မဲသွားပေးရင်း မြန်မာသံရုံးမှာ တွေ့ ကြုံခဲ့ရတာတွေကို ရေးထားတာ ရှိတယ်။ စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် ၊ အချိန်တွေ ပိုနေလို့ ပဲ ဖြစ်ဖြစ်၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် ဖတ်ကြည့်ချင်တယ်ဆို ဒီအောက်က လင့်ကို နှိပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်။
ပထမတော့ စာရွက်လေးမှာ နာမည်နဲ့  passport နံပါတ်ပေးလိုက်၊ ကိုယ့်နာမည် ခေါ်တဲ့အခါမှ သွားပြီး မဲပေးလို့  ရတယ် ဆိုလို့  စာရွက်မှာ ဖြည့်ပေးပြီးနောက် လမ်းတစ်ဖက်မှာ ရပ်စောင့်နေလိုက်တယ်။ နောက်တော့ အကြောင်းကြားစာ မပါတဲ့ သူတွေ သံရုံးဝင်ပေါက် သေးသေးလေးနားက ကြောင်လျှာသီးနဲ့  လူတွေကို ကိုယ့်ရဲ့ passport နဲ့  အခွန်စာရွက် ပြလိုက်ရင် သူတို့ က စစ်ပြီး ၀င်ခွင့်ပေးတယ်ဆိုတာ သိလိုက်ရလို့  လူတွေကြားထဲ ၀င်တန်းစီ နေလိုက်တယ်။
သံရုံးရှေ့  တန်းစီနေတုန်း နေ့ လယ် ၁၂ လောက်မှာ အနောက်က လူတွေပြေးလွှားသွားတဲ့ အသံတွေကြားလို့  လှည့်ကြည့်လိုက်တော့ NO တံဆိပ်ပါတဲ့ အင်္ကျီအနီတွေ ဝေတာလို့  သိလိုက် ရတယ်။ အင်္ကျီရသွားယူသူ တချို့  လည်း ချက်ချင်းပဲ အဲ့ဒီအင်္ကျီတွေကို အပေါ်ကထပ် ၀တ်လိုက်တာ တွေ့ လိုက်ရတယ်။ ကျွန်မကတော့ လူတွေ အကြားရောက်နေတာ နဲ့  သွားမယူဖြစ်ဘူး။ သိပ်မကြာပါဘူး... သံရုံးအတွင်းက ခပ်ပိန်ပိန် လူကြီးတစ်ယောက် ထွက်လာပြီး ထိုင်ခုံတစ်လုံးယူ သံတံခါးနားချ၊ ထိုင်ခုံပေါ် တက်လိုက်ပြီး အနီရောင်ဝတ်ထားတဲ့ သူတွေ ရှိနေရင် သံရုံးက ဆက်ပြီး အလုပ်မလုပ်ပါဘူး ပြန်ကြပါလို့  ပြောတယ်။ ပြောပြီးတာနဲ့  ချက်ချင်း ပြန်ဝင်သွားရော.. သူပြန်ဝင်သွားတာနဲ့  တပြိုက်နက် သံတံခါးနားမှာ passport စစ်ပြီး ၀င်ခွင့်ပေးနေသူ ကြောင်လျှာသီးနဲ့  သံရုံး ၀န်ထမ်းတွေလည်း သံတံခါးကို သော့ခတ်ပြီး အထဲ ပြန်ဝင်သွားကြတယ်။ အဲ့ဒီအချိန်မှာ ကျွန်မ အရှေ့ မှာ သံတံခါးပြီးရင် လူတစ်ယောက်ပဲ ကျန်တော့တယ်။ အချိန်က နေ့ လယ် ၁၂ နာရီ ကျော်ကျော် ရှိမယ် ထင်ပါတယ်။
တံခါးနားရောက်ပြီးမှတော့ လှည့်မပြန်နိုင်ဘူးလို့  ကိုယ့်ကိုကိုယ် အားပေးလိုက်ပြီး ဖွင့်တဲ့အထိ စောင့်ဖို့  ဆုံးဖြတ်ပြီး တခြားသူတွေနဲ့ အတူ ရပ်နေလိုက်တယ်။ အဲ့ဒီတုန်းက ကျွန်မနားက ရပ်နေတဲ့သူတွေထဲမှာ နှစ်ယောက်ပဲ ဆက်မစောင့်ပဲ ထွက်သွားတာ တွေ့ ရတယ်။ ကျန်တဲ့သူတွေက မဲမေးခွင့် ရတဲ့ အထိ စိတ်ရှည်လက်ရှည် စောင့်ခဲ့ကြပါတယ်။ ရာသီဥတုက ပူလိုက်တာလဲ မပြောပါနဲ့ တော့။ သံရုံးတံခါးမှာ ကပ်ထားတဲ့ စာရွက်တွေကြောင့် လေကလဲ မရ။ လူက မူးနောက်နောက် ဖြစ်လာတယ်။ နောက်ပိုင်းမှာ ကျွန်မရှေ့  