ဒီနေ့ထိုင်းရဲ့ နိုင်ငံရေးအခြေအနေတွေဟာ Military Coup ရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေပဲလို့ မြင်တယ်။ ထပ်ဆင်ဟာ ဆိုးပါတယ်။ ဒါပေမယ့် Military Coup ဟာ ထပ်ဆင် ဆိုးတာတွေ ၊ ခြစားတာတွေ ထက်အဆပေါင်းများစွာ ဆိုးရွားပါတယ်။ Military Coup ကြောင့် rules of the game ပျက် ပြယ်သွားပါပြီ။ Rules of the game မရှိတော့တဲ့အခါ၊ အစိုးရတရပ်ကို ဥပဒေဘောင်ထဲက ဖြုတ်ချဖို့ မလွယ်တော့တဲ့အခါ ဘယ်နိုင်ငံမှာမဆို violent movements ဖြစ်လာတတ်ကြပါတယ်။
ပိုပြီး မြင်သာအောင်ဥပမာပေးရမယ်ဆိုရင် ရှပ်နီတွေနဲ့ ရှပ်ဝါတွေ အုပ်စုနှစ်စုဟာ အုပ်စုဖွဲ့ပြီး ဖဲရိုက်ကြပါပါတယ်။ ဖဲဝိုင်းလုံခြုံရေးတွေကို တာဝန်ယူတဲ့ security တွေလဲ အများကြီးချထားတာပေါ့။ ရှပ်နီတွေကဖဲဝိုင်းမှာ နဲနဲအသာရနေတာပေါ့။ ဒါပေမယ့် ရှပ်နီတွေထဲက တယောက်ဖြစ်တဲ့ ထပ်ဆင်ဟာ လူညစ်ပါ၊ ဖဲခိုးရိုက်ပါတယ်။ ဖဲခိုးရိုက်တာ ဖဲဝိုင်းတွေရဲ့ သဘာဝပါ။ သာမန်အားဖြင့် ဆိုရင်ဖဲခိုးရိုက်တဲ့ ထပ်ဆင်ကိုဖဲ ခိုးရိုက်တာကို မမိမိအောင် ဖမ်းပြီး action ယူသင့်ပါတယ်။ ဖဲကစားသူတွေ အချင်းချင်း ရှင်းရမယ့် ကိစ္စပါ။ ဒါကို ဖဲဝိုင်းစောင့်တဲ့ security တွေက သူတော်ကောင်းလုပ်ပြီး တယောက်နဲ့တယောက် ယုံကြည်မှု့တွေနဲ့ ဆော့နေတဲ့ ဖဲဝိုင်းတခုလုံးကို အင်အားသုံး ဖျက်ကာ ရှပ်နီအားလုံး ပိုက်ဆံတွေ သိမ်းပြီး ရှပ်ဝါတွေပေးကာ ရှပ်ဝါတွေကို အနိုင်ပေးလိုက်ပါတယ်။ သာမန်အားဖြင့် ကြည့်ရင်တော့ ကောင်းကောင်း မွန်မွန်ဆော့နေတဲ့ ရှပ်ဝါတွေရှုံးတဲ့ ပိုက်ဆံတွေ ပြန်ရသွားလို့ ကောင်းတာပေါ့။ နောက် ရှပ်ဝါတွေက ဦးဆောင်ပြီး rules တွေ သတ်မှတ်ကာ ဖဲဝိုင်းပြန်စဖို့ ကြိုးစားကြပါတယ်။ (အရင်တုန်းက ဖဲဝိုင်းဟာ ရှပ်နီတွေရော ရှပ်ဝါတွေအားလုံး သဘောတူ သတ်မှတ်ထားတဲ့ rules တွေနဲ့ ဆော့တာပါ။ ) ရှပ်နီတွေက လက်မခံတော့ပါဘူး။ နဂိုထဲက ခပ်ဆိုးဆိုးဖြစ်တဲ့ ရှပ်နီတွေဟာ ရပ်ကွက်ထဲမှာ ဓါးတွေတဝင့်ဝင့်နဲ့ အော်ဟစ်ဆဲဆို သောင်းကျန်းကြပါတော့တယ်။ ရှပ်ဝါတွေက ကုပ်ကုပ် ကုပ်ကုပ်နဲ့ သိပ်ကြမ်းရဲတဲ့ လူမိုက်ဆန်ဆန်လူတွေ မဟုတ်တော့ အိမ်ရှေ့တွေ၊ ရပ်ကွက်ထဲတွေမှာ ရှပ်နီတွေက အော်ဟစ်ဆဲဆို