Pages

April 24, 2009

ဘာရယ်မဟုတ်

ဘာရယ် မဟုတ်ဘူး ဒီနေ့  ၀မ်းကွဲ မောင်တစ်ယောက်နဲ့  စကားပြောဖြစ်ရင်း ဖေဖေ နဲ့  မေမေကို သူခေါ်တဲ့ နာမည်ကို သတိထားမိလိုက်လို့  စိတ်ထဲပေါ်လာတာလေးတွေ ချရေးလိုက်တယ်။
လေးလေး နဲ့  လေးနိုင်
ဦးဒေါ နဲ့  အန်တီမူး
အဖေနဲ့  အမေကို ကျွန်မရဲ့ ၀မ်းကွဲ မောင်နှမတွေ ခေါ်တဲ့ နာမည်တွေ။ လေးလေး နဲ့ လေးနိုင်ဆိုတာ ဆွေမျိုးစပ်ရင် အမေ့ဘက်က တော်တဲ့ သူတွေ ခေါ်တာ။ ဦးဒေါ နဲ့  အန်တီမူး ကတော့ အဖေ့ဘက်က ဆွေမျိုးတွေ ခေါ်တာပါ။ အိမ်မှာဧည့်သည်လာလို့  ဒါအမျိုး ဆိုပြီး မိတ်ဆက်ပေးရင် ဘယ်သူ့  ဘက်ကလည်း ဆိုတာ မေးစရာမလိုဘူး၊ သူတို့  ခေါ်ပုံခေါ်နည်း ကြည့်ပြီး ဘယ်ဘက်က တော်တဲ့ အမျိုးလည်းဆိုတာ ခွဲခြားသိနိုင်တယ်။

မေမေ့ကို သူရဲ့ တူတွေ တူမတွေက လေးလေး လို့ ခေါ်ကြတယ်။ ရန်ကုန်မှာ အဒေါ်ကို ဒီလိုခေါ်တာ မကြားဖူးတော့ စပြီး ကြားခါစက ထူးဆန်းနေခဲ့တယ်။ ဒါနဲ့  ဘာလို့  မေမေ့ကို လေးလေးလို့ ခေါ်တာ လဲဆို မေးခဲ့ဖူးတယ်။ မေမေတို့  ဒေသမှာ အဒေါ်ကို လေးလေးလို့  ခေါ်လေ့ရှိတယ်လို့  ပြန်ပြောတယ်လို့  မှတ်မိနေပါတယ်။ ဦလေးကိုရော အဲဒီလို ခေါ်သလား သေချာ မသိတော့ဘူး။ နောက်မှ မေမေ့ကို မေးကြည့်ပါအုံးမယ်။ ဒါပေမယ့် မေမေက လေးလေး ဖြစ်လို့  ဖေဖေကို လေးနိုင် လို့ ခေါ်တာတော့ သေချာတယ်။ အဖေ ဘက်က အမျိုးတွေက ခေါ်တာက ပိုရှင်းသလိုပဲ။ ဖေဖေ့ ငယ်နာမည် နဲ့  မေမေ ငယ်နာမည်ကို ဦး နဲ့  အန်တီ ရှေ့ တပ်ခေါ်တာ။ ဒါတောင် သိပ်မကျေနပ် ချင်ဘူး။ ဘာလို့  အန်တီနဲ့  အန်ကယ် မဖြစ်ရတာလဲဆို မေးခဲ့ဘူးသေးတယ်။ အဖေ့ ငယ်နာမည်က ဘိုဆန်ဆန် အင်္ဂလိပ်လို၊ အမေ့ငယ် နာမည်က ခပ်ရိုးရိုး မြန်မာလို။ အင်္ဂလိပ်လိုကို ဦးတပ်ခေါ်ပြီး၊ မြန်မာလိုကို အန်တီတပ် ခေါ်တယ်။ ဒါကို စိတ်ထဲခိုးလို့ ခုလုမို ဘာလို့  အဲလိုဖြစ်နေတာလဲဆို ပြောဖူးတယ်။