မှာရှိနေတဲ့ သူက သံရုံးတံခါးမှာ ကပ်ထားတဲ့ စာရွက်ကို ခေါက်တင်လိုက်မှ လေနည်းနည်းရလို့  နေသာတော့တယ်။ ကျွန်မတို့  အပြင်ဘက် နေပူထဲမှာ ရပ်စောင့်နေတုန်း သံရုံးထဲမှာ သံရုံးဝန်ထမ်းတွေ လမ်းလျှောက်ရင်း ဆေးလိပ်လေး သောက်လိုက်ကြ၊ ထိုင်ခုံလေးတွေမှာ ထိုင်လိုက်ကြ၊ စကားတွေ ပြောလိုက်၊ ကျွန်မတို့ ကိုကြည့်ပြီး ရယ်လိုက် လုပ်နေတာကို တွေ့ နေရတယ်။
အဲလို ရပ်နေရင်း မှတ်မှတ်ရရ ရယ်စရာတစ်ခု ကြုံလိုက်ရသေးတယ်။ ကျွန်မတို့  အရှေ့  သံရုံးတံခါးမှာ သံရုံး ပတ်ဝန်းကျင်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ မရိုက်ဖို့  ရေးပြီး ကပ်ထားတဲ့ စာရွက်တစ်ခုရှိတယ်။ ကျွန်မ အရင် တန်းစီနေထဲက သံရုံးရဲ့ ပြတင်းပေါက်တစ်ခုမှာ camera တစ်ခု ကို ထောက်တိုင်နဲ့ ချပြီး သံရုံးဝင်ပေါက်ကို ချိန်ပြီး video ရိုက်နေတာ တွေ့ ပါတယ်။ ဒီ camera ကိုတော့ သံရုံး ပြတင်းပေါက်ကို မော့ကြည့်မိသူတိုင်း တွေ့  မှာပါ။ အခုလို သံရုံးက အလုပ်လုပ်တာ ရပ်သွားတဲ့အချိန်မှာတော့ အဲ့ဒီ camera ကို ပြန်ဖယ်သွားတာကို သတိထားလိုက်မိတယ်။ ဒါပေမယ့် camera လေးတစ်ခုနဲ့  ဆက်ရိုက်နေတယ်။ အခုတစ်ခါက ပေါ်တင်ရိုက်တာ မဟုတ်ဘူး၊ ခိုးကြောင်ခိုးဝှက်နဲ့  ရိုက်တာ။ နောက်က လူကို မမြင်ရဘူး။ ပြူတင်းပေါက်အကွယ်မှာ လူက ထိုင်နေပြီး camera လေးပဲ အပေါ်ထုတ်ပြီး ရိုက်နေတာ။ ကျွန်မ ဘေးမှ ရပ်နေတဲ့ ကောင်လေး တစ်ယောက်က ဟာ... ဟိုမှာ ရိုက်နေပြီ ရိုက်နေပြီ.. ဒါမျိုးမရဘူး.. ငါတို့ လည်း ပြန်ရိုက်မယ်ဆိုပြီး သူ့ ရဲ့ ဖုန်းကို ထုတ်ပြီး ဓာတ်ပုံပြန်ရိုက်တယ်။ အဲ့လို ရိုက်လိုက်တာနဲ့  ခုနက မြင်နေရတဲ့ camera လေးပျောက်သွားတယ်။ ခနနေတော့ ပြန်ပေါ်လာပြန်ရော.. ဟာ.. ဟိုမှာ ပေါ်လာပြန်ပြီ.. ရိုက်ဟ ရိုက်ဟဆိုပြီး ရပ်နေတဲ့သူတွေ ထဲက လူတချို့  phone တွေ ထုတ်ချိန်လိုက်ကြတာနဲ့  တပြိုက်နက် အဲ့ဒီ camera လေး ပျောက်သွားပြန်ရော.. အဲဒီလို ဖြစ်တာ ခန ခနပဲ.. သူက ပေါ်လလိုက် ကိုယ်တွေက ၀ိုင်းချိန်လိုက်နဲ့ … ရယ်လိုက်ရတာ မပြောပါနဲ့ တော့.. ဒါနဲ့  အဲဒီ သံရုံးထဲက camera ကိုင်ပြီး ရိုက်သူရဲ့ လက်မှာ ၀တ်ထားတဲ့ လက်စွပ်ကြီးက အကြီးကြီးပဲဆိုတာကို ကျွန်မ မြင်လိုက်၊ သတိထားမိလိုက်ပါတယ်။ :P
ကျွန်မတို့  တန်းစီနေတုန်း အနောက်က အနီရောင်ဝတ်ထားတဲ့ မျိုးချစ်မြန်မာအဖွဲ့ မှ သူတွေ ရေဘူးတွေ နဲ့  သကြားလုံးတွေကို လက်ဆင့်ကမ်း ဝေပေးလို့  စားလိုက်ရပါသေးတယ်။ ကျေးဇူး အထူးတင်ပါတယ်။ ရာသီဥတုကပူ၊ မနက်ထဲက ဘာမှလည်း မစားရသေးလို့  လူက လဲမကျအောင် မနဲ ထိန်းထားရတဲ့ အချိန်မှာ အဲ့ဒီရေဘူးနဲ့  သကြားလုံးတွေကြောင့်သာ ဆက်ပြီး တန်းစီနေနိုင်ခဲ့တာပါ။