သောင်းကြမ်းနေတာတွေကို တုန့်ပြန်တဲ့ အနေနဲ့ လမ်းပေါ်ထွက်ပြီး ရန်မဖြစ် ရဲကြဘူးပေါ့။ ရှပ်နီတွေကတော့ မိုးမွန်အောင် သောင်းကြမ်းကြတော့ ဘေးပတ်ဝန်းကျင် ရပ်ကွက်တွေရော၊ တမြို့လုံးကပါ သတိထားမိလာကြ ပါတယ်။ တော်တော် ဆိုးကြတယ်ပေါ့။ ဒါနဲ့ပဲ ရှပ်နီတွေဆိုးကြတယ် ဆိုပြီး လုံခြုံရေးတွေက လမ်းမပေါ်မှာ အော်ဟစ်ဆဲဆို သောင်းကြမ်းနေတဲ့ ရှပ်နီတွေကို အင်အားသုံးပြီး ဝင်ရိုက် နှိမ်နှင်းကြပါတယ်။ အဲ့ဒီတော့ တရပ်ကွက်လုံးသွေးတွေ သံတွေတရွဲရွဲနဲ့ ရိုက်ပွဲတွေကို အခုအားလုံး မြင်တွေနေရတာပေါ့။ ဒါပေမယ့် သူတို့အားလုံးဟာ ဖဲရိုက်ရင်း အသက်မွေးကြရတဲ့သူတွေပါ။ ရှပ်နီတွေရော ရှပ်ဝါတွေရောပါဝင်တဲ့ ဖဲဝိုင်းတွေ ပြန်စနိုင်မှ အားလုံး ချောင်ချောင်လည်လည်နဲ့ အဆင်ပြန်ပြေကြမှာ ဖြစ်ပါတယ်။
ကဲ..... ဖဲဝိုင်းတွေ ဘယ်လိုပြန်စကြမတုန်း။
10 comments:
ဒိုင်ကိုင်ရရင် ကောင်းမလား။
မဖြစ်သေးပါဘူး။
ရှင်းပါပေ့
ကောင်းလိုက်တဲ့ ဥပမာ။ မိုက်တယ်
ဝါတနာ ဝါတနာ ဟီးဟီး
Crazy sample
The coup that ousted Thaksin was of course completely illegal, but none of the people who carried it out are in the present government.
Source:
http://www.somtow.org/2010/05/dont-blame-dan-rivers.html
မြန်မာပြည်မှာဆို ကစားဖို့တောင် မလိုဘဲ ဒိုင်ကချည်းစားနေတာ
lol :D
ကွန်မင့်ရှည်နေလို့ အပိုင်း နှစ်ပိုင်းခွဲပြီး ရေးလိုက်ပါတယ်။
ကွန်မင့် အပိုင်း (၁)
ပို့စ်ရဲ့ ဦးတည်ချက်ကို နှစ်သက်မိပေမယ့် ဖဲဝိုင်းဥပမာမှာ (၁) လော့ဂျစ်အရရယ် (၂) အချက်အလက်ပိုင်းဆိုင်ရာရယ်မှာ ဆွေးနွေးစရာလေးတွေရှိနေတယ်လို့ မြင်မိပါတယ်။
ပထမဦးဆုံး Rules of the game ဆိုတာကို သဘောတူ လက်ခံပါတယ်။ Rules of the game ဆိုတာ ပါဝင်ကစားမယ့်လူတွေ အားလုံး မကစားမီကတည်းက ကျေနပ်လို့ လက်ခံထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ့။ အဲဒီ စည်းမျဉ်းစည်းကမ်းတွေကို ကစားနေစဉ်အတွင်း အားလုံးက လိုက်နာဖို့ တာဝန်ရှိတယ်။ ကစားနေရင်းမှ ကိုယ်နဲ့ အဆင်ပြေသလို ပြင်ဆင်ရေးဆွဲတာမျိုးလည်း မဖြစ်ရဘူး။