ကျွန်မ ငယ်ငယ်က အဖေ့ကို သူ့ အမျိုးတွေ ခေါ်တဲ့ နာမည်ကို စပြီး သတိထားမိတဲ့ အချိန်မှာ အဖေက ဒေါသကြီးလို့  အဲလို ခေါ်တာလား မေးခဲ့ ဖူးတယ်။ အမေ့ နာမည်ကြားတုန်းကလည်း မေမေက မူးတတ်လို့ လားလို့  အဲလို ခေါ်ကြတာလား ဆိုပြီးလည်း မေးခဲ့ဖူး ပြန်တယ်။ ငယ်နာမည်တွေမှာ ဘာကြောင့် အဲဒီလိုလေးတွေ ခေါ်ရတယ်ဆိုတဲ့ ရာဇ၀င်လေးတွေ ရှိတတ်တယ်လေ။ ဒါလဲ မေးကြည့်ဖူးတာပဲ။ အမေနာမည် ငယ်နာမည်ပေးတာကတော့ ရှင်းတယ်။ မြစ်တစ်စင်းရဲ့ အမည်။ အဖေ့ ငယ်နာမည်က မြန်မာ အင်္ဂလိပ်လို့  ၂ မျိုးယူလို့ ရတယ်တဲ့။ အဖွားက အင်္ဂလိပ်လို အဓိပ္ပါယ်နဲ့  ခေါ်ပြီး၊ အဖိုးက မြန်မာလို အဓိပ္ပါယ် နဲ့  ခေါ်တယ် လို့  အဖွား ပြောဖူးသလိုပဲ။ ဟုတ်မဟုတ်ကို အဖွားကို ပြန်မေးလို့  မရတော့ဘူး။ အဖေ့ဘက်က အဖေဘက်က အဖိုး နဲ့  အဖွားတွေ (အဖေရဲ့ အမေ အဖွားနဲ့  အဖိုး ရဲ့ ညီမ အဖွားလေး) အားလုံး တခြားဘ၀ ပြောင်းသွားတာ အတော် ကြာခဲ့ပြီ။

တခြား မောင်နှမတွေ အဲ့လို မေးခွန်းတွေ မေးမမေးတော့ မသိဘူး။ ကျွန်မကတော့ ငယ်ငယ်က အတော်လေး အမေးအမြန်းထူ တယ်။ ခုထိလည်း မသိရင်၊ သိချင်တာရှိရင် မေးခွန်းထုတ်တုန်းပါပဲ။ ခုတွေးမိတာလေးတွေ ရေးရင်းမှ ကျွန်မ မေးသမျှ လူကြီးတွေက အတော်လေး စိတ်ရှည်လက်ရှည် ရှင်းပြခဲ့တာပဲလို့  သတိထား မိလိုက်တယ်။ တစ်ချို့ မေးခွန်းတွေ နဲ့  အဖြေတွေကို ပြန်မှတ်မိပါသေးတယ်။ ဆက်တွေးရင်း ကျွန်မ သာ သူတို့ နေရာမှာဆို ကလေးတွေကို အဲဒီလောက် စိတ်ရှည်လက်ရှည် ရှင်းပြနိုင်ပါ့မလားဆို သံသယတောင် ဖြစ်မိလာတယ်။ ကိုယ်က နဂိုကတည်းက သိပ်ပြီး စိတ်ရှည်တတ်တဲ့လူမျိုး မဟုတ်ဘူးလေ။

3 comments:

Anonymous said...

ကိုယ်တို့နှစ်ယောက်ရဲ့ ငယ်နာမည်ကို အတူခေါ်ရင်တော့ လူတွေရီမှာ..သေချာတယ်။ ဦးဒေါနဲ့ အန်တီမူးဆိုတာ သဘောကျတယ်။
မြစ်တစ်စင်းနာမည်ဆိုလို့ လူမင်းက အခုမှ သူ့သမီးကို အဲလိုပေးတာနော်။
လမင်းခေတ်နောက်ကျသွားပြီ။
း)မမွန်

TZA said...

ကမ္ဘာ့အဆင့်မှီ ဒေါသကြီးသူနဲ့ မြန်မာ့အဆင့်မှီ မူးတတ်သူတို့၏ သမီးကလျာ နေနေလေးပေါ့ကွယ်၊ ဟီးဟီး။

Ko Boyz said...

တခြား ဘ၀ ဆိုတာထက် ဘ၀တစ်ပါး ပြောင်းတယ် ဆိုတာ ပိုလှတယ် သမီးကလျာ နေနေလေးရယ်။