တံခါးပိတ်သွားပြီးနောက် တစ်နာရီလောက်အကြာ နေ့ လယ် ၁နာရီ ကျော်မှ ခုနက ပိန်ပိန်ညှောင်ညှောင်နဲ့  လူကြီးပဲ ပြန်ထွက်လာပြီး ကျွန်မတို့ ကို ပြောပါတယ်။ ဒီက လူတွေကိုတော့ အားနာပါတယ်။ နောက်က အနီရောင် ၀တ်ထားတဲ့သူတွေ ရှိနေသမျှ သူတို့ က အလုပ်လုပ်မှာ မဟုတ်ပါဘူး။ အနောက်က လူတွေကို ပြန်ခိုင်းလိုက်ပါတဲ့။ ကျွန်မတို့ နားက ကောင်လေးတစ်ယောက်က စပြန်ပြောတယ်။ အခု ဒီနားမှာ ရှိနေသူတွေမှာ အနီရောင်ဝတ်ထားတာ တစ်ယောက်မှ မပါဘူး။ ဒီတော့ ကျွန်တော်တို့ ကို vote လုပ်ခွင့်ပေးပါ။ အနီရောင် ၀တ်ထားသူတွေကို ပြန်ခိုင်းဖို့ ဆိုတာ မဖြစ်နိုင်တဲ့အတွက် သံရုံးထဲ ၀င်တဲ့အခါမှာ အနီရောင် အင်္ကျီတွေ ချွတ်ခိုင်းချင် ချွတ်ခိုင်း၊ တခြားသူတွေကိုတော့ vote လုပ်ခွင့်ပေးသင့်တယ် ဆိုပြီး အားလုံးက ၀ိုင်းပြောလိုက်ကြတဲ့ အခါ အဲ့ဒီလူကြီး ချက်ချင်းပဲ အထဲ ပြန်ဝင်သွားပါတယ်။ ထွက်မလာတော့ဘူး။
အဲဒီလူကြီးခင်ဗျာ စကားသာ လာပြောတာ၊ သံရုံးတံခါးနားတော့ မကပ်ရဲဖူး။ နောက်က ကျားလိုက်တဲ့ အတိုင်း သူပြောချင်တာတွေ မြန်မြန်ပြောပြီး ပြန်ပြန်ဝင်သွားရရှာတယ်။ ဘေးမှာ အတူရပ်နေတဲ့သူ တစ်ယောက်ကတောင် နောက်နေတယ်။အဲဒီလူကြီး သူပြောချင်တာ ပြောပြီး ပြန်ပြန်ဝင်သွားတာ၊ ကိုယ်တွေမှာ ဘာမှပြောခွင့်မရဘူး။ နောက်တစ်ခါ ငါတို့ ပြောချင်တာ ပြောရအောင် ဒီလူကြီးထွက်လာရင် လက်အရင် လှမ်းဆွဲထားလိုက်ရင် ကောင်းမလားတဲ့။ စိတ်ထင်တော့ လာပြောလိုက်၊ အထဲမှာ အစည်းအဝေး၊ ဒါမှ မဟုတ် မြန်မာပြည်ကို ဖုန်းခေါ်ပြီး အစီရင်ခံနေရတယ် ထင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကျွန်မတို့တိုင်းပြည်က ဆက်သွယ်ရေးကလည်း အရမ်းကောင်းဆိုတော့ လူကြီးမင်းနဲ့ ပဲ တွေ့ တွေ့ နေသလား မသိပါဘူး.. တစ်ခါနဲ့  တစ်ခါ ၁ နာရီလောက် ကြာနေတာ ဖြစ်မယ့်လို့  အနားမှာ ရှိနေတဲ့ လူတွေနဲ့  တောင် နောက်ပြီး ပြောနေမိးတယ်။ တကယ်ဆို အဲ့ဒီတုန်းက ကျွန်မနားမှာ ရပ်နေတဲ့သူတွေကို ကျွန်မ အရင်က မသိပါဘူး။ သူတို့ လည်း ကျွန်မကို သိမယ် မထင်။ ဒါပေမယ့် မြန်မာတွေ ဖြစ်တဲ့အပြင် အားလုံးမှာ တူညီတဲ့ ခံစားချက် တစ်ခုရှိနေတော့ စကားပြောလို့ ရပြီး၊ အားလုံးရဲ့ လေသံတွေက တလေသံထဲ ထွက်လာကြတာလို့  ထင်ပါတယ်။