ဖဲဝိုင်းမှာ ဖဲမခိုးရဆိုတာလည်း စည်းမျဉ်းစည်းကမ်းတခုပဲ။ ဖဲဝိုင်းမှန်ရင် ဖဲခိုးတာတော့ ရှိမှာပဲ ဆိုပြီး မျက်စိမှိတ်လွှတ်ပေးလို့ မရကောင်းဘူးပေါ့နော်။
အဲဒီစည်းမျဉ်းစည်းကမ်းမျိုးကို သက်ဆင်တယောက် ဝန်ကြီးချုပ်ရာထူးကို ယူမယ့်ဆဲဆဲ အချိန်က စပြီး ချိုးဖောက်တယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို အမှန်အတိုင်းမကြေညာဘဲ ထိန်ဝှက်ထားတာ။ နောက်ပိုင်း သူ့သက်တမ်းတလျှောက်လုံးမှာ ပါလီမန်ထဲမှာ အများစု အသာရထားတော့ ဥပဒေတွေကို သူ့ကိုယ်ကျိုးအတွက် စိတ်တိုင်းကျ ပြုပြင်ရေးဆွဲတယ်။ အသစ်ပြဋ္ဌာန်းတယ်။ နောက်လူတွေ ဖဲမနိုင်နိုင်အောင် ကစားပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြင်ဆင်ရေးဆွဲတယ်။ သက်ဆင်လုပ်ပုံက ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ့်ဘာသာဝေပြီး ကြားထဲမှာ ဖဲကိုလည်း ခိုးလိုက်သေးတယ်ဆိုတဲ့ အပေါက်။
ဒီလိုမျိုး အခြေအနေဖြစ်လာပြီဆိုရင် အပြိုင်ကစားနေသူတွေအဖို့ အဲဒီလုပ်ရပ်မျိုးကို အသည်းအသန် ကန့်ကွက်ရမယ်။ အတင်းဆက်ပြီး ဒီအချိုးအတိုင်း ကစားနေတာကို ခွင့်မပြုရဘူး။
ဒီတော့ ပထမ မီဒီယာတွေမှာ ဝေဖန်သံတွေ စထွက်လာတယ်။ သက်ဆင် တုန့်ပြန်ပုံက သင်းတယ်။ သူ့ကို ဝေဖန်တဲ့ အသံတွေ ထွက်လာရင် အဲဒီ မီဒီယာတွေကို (သူ့ကိုယ်ပိုင်အဖြစ်) ဝယ်ယူလိုက်ပြီး ဝေဖန်တဲ့ သတင်းထောက်၊ အယ်ဒီတာတွေကို အလုပ်ဖြုတ်ပစ်တယ်။ ရွေးကောက်ပွဲမှာ မဲဝယ်ပြီး အနိုင်ရအောင် လုပ်တယ်။ (ဒါလည်း Rules of the game ကို ဆိုးဆိုးဝါးဝါး ချိုးဖောက်တာ တခုပဲ။)
ဒီလိုအခြေအနေမှာ ပြည်သူတွေရဲ့ အသံကို ဖော်ထုတ်နိုင်ဖို့က တရားမျှတမှုကို ဆန္ဒပြ တောင်းဆိုကြဖို့ လိုလာပြီ။ အဲဒါကို Civil Disobedience လို့ ခေါ်ရမှာပေါ့နော်။
အဝါရောင် ရှပ်တွေဟာ သက်ဆင်ရဲ့ မတရားကိုယ်ကျိုးရှာ လုပ်ရပ်တွေကို ဆန့်ကျင်ဖို့ အေးချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ Civil Disobedience ရဲ့ နည်းလမ်းတွေထဲမှာ လူထုအားနဲ့ လမ်းမပေါ်မှာ ဆန္ဒပြတာ၊ အစိုးရအဆောက်အဦးတွေကို လူထုအားနဲ့ ပိတ်ဆို့တာ စသဖြင့် နည်းလမ်းတွေပါတယ်။ ဒါပေမယ့် အကြမ်းဖက်တာ မပါဘူး။ တကယ်တော့ Civil Disobedience ရဲ့ အချို့ပြုမူချက်တွေဟာ ဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေက အဲဒီအပြုအမူအတွက် လာရောက် ဖမ်းဆီး အရေးယူတဲ့အခါ အကြမ်းဖက်မတုန့်ပြန်ဘဲ ပေးတဲ့ အပြစ်ဒဏ်ကို အသာတကြည် ခံယူရတယ်။
