Pages

February 16, 2009

မနေ့ က

မနေ့ က တနင်္ဂနွေနေ့ မှာ မပြီးသေးတဲ့ ပီနန်းခရီးအကြောင်း ပုံတွေတင်ပြီး စာရေးမယ်၊ ပြီးတော့ ဖတ်စရာရှိလေးတွေ ဖတ်မယ်လို့  စိတ်ကူးရှိခဲ့တယ်။ ဒါပေမယ့် ဘာမှ မလုပ်နိုင်ခဲ့ဘူး။

ရာသီဥတု အရမ်းပူတယ်။ ပြီးခဲ့တဲ့ ရက်တွေက အဲဒီလောက် မပူဘူးလိုပဲ။ စနေ့ ညကတည်းက ပူတာ သိသာရတယ်။ ညဘက် ကောင်းကောင်း အိပ်လို့  မရဘူး။ မနက် မိုးလင်းခါနီး တစ်ချက် အိပ်လို့ ရတယ်။ မနက် ၈ နာရီလောက်ကြတော့ မနေနိုင်တော့ဘူး။ ရေထချိုးရတယ်။ မနက်စာ မုန့် နည်းနည်း စားပြီး ခနပြန်အိပ်တယ်။ မနက် ၁၁ လောက်ထိုးတော့ ပူတာနဲ့ ပြန်နိုးလာရော။ ပြူတင်းပေါက် ဖွင့်ထားပေမယ့် လိုက်ကာ ချထားတော့ လေကမရဘူး။ လူသွားလူလာ ရှိနေတော့ ပြူတင်းပေါက် လိုက်ကာလည်း ဖွင့်မထားချင်ဘူး။ ပန်ကာ ဖွင့်တာလည်း မရဘူး။ ပန်ကာလေကြောင့် လေပူတွေပိုများလာပြီး ပိုပြီးနေရခက်သလို ခံစားရတာနဲ့  ပိတ်ထားလိုက်ရတယ်။ နေ့ လယ်ပိုင်း တခါ ရေထချိုး။ ရေချိုးပြီးစ အချိန်လေးဆို နေလို့ ကောင်းတယ်။ တနင်္ဂနွေပဲ အိမ်မှာ မနေနဲ့ အပြင်သွားလို့  ချစ်သူက တိုက်တွန်းပေမယ့် မထွက်နိုင်တော့ဘူး။ ခေါင်းကိုက် နေပြီ။ ညနေ နေအတော်လေးစောင်းမှ အပြင်ထွက် ညစာ စားဖို့ ဝယ်ဖြစ်တယ်။ မစားလို့ လည်းမဖြစ်ဘူး၊ ဆေးသောက်မှ ခေါင်းကိုက် ပျောက်တော့မယ့် အနေအထား။ ညစာစားပြီးတာ နဲ့  ခနနေပြီး ရေတခါချိုး။ စောစောအိပ်ဖို့  ကြိုးစားတယ်။ စောစောအိပ်မှ ခဏခဏ နိုးတာနဲ့ ကာမိပြီး အိပ်ရေးဝမှာလေ။ ခဏ အိပ်ပျော်လိုက်၊ ပူလို့  ပြန်နိုးလာလိုက်နဲ့ ။ ည ၂ နာရီလောက် နိုးလာတော့ မနေနိုင်တော့ဘူး။ ရေတခါ ထချိုးတယ်။ ပြူတင်းပေါက် လိုက်ကာတစ်ခြမ်းဖွင့်ပြီး အိပ်ဖို့ ကြိုးစားတယ်။ လေလေးနည်းနည်း ရတော့ အိပ်လို့ အဆင်ပြေပေမယ့် ခဏနေ ပြန်ပြန် နိုးပြန်တယ်။ ဒီတစ်ခါတော့ ပူလို့  မဟုတ်ဘူး။ အသံတစ်ခုခုကြားရင် နိုးလာတာ။ ပြူတင်းပေါက် ဖွင့်ထားတဲ့အတွက် စိတ်လုံခြုံမှု့ ဖြစ်နေတာ။ အိပ်တဲ့အချိန် ရှိသမျှ တံခါးတွေ လုံလုံခြုံခြုံပိတ်ထားမှ အိပ်ပျော်တာ အကျင့်တစ်ခုလို ဖြစ်နေတယ်။ တစ်ယောက်တည်းနေတာ များလို့ အဲလိုအကျင့် ဖြစ်နေတာ ဖြစ်မယ်လို့ တော့ တစ်ယောက်က ပြောဖူးတယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဒီအခန်း စရောက်ခါစ အချိန်ကဆို ပြူတင်းပေါက် ပါပိတ်အိပ်မှ အိပ်ပျော်တာ။ နောက်ပိုင်းတော့ ပြူတင်းပေါက်ဖွင့်၊ လိုက်ကာချပြီး အိပ်တတ်လာတယ်။