တကယ်ပါပဲ .. နောက်တစ်နာရီလောက်အကြာမှာ တစ်ခါပြန်ထွက်လာတယ်။ ဒီတစ်ခါတော့ အနီရောင် ၀တ်ထားတဲ့သူတွေ နဲ့ စကားပြောချင်တယ်၊ ခေါ်ပေးပါတဲ့။ ဘေးကလူတွေလဲ အနီရောင် ထဲက တာဝန်ရှိသူ တစ်ယောက် အမြန်လာပါ၊ ဒီမှာ သံရုံးက လူကစကားပြော ချင်တယ်ဆိုပြီး အော်ပေးကြတာကို မစောင့်နိုင်တဲ့ပုံနဲ့  .. ကျွန်မတို့  နောက်၊ ဘေးဘက်ကျကျ အုတ်ခုံပေါ်မှာ ကောင်လေးတစ်ယောက်(အတော်ငယ် အုံးမယ်ပုံပဲ အလွန်ဆုံးရှိ ၁၉-၂၀ ပေါ့) ကို ပြပြီး အဲ့ဒီတစ်ယောက်နဲ့ စကားပြောလို့ ရတယ်။ သူအနီရောင် ၀တ်ထားတယ်၊ ခေါ်ပေးတဲ့။ ဘယ်ဖြစ်မလဲ။ တကယ်ဆို တာဝန်ရှိသူ၊ ခေါင်းဆောင် နဲ့ စကားပြောမယ် ဆိုတာမျိုးဖြစ်ရမှာ။ ခုတော့ နိုင်လို့ ရတဲ့ သူမျိုးနဲ့ မှ ပြောမယ် လုပ်နေတာမျိုးကြီး။ နောက်တော့ အနီရောင်ဝတ်ထားတဲ့သူတွေ ထဲက တစ်ယောက် ရှေ့ ကို တိုးဝင်လာလို့ ကျွန်မတို့ လည်း ဘေးနည်းနည် ဖယ်ပေးလိုက်တယ်။ သူတို့ နဲ့ အတူ သတင်းစာတိုက်က ဓာတ်ပုံရိုက်ဖို့ တစ်ယောက်ပါ ပါတယ်။ သံရုံးက လူက အနီရောင် အင်္ကျီတွေ ချွတ်ခိုင်းပါ၊ ဦးထုတ်တွေ ချွတ်ပါ။ ပြန်ကြပါ။ မပြန်ရင် သံရုံးကို ဆက်ပိတ်ထားတယ်၊ ၉၉၉ ဖုန်းဆက်မယ်၊ ရဲခေါ်မယ်။ သူတို့  ရဲကို အကြောင်းကြားပြီး ရဲနဲ့ သဘောတူညီမှု့ ရပြီးသား ဘာညာဆိုပြီး ပြောတယ်။ ဒီမျိုးချစ်မြန်မာအဖွဲ့က တစ်ယောက်ကလည်း ရဲခေါ်ချင် ခေါ်ပါ၊ သူတို့ လည်း ရဲတွေနဲ့ ဆွေးနွေးပြီးသားပါ၊ အနီရောင်တွေဝတ်တာ တရားဥပဒေကို ချိုးဖောက်တာ မဟုတ်ဘူး။ အချွတ်နိုင်ဘူး.. ကိုယ့်ကြိုက်တဲ့ အင်္ကျီကိုယ် လွတ်လွတ်လပ်လပ် ၀တ်ခွင့်ရှိတယ်...ဘာညာ ပြန်ပြောတယ်။။ အသေးစိတ်တော့ မမှတ်မိဘူး။ သူတို့တွေတော့ recording လုပ်တာတွေ တွေ့ရလို့ အင်တာနက် တစ်နေရာမှာ အဲ့ဒီစကားတွေရှိမယ် ထင်တယ်။ အသေးစိတ်သိချင်ရင် လိုက်ရှာနားထောင် ကြပါ။ အဲ့လို ပြောနေတဲ့အချိန်မှာ ဟိုဓာတ်ပုံဆရာမကလည်း တဖြတ်ဖြတ်နဲ့ ရိုက်နေတာပေါ့။ သံရုံးလူကြီးက ဓာတ်ပုံမှာ သူ့ မျက်နှာကြီး ပါမှာစိုးလို့ လား မသိဘူး လက်ကြီးတကာကာနဲ့ ။ ဘေးကကြည့်ရင်း ရီချင်လာတယ်။ နောက်တော့ သံရုံးထဲက လူကြီးက သူလိုချင်တဲ့ အဖြေတစ်ခု ရအောင် မေးတယ်။ သူ့ မှာလည်း များများ ပြောခွင့်မရှိဘူး ထင်ပါတယ်။ ဒီဘက်က စကားတွေ ဆက်ပြောနေတော့ သူမှာ နားမထောင်နိုင်တော့ပဲ တံခါးနားကနေ အထဲကို ပြန်ပြေးသွားပြီး သံရုံးအကွေ့ နားရောက်မှ မင်းတို့ အနီရောင်တွေ ချွတ်မလား၊ ပြန်မလား၊ ရဲခေါ်ရမလား၊ ဒါပဲ သိချင်တယ်လို့  လှည့်မေးတယ်။ မျိုးချစ်မြန်မာကလူကလည်း ပြန်ပြောတယ်။ မချွတ်ဘူး၊ မပြန်ဘူး ဆိုတာမျိုးပြန်ပြောလိုက်ရော.. ဒါဆို ရပြီဆိုတာ မျိုးပြန်ပြောရင်း အထဲကို ပြေးဝင်သွားတယ်။ နောက်တော့ မျိုးချစ်မြန်မာက ပုဂ္ဂိုလ်က ဘယ်သတင်းစာတိုက်ကမှန်း မသိတဲ့ (သူတို့ တော့ သိမှာပေါ့၊ ကျွန်မ မသိတာကို ပြောတာပါ) သတင်းထောက်အမျိုးသမီးကို အခု လက်ရှိ အခြေအနေတွေကို ရှင်းပြနေတာ တွေ့လိုက်ရတယ်။ ဒီလိုနဲ့ ကျွန်မတို့လည်း ဆက်စောင့် နေလိုက်ကြတယ်။ အချိန်က ၂ နာရီကျော်လို့  ၃ နာရီ ထိုးခါနီးပြီ။