အဲဒီလိုနဲ့ အဝါရောင် ရှပ်တွေဟာ သက်ဆင်ရဲ့ မတရားမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်။ Shin Corp ကို တင်းမားဆက်လက်ထဲ ရောင်းချပြီးချိန်မှာ အဝါတွေဖက်က နိုင်ငံရေး ရေချိန်တက်လာပြီး အားသာလာခဲ့တယ်။ သက်ဆင်အနေနဲ့ နိုင်ငံရေးအရ တော်တော်လေး ဘေးကြပ်နံကြပ်ဖြစ်နေခဲ့တယ်။
ဒီအချိန်မှာ ဝမ်းနည်းစရာကောင်းတာ၊ အရုပ်ဆိုးတာက စစ်တပ်က ဝင်ပြီး အာဏာသိမ်းလိုက်တာပဲ။
ဒါပေမယ့် ပို့စ်ထဲမှာ ရေးထားသလို စစ်တပ်က အာဏာသိမ်းပြီး ဥပဒေတွေကို အဝါတွေနိုင်မယ့် ဥပဒေတွေထုတ်ပြီး အဝါတွေကို အနိုင်ပေးလိုက်တာတော့မဟုတ်ဘူး။
(အပိုင်း (၂) ကို ဆက်ဖတ်ပါရန်)
ကွန်မင့် အပိုင်း (၂)
ဘာကြောင့်လဲဆိုတော့ စစ်တပ်က ဖွဲ့စည်းပုံအသစ်ရေးဆွဲပြီးလို့ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ သက်ဆင်ကို ထောက်ခံတဲ့ ပါတီကပဲ အနိုင်ရပါတယ်။ ဝန်ကြီးချုပ် ဆာမက် တက်လာတယ်။ သက်ဆင်လူတွေပဲ အာဏာရလာတာပါ။ အဲဒီအချိန်မှာ ဒီမိုကရက်တွေက အတိုက်အခံ ဘဝမှာပဲ ရှိသေးပါတယ်။ ဒါပေမယ့် အရင်တုန်းကလို အရမ်းအပြတ်အသတ်ကြီးတော့ မဟုတ်တော့ဘူး။
ဒါပေမယ့် ရွေးကောက်ပွဲကာလအတွင်းက မရိုးမသားနည်းနဲ့ မဲဝယ်ခဲ့တဲ့ လုပ်ရပ်တွေ ပေါ်လာတယ်။ ဆာမက်လက်ထက်မှာ အမြင့်ဆုံးတရားရုံးက ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်တဲ့အတွက် ဆာမက်တို့ ပါတီ ဖျက်သိမ်းရတယ်။ အဲဒီမှာ အာဘစ်ဆစ်တို့ရဲ့ ဒီမိုကရက်ပါတီဖက်ကို ဆာမက်တို့ ပါတီက အမတ်တွေ ကူးပြောင်းဝင်ရောက်လာပြီး အာဘစ်ဆစ်တို့က ညွန့်ပေါင်းအစိုးရဖွဲ့လိုက်နိုင်တယ်။ ဒီတော့ အာဘစ်ဆစ်တို့ အာဏာရလာတာဟာ စစ်တပ်က အာဏာလွှဲပေးလိုက်လို့ ရလာတာမဟုတ်ဘူးဆိုတာ ထင်ရှားတယ်။
သက်ဆင်အစိုးရအနေနဲ့ သူ့သက်တမ်းမကုန်မချင်း ရွေးကောက်ပွဲကို သူခေါ်ချင်တဲ့အချိန်မှာ ခေါ်ခွင့်ရှိသလို တရားဝင်နည်းလမ်းနဲ့ တက်လာတဲ့ အာဘစ်ဆစ်အစိုးရမှာလည်း သူ့သက်တမ်းကုန်ဆုံးတဲ့အချိန်အထိ ဆက်လက်အုပ်ချုပ်ပိုင်ခွင့် ရှိတယ်။ ဒါက ဒီပို့စ်မှာ အဓိကထား ရေးထားတဲ့ Rules of the game က အဓိက စည်းမျဉ်းစည်းကမ်းပဲ။