မနေ့  ညက အရမ်းပူတယ်။ ဘယ်လိုမှ အိပ်မရဘူး။ နောက်ဆုံး ဘာလုပ်ရမယ် မှန်းမသိ၊ အိပ်လို့ လည်း မရတာနဲ့  မီးမဖွင့်ပဲ ကုတင်ပေါ်မှာ ထိုင်နေလိုက်တယ်။ ကွန်ပြူတာရှေ့ သွားနေရင် အိပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ၅ နာရီကျော်လောက်မှာ ချစ်သူက ဖုန်းဆက်တယ်။ ခေါင်းကိုက်တော့ သက်သာသွားပြီ၊ အိပ်မရဘူးဆိုတော့ သူအဖော်လုပ်ပေးမယ် ပြူတင်းပေါက် ဖွင့်ထားပြီး အိပ်ဆိုတာ နဲ့  ပြန်အိပ်ဖို့ ကြိုးစားရတယ်။ ဒါတောင် ၆ နာရီလောက် မှာ အပြင်က လူသံတွေကြားရတာနဲ့  ပြူတင်းပေါက် လိုက်ကာ ထပိတ်ရသေးတယ်။ အိပ်ပျော်သွားတာ နှိုးစက်မြည်မှ နိုးတော့တယ်။ ဒီမနက် ရေချိုးတဲ့အခါ ခေါင်းပါလျှော်ရတယ်။ ချွေးထွက်တာများလို့  မလျှော်လို့ မရတော့ဘူး။ အခု အလုပ်မှာ။ မပူဘူး အေးတယ်။ အဲယားကွန်း ရှိတယ်လေ။ ခေါင်းလျှော်ထားတဲ့ အရှိန်နဲ့  ချမ်းစိမ့်စိမ့်ဖြစ်နေလို့  အနွေးထည်တောင် ထပ်ဝတ်ထားရတယ်။ ခေါင်းလည်း မကိုက်ဘူး၊ ညက ဆေးသောက်လိုက်တော့ ပျောက်သွားပြီ၊ ဒါပေမယ့် အိပ်ချင်နေတယ်။

မနေ့ က အလိုချင်ဆုံး ဆန္ဒက လေတဖြူးဖြူးတိုက်နေတဲ့ အခန်းတစ်ခန်း၊ ဒါမှမဟုတ် အဲယားကွန်း တစ်လုံး။ ဒါနဲ့ .. ပူတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ ပျင်းရိခြင်း ၆ ပါးထဲမှာ ပါတယ်လို့  ငယ်ငယ်က သင်ခဲ့ဖူးတာပဲ။ အင်း.....မနေ့ က ဘာမှ မလုပ်ချင် ပျင်းနေလို့  ရာသီဥတု ပူတယ်ဆိုပြီး အကြောင်းပြတာ မဟုတ်ပါဘူး။ အရင်တုန်းကလည်း ပူပေမယ့် နေလို့ ရပါသေးတယ်။ မနေ့ ကတော့ ဘာဖြစ်လဲ မသိဘူး၊ လုံးဝကို မနေနိုင်၊ မအိပ်နိုင်တာ။ ကိုယ်တစ်ယောက်တည်း ပူနေတာလား၊ ရာသီဥတုက ပိုပူလာတာလား မသိဘူး။ Yahoo က Weather forecast ကို ကြည့်တော့လည်း အရင်လောက်လိုပဲ။ မပြောတတ်ဘူး။ ဒါပေမယ့် မနေ့ က ပူတယ်လို့  ခံစားရတာတော့ အမှန်ပါပဲ။

8 comments:

Anonymous said...

