Pages

July 12, 2010

အက်ဖ်အိုင်အက်ဖ်အေ အိပ်ပျက်ညများ နိဂုံး...

ဒီည အိပ်ရေး၀၀ အိပ်ရပါတော့မယ်။ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲတွေ အားလုံး ပြီးဆုံးလို့  အက်ဖ်အိုင်အက်ဖ်အေကြောင့် အိပ်ပျက်ရတဲ့ ညများလည်း နိဂုံးချုပ် တာတာ့ပြ နှုတ်ဆက်သွား ပါပြီ။

ပထမဆုံးအနေနဲ့  ... ၂၀၁၀ ကမ္ဘာဖလားပွဲစဉ် ပထမဆုံး တောင်အာဖရိက - မက္ကစီကို ကစလို့  နောက်ဆုံး ဗိုလ်လုပွဲ နယ်သာလန် - စပိန် အားလုံး ၆၄ ပွဲမှာ ပွဲ ၄၀ ကျော်ကို အလုပ်အကိုင်မပျက် ကြည့်ရှ့ အားပေး ဖြစ်ခဲ့တဲ့ မိမိကိုယ်မိမိ ချီးကျူး ဂုဏ်ပြုပါသည်။ :)) ပွဲတိုင်း မကြည့် ဖြစ်ပါဘူး။ အုပ်စုပတ်လည် ကန်တဲ့အချိန်က တချို့  အသင်းတွေ စိတ်မ၀င်စားလို့  အကုန် မကြည့်ဖြစ်ဘူး။ နောက်ပိုင်း အချိန်တူ နှစ်ပွဲ ကန်တာတွေမှာ တစ်ပွဲကြည့်ရင်း တခြားတစ်ပွဲကို Hightlight ဖတ်တာမျိုး လုပ်ခဲ့ရပါတယ်။ ဥပမာ ပြောရရင် ဂျွန် ၂၃ မှာ ကန်ခဲ့တဲ့ Slovenia vs England နဲ့  U.S.A vs Algeria။

အာဂျင်တီးနား၊ ဘရာဇီး ကွာတား အဆင့်မှာ ထွက်သွားရတာ စိတ်မကောင်း စရာပါ။ ဒီတစ်ခေါက် ကမ္ဘာဖလားမှာ အုပ်စုပတ်လည် ကန်တာတွေ ကြည့်ပြီးနောက်မှာ အာဂျင်တီးနား ကစားတာ ကြိုက်တယ်။ အာဂျင်တီးနား အသင်းကို အခုနှစ်ပွဲမှာ ဗိုလ်မစွဲတောင်မှ ဖိုင်နယ်အထိ ရောက်မှာပဲလို့်  ထင်ထားခဲ့တာ။ ကိုယ်တိုင်လည်း ၀င်ကန်နိုင်တာ မဟုတ်တော့ သူများတွေ အနိုင် မကန်နိုင်တာကို အပစ်မပြောသင့်ဘူး ထင်လို့  မပြောတော့ပါ။ ငယ်သံယောဇဉ် အစွဲ နဲ့ အားပေးခဲ့ရတဲ့ အင်္ဂလန် အသင်း စောစောစီးစီး ထွက်သွားရတာ အတွက်လည်း စိတ်မကောင်းပါဘူး။ ဘယ်အသင်း ကတော့ ရှုံးချင်ပါ့ မလဲလို့  ဖြေတွေးလေး တွေးရတယ်။ ပြောသာပြောရတာာ စိတ်ကတော့ သိပ်မကြည်ဘူး။

