Pages

January 15, 2009

မရမ်းသီး စားချင်တယ်..

နေးတစ်မှာ မန်ဘာတစ်ယောက်က ရေးထားတယ်၊ ရန်ကုန်မှာ မရမ်းသီးပေါ်ပြီ တစ်ဆယ်သား ၈၀၀ တဲ့။ ပုဇွန်ဘော့ချိတ်ကလေးတွေ နဲ့  ထောင်းစားတယ်ဆိုတော့ မရမ်းသီးအနုလေးတွေလား မသိဘူး။ အဲဒီအစ်မ ရေးထားတာ ဖတ်ပြီး မရမ်းသီးစားချင်တဲ့ စိတ်ပေါ်လာတယ်။

မရမ်းသီးထောင်းတို့  မရမ်းသီးသုတ်တို့ စားချင်တာ မဟုတ်ဘူး။ မရမ်းသီးထောင်းတို့  မရမ်းသီးသုတ်တို့  စားလေ့မရှိဘူး။ မရမ်းသီး အစိမ်း အရင့်ကို ထက်ခြမ်းခွဲ ထားတာကို ဆား၊ သကြား ( တစ်ပုလင်းကို ဆေးသကြားတစ်ခဲ လောက်ထည့် လည်း ကောင်းတယ်၊ အမေ ခွင့်ပြုရင်ပေါ့ ) နဲ့  စိမ်ပြီး နည်းနည်း ၀ါတာတာလေး ဖြစ်တဲ့ အချိန်ထုတ် ဆား၊ နွယ်ချို၊ ငရုတ်သီး နဲ့  သကြား စပ်ထားတဲ့ အမှုန့် နဲ့ စားချင်တာ။ ဒါမှမဟုတ်၊ မရမ်းသီး အစိမ်းကို ဒီတိုင်း ပါးပါးလေးတွေ ဖြစ်အောင် လှီးပြီး ဆား၊၊နွယ်ချို၊ ငရုတ်သီးမှုန့်  တွေထည့်ပြီး စပ်စပ်လေး နယ်စားချင်တယ်။

Photo taken by Robin Thom

မရမ်းသီးစိမ်း အရင့်တွေ ဈေးမှာ ရောင်းနေပြီဆိုတာနဲ့  အိမ်က အမြဲဝယ်ပေးတယ်။ အိမ်ရှေ့ အိမ်မှာလည်း မရမ်းသီးပင်ကြီးရှိတော့ သူတို့ စီကလည်း အလကားရတယ်။ မရမ်းသီးတွေကို ထက်ခြမ်းခွဲပြီး စားဖို့  ပုလင်းနဲ့  စိမ်ထားတယ်။ တခါစိမ်ရင် ၂ ရက်လောက်စောင့်ပြီးမှ စားလို့ ရတယ်။ မရမ်းသီးခြမ်းတွေ အရောင်ပြောင်းပြီဆို စားလို့ ရပြီ။ အမြန်အရောင် ပြောင်းစေချင်ရင် အခြမ်းတွေကို ဆားရည် မြန်မြန် ၀င်အောင် ဓားနဲ့  နည်းနည်း မွှမ်းပေးတယ်၊ ဒါမှမဟုတ် ရေနွေး နည်းနည်းထည့် လိုက်တယ်။ :D ပုလင်းနဲ့ စိမ်တဲ့အချိန်မှာ ထည့်တဲ့ ဆားသကြား အချိုးက အရေးကြီးတယ်။ နည်းသွားရင် ချဉ်နေပြီး များသွားရင်လည်း ချိုရဲကြီး ဖြစ်နေရော။ တခြားသူတွေ လုပ်ပေးရင် စိတ်တိုင်းမကျတာများလို့  ကိုယ့်ဘာသာကိုယ်ပဲ လုပ်တယ်။ ကျွန်မ လုပ်ထားသမျှ မောင်လေးနဲ့ ညီမလေးက အားပေးတယ်။ အိမ်မှာဆို ကျွန်မတို့  အငယ်သုံးယောက်လုံး အချဉ်စားတယ်။ အစ်ကို အကြီးဆုံးကတော့ မစားဘူး။ အမေကလည်း အချဉ်မစားဘူး၊ အဖေကတော့ တခါတလေ စိတ်ကူးပေါက်ရင် ကျွန်မတို့ စီက တောင်းယူစားတယ်။

အပြင်မှာ အဲလို စိမ်ပြီး အထုတ်နဲ့ ရောင်းတဲ့ မရမ်းသီးတွေ မကြိုက်ဘူး။ သန့် တယ် မထင်ဘူး။ ပြီးတော့ ကိုယ်ဘာသာ လုပ်စားသလောက် အရသာမရှိဘူး။ ပျော့နေတာလဲ များတယ်။ အိမ်မှာ စိမ်ထားတဲ့ မရမ်းသီးခြမ်းတွေကို ပုလင်းထဲကနေ ဇွန်းနဲ့ ခပ်ယူစားရတယ်။ သန့် ရှင်းဖို့ လိုတယ်။ တစ်ပုလင်းကို ၃-၄ ရက်လောက်ပဲ ထားလို့  ကောင်းတယ်။ နည်းနည်းကြာသွားရင် မရမ်းသီးခြမ်းတွေက ပျော့သွားရော။ အဲလို့ ပျော့သွားရင် ၀မ်းပျက်မှာစိုးလို့ ဆိုပြီး မစားရတော့ဘူး။ ပျော့တဲ့ဟာက စားလို့ လည်း မကောင်းဘူး၊ နည်းနည်း မာဆပ်ဆပ်လေးမှ စားကောင်းတာ။ ပျော့ပြီး ပစ်လိုက်ရတဲ့ အဆင့်မရောက်ပါဘူး။ မပျော့ခင် ကုန်တာပဲ။ မရမ်းအရင့် ပေါ်စကနေ အသီး မတုန်းမခြင်း အဲဒီလိုလုပ် စားတာပဲ။ အဲဒီ အချိန်တွေဆို ထမင်းလည်း မှန်မှန်စားဖြစ်တယ်။ အချဉ်တွေ ဒီအတိုင်း အများကြီး စားတယ်ဆိုရင် အစာအိမ်ရောဂါဖြစ်မှာစိုးလို့ ဆိုပြီး ထမင်းစားပြီးမှသာ စားခွင့်ပေးတယ်လေ။

မရမ်းသီးဆိုလို့  တစ်ခု ရှိသေးတယ်။ ကျွန်မ မရမ်းချိုသီး မကြိုက်ဘူး။ လုံးဝ မစားသလောက်ပဲ။ ချဉ်ရမယ့် နေရာလာပြီး ချိုနေတယ်။ အချိုစားချင်မှဖြင့် တခြားချိုတဲ့ အသီးတွေ သွားစားမှာပေါ့။ မရမ်းသီး မချဉ်တာထက်စာရင် မစပ်တဲ့ ငရုတ်သီးဆိုတာကို ပိုပြီး လက်ခံနိုင်တယ်။ ငရုတ်သီးက စပ်ရမယ့်နေရာ မစပ်တာက ဖြစ်သင့်တာ မဖြစ်သင့်ပေမယ့် အစပ်ကြောက်ပြီး၊ ငရုတ်သီးအနံ့  ကြိုက်သူတွေအတွက် အသုံဝင်သေးတယ်လို့  ယူဆတယ်။

သရက်သီးအကြောင်းရေးတဲ့ ပိုစ့်မှာ ဒီနိုင်ငံမှာလည်း မရမ်းသီး အစိမ်း ၀ယ်လို့ ရတယ် လို့  တစ်ယောက်က လာပြောဖူးတယ်။ ဒါပေမယ့် မရမ်းသီးအစိမ်းက ရင့်ရင့်၊ အလုံးအကြီးကြီးတွေမှ စားလို့  ကောင်းတာ။ မရမ်းသီးပေါ်တဲ့ အချိန်ရောက်ပြီဆို လူကြုံရှိတာနဲ့  အမေက မရမ်းသီးစိမ်းတွေ ထည့်ပေးမှာ သေချာတယ်။ စောင့်လိုက်အုံးမယ်၊ ဘယ်တော့ စားရမလဲ မသိဘူး။ အိမ်က မရမ်းသီးပို့ ပေးတဲ့အခါမှ ပုံနှင့်တကွ ဒီမှာ မှတ်တမ်း တင်အုံးမယ်။ ငယ်တုန်း အချဉ်စား နိုင်တုန်း၊ စားခွင့်ရတုန်း စားရတာ၊ အသက်ကြီးလာရင် ဒီလိုအချဉ်အစပ်တွေကို စားချင်စိတ် ရှိချင်မှရှိတော့မှာ။