ကိုယ်တိုင် မမြင်ရပေမယ့် အနောက်မှာ လူစုပြီး စီးတီးဟော က တဆင့် ကားတွေနဲ့ လာတဲ့ သူတွေ ရောက်နေပြီ် ဆိုတာ အသံတွေအရ သိလိုက်ရတယ်။ ဒီတစ်နေရာတည်းမှာ မလုပ်မရှား ရပ်စောင့်နေရတာလဲ ၃ နာရီ လောက်ရှိနေပြီ ဆိုတော့ လူတွေလည်း ညောင်းနေကြပြီ။ အဲ့ဒီအချိန်မှာ နောက်ပိုင်းကနေ အားလုံးထိုင်ပြီး စောင့်ကြမယ်ဆိုတဲ့ အသံတွေ ထွက်လာပြီး လူတွေ ရပ်နေရာက ထိုင်လိုက်ကြတယ်။ ကျွန်မလည်း အားလုံးနဲ့  တူတူ ထိုင်လိုက်တယ်။ အဲ့ဒီအချိန်မှာ ကျွန်မ ဘေးက လူတစ်ယောက် သံတံခါးကို ကိုင်ပြီး မထိုင်ပဲနေတာကို တွေ့ ရတယ်။ သူနားက သူ့ မိန်းမက ထိုင်ဖို့ ပြောနေတာ ကြားတယ်။ အားလုံးကြားမှာ တစ်ယောက်တည်း ကြောင်တောင်တောင်ကြီး ရပ်လို့၊ ယောက်ျားကြီးဆိုတော့ ကျွန်မနားက ဗိုက်ကြီးသည် မမလို မထိုင်နိုင်လို့  မထိုင်တာမျိုး မဟုတ်ပဲ တမင် မတ်တပ်ရပ်တာမျိုး သာ ဖြစ်မယ် ထင်ပါတယ်။ ဒီလို တစ်ခုခုဆို မြန်မာတွေ အားလုံး စည်းလုံးမှု့ ရှိကြောင်း ပြရမယ့် အချိန်မှာ ဒီလို လူ့ ဂွစာတွေက ရှိနေပါလား သတိထားမိ လိုက်တယ်။ သာမန်ဆို ကျွန်မလည်း ထိုင်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ လိုတယ်ထင်လို့  အများနည်းတူ ထိုင်လိုက်တယ်။
ကျွန်မတို့  ထိုင်ပြီး သိပ်မကြာပါဘူး သံရုံးထဲက ကြောင်လျှာသီးနဲ့  လူတွေ ပြန်ထွက်လာတယ်။ မျိုးချစ်မြန်မာ အုပ်စုကလည်း နောက်ဆုတ်မှာ မဟုတ်မှန်း၊ အဲ့ဒီလူတွေကို ဒီနိုင်ငံဥပဒေအရ ဘာမှ လုပ်လို့ မရမှန်း၊ သူတို့  အလုပ်မလုပ်ပဲ တံခါးပိတ်ပြီး နေရင် သူတို့အလွန်ဆိုတာ ပိုထင်ရှားသွားမယ်ဆိုတာ သိသွားလို့  ထင်ပါတယ် သံတခါးကို ဖွင့်ပြီး လူတွေခေါ်သွင်း မဲပေးခွင့်ပြန်ပေးတယ်။ သူတို့ ထွက်လာသလို အပေါ်က ထောက်တိုင်နဲ့  camera လည်း ပြန်ပေါ်လာတယ်။ ခိုးရိုက်ဖို့ လူမအားတော့ဘူး ထင်ပါတယ်။ အစဉ်လိုက်ခေါ်တာ မဟုတ်ပဲ ထိုးပေးတဲ့ passport တွေကို ကြည့်ပြီး ခေါ်နေတာမျိုးပါ။ အဲ့ဒီအချိန်က ကျွန်မ ရှေ့ မှာ ရပ်နေတာ တစ်ယောက်ပဲ ရှိပေမယ့် ကျွန်မ အနောက်က ဗိုက်ကြီသည် မမ နှစ်ယောက် စောင့်ရတာ ကြာလို့ သူတို့ ကို အရင် ရှေ့တိုးပြီး လုပ်ဖို့ ပြောလိုက်တယ်။ တချို့လူတွေများ မတရားလိုက်တာ၊ ဒီလောက်ရှေ့က တန်းနေရတဲ့သူတွေကို အာမနာပါးမနာ၊ အတင်းကြီးပဲ တိုးပြီး သူတို့ passport တွေ ထိုးပေးကြတယ်။ မလုပ်သင့်ဘူး။ သူတို့ စောင့်နေခဲ့ရ သလို၊ သူတို့ ရှေ့ က တခြားသူတွေဟာလည်း သူတို့ ထက်တောင် စောရောက်ပြီး စောင့်နေခဲ့ကြတာပဲ။ ကိုယ့်နာမည်ခေါ်လို့  အရင်တိုးဝင်သွားတာ ကိစ္စမရှိပေမယ့်၊ နာမည်ခေါ်တာမျိုး