ဒီကမ္ဘာဖလားမှာ ဘောလုံးသမား တစ်ဦးချင်းစီထက် ပိုနာမည်ကြီး၊ လူစိတ်ဝင်စားမှု့ ခံရတာ Coach တွေလို့ ထင်တယ်။ အာဂျင်တီးနား နည်းပြ မာရာဒိုနာ။ အာဂျင်တီးနားကန်တဲ့ ပွဲဆို နည်းပြ မာရဒိုနာကိုပဲ ကမ်မရာတွေက ရိုက်ပြနေတော့တာပဲ။ မာရာဒိုနာ ငယ်နုစဉ်က ကစားခဲ့ပုံတွေကို ပြန်ကြည့်ဖြစ်တယ်။
Maradona - Live is life
Maradona "Life is Life" Amsterdam 2005
နာမည်ကြီးတာလည်း မဆန်းဘူး။ တခြားအရာတွေ အသာထား ဘောလုံးကစားရာမှာ မာရာဒိုနာဟာ ကမ္ဘာာအတော်ဆုံး ကစားသမားတစ်ယောက် ဆိုတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ဘူး။ တော်တော်ကြီးကို တော်တာပဲ။ ဒီနှစ် ၂၀၁၀ ကမ္ဘာဖလားမှာ သူနည်းပြလုပ်တဲ့ အာဂျင်တီးနာ အသင်းဗိုလ်စွဲခဲ့ရင် .... ဆိုပြီး မာရာဒိုနာပြောထားတဲ့ စကားကလည်းလည်း အတော်ကြီး လူစိတ်ဝင်စားကြတာကို။ အာဂျင်တီးနား နည်းပြမှ နာမည်ကြီးတာ မဟုတ်ပါဘူး။ ဂျာမနီ နည်းပြကလည်း မခေပါဘူး။ ဂျာမနီ နည်းပြ ရဲ့ လှုပ်ရှားမှု့  ကို Youtube မှာ ကြည့်ရင် သိနိုင်ပါတယ်။ Germany's Coach

မာရာဒိုနာ အားကျလို့  ပါရာဂွေး မယ် တစ်ယောက်ကတောင် ပါရာဂွေး အနိုင်ရခဲ့ရင် မာရာဒိုနာနည်းကို အတုယူ သူလည်း ဂုဏ်ပြုအုံးမယ် ဆိုလာပေတယ်။ နာမည်ကြီးချင်လို့ ပါတဲ့။ ပါရာဂွေးအသင်း ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်သွားတာတောင်မှ သူက ကြိုးစားမှု့ ကို ဂုဏ်ပြုတဲ့အနေနဲ့  ပြေးအုံးမှာဆို သတင်းကထွက်လာသေးတယ်။ ခုနောက်ဆုံးကတော့ ဓာတ်ပုံတွေ အရိုက်ခံတယ်ဆိုလား.. စိတ်ဝင်စားသူတွေ Google ကြပါ။ တခြားနိုင်ငံတွေက မော်ဒယ်တွေ ကလည်း အပြိုင်အဆိုင် ဘာဘာညာညာတွေ ပြောကြတော့ ... သြော်.. တို့ နိုင်ငံက ဘောလုံး အသင်းများ ဒီလိုအဆင့်တွေ ၀င်ပြိုင်ခွင့်ရခဲ့ ရင်လို့  ဘယ်မော်ဒယ် ဘယ်မင်းသမီးတွေ ကများ ဘာတွေလုပ်ပြမယ် ပြောမလဲ ဆိုပြီး တွေးမိသွားသေးတယ်။ မဟုတ်တဲ့နေရာဆို အတုခိုးက တယ်မြန်တယ် မဟုတ်လား။ ဒါနဲ့  ခေမီကိုရဲ့ ၀ါကာဝါကာ အကကလည်း မြန်မာတွေအကြား ရေပန်းစားနေရဲ့၊ အဲဒီသီချင်းကို မေခလာက မြန်မာစာသားသွင်း ဆိုတယ်လို့ လည်းကြားရတယ်။ နားမထောင် ဖူးသေးဘူး။ နားထောင်ကြည့်ချင် စိတ်လည်း မရှိပါဘူး။

(Credit to Ko Zaw)
Update: နားထောင်မိသွားတယ်.. ကိုယ်တစ်ယောက်တည်းတော့ အဖြစ်မခံဘူး.. သေချာပြောထားတယ်.. ဒီသီချင်း နားမထောင်ခင် သေချာစဉ်းစားပါ။ နားထောင်ပြီး စိတ်ပျက်သွားရင် တာဝန်မယူ...

