Pages

September 29, 2007

28 Sept 2007

ဒီနေ့  နေ့ လယ်ပိုင်းက စလို့  မြန်မာပြည်တွင်းက အင်တာနက် ကွန်နက်ရှင်တွေအားလုံးကို ဖြတ်တောက်လိုက်ပြီ ဆိုတဲ့အကြောင်း သိလိုက်ရတယ်။ MTP ကတော့ Server Maintenance လုပ်ဖို့ ပိတ်ရခြင်းဖြစ်တယ်ဆိုပြီး အကြောင်းပြ ပြောဆိုတယ်လို့ ကြားသိရတယ်။ ဒါပေမယ့် ဒီလိုအချိန်မှာ ပြည်တွင်းက အင်တာနက် ကွန်နက်ရှင်တွေကို ဒီစစ်အစိုးရက ဖြတ်ပစ်တာ ဘာကြောင့်လဲဆိုတာ အသိသာကြီးပါ။
God of the rain is Tearing,
White courage is in Blooding,
Monks and Peoples are Running,
Junta are Killing.
Internet is cutting.
All sites are banning.
I'm crying!,
UN man to Burma will be Lying.
Tomorrow how many lives will be dying.

ဒီစာသားတွေကို သူငယ်ချင်းတစ်ယောက် သူ့ ဘလော့မှာ ရေးထားတာကို တွေ့ လို့  ကူယူဖော်ပြလိုက်တာပါ။

ဒီလို ဆက်သွယ်မှု့ လမ်းကြောင်းတွေ အကုန်ဖြတ်တောက်ပြီး စစ်အစိုးရက ဘာလုပ်တော့မှာလဲ... ဆက်ပြီး မတွေးရဲအောင် ပါပဲ.. အားလုံးရဲ့ ရင်ထဲမှာ စိုးရိမ်သောကတွေ အပြည့်နဲ့ ဖြစ်နေပါပြီ... အရင်ကလည်း စိုးရိမ်ကြပေမယ့် သတင်းတွေရနေတော့ ဘာတွေဖြစ်နေလဲ သိရသေးတယ်လေ။ ဒီနေ့  တစ်နေ့ လုံး သတင်းတွေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ကြတယ်.. ဒီနေ့  ပြည်တွင်းကလာတဲ့ သတင်းတွေဟာ အရင်နေ့ တွေကထက် နည်းသွားပါတယ်.. ဒီလို သတင်းနည်းသွားတယ်ဆိုတာ ပြည်တွင်းမှာ ဘာမှမဖြစ်ဘူး၊ ငြိမ်းချမ်းနေတယ် ဆိုတာမျိုး မဟုတ်ကြောင်း အားလုံးသိနေတယ်။ အားလုံးရဲ စိုးရိမ်မှု့ တွေ၊ သောကတွေ တိုးလာတာပဲရှိတယ်..

သူငယ်ချင်းတစ်ယောက် ပြတာနဲ့  Singapore Changi International Airport မှာ က ဒီနိုင်ငံက The Straits Times သတင်းစာကနေပြီး မြန်မာပြည်ကပြန်လာသူတွေ၊ မြန်မာပြည်ကို သွားမယ့်သူတွေ နဲ့  အင်တာဗျူးလုပ်ထားတဲ့ 2 min 10 sec စာ အပိုင်းလေး ကြည့်လိုက်ရပါတယ်။ ဘာကြောင့် အမှန်အတိုင်း မပြောရဲကြတာလဲ။ ကြောက်ရွံ့ မှု တွေကို နားလည်ပါတယ်။ ဒါပေမယ့် မသိဘူးလို့ ဖြေလိုက်တာ၊ မဖြေချင်ဘူးလို့ ငြင်းလိုက်တာဟာ ဒီလို ဖြေတာထက် ပိုကောင်းပါလိမ့်မယ်။ ကိုယ်မဖြေချင်တာကို အတင်းဖြေခိုင်းမယ် မထင်ပါဘူး။ ဒီနိုင်ငံမှာ ဒီလောက်တော့ ငြင်းဆန်ခွင့်၊ ကိုယ့်သဘောအတိုင်းလုပ်ခွင့် ရှိမှာပါ။ ဒီ စင်္ကာပူသတင်းစာ ကိုလည်း သိပ်မယုံကြည်ရပါဘူး။ အခြေအနေ မကောင်းဘူး ပြောသူတွေနဲ့  အင်တာဗျူးခဲ့ရတာတွေကို မပြပဲ၊ အားလုံးကောင်းပါတယ်ဆိုတဲ့ သူတွေနဲ့  ဗျူးတာတွေကိုပဲ ရွေးပြတာလဲ ဖြစ်နိုင်ပါတယ်။ [Straits Times' Interview (Myanmar crackdown: Panic? Not Us) ]

