နဂိုက အအိပ်နဲရတဲ့အထဲ နည်းနည်းလောက် စိတ်ပင်ပန်း၊ စိတ်ရှုပ်၊ စိတ်အခန့် အသင့်တာတွေကြုံ၊ တစ်ခုခုကို စိုးရိမ်ပူပန်လာတာနဲ့  အိပ်မပျော်တတ်တဲ့ အကျင့်ဆိုးက ရှိနေတယ်။
ဒီရက်ပိုင်းမှာ အလိုအပ်ဆုံးအရာကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူရခြင်းပါပဲ။
လူပိန်တာလဲ မပြောနဲ့ လေ။ အားလုံးသိတဲ့အတိုင်း ပိန်တဲ့သူတွေများ ၀ဖို့ သာ ခက်တာ ရှိနေတဲ့ အလေးချိန်လေး ကျသွားဖို့ က အတော်လွယ်တယ်။ အအိပ်ပျက်တော့ အစားပါပျက်ပြီး မရှိမဲ့ရှိမဲ့ အသားလေးတွေ ကုန်ရောပေါ့။
အိပ်မပျော်တဲ့အကျင့်အပြင် နောက်အကျင့် တစ်ခုလည်း ရှိသေးတယ်။ အကျင့်ဆိုးလား အကျင့်ကောင်းလားတော့မသိဘူး။ မနက်စောစော လုပ်စရာတစ်ခုခုရှိ တယ်ဆို Alarm ပေးထားရင်တောင်မှ အဲ့ဒီ Alarm မမြည်ခင် ကြိုပြီးနိုးနေတာ များတယ်။ Alarm မြည်သံကြောင့် နိုးသွားရတယ်ဆိုတာ အတော်လေးရှားတယ်။ ပုံမှန်နေ့ စဉ်အလုပ်သွားဖို့  မနက်စောစောမှာလည်း နိုးစက်ထက်အရင် လူက နိုးနေတာ များပါတယ်။ တစ်ခုခုဆို စိတ်စော နေတတ်တာကြောင့်ပဲလားတော့ မသိဘူး။ တစ်ချိန်ချိန်မှာ တစ်ခုခုလုပ်ဖို့  Plan ရှိနေတယ်ဆို တခြားအလုပ်တွေ ဘယ်လောက် အလုပ်ရှုပ်နေပါစေ၊ အဲ့ဒီ အချိန်မတိုင်ခင်မှာ သတိရသွားတာ များပါတယ်။ သိစိတ်ထက် မသိစိတ်က ပိုပြီး အားကောင်းနေတာကြောင့်လား မသိ။ ကိုယ့်အကြောင်းကိုယ်တောင်မှ သိတာထက်စာရင် မသိတာတွေက ပိုများနေပါရောလား။
အိပ်မပျော်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အိပ်ခါနီး ဘာမှမတွေးနဲ့ ၊ တရားထိုင်၊ ဘုရားစာရွတ်၊ နံပါတ်တွေကို ၁ကနေစပြီး ရေတွက်ကြည့်၊ အိပ်ရာထဲလှဲနေပြီး ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ကို စိတ်ပျော်ရွှင်စေမယ့် စိတ်ကူးလေးတွေကိုပဲ တွေးကြည့်နေလိုက်၊ အိုး... စုံနေတာပါပဲ။ နှစ်ပေါင်း များစွာ အတွင်း အကြောင်းသိ ရင်းနှီးတဲ့ သူငယ်ချင်းတွေက နည်းလမ်းမျိုးစုံ ပြောပြကြ၊ အကြံပေးကြပါတယ်။ အဲ့ဒီ နည်းမျိုးစုံထဲက မလုပ်ကြည့်ဖူးတာဆိုလို့  အိပ်ခါးနီး အရက် ဒါမှမဟုတ် ၀ိုင်သောက်ပြီး အိပ်ဆိုတာရယ်၊ အိပ်ဆေးသောက်ပြီး အိပ်ဆိုတာရယ် နှစ်ခုပဲရှိတယ်။ အရက်တို့  ၀ိုင်တို့ ဆိုတာကလည်း သောက်ကျင့် မရှိ ၊ အကျင့်လည်း မလုပ်ချင်တာနဲ့  မသောက်ဖြစ်ခဲ့ဘူး။ အိပ်ဆေးကတော့ ငယ်ငယ်ကတည်းက အားဆေးတွေသောက်ရလွန်းလို့  အခုအချိန်မှာ ဆေးဆို ဘာဆေးမှ သောက်ချင်စိတ် မရှိတော့တာကြောင့် မသောက်ဖြစ်တာပါ။ တစ်ယောက်တည်း အိပ်မပျော်ရင် သူငယ်ချင်းတွေ အိမ်သွား အိပ်တဲ့။ ဒါကလည်း လုပ်ဖို့  မဖြစ်နိုင်တော့ဘူး။ ဒီနေ့ သေချာစဉ်းစားကြည့်တော့ ကိုယ်နဲ့  အဲ့လောက်အထိ ခင်မင်ရင်းနှီးတဲ့ သူတွေ ဒီမှာ မရှိဘူးလေ။ ကျောင်းနေတုန်းက အရင်းနှီးဆုံး သူငယ်ချင်းတွေ ဒီနိုင်ငံမှာရှိတယ်ဆို တစ်မျိုးပေါ့။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က အချိန်တွေကို သတိရမိတယ်။
ခုတော့ လေ့ကျင့်ခန်းများများလုပ်၊ လူပင်ပန်းရင် ဘယ်လောက်ပဲ စိတ်ကြောင့် အိပ်မပျော်ပါစေ၊ လူက ပင်ပန်းပြီး အချိန်တန် အိပ်ပျော်သွားမယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ပြောတဲ့ နည်းကိုပဲ အများဆုံး အသုံးပြုဖြစ်တယ်။ ဒါလည်း လေ့ကျင့်ခန်း လုပ်လေ့မရှိတာကြောင့် လမ်းများများလျှောက်တာဖြစ်အောင် ကြိုးစားတာရယ်၊ လုပ်စရာရှိတဲ့ အလုပ်တွေကိုပဲ အာရုံစိုက်၊ သာမန်ထက်ပိုလို့  အလုပ်ကိုကြိုးစားလုပ်ရင်း ကိုယ့်ကိုယ်ကို ပင်ပန်းအောင်လုပ်ဖြစ်တယ်။ ကျွန်မ စိတ်ရှုပ်တဲ့အချိန်ဆို အလုပ်ပိုပြီးတယ်ဆိုပြီး အလုပ်ရှင်တွေက သဘောကျ၊ အိမ်သန့် ရှင်းတယ် ဆိုပြီး အတူနေသူတွေက ပိုပြီးများ နှစ်သက်ကြလေမလား မသိဘူး။ လူပဲ တကယ် ပင်ပန်းလာရင် ဘယ်နှစ်ရက် မအိပ်ပဲ နေနိုင်သလဲ။ ခံနိုင်ရည် ကုန်တဲ့ နေ့ ကြရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့ တာပေါ့။ တကယ်တော့ အဲဒီလိုလုပ်တာ မကောင်းပါဘူး။ အိပ်ရေးစပျက်တဲ့ ရက်ကနေ အိပ်မပျော်ခင် ရက်အထိ လူက အတော်လေး ခံရတာများတယ်။ မဖြစ်သင့်ဘူးဆိုတာ သိပေမယ့် စိတ်ဆိုတာမျိုးကလည်း ပြောရခက်သား။ စိတ်ကို ထိန်းချုပ်ဖို့  ဆိုတာ အတော်လေးခက်တယ်။
သူငယ်ချင်းတစ်ယောက် ပြောဖူးသလို ပြောရမယ်ဆို စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ခုခုရှိလာတိုင်း ညဘက်တွေမှာ အိပ်မပျော်ဖြစ်တာ စိတ် မထားတတ်တာလို့  ဖြစ်ရတာတဲ့။ တချို့ များ စိတ်ထားတတ်တော့ ဘယ်အနှောက်အယှက်ဖြစ်စရာ ဘယ်လောက်ပဲ များနေပါစေ၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လို အနေအထားမျိုးကို ရောက်နေပါစေ ချက်ချင်း အိပ်ပျော်သွားကြ၊ အဆင်ပြေသလို အိပ်တတ်ကြတယ်။ အဲ့ဒီလို လူတွေကို အခုအချိန်အထိ ကိုယ်မလုပ်နိုင်သေးတဲ့ အလုပ်တွေကို အောင်အောင်မြင်မြင် လုပ်နိုင်နေသူတွေလို့  ယူဆတာကြောင့် အထင်ကြီး အားကျမိပါတယ်။
No comments:
Post a Comment