အမယ် ဒါနဲ့ .. ဒီကမ္ဘာဖလားမှာ လူသားအားလုံးကို ကျော်ဖြတ် အကျော်ကြားဆုံး ဖြစ်သွားသူက အင်္ဂလန်မှာမွေး၊ ဂျာမနီက ငါးပြတိုက်ထဲ ရောက်နေတဲ့ ရေဘ၀ဲ တစ်ကောင်ပါပဲ။ ဘောလုံး စိတ်ဝင်စားသူတိုင်း ဒီရေဘ၀ဲ ပေါလ် ရဲ့ ဘောလုံးပွဲ အနိုင်အရှုံး ခန့် မှန်းချက်တွေ အကြောင်း မသိဘူး၊ မကြားမိဘူး၊ မဖတ်မိဘူး ဆိုတဲ့သူ ရှိမယ် မထင်ဘူး။ ခုတော့ Octopus oracle Paul ကို နောက်နောင် ဘောလုံးပွဲတွေမှာ ဘယ်သူနိုင်မယ်ဆိုတဲ့ မမှန်းခိုင်းတော့ ပါဘူး၊ ခလေးတွေကို ဖျော်ဖြေရင်းသာ အေးအေးဆေးဆေး အနားယူခိုင်း ပါပြီ ဆိုပြီး သတင်း တတ်လာတယ်။ အဲဒါ ကောင်းပါတယ်။ ခန့် မှန်းချက်တွေ မှန်လွန်းလို့  ရေဘ၀ဲဆို အရှင်ရရ၊ အကင်ရရ.. အချဉ်ပါပါ၊ မပါပါ ပါ.. ကိုက်စားချင်တဲ့သူတွေ သိပ်များနေပြီ မဟုတ်လား။ မှန်တိုင်းလည်း မကောင်းဘူးဆိုတဲ့ စကားက အလကားမှ မဟုတ်တာနော်။
မရှိရှိတာ စားလိုက်ရခြင်း သက်သေ..

ဒါနဲ့  ညက နောက်ဆုံးပိတ် ဗိုလ်လုပွဲကို ကြည့်ရတာ စိတ်အား ထက်သန်စရာကြီး၊ အတွန်းအတိုက်၊ အခုန်အပျံ ခြေကန်ချက်တွေ၊ လျှောကနဲ့  လျှောကနဲ့  ၀င်လာတဲ့ ခြေထောက်တွေ၊ ဘိုင်းကနဲ့  ဘိုင်းကနဲ့  လူလှိမ့် မှောက်သွားသူတွေ.... အိုး... တရုတ်သိုင်းကားကြည့်နေရ သလိုပါပဲ။ လုံးလုံးလုံးလုံးနဲ့  ဒိုင်သူကြီးကို သွားသွားထိတဲ့ ဘောလုံးတွေ၊ ဂိုးပေါက်ချော်သွားတဲ့ ဘောလုံးတွေကြောင့်သာ ဒါဘောလုံး ကန်နေကြတာပဲဆိုတာ သတိရ ရသွားခဲ့ ရပါတယ်။ တကယ်ပါပဲ။ အ၀ါကတ်တွေများ ပလူကို ပျံနေတာပဲ။ အချိန်ပို အပါအ၀င် မိနစ် ၁၂၀ ကျော်ပဲ ကြပေလို့ ။ နောက် မိနစ် ၃၀ လောက် ဆက်ကန်ရမယ်ဆို အ၀ါတွေကတစ်ဆင့် အနီတွေဖြစ်.. နောက်ဆုံး ကွင်းထဲမှာ ဒိုင်သူကြီးပဲ ကျန်တော့မယ် ထင်ရလောက်တယ်။ ကမ္ဘာဖလား ဘောလုံး သမိုင်းတစ်လျှောက်မှာ ဒီပွဲက အ၀ါကတ် စံချိန်ချိုးတဲ့ ပွဲဆိုပဲ။ ကမ္ဘာဖလား ပွဲစဉ်တွေ တစ်လျှောက်မှာ သန့် သန့် ရှင်းရှင်း ကစားလို့  Fair Play ဆုရတယ်ဆိုတဲ့ စပိန်အသင်းတောင်မှ ဒီတစ်ပွဲမှာတင် အ၀ါကတ် ၅ ခု ယူ(ရ)သွားတယ်။ စပိန်က အားလုံး ၇ ပွဲကစားရမှာ အ၀ါကတ် ၈ ခုပဲ ရခဲ့တယ်လို့ သိရတယ်။

မနေ့ ညက ပွဲမှာ ဟောလန်သာနိုင်သွားခဲ့ရင်........ အသံတွေ ပိုကြားရမယ် ထင်တယ်။ အခုတော့ စပိန် က ဟောလန်ကို အချိန်ပိုကစားပြီး ၁းဝ နဲ့  အနိုင်ရလို့  ချန်ပီယံ ဖြစ်သွားခဲ့ ပါပြီ။ စပိန်နိုင်ငံမှာ အဲဒီပွဲကို ကြည့်ရှု့ အားပေးနေတာ တီဗီက တစ်ဆင့်မြင်ရတာ အားရစရာကြီး။ လမ်းတွေတလျှောက် ရဲရဲတောက်နေတာပဲ။ အခု စပိန်ဟာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်တာ ဆိုတော့ သူတို့ လူမျိုးတွေ ဘယ်လောက်များ ဂုဏ်ယူ ပျော်မြူးနေကြမလဲ။ ဒီနေ့ တစ်နေ့ လုံး စပိန်သူ စပိန်ပြည်သားများအား အလွန်အမင်းကို အားကျနေမိပါတယ်။ ဒီလို ပျော်စရာ ဂုဏ်ယူစရာ ကောင်းတဲ့ နေ့ မျိုးမှာ စပိန်နိုင်ငံမှာ ရှိနေတဲ့ ဘယ်သူ တစ်စုံတစ်ယောက်မှ ရုံးသွား အလုပ်လုပ်နေကြမယ် မထင်ဘူးလေ။

ကိုယ်တိုင်ရိုက်ထားတဲ့ စပိန်အလံပုံနဲ့  ၂၀၁၀ ကမ္ဘာ့ ဖလား ချန်ပီယံ စပိန်အသင်းကို ဂုဏ်ပြုလိုက်ပါတယ်။

အခုအကြိမ် ၂၀၁၀ ကမ္ဘာဖလားမှာ ၀ါသနာတူ စိတ်ကြီးသူများနဲ့  facebook ကတစ်ဆင့် ကြည့်ရင်းရေး၊ ရေးရင်းကြည့် ခဲ့ကြတာ ပျော်စရာ၊ အမှတ်ရစရာ တစ်ခုပါ။ တချို့  ပွဲတွေမှာ အနောက်နိုင်ငံမှာ နေထိုင်သူတွေအတွက် အလုပ်၊ ကျောင် ချိန်တွေနဲ့ တိုက်နေလို့  ပွဲတိုင်း မကြည့်နိုင်ကြဘူး။ အရှေ့ ပိုင်းမှာနေသူတွေက ကံကောင်းတယ်ပြောရမယ် ကြည့်ချင်ကြည့်ဖို့ အခွင့်အရေး ရခဲ့ကြတယ်။ ကြည့်ခဲ့ကြတယ်။ ဒီနိုင်ငံအချိန် မနက် ၂း၃၀ ပွဲတွေကိုပါ မအိပ်မနေ အားပေးနိုင်တဲ့ အမာခံ ၀ါသနာရှင် အားလုံးကို ဒီနေရာက မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ (ဆိုမာလီမှာ ဆို အကုန်လုံး အသတ်ခံရလောက်ပြီးပြီ။ )။ အသေခံ အားပေးမယ့်သူတွေလို့ ထင်ပါတယ်။ အားလုံးကို လေးစားပါတယ်။ :))

ခုရက်ပိုင်း ဖေ့ဘုတ်မှာ ဘောလုံးပွဲနဲ့ ပတ်သက်ပြီး တင်တဲ့ status တွေထဲက သဘောကျမိတာလေး တစ်ခုရှိတယ်။ တစ်ယောက်က တင်တယ် ဘယ်အသင်းကို အားပေးရင်ကောင်း မလဲတဲ့။ နောက်တစ်ယောက်က ပြန်ရေး အကြံပေး ပါတယ်။ အခု ငြိမ်ငြိမ်နေ လိုက်ပါ၊ ပွဲပြီး၊ ဒါမှ မဟုတ် ပွဲပြီးခါးနီးမှ နိုင်မှာသေချာသွားတဲ့ အသင်းရဲ့ အမည်ကို ၃ကြိမ် ၃ ခါ တိတိ ရေးတင်ပြီး အားပေးလိုက်ပါ။ ချီးကျူးစကားတွေ ဆိုလိုက်ပါ။ ဘာပဲဖြစ်ဖြစ် နိုင်တဲ့အသင်းကို အားပေးထားတာဆိုတော့ လူရှိန်တာပေါ့ ဆိုလား.. ဖတ်ပြီး ရီမောသဘောကျမိတယ်..

အန်နီးဝေး.. ရေးတာလည်း အတော်လေး ရှည်နေပြီး..
ဘောလုံး ၀ါသနာရှင် သူငယ်ချင်းအပေါင်းအသင်းများနဲ့ .....
နှစ်ထောင်ဆယ့်လေး ဘရားဇီးပွဲမှာ ပြန်လည် ဆုံတွေကြပါစို့  လို့  .... ကြားဖူးသလို ရေးသားရင်း ....
သီချင်းနှစ်ပုဒ်က စတဲ့
အိပ်ပျက်ညများ... ဇာတ်လမ်း...ကို ဒီတင်ပဲ အဆုံးသတ်လိုက်ပါသည်။

14 comments:

ShwunMi- said...