ဒီနေ့  ည ၇ နာရီမှာ စင်္ကာပူနိုင်ငံ Toa Payoh ဘုန်းကြီးကျောင်းမှာ ၀တ်ရွတ်၊ ဆုတောင်းပွဲလုပ်တယ်။ ဒီနေ့ တင်မကဘူး နောက်ရက်တွေ ( စနေနေ့  နဲ့  တနင်္ဂနွေနေ့ ) မှာလည်း ပွဲတွေရှိတယ်လို့  သိရပါတယ်။ ဒီနေ့ တော့ စုစည်း လာရောက် သူတွေကို "မြန်မာနိုင်ငံတွင်းမှ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ချက်" ဆိုတဲ့ စာရွက်တွေ၊ လက်မှာ ပတ်ဖို့ အနီရောင် ပိတ်စတွေ နဲ့  ရှေ့ နဲ့  နောက်မှာ "STOP Bloodshed in Myanmar" အနီရောင်စာလုံးတွေ ရေးထားတဲ့၊ အနီရောင် မြန်မာပြည်ပုံလေး ပါဝင်တဲ့ အဖြူရောင် T Shirt တွေ ဝေပေးတယ်။ "သံဃာနှင့်လူထု သွေးစွန်းခြင်း အထိမ်းအမှတ်" အနေနဲ့ အနီရောင် ၀တ်စုံတွေ ၀တ်ဆင်ကြပါလို့  နှိုးဆော်ချက် အတိုင်း လူအများစုဟာ အနီရောင် အ၀တ်အစားတွေ ၀တ်ဆင်လာကြပါတယ်။ ဘုန်းကြီးကျောင်းတစ်ခုလုံး ရဲရဲတောက်သွားခဲ့တယ်။ လူတွေအများကြီးပါ။ ဘာသာခြားတွေလည်း ပါပါတယ်။ လာရောက်သူ အနည်းဆုံး တစ်ထောင်ကျော်လောက် ရှိပြီး အားလုံး စုပေါင်းကာ ဘုရားရှိခိုး၊ မေတ္တာသုတ်ရွက်၊ မောရသုတ်ရွက်ပြီး သေဆုံးသွားသူတွေအတွက် မေတ္တာပို့  အမျှဝေခဲ့ကြတယ်။ တရားတိုင်ပေးတဲ့ ဘုန်းတော်ကြီးက လက်ရှိ မြန်မာ နိုင်ငံထဲက လှုပ်ရှားမှု့တွေ၊ သေဆုံးမှု့ တွေနဲ့ ပတ်သက်ပြီး ဘာမှ သိပ်မပြောဘူး။ ရှေ့ ပိုင်းပြောတဲ့ စကားတချို့ မှာ ရည်ရွယ်ကြတဲ့ လှုပ်ရှားမှု့ တွေ အောင်မြင်ပါစေ ဆိုတဲ့ သဘောမျိုးလေး နည်းနည်းပါတာလောက် ရှိပေမယ့်၊ ဆုတောင်းမေတ္တာပို့ ချိန်မှာ သေဆုံးသူတွေ အားလုံးဆိုတဲ့ ခြုံငုံပြောဆိုတဲ့ စကားကလွဲရင် တခြားဘာမှ ထည့်ပြီး ပြောမသွားတော့တာကို သတိထားမိလိုက်တယ်။ ဘာကြောင့် ဒီအချိန်၊ ဒီနေရာမှာ အားလုံး လာရောက် စုစည်းကြတယ် ဆိုတာကို သိမှာပါ။ ပြောစရာမလိုအောင် အသိသာကြီးပါ။ သိတိုင်းလည်း ပြောလို့ မရ၊ မှန်တိုင်းလည်း ပြောခွင့်မရှိတာ၊ ပါးစပ်ပေါက်တွေ အတင်း အပိတ်ခံနေရတာ တို့ ဗမာပြည်တစ်ခု ထဲ မဟုတ်ပါလား ဆိုတာကို ပိုပြီး သိလာရတယ်။ ဘုန်းကြီးကျောင်းရှေ့ မှာလည်း သတင်းယူတဲ့သူတွေ၊ ရဲကားတွေကလည်း အဆင်သင့်ပဲလေ။