မဟုတ်ရင် ရှေ့ ကလူတွေကို အရင် ဦးစားပေး လုပ်စေသင့်တယ်။ အတင်းတိုးတဲ့သူတွေက ယောက်ျားကြီးတွေ၊ နည်းတဲ့ လူကောင်ကြီးတွေ မဟုတ်ဖူး။ ကျွန်မလို လူတစ်ယောက် သူတို့ ကို ယှဉ်တိုးဖို့  ဆိုတာ မဖြစ်နိုင်ဘူးလေ။ အနောက်က တိုးလိုက်ကြတာ ကျွန်မမှာ သံတံခါးနဲ့  ကပ်ညပ်ပြီး အသက်ထွက်လု မတတ်ပါပဲ။ တဖြည်းဖြည်းနဲ့  ဘေးကိုလည်း ရောက်သွားတယ်။ ခုနက ရပ်စောင့်နေတုန်းက ကျွန်မဘေးမှာ ရှိနေတဲ့သူတွေ မဲပေးပြီးကြလို့  ထွက်သွားကြပြီ။ ဒီအတိုင်းဆို မဖြစ်ချေဘူးလို့ တွေမိတာနဲ့  တိုးလာသူတွေကို ပြန်တိုးရင်း နည်းနည်းလည်း စဉ်းစားကြပါအုံး ကျွန်မ ကိုယ်ခန္ဒာကို ဒီလောက်တိုးရသလား ဘာညာ အသံထွက် ထုတ်ပြောတော့မှပဲ ကျွန်မရဲ့ နောက်မှ ကပ်နေတဲ့ လူ၀၀ကြီးက နောက်ကလူတွေရဲ့ တွန်းအားကို သူ့  ကိုယ်ခန္ဓာကြီးနဲ့  အတင်းတောင့်ခံပေးထားလို့  နောက်ဆုံးမှာတော့ ကျွန်မရဲ့ passport နဲ့  အခွန်ပေးထားကြောင်းစာရွက်ကို သံရုံးထဲက လူလက်ထဲအရောက် လှမ်းပေးလိုက်နိုင်ပါတော့တယ်။
ပေးပြီးသိပ်မကြာဘူး ကျွန်မ နာမည်ခေါ်တာနဲ့  လူတွေအကြားတိုးပြီး သံရုံးတံခါးပေါက်လေးက တစ်ဆင့် မြန်မာသံရုံးထဲကို ခြေချခွင့်ရလိုက်တဲ့ အချိန်မှာ စိတ်ထဲ အတော်လေး ပျော်သွားတယ်။ သံရုံးကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပါတယ်။ တစ်ခါမှ ဒီလောက် မပျော်ဖူးခဲ့ဘူး။ သံရုံးဝင်းထဲရောက်မှပဲ အသက်ကောင်းကောင်း ရှူလို့  ရတော့တယ်။ သံရုံးဝန်ထမ်း ကြောင်လျှာသီးနဲ့ လူက ကျွန်မ passport ကို ကျွန်မဆီပြန်ပေးပြီး စကားတချို့ ပြောပေမယ့် သူ့ကို ကျွန်မ ဘာမှ ပြန်မပြောနိုင်ဘူး။ မောလွန်းလို့  ခဏ မတ်တပ်ရပ်၊ အသက်ရှူဝမှ ပြန်ပြောလို့ ရတယ်။ အိပ်တွေ၊ ဖုန်းတွေ အထဲမယူရဘူး ဆိုတာနဲ့  သူတို့  ထားခိုင်းတဲ့နေရာမှာ အိတ်ထားပြီး အထဲကို မဲပေးဖို့ ၀င်သွားလိုက်တယ်။ တကယ်ဆို မဲပေးတာ သိပ်မကြာပါဘူး။ ဒါပေမယ့် လူက အမောမပြေသေးတော့ လက်တွေက တုန်နေပြီး နာမည်တွေ၊ မိဘအမည်၊ လိပ်စာဖြည့်တာမှ ချက်ချင်း မဖြည့်နိုင်ဘူး။ အထဲကလူတွေက ကျွန်မကို ကြည့်ပြီး အမောဖြေဖို့ ပြောပါတယ်။ အထဲမှာလည်း ကြာကြာ မနေချင်တာနဲ့  သူတို့ မျက်နှာတွေလည်း မော့မကြည့်နိုင်တော့ဘူး ဖြည့်ခိုင်းတာတွေ မြန်မြန် ကြိုးစားပြီးဖြည့်၊ ပေးတဲ့ စာရွက်လေးယူ၊ လိုက်ကာ ကာထားတဲ့ အခန်းထဲဝင်လို့ ကိုယ်ပေးချင်တဲ့ မဲလေးဖြည့်ပြီးသကာလ စာအိပ်လေးထဲထည့်ပိတ်၊ အပြင်ပြန်ထွက်ပြီး အရှေ့ မှာ ချထားတဲ့ ပုံးနီနီတွေထဲကို ကိုယ့်ရဲ့ စာအိပ်လေး ထည့်လိုက်တယ်။ အဲ့လို ထည့်ပြီးနောက် လူက အတော်လေး ပေါ့ပါးသွား သလို ခံစားရတယ်။ ကိုယ်လုပ်ချင်တာ၊ ကိုယ်လုပ်နိုင်တာ တစ်ခု လုပ်လိုက်ပြီးပြီ၊ နောက်ပိုင်းကဟာတွေ နောက်မှ ဆက်တွေးမယ်လေ။ မဲထည့်တာ လောလော မောမော နဲ့  တချို့  လူတွေလို ကိုယ်ဖြည့်လိုက်တဲ့ မဲလေးကို အမှတ်တရ ဓာတ်ပုံရိုက်ဖို့ တောင် မစဉ်းစားမိဘူး။ ဒါနဲ့  အမှန်လား၊ အမှားလား ကျွန်မ ဘာဖြည့်ခဲ့လဲ မမေးနဲ့ ။ လုံးဝ ပြောမပြဘူး။ :D
