Pages

July 01, 2010

သတိရမိပါတယ်....

မိုးလေးညိုလာရင် လွမ်းမျက်ရည်ဝဲတယ်
ငယ်ငယ်တုန်းက သူငယ်ချင်းကို သတိရပါတယ်
ကျောင်းသွားအတူတူပဲ ကစားလဲအတူပဲကွယ်
မိုးသည်းထဲမှာ ပျော်စရာအောင်းမေ့ပါသေးတယ် ..
မိုးတွေကညို .. မိုးသီချင်း နားထောင်ရင်း ငယ်ငယ်က သူငယ်ချင်းတွေကို လွမ်းလွန်းလို့  မျက်ရည်တောင် ၀ဲရပါတယ်ဆိုတဲ့ ခံစားချက်မျိုးတွေ မဖြစ်ပေမယ့် သတိရအောင်းမေ့တာမျိုးတော့ ဖြစ်မိပါရဲ့... ;)

ငယ်ငယ်တုန်းက သူငယ်ချင်းတွေဆို...
အိမ်နီးချင်း ကစားဖော်ကစားဖက်သူငယ်ချင်းတွေ...
ကျောင်းတတ်ဖော် မူလတန်း-လေးတန်း သူငယ်ချင်းတွေ...
ကျောင်းတတ်ဖော် အလယ်တန်း-အထက်တန်း သူငယ်ချင်းတွေ...

မှတ်မိသလောက်ဆို ကျောင်းက သူငယ်ချင်းတွေနဲ့ တော့ ကစားလေ့ မရှိဘူး။ ကျောင်းမှာဆို ငြိမ်တယ်၊ ဘာမှ မကစားဘူး၊ (ထင်တာပဲ)။ ကျွန်မက အိမ်ဂျယ်၊ အိမ်မှာမှ ကျောင်းပိတ်ရက်တွေမှာမှ မောင်နှမတွေ၊ အိမ်နီးချင်း သူငယ်ချင်းတွေနဲ့  ဆော့နည်းမျိုးစုံကို မိုးပျံအောင် ဆော့ကြတာ။ အိမ်နီးချင်းတွေနဲ့ က အရွယ်တွေက မတိမ်းမရိန်းတွေ ဆိုပေမယ့် အသက်တွေလည်း မတူ၊ အတန်းတွေလည်း မတူ၊ ကျောင်းတွေလည်း မတူဘူး။ ဒီတော့ ကျွန်မ အတွက်က ငယ်ငယ်က ကစားဖော် သူငယ်ချင်းတွေနဲ့  ကျောင်းက သူငယ်ချင်းတွေက သီးသန့် တခြားစီ၊ တအုပ်စုစီပါ။ ကျောင်းသွားဖော် သူငယ်ချင်းဆိုတာလည်း မရှိဘူးရယ်။

ငယ်ငယ်က ကစားကြတဲ့ အကြောင်းတွေ ရေးပါလို့  ကစားဖော်ကစားဖက် အစ်ကို AK က တိုက်တွန်းတယ်။ တခြားကစားဖော် မဟုတ်တဲ့ သူငယ်ချင်းတွေ မတော်တဆ ဒီနေရာ ရောက်လာပြီး ရေးထားတာတွေ ဖတ်မိရင် ဒီလောက်တောင် ဆော့လားဟင်ဆို လာမေးမှ စိုးမိပါတယ်။ လူမသိအောင် နာမည်ပြောင်းရေးရင် ကောင်းလေမလား။ :D အမှန်ဆို ငယ်ငယ်က အကြောင်းတွေ ရေးချင်ပါတယ်။ ဒါပေမယ့် ဟိုး နှစ် ၂၀ ကျော် အချိန် ဆိုတော့ စိတ်ကြည်လင်နေမှသာ ပြန်ပြောင်းတွေးလို့ ရတယ်လေ။


ဒီနေ့ ဒီအချိန် မိုးအေးအေးမှ ငယ်ငယ်က အပူအပင်ကင်းစွာ ကစားခဲ့တဲ့အကြောင်းတွေးမိတယ်။ ကျောင်းတတ်ရတာတွေတော့ မတွေးချင်ဘူး။ လွမ်းတာတောင် ရွေးလွမ်းမယ်။ အခု အလုပ်လုပ်နေတယ်၊ ကျောင်းအကြောင်း တွေးရင် စာကြည့်ရတယ် ဆိုတာကြီး ပါလာလိမ့်မယ်၊ လန့် စရာကြီး။ ကစားတာပဲ တွေးပါမယ်။ ၀သန်မိုးလေး အသည်းမှာ ရင်ခွင်ထဲမှာ ကလေးဘ၀က ပျော်စရာတွေကို ပြန်တမ်းတရင်း ... အရွယ်မတူ ပုံစံမတူကြပေမယ့် ... ကစားနည်းမျိုးစုံကိုဆော့တဲ့ နေရာမှာ တတ်ညီလက်ညီရှိခဲ့ကြတဲ့ အိမ်နီးချင်းသူငယ်ချင်းတွေကို သတိရနေပါတယ်။

ပြန်မရနိုင်တော့တဲ့ အချိန်တွေနဲ့ .. ကလေးဗိုလ်တွေဖြစ်ခဲ့ကြတဲ့ မမီ၊ မစံ၊ မမိုး၊ မဖြူသဲ.. ပြီးတော့ ကို AK၊ ကိုရဲ၊ မေသူ၊ လူလူ၊ ကိုကိုဦး၊ အာလူးမ၊ ဆင်ပေါက် နဲ့ .. အဲဒီအချိန်တုန်းက ထမင်းသိုးဟင်းသိုးအရွယ် တိုးတိုး၊ နဂါး တို့ နဲ့  အတူ.. ကစားနည်းပေါင်း များစွာ...
မိုးရွာရင် မိုးရေချိုးမယ်.. မေမေလာရင် နို့ စို့ မယ်.. ဖေဖေလာရင် အုန်းသီးခွဲစားမယ်.

4 comments:

ကိုပေါ said...

ငယ်စဉ်ကလေးဘဝကို ပြန်သတိရတယ်ဆိုဟာ အသက်ကြီးလာခြင်းရဲ့ လက္ခဏာတပါးပဲတဲ့။ ကျနော်တော့ သတိမရပေါင်။

Rita said...

ဟိုနေ့ကပဲ ငယ်ငယ်တုန်းက နွားစားခေါင်းကို လှေလုပ်စီးတာ comment မှာ ကိုပေါ လာရေးသွားသေးတယ်။
:D

Nay Nay Naing said...

ကိုပေါ မလွယ်ဘူး.. ဟိုဘလော့တမျိုး.. ဒီဘလော့တမျိုးရေးတယ်..

ကိုပေါ said...

ဟား...ဟား.... မနေနေနိုင်ကို အသက်ကြီးပြီလို့ စချင် နောက်ချင်လို့ပါဗျာ။ တကယ်တော့ ကျနော်ကိုယ်တိုင် ငယ်ဘဝကို သတိရတဲ့ ပို့စ်တွေ မကြာခဏ ရေးဖြစ်ပါတယ်။း-)

(ရီတာတို့ အမြင်စူးရှတယ်။)