အရင်ပိုစ့်မှာတုန်းကလည်း ပူလို့ ညီမနေရထိုင်ရတာ အဆင်မပြေဘူးလို့ဖတ်ဖူးခဲ့တယ်။ ခုလည်း ညီမလေးကို ကြည့်ရတာ သိပ်အဆင်ပြေပုံမရဘူး။ ညီမကိုက အပူဒဏ်မခံနိုင်တာလား။ ညီမ အခန်းနီးချင်းတွေကော ဘယ်လိုလဲ။ သူတို့လည်း ပူတယ်လို့ပြောလား။ ဒီတိုင်း အခန်းပူတာကြောင့် အိပ်ပျက်နေရရင် ရေရှည် အတွက်မကောင်းဘူးထင်တယ်နော်။ ညီမက အလုပ်တစ်ဖက်နဲ့ဆိုတော့ ပိုဂရုစိုက်ရမယ်။ ရေရှည်အတွက်စဉ်းစားပြီး အခန်းပြောင်းသင့်ရင်ပြောင်းလိုက်ပါလားညီမ။

ကြည်
(စိတ်ပူတတ်တဲ့ ညီမလေးရဲ့ပုံမှန်စာဖတ်သူ)

Anonymous said...

ဒီမှာလာနေပါလား နေနေ။
ချမ်းလွန်းလို့ပါ. အဟင့် :(
မမွန်

shin said...

Yes...It was very very hot yesterday...I also can't sleep well yesterday night even though I switch on the fan...

:P said...

မနေ့ညက ပူပါတယ်... ပန်ကာဖွင့်၊ ပြတင်းပေါက်ပါဖွင့်အိပ်ရတယ်..။ မနက်နိုးနိုးချင်း ရေချိုးပစ်ရတယ်..။
အဲကွန်းလေးရှိရင်ကောင်းမယ်လို့မနေ့က တမ်းတမိတယ်...။

khin oo may said...

အိပ်ခါနီးတိုင်းရေချိုးတယ်။ အခုတလောကတောိ့အိုက်ကို အိုက်ပါတ်ယ်. အဲကွန်းမရှိပါဘူး။ တို့ဆီမှာ။

Nay Nay Naing said...

ကြည် >> ဂရုတစိုက် ပြောတာ ကျေးဇူးပါ။ အခုနေတဲ့ အခန်းက ပူတာကလွဲရင် ကျန်တာ အကုန်နီးပါး အဆင်ပြေပါတယ်။ အလုပ်နဲ့ လည်း အတော်လေး နီးတယ်။ ဒါကြောင့် ခုချိန်ထိ မပြောင်းပဲ နေဖြစ်ခဲ့တာပါ။ :)

မမွန် >> အေးတာချင်းတူတူတော့ မမွန် စီမလာတော့ဘူး။ တခြားနေရာပဲ သွားတော့မယ် :P

Shin , Sin Dan Lar , Ma KOM >> ကွန်မန့် တွေဖတ်ပြီး ရာသီဥတုက ပိုပူလာတာမှန်း သိလိုက်ရတယ်။ အဲယားကွန်းမရှိလည်း ပြူတင်းပေါက်ဖွင့်လို့ ရတယ်၊ လေတိုက်တယ်ဆို အဆင်ပြေတယ်။ ပန်ကာလေကတော့ မကောင်းဘူး။ ပန်ကာ ဖွင့်အိပ်ရင် လက်တွေခြေတွေ ကိုက်လာတယ်။ ညအိပ်ခါနီးတိုင်းလည်း ရေချိုးပါတယ်၊ မဟုတ်ရင် အိပ်မရဘူး။ တစ်နေ့  ၂ ကြိမ်တော့ အနည်းဆုံး ရေချိုးတယ်။ စနေ တနင်္ဂနွေ အားလပ်ရက်ဆို ၃-၄ ကြိမ် ဖြစ်သွားတယ်။ ဒီနိုင်ငံရောက်ခါစကဆို တရက် ၅ ခါလောက် ရေချိုးတယ်။ :D

:P said...

မြတ်စွာဖျား..တရက် ၅ ခါလောက် ရေချိုးတယ်တဲ့...။

khin oo may said...

ဆးရုံပေါ်က ကောင်မလေး ကို တောက်လျောက် စကားတွေ ပြောပေးတာူသူလဲ ဆေးရုံရောက်ကော နောက်ဆုံးကောင်မလေး လဲအိပ်ပျော် နေပါပြီ။ (ဘာမဆိုင် ညာမဆိုင် N2 ကို သတိရမိသးတယ။် )


N2 ပိုစ်မှာရေးထားတယ်လေ ချစ်သူက အဖော်လုပ်ပေးမယ် ဆိုတာ အဲဒီအကွက်ကလေးက ဆင်နေတယ် အဲဒါကြောင့်သတိရသွားတာပါ။