တကယ်တော့ အာဘစ်ဆစ်လက်ထက်မှာ သက်ဆင်လို မီဒီယာတွေကို နှိပ်ကွပ်တာ၊ ချုပ်ကိုင်တာတွေ မလုပ်တဲ့အတွက် သက်ဆင်ထောက်ခံသူတွေအနေနဲ့ သူတို့ သဘောထားကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိပါတယ်။ လွတ်လပ်စွာ စုဝေးဆန္ဒပြခွင့်လည်း ရှိတယ်။ Civil Disobedience ကို လုပ်ချင်သပ ဆိုရင်တောင် လုပ်ပိုင်ခွင့် ရှိပါသေးတယ်။ တကယ်လို့သာ အာဘစ်ဆစ်ရဲ့ အချက်ငါးချက်ပါတဲ့ plan ကို လက်ခံလိုက်ပြီး အေးအေးဆေးဆေး လူစုခွဲလိုက်ရင် ရှပ်နီတွေဖက်က အောင်ပွဲလို့ ပြောနိုင်တယ်။
ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ရှပ်နီတွေဟာ ဘယ်အချိန်မှာ ရပ်တန့်ရမှန်းမသိဘဲ (ရှပ်ဝါတွေနဲ့ မတူတာက) အကြမ်းဖက်လမ်းစဉ်တွေကို ကျင့်သုံးလာကြတယ်။ အများပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ခြိမ်းခြောက်လာတယ်။ နောက်ပြီး ကိုယ့်ရဲ့ ဥပဒေချိုးဖောက်မှုအတွက် သက်ဆိုင်ရာက အရေးယူတဲ့အခါ အသာတကြည် အပြစ်ဒဏ်ကို မခံယူကြဘူး။ လက်နက်တွေနဲ့ အကြမ်းဖက် တန်ပြန်တိုက်ခိုက်တယ်။ အကျိုးဆက်အနေနဲ့ကတော့ အားလုံးအမြင်အတိုင်း မတည်မငြိမ်နဲ့ အသက်အိုးအိမ်တွေ ထိခိုက်ပျက်စီး ကျန်ရစ်ခဲ့တာပဲ။
အချုပ်ပြန်ကောက်ရမယ်ဆိုရင်….
(၁) Rules of the game ကို ဖောက်ဖျက်တာဟာ သက်ဆင်နဲ့ ရှပ်နီတွေသာလျှင်ဖြစ်တယ်။ အာဘစ်ဆစ်တို့ ဒီမိုကရက်တွေဟာ အခုချိန်အထိ အမှားလုပ်တာမတွေ့ရသေးဘူး။
(၂) ရှပ်ဝါတွေဟာ ဒီမိုကရက်တွေကို ထောက်ခံကြတာမှန်ပေမယ့် အာဘစ်ဆစ်တို့က ရှပ်ဝါတွေကို ဦးဆောင်တာတော့မဟုတ်ဘူး။ သပ်သပ်စီပဲ။
(၃) စစ်တပ်က အာဏာသိမ်းတာကတော့ လုံးဝမဖြစ်သင့်တဲ့ အချက်။
(၄) အာဘစ်ဆစ်တို့ အာဏာရလာတာဟာ စစ်တပ်က အာဏာလွှဲပေးလို့ မဟုတ်။ စစ်အာဏာသိမ်းအပြီး ပြန်ကျင်းပပေးတဲ့ ရွေးကောက်ပွဲမှာ သက်ဆင်ထောက်ခံတဲ့ပါတီကပဲ အနိုင်ရခဲ့လို့ပဲဖြစ်တယ်။ အဲဒီပါတီ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်လို့ ဖျက်သိမ်းပြီးတဲ့အခါကျမှ အာဘစ်ဆစ်တို့ပါတီက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
မနက်ကတည်းကလာဖတ်တယ်။နားမလည်တာနဲ့.။
Post a Comment