နောက်ဆုံးပွဲကတော့ ထုတ်မယ့်ကဒ် အနီလား အဝါလား စောင့်ကြည့်ရမယ့်ပွဲ ဖြစ်သွားတယ် :D
ဂိုးအရေအတွက်အစား ကဒ်အရေအတွက်ပဲ ပြိုင်နေသလိုလို .. အဲ့လိုတောင် ထင်မိတာ :)

Ko Boyz said...

မှတ်မှတ်ရရတစ်ပွဲမှကို မကြည့်ဖြစ်လိုက်တဲ့ ကမ္ဘာ့ဖလားပွဲတွေပါပဲ။
ဟိုက်လိုက်တွေက တစ်ဆင့်ပဲ ကြည့်ရှုနားထောင်ခဲ့တာပါ...။ ဟိဟိ

Anonymous said...

နောက် ၄နှစ်မလုပ်ပါနဲ့ နေနေ.. ဥရောပ ချန်ပီယံပွဲတွေလဲ ကြည့်ကောင်းတာပဲ..နောက် ၂နှစ်.. အဲဒီမှာ ဆုံဦးမယ်လေ.. ပျော်ပျော်ပါးပါးပေါ့။
အမခင်မင်းဇော်

khin oo may said...

မကြည့်ဖြစ်ဘူး။ တစ်ပွဲမှ.။

မှတ်ချက်
ခြေ့ရာလိုက်နင်းချင်းမဟုတ်ပါ.။

မြတ်နိုး said...

ဖတ်ပီး..သဘောကျမိတယ်..
အမှန်တွေမို့..

Vista said...

နောက်ဆုံးပွဲကတော့ တစ်ကယ့်ကို ဒိုင်လူကြီးပဲကျန်တော့မယ်လို့ ထင်မိခဲ့တယ်။

ဇွန်မိုးစက် said...

ဇွန်လည်း ပွဲတော်တော်များများ ကြည့်ဖြစ်လိုက်တယ်။

ဗိုလ်လုပွဲဆို အမ်စီယူပြီးတော့ကို ကြည့်တာ။ :D

ကြည် said...

"မနက် ၂း၃၀ ပွဲတွေကိုပါ မအိပ်မနေ အားပေးနိုင်တဲ့ အမာခံ ၀ါသနာရှင် အားလုံးကို ဒီနေရာက မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် " ဆိုလို့ သိပ်သဘောကျသွားပါတယ်...

သက်ဝေ said...

နေနေရေ...
ဝါသနာတူတွေမို့ ဒီပိုစ့်ကို ၁၀၀% သဘောကျ နှစ်သက်စွာ ထောက်ခံ သွားပါတယ်...။
ကိုယ်ရေးထားတဲ့ မှတ်တမ်းလေးမှာလဲ Link လေး ထည့်ထားတယ် လို့ လာပြောတာပါ...

TZA said...

မေခလာကလွဲလို့ တပုဒ်လုံးကြိုက်ပါတယ်.. ;p

:P said...

ပို့စ်ကို အရင်မဖတ်မိတဲ့အတွက် ဖဘ မှာ ကိုဘတင်ထားတဲ့ မေခလာကို နားထောင်မိသွားပါတယ်။
ခေမီကို ကြည့်ပြီး ခံစားရတာနဲ့ သိပ်မကွာလှပါဘူး၊
ဘာကိုရှက်မှန်းမသိ.. ရှက်တက်တက်ကြီး... :P

Nay Nay Naing said...

ဒီပိုစ့်ကို မေခလာ ဖျက်တာပဲ.. သူ့ သီချင်း တင်လိုက်မိတာ မှားသွားတယ်ကွာ..

Rita said...

တပွဲမှ မကြည့်လိုက်ဖြစ်ဘူး။

:D

(ဒူးရင်းသီးပေါတာ AJ မှာလေ။ ဟုတ်ဘူးလား။ ဒူးရင်းသီးဆိုင်တွေ အများကြီးပဲ။

ငါးက တခါပဲ ချက်တာပါ။ ၃ ခါသာ ချက်လိုက်ရင် ဘယ်လောက်များ အပြောခံလိုက်ရမလဲ မသိ)

TZA said...

မကြိုက်တာကိုမှ ထပ်ခါ ထပ်ခါ နားထောင်ချင်တဲ့ဗီဇကြောင့် မေခလာကို တခါထပ်နားထောင်ဖို့လာပါပြီ။ ချွေးလေးတွေ သုတ်မပေးချင်ဘူးလား။