သံရုံးထဲက မဲပေးပြီးပြန်အထွက် အပြင်ကလူအုပ်ကြီးကို တွေ့တော့ ဒီလူတွေအကြား ပြန်တိုးရမှာပါလားဆိုပြီး လန့်သွားတယ်။ မတတ်နိုင်ဘူး ဒီထဲမှာ မထွက်ပဲ နေဖို့ဆိုတာကလည်း မဖြစ်၊ ဗိုက်ကလည်း အရမ်းဆာနေတော့ ရှိသမျှ လူတွေကို ပါးစပ်ကလည်းပြော၊ လူလည်းအတင်းတိုးပြီး ပြန်ထွက်ရတော့တာပဲ။ အပြင်ရောက်ရောက်ချင်း ရဲရဲတောက်နေတဲ့ လူတွေကို တွေ့ လိုက်ရတဲ့ တစ်ခဏ အတော် အံ့သြသွားတယ်။ ဒီလောက် တောင် အများကြီး ရောက်နေကြမယ် ထင်မထားဘူး။ ကျွန်မ သိတဲ့ မျက်နှာတစ်ချို့ ကိုလည်းတွေ့ လိုက်ရတယ်။ ကိုယ်လုပ်နိုင်မျှ လုပ်ပေးဖို့ လာကြသူတွေရဲ့ စည်းလုံးမှု့ကို တွေ့ ရတာ ၀မ်းသာပါတယ်။ နေပူပူနေရောင်အောင်မှာ အနီရောင် အင်္ကျီတွေဝတ်ပြီး မဲပေးဖို့  စနစ်တကျ တန်းစီနေကြသူတွေ။ လေးစားပါတယ်။ NO ဆိုတဲ့ အနီရောင် အင်္ကျီတွေ ၀တ်ထားတဲ့ သူတွေရဲ့ မဲက ဘာပဲဖြစ်မယ်ဆိုတာ သိသာနေပေမယ့် အနီရောင်အင်္ကျီတွေ ၀တ်ဆင် မထားတဲ့ သူတွေရဲ့ မဲကရော ဘာဖြစ်မယ် ထင်သလဲ။ ပြည်သူလူထုရဲ့ ဆန္ဒကို ရယူဖို့  တရားနည်းလမ်းကျကျ မဲဆန္ဒပေးစေတယ် ဘယ်လောက်ပဲ ပြောနေနေ ကန့် ကွက်မဲတွေကို ထောက်ခံမဲဖြစ်အောင် ပြောင်းပြီး လုပ်ချင်ရာ လုပ်နိုင်တဲ့၊ လုပ်ဖို့ များတဲ့ ဒီလို သိက္ခာမရှိသော စစ်အစိုးရ အကြောင်း သိနေပြီးသား ဖြစ်တဲ့ မြန်မာနိုင်ငံသားတွေဟာ ထောက်ခံမဲပေးဖို့ အတွက်တော့ အပင်ပန်းခံပြီး သံရုံးကို လာကြမယ် မထင်မိဘူး။
နောက်တော့ မနက်စောစောထဲက မဲအရင်ပေးပြီးကြပေမယ့် ကျွန်မ မဲပေးအပြီးကို တမင်စောင့်နေကြတဲ့ သူငယ်ချင်းတွေကို ပြန်ရှာပြီး၊ သူတို့ နဲ့ အတူ ဓာတ်ပုံတွေရိုက်၊ လူတန်းကြီးကို အစအဆုံး ၂ ခေါက်လောက် ပြန်ကြည့်ရင်း တွေ့ တဲ့ အသိတချို့ နဲ့  ခန ရပ်စကားပြောပြီးနောက် ကျွန်မတို့  ပြန်လာခဲ့ပါတယ်။ မြန်မာသံရုံးရှိရာ နေရာက ထွက်လာတဲ့ အချိန်မှာ ညနေ ၄ နာရီလောက်ရှိပြီ။
ဗိုက်လည်း အရမ်းဆာနေတာကြောင့် city hall မှာ ထမင်းသွားစားဖြစ်တယ်။ သူငယ်ချင်းတစ်ယောက်က starhub မှာ ဖုန်းဝယ်ဖို့  သွားကြည့်ချင်တယ် ပြောတာနဲ့  ခနသွားကြည့် ဖြစ်သေးတယ်။ အဲ့ဒီကြားတဲ့ သူငယ်ချင်းတစ်ယောက်က သံရုံးရှေ့ မှာ တန်းစီနေတဲ့ သူတွေထဲက သူ့ အသိတစ်ယောက်ကို ဖုန်းဆက်ပြီး အခြေအနေကို မေးကြည့်ဖြစ်တယ်။ အဲဒီလူ အပြောအရ သိရတာကတော့ မြန်မာသံရုံးက အလုပ်လုပ်တာ အရမ်းကြာတဲ့ အတွက်၊ လူနည်းနည်းလေးပဲ မဲပေးခွင့်ရလို့  အခု အချိန်မှာ တန်းစီမနေကြတော့ပဲ အင်အားပြတဲ့ အနေနဲ့  သံရုံးရှေ့ ကို လူတွေ အားလုံး စုပြီး ရောက်နေကြပြီလို့  နောက်ဆုံး သိလိုက်ရပါတယ်။