နာမည်ကြီး ဆရာတော်ကြီးတွေ ပျောက်ဆုံးနေတယ်လို့  သိရတယ်။ ဒကာတွေ တောင် မသိလိုက်အောင် ဘယ်သူတွေက ပင့်ဖိတ်ခေါ်ယူသွားတာလဲ။ အဆက်သွယ်ရေး လမ်းကြောင်းတွေကလည်း ပြတ်နေတော့လည်း ဆရာတော်တွေ သတင်း စုံစမ်းရတာ အရမ်းခက်ခဲနေပါတယ်။ သေချာတာတစ်ခုကတော့ ဆရာတော်ကြီးတွေက ဒကာ၊ ဒကာမတွေ စိုးရိမ်စိတ်ပွါးအောင် လုပ်မှာ မဟုတ်တဲ့အတွက် သူတို့ ဘာသာသူတို့  ဘယ်သူမှ အသိမခံပဲ တနေရာရာကို တိတ်တဆိတ် ကြွသွားတာ လုံးဝ မဖြစ်နိုင်ပါဘူး။

ရန်ကုန်မှာ အင်တာနက်ကွန်နက်ရှင်တွေ တချို့ ပြန်ရတယ် ကြားပေမယ့် ကျွန်မသိရသလောက်တော့ အင်တာနက် ကွန်နက်ရှင်တွေ ပြတ်တောက်နေတုန်းပဲ။ သာမန် အိမ်ဖုန်းတွေကို မနက်နဲ့ ညဘက်တွေမှာ ခေါ်လို့  ရတတ်ပေမယ့် နေ့ လယ် ပိုင်းမှာတော့ ဆက်သွယ်လို့ မရသလောက်ပါပဲ။ ဒါပေမယ့် အရေးပါသူတွေရဲ့ ဖုန်းလိုင်းတွေကတော့ ဘယ်အချိန်မှာမှ ခေါ်ဆိုမရအောင် ဖြတ်တောက်ခြင်းခံထားရတယ်။ ဒီလို ဆက်သွယ်မှု့ တွေ ဖြတ်တောက်မှု့ ကြောင့် သတင်းပြန့် နှုန်း နှေးသွားပေမယ့် မြန်မာပြည်တွင်းက သတင်းတွေကတော့ ဆက်လက် ထွက်ရှိနေဆဲ ပါပဲ။ DVB မှာ ဒီနေ့  (၂၈ ရက်) နေ့  သတင်းတွေ တက်လာတာတွေ့ ရတယ်။ ဓာတ်ပုံတွေလည်း တွေ့ ရတယ်။
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)
ရိုးမ ၃
ဟစ်တိုင်
ခေတ်ပြိုင်
ဧရာဝတီ

News and Video
Yangon marchers 'not afraid to die' - aljazeera.net
On the ground in Yangon - 28 Sep 07 (YouTube)
28 September 2007 Photos from niknayman

No comments: