစ္စည်းတွေ အခု အချိန်အထိ မယူရသေးဘူး။ ကိစ္စ မရှိပါဘူး။ အဲဒီ အစ်မကို ပေးဖို့ ပစ္စည်းတချို့ ကိုယ်စီရောက်နေတာ ၁ နှစ်လောက် ရှိပြီ၊ အခုထိ မပေးရသေးဘူး။ အခု ကိုယ့်အတွက် သူ ၀ယ်လာပေးတဲ့ ပစ္စည်းကို သူသိမ်းထားပေးရတာ ၁ လ တောင် မရှိသေးဘူး။ အေးဆေးပေါ့။ နောက်မှယူတော့မယ်။
လူကြုံတောင်မှာပြီး ၀ယ်ခိုင်းရတယ်ဆိုတော့ ဘာတွေများလဲ။ ပုဝါလေးတွေ။ ကိုယ့်အတွက်၊ ကိုယ်သုံးဖို့ မဟုတ်ဘူး။ လူကြီးတွေ အတွက်၊ ကိုယ်တိုင်လည်း မ၀ယ်တတ်လို့  ခရီးသွားတဲ့ အစ်မတစ်ယောက်ကို အဆင်ပြေရင် ၀ယ်လာခဲ့ပေးပါလို့  မှာလိုက်တာ။ ယူပြီးရင်၊ ရန်ကုန်မပို့ ခင် ဓာတ်ပုံရိုက်ပြီး ဒီမှာ တင်အုံးမယ်။ လှတယ်ဆို ၀ယ်လာပေးတဲ့ အစ်မကို ချီးကျူးပါ။
အခုအလုပ်မှာပဲရှိသေးတယ်။ အလုပ်တစ်ခုအပြီး နောက်တစ်ခုလည်း မစချင်၊ အိမ်ပြန်ရဖို့  ကလည်း လက်တစ်လုံးလောက် လိုနေတာနဲ့  စိတ်ထဲရှိတာတွေ ချရေးလိုက်တယ်။ ဒီနေ့  ၆ နာရီထိုးတာနဲ့  အိမ်ပြန်ပြီပဲ။
2 comments:
လှဘူး။
မြင်တောင် မမြင်ရသေးဘူး.. စိတ်က ပုတ်ချက်တော့် .. ပြေးနေရင်း ခွေးချေးပုံ နင်းမိမယ် ဘဘဘွဇ်..။
Post a Comment