ရေးထားတာဖတ်ပြီး သွားရည်တွေကျသွားလား၊ သွားတွေကြိမ်းသွားကြလား၊ ဘာဖြစ်သွားကြမလဲ မသိဘူး။ သည်းခံပါ။ အလုပ်လုပ်ရင်း ခေါင်းရှုပ်လာလို့  စားချင်တာတွေ ရေးလိုက်တယ်။ ခုတလော ခေါင်းရှုပ် စရာတွေ ကြုံလာရင်၊ အပြောင်းအလဲအနေနဲ့  အစားအသောက် အကြောင်းကိုပဲ စိတ်ဝင်စား၊ တွေးမိတယ်။ ရေးချင်တာတွေရေး ပြီး မလုပ်ချင်ပဲ လုပ်ရမယ့်ဟာတွေ ဆက်လုပ်လိုက်အုံးမယ်။

8 comments:

လွမ်းသုရင် said...

စားချင်တယ်း)

Unknown said...

မရန်းချိုသီး ကို စပ်စပ် ကလေးသုပ်စားရင် သိပ်ကောင်းတယ်။ ပြောနေရင်းတောင် သုပ်ကျွေးတဲ့ သူငယ်ချင်းနဲ့ မရမ်းချိုသီး သုပ်ကိုသတိရလိုက်တာ။

ThuHninSee said...

ဘာလိုလုပ်စားစား..ကြိုက်ပါတယ်။
ကျောက်ပွင့်နဲ့ရောသုပ်သုပ်၊ ငါးပိနဲ့ပဲထောင်းထောင်း၊
ငါးခူနဲ့ပဲဆီပြန်ဖြစ်ဖြစ်၊ အခြောက်ခံပြီး ငါးနှပ်လေးနဲ့ ဟင်းချိုချက်ချက်၊
ငန်ပြာရည်လေးနဲ့ပဲတို့တို့... အကုန်ကောင်း။
နေနေ့လိုပဲ လုပ်စားလဲ ကြိုက်ပါတယ်။

khin oo may said...

Peninsular မှာတွေ့ခဲ့တယ်။ သွားကျိမ်းလိုက်တာ။ စားချင်ပါဘူး။

:P said...

ကြိုက်တယ်...။ လူမိုက်မို့လို့လားမသိ.. အချဉ်မှန်သမျှ အကုန်ကြိုက်....(ကိုယ့်ကိုယ်ကိုယ်ပြောတာပါ...)။
အစားအသောက် အကြောင်းကတော့ ရေးသာရေးပါ...။
"အရသာရှိသောစာ" ဆိုတာ အဲဒါပဲ...ဟိ...။
စကားမစပ်.. မြန်မာပြည်က အာလူးကြော် မကြေတာ စားရပါပြီ။ N2 ဆီက ဓါးပြ မတိုက်တော့ပါ။

Anonymous said...

ပဲဟင်းလေးနဲ့စားလိုက်ရရင်ဇိမ်ပဲဗျာ။

မီယာ said...

သွားရေကျသွားပြန်ပြီ။ ရန်ကုန်ပြန်တိုင်း မရမ်းသီးပေါ်ချိန်နဲ့မတိုးလို့ မစားရတာတောင် ကြာသွားပြီ။ ကိုယ့်ဘာသာ မလုပ်တတ်တော့ ပလပ်စတစ် ထုပ်ထဲက မရမ်းသီးနဲ့ ငရုတ်သီးမှုန့်ကိုပဲ တရှိုက်မက်မက် စားတာပဲ

Nay Nay Naing said...

အချဉ်ကြိုက် လူမိုက်တဲ့။ လိမ္မာတာ တစ်ယောက်တည်း။ ကိုယ့်လိုပဲ မိုက်တဲ့သူကတော့ အတော်များသားပဲ။ :-)

ဆင်ဒဏ်လာ .. ဟိုနေ့ ကတင် အိမ်က အာလူးကြော်ပို့ တာ ရတယ်။ ဓားပြမတိုက်တော့ဘူးဆို အကုန်စားလိုက်တော့မယ်။