Starhub မှာ မေးစရာရှိတာတွေ သွားမေးပြီးလို့  သူငယ်ချင်းတွေ ရုပ်ရှင်သွားကြည့်ကြမယ်ဆိုတဲ့ အချိန်မှာ ကျွန်မ သူတို့ နောက်ကို မလိုက်နိုင်တော့ဘူး။ သွားကြည့်မယ့် ရုပ်ရှင်ကလည်း သရဲကားတဲ့။ ချောက်ခြားဖို့ ကောင်းတဲ့ ရုပ်ရှင်တွေဆို ကြည့်လေ့လည်း မရှိ၊ တစ်နေကုန် နေပူပူထဲမှာ လူတွေအကြား တိုးဝှေ့ လာရတဲ့ အရှိန်တွေကြောင့် ခေါင်းလည်း ကိုက်လာပြီဖြစ်တာကြောင့် ကျွန်မ အိမ်ပဲ ပြန်လာခဲ့လိုက်တယ်။ ပြန်သင့်၊ နားသင့်ပြီလေ။ အိမ်ကို ရောက်တဲ့ အချိန်မှာ ည ၇ နာရီကျော်နေပြီ။ ဒါ ကျွန်မ ရဲ့ သံရုံးမှာ မဲသွားပေးခဲ့တဲ့ နေ့ ရဲ့ တစ်နေတာ အတွေ့  အကြုံ အကုန်နီးပါး ပါပဲ။
ပထမဆုံး မဲပေးခွင့်ရတဲ့ အတွေ့ အကြုံမို့  မှတ်ထားလိုက် ပါတယ်။ ဒါကတော့ ထမင်းစားပြီး သောက်ဖြစ်ခဲ့တဲ့ စတော်ဘယ်ရီ ဖျော်ရည်နဲ့  မျိုးချစ်မြန်မာ အဖွဲ့ က ဝေတဲ့ ဦးထုတ်နှစ်လုံးကို ကြည့်ရင်း ဓာတ်ပုံရိုက်ချင်စိတ် ပေါ်လာတာနဲ့  ရိုက်ဖြစ်လိုက်တဲ့ ဓာတ်ပုံပါ။ အဲ့ဒီနေ့ မှာ နောက်သတိထားမိတာ တစ်ခုက အော့ချက်လမ်းမ တလျှောက်မှာ ရှိတဲ့ ပိတောက်ပင်တွေမှာ ပိတောက်ပန်းတွေ ဝေနေအောင် ပွင့်နေတယ်။

Other Related Links:
♠ Conditional Referendum?? by TZA
“အောချာ့ဒ်က အနီရောင်လှိုင်းလုံး” By Ko Paw
5 comments:
ဟယ်.. ဖတ်ရတာနဲ့တင် မောလိုက်တာနေနေရယ်။
ဖြစ်မှဖြစ်ရလေ။ လူအုပ်အတိုးခံရတဲ့နေနေ့ပုံကို
မြင်ယောင်ကြည့်ရင်း ပြုးံမိသေးတယ်။ စိတ်မဆိုးနဲ့နော်။
ဘာပဲဖြစ်ဖြစ်.. ပေးဖြစ်အောင်ပေးနိုင်ခဲ့တဲ့အတွက်
ဂုဏ်ယူပါတယ်ရဲဘော်။
အဲဒီနေ.က ဘေးနားမှာ ခပ်သေးသေး အမျိုးသမီး၊
အိမ်ခဏ ခဏ ပြောင်းတယ်ဆိုတဲ. တစ်ယောက်လား
ဝမ်းသာပါတယ် ဆန္ဒမဲ ပေးခဲ.ရလို.။
မမွန်က အကြောင်းသိတွေဆိုတော့ ပြုံးမှာပေါ့ .. :P
သံရုံးရှေ့ မှာ စောင့်နေတဲ့ အချိန်တုန်းကတော့ အိမ်ခဏ ခဏ ပြောင်းဖြစ်တယ်လို့  မပြောမိဘူး။
ကျေးဇူး။ ဆန္ဒမဲ ပေးခဲ့ရလို့  အတော်လေး ၀မ်းသာနေတယ် :)
စကာင်္ပူမှာ ပေးလိုက်ရတဲ့မဲ ကို အားကျမိပါသေးတော့..
ကျနော်သာ အဲဒီမှာ ရှိခဲ့ရင် သိပ်ကို ပျော်မိမှာ..ခုတော့
စိတ်တိုတိုနဲ့ နိုးသာ ပေးလိုက်ရတယ် ဂျပန် နိုင်ငံရေးသမားတွေရဲ့ ပါးစပ်စည်းကမ်းမဲ့လိုက်ပုံများ စိတ်ပျက်မိပါရဲ့ ...့
ဂျပန်မှာ ဖြစ်သွားတာကတော့ အတော်လေး ဆိုးပါတယ်။ သတင်းတွေ၊ ပုံတွေကြည့်ပြီး စိတ်မကောင်းဘူး။
Post a Comment