 |
Lee Kuan Yew (1923-2015) |
ဒီနေ့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ( the founding father of modern Singapore ) လီကွမ်ယု ကိုနောက်ဆုံး အနေနဲ့  နှုတ်ဆက် ဂါရ၀ပြုဖို့  Singapore Poly နားမှာ သွားစောင့်ဖြစ်တယ်။ Dover MRT ကို ရောက်သွားချိန်က နေ့ လည် ၁၂ ကျော်ကျော်လေး။ လူတွေအတော် များနေပြီ။ ဒါပေမယ့် ကံကောင်းတယ်ဆိုရမယ် ကားလမ်းဘေး ဖြတ်သွားရင် သေချာမြင်ရနိုင်တယ့် နေရာမှာ နေရာရတယ်။ ခဏစောင့်ပြီး သိပ်မကြာဘူး မိုးတွေက ရွာလာရော။ ရပ်နေသူအားလုံးပဲ မိုးရွာထဲ ထီးတွေ ဖွင့်ဆောင်းပြီး ဆက်စောင့်ကြတယ်။ စောင့်နေရင်းနဲ့  "
Farewell to Lee Kuan Yew" တိုက်ရိုက်ထုတ်လွှင့်နေတာကို ဖုန်းတွေကနေ ကြည့်ကြတယ်။ လူတိုင်း ကိုယ်စီကိုယ့်ဖုန်းကို ထုတ်ကြည့်နေ စရာမလိုဘူး။ ဘေးနားမှာ ကြည့်နေသူတစ်ယောက်က လက်ကို ခပ်မြင့်မြင့်ထားပြီး
အနားတစ်ဝိုက်မှာ ရှိတဲ့ လူတွေ မြင်နိုင်အောင် ပြပေးတယ်။ အဲ့လို ပြပေးနေတဲ့သူ လက်ညောင်းသွားတာ၊ ဆက်ပြဖို့  အဆင်မပြေတော့တာကို မြင်ရင် နောက်တစ်ယောက်က သူ့ ဖုန်းကို ထုတ်ပြီး ပြပေးတယ်။ အဲလို့ နဲ့  စောင့်နေတဲ့ ၁ နာရီခွဲကျော်ကျော်အတွင်း YouTube ကနေ တိုက်ရိုက်လွင့်နေတာကို တစ်ချက်မှ လွတ်မသွားပဲ ကြည့်ခွင့်ရခဲ့တယ်။ မိုးကလည်း အဆက်မပြတ် ရွာနေတော့ ထီးတွေ ဘယ်လိုထီးဆောင်း ထီးတွေက ထပ်နေတော့ ထီးတွေအကြားက ရေတွေကျ မိုးတွေစိုကြတာပဲ။ တစ်ယောက်ယောက်ပေါ် ထီးအစွန်းက ကျတဲ့ရေတွေ တိုက်ရိုက်ကျတာတွေ့ တယ်ဆို အဆင်ပြေအောင် ထီးတွေရွှေ့ပြီး ညှိပေးကြတယ်။ ဒီနေရာမှာ စောင့်နေသူ အားလုံးဟာ ဒီနိုင်ငံရဲ့ ခေါင်းဆောင် လီကွမ်ယူကို နောက်ဆုံး နှုတ်ဆက် ဂါရ၀ပြုကြမယ်ဆိုတဲ့ တစ်ခုတည်းသော တူညီတဲ့ စိတ်နဲ့  ရောက်နေကြသူတွေကြီးပဲဆိုတော့ တစ်ယောက်နဲ့  တစ်ယောက် အငြင်းမပွါး၊ တွန်းတိုက်မှု့  မရှိတာတွေ့ ရတာ စိတ်ချမ်းသာမိတယ်။ တစ်ခြားနေရာတွေမှာတော့ မသိဘူး၊ ကိုယ်တွေ စောင့်တဲ့ နေရာကလူတွေကတော့ လီကွမ်ယုကို သယ်ဆောင်လာတဲ့ ကား ဖြတ်သွားဖို့  နီးကပ်လာချိန်မှာ လေးစားစွာ ဂါရ၀ပြုကြမယ်ဆိုပြီး တညီတညွတ်ထဲ ထီးတွေ အားလုံးပိတ် စောင့်နေခဲ့ကြတယ်။ ခေါင်းကနေ ခြေအဆုံး စိုရွှဲခဲ့ကြတယ်။ ဒါပေမယ့် ဘယ်သူမှ မိုးစိုလို့ ဆို မငြီးငြူခဲ့ကြဘူး။ လီကွမ်ယုကို သည်ဆောင်လာတဲ့ ကားဖြတ်သွားချိန်မှာ သူ့ နာမည်ကို ထပ်ခါထပ်ခါ ကြွေးကျော်ရင်း နောက်ဆုံး နှုတ်ဆက်ကြတယ်။ ကျေးဇူးတင်တယ်ပြောရင်း နှုတ်ဆက်ကြတယ်။ နောက်က ကားတွေဖြတ်သွားချိန်မှာ လက်ခုပ်တီးပြီး အားပေးနှုတ်ဆက်ကြတယ်။
ဒီနေ့  ပြည်သူချစ်တဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့ နောက်ဆုံး ခရီးဟာ ဘယ်လိုလဲဆိုတာကို ပထမဆုံး ကိုယ်တိုင် ကြုံတွေ့ ခံစား သိရှိခဲ့ပါတယ်။
ပုံမှန်ဆို ဓာတ်ပုံတွေ ဟိုရိုက်ဒီရိုက်လုပ်တတ်ပေမယ့် ဒီနေ့ တော့ဘာပုံမှ မရိုက်ဖြစ်ပါဘူး။ ဒီနေ့  သွားတဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်က လီကွမ်ယုကို ဂါရ၀ပြုဖို့ ဆိုတဲ့ စိတ်တစ်ခုပဲရှိတယ်။ ဒီတော့ မြင်သမျှကို စိတ်နဲ့ ပဲ ခံစား မှတ်သားရင်း၊ လီကွမ်ယုကို လေးစားစွာဖြင့် နှုတ်ဆက် ဂါဝရပြုဖြစ်ခဲ